Friday 25 July 2014

စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေ


နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ က
၁၉၈၉ စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ပြဌာန်းခဲ့တဲ့
ဥပဒေအမှတ် ၂၆/၈၉ ကို အခုအခါ လွှတ်တော်က ပြင်ဆင်ရန် စီစဉ်လျက် ရှိပါတယ်
မူရင်းဥပဒေ ဖတ်ရှုလိုသူများ အောက်ပါလင့်မှာ ဒေါင်းနိုင်ပါကြောင်း
https://drive.google.com/file/d/0B3ZlBsPcxTEtYUROUnhiZlJkb1U/edit?usp=sharing
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ

Thursday 24 July 2014

International Center of Excellcence at Yangon University



The Run-Up
            Since 2010, Johns Hopkins University faculty members from the Schools of Medicine, Public Health, and the School of Advanced International Studies (SAIS) have provided scholarships, delivered workshops for faculty members at Medical School No. 1, and organized workshops in Yangon and Nay Pyi Taw on the role of the private sector in poverty alleviation. Johns Hopkins University also hosted two rounds of Track 1.5 talks between the United States and Myanmar in Nay Pyi Taw and Washinton, organized the first Myanmar parliamentary delegation ever to visit the United States, brought the first ministerial level health delegation to Baltimore and Washington, recognized the achievement of Daw Aung San Suu Kyi with an honorary doctorate in 2011 and hosted President U Thein Sein at SAIS in Washington in 2013. In recognition of the role of Johns Hopkins University played in promoting excellence at Yangon University in the 1950s, President U Thien Sein invited JHU to return to Yangon when he met with JHU President Ron Daniels in January 2012. This invitation resulted in the formation of the ICOE at Yangon University.
            A pilot program in international relations and political economy was established in January 2013 in collaboration with Chung Ang University of South Korea. Faculty from both universities taught 12 graduate level courses to junior faculty who will be teaching the future domestic and foreign policy makers of Myanmar.

The Here and Now
            In October 2013 the U.S. Agency for International Development (USAID) and private sector partners from the U.S., Thailand, and Myanmar formed a partnership to support the ICOE program and expand its international focus. Twenty-six new ICOE Fellows were selected from several universities, government departments, and think-tanks. Following a four weeks “boot camp” for English language and study skills, the ICOE Fellows are studying a curriculum on international relations, economics, comparative politics, and environmental policy with senior professors from world renowned universities in the U.S., United Kingdom, and Australia. Together international faculty and ICOE Fellows are developing a paradigm for advancing higher education in Myanmar.
            To encourage development of a research culture, in March 2014, the ICOE opened an E-Resource Center for Yangon University faculty and graduate students. The E-Resource Center library provides access to over 4 million books, articles and dissertations. The ICOE sponsors conferences and workshops on public policy matters in both Yangon and Nay Pyi Taw. With its new e-resource center and conference rooms for meetings of local and international scholars and institutions, the ICOE is a medium for the international exchange of information across the academic spectrum. In these and other activities the ICOE is dedicated to bringing new knowledge to the Yangon campus in creative partnerships.

Partnership Opportunities
            The ICOE encourages and coordinates inputs from universities worldwide through courses, and joint research.

Courses
            A sample of the courses to be taught over the year includes: Introduction to Comparative Politics; International Relations; Principles of Economics; International Finance Issues; and specialization courses on China, India, Indonesia, Japan, Thailand, and the United States.

Research
            The ICOE will encourage joint research projects between visiting scholars and faculty and graduate students from select departments of Yangon University as well as other universities affiliated with the ICOE.

Seminars
            The ICOE opens its doors year round to host seminars on a variety of subjects in the sciences and social sciences.

How to Partner
            The International Center of Excellence is an open architecture designed to attract different universities, private companies, foundations, and NGOs bound together by the desire to enhance the quality of higher education in Myanmar.
Potential co-participants are encouraged to contact:
Professor Karl D. Jackson
School of Advanced International Studies (SAIS)
Johns Hopkins University
1619 Massachusetts Ave NW
Washington, DC 20036
(+1) 202.663.5980

Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁)


သူငယ်ချင်း...၊
ငါ အခုတက်နေတဲ့ တက္ကသိုလ်ကို နောက်နှစ်မှာ မင်းလာတက်မယ်လို့ သိရတဲ့အတွက် ၀မ်းသာမိတယ်။ ပြီးခဲ့တဲ့နှစ် ငါတို့ လာတဲ့အချိန်ကတည်းက အတူတူလာခဲ့မယ်ဆိုရင် စိတ်တူကိုယ်တူ နှစ်ယောက်သား ဘယ်လောက်များ အတွဲညီညီနဲ့ ပညာသင်ကြားလို့ ကောင်းလိုက်လေမလဲလို့ တွေးမိတယ်။ ဒါပေမယ့် အဲဒီလိုသာ နှစ်ယောက်အတူ လာခဲ့မယ်ဆိုရင် ငါတို့နှစ်ယောက်လုံး ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို ထင်သလောက် အသုံးချနိုင်လိမ့်မယ် မဟုတ်ဘူးလို့လည်း တွေးမိတယ်။ မင်းကျွမ်းကျင်တယ်လို့ ငါသိထားတဲ့ နယ်ပယ်တွေနဲ့ ပတ်သက်လို့ တစ်ခုခုလုပ်မယ်ဆိုတိုင်း ငါ့အတွက် ဒွိဟစိတ်တွေ ဖြစ်ရသလို၊ ငါကျွမ်းကျင်တယ်လို့ မင်းယုံကြည်တဲ့ နယ်ပယ်တွေမှာလည်း မင်းအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ မယုံမရဲ ဖြစ်နေလိမ့်မယ်လို့ ငါထင်မိတယ်။ အခုတော့ မင်းသိတဲ့အတိုင်းပဲ မင်းမပါဘဲ ငါတစ်ယောက်တည်းဆိုတော့ ပြီးခဲ့တဲ့ စာသင်နှစ်တစ်ခုလုံး ငါစိတ်ထဲမှာ လုပ်ချင်တာတွေ အကုန်လုံးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတဲ့ ပေတံတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ ဘယ်လိုရှိမယ် မသိပေမယ့် ငါစိတ်ကူးထားတဲ့အတိုင်း၊ ငါစိတ်ဆန္ဒရှိတဲ့အတိုင်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ငါကဖြင့် ကျေနပ်မိတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ရှောင်လွှဲမရတဲ့ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရလို့ စိတ်ညစ်ခဲ့ရတာကလွဲရင် ပြီးခဲ့တဲ့ စာသင်နှစ်တစ်ခုလုံးကို ငါကျေနပ်မိတယ်။ ငါတို့တက္ကသိုလ် IUJ ကို မင်းလာတက်မယ်လို့ သိရတဲ့အတွက် ပျော်ရွှင်ရတဲ့ ခံစားမှုကို ပြောပြဖို့ ခက်တယ်။ ဒါပေမယ့် ငါတို့နိုင်ငံရဲ့ဂုဏ်၊ ငါတို့အဖွဲ့အစည်းရဲ့ဂုဏ်ကို စွမ်းစွမ်းတမံ မြှင့်တင်မယ့် ကျောင်းသားတစ်ဦးအနေနဲ့ မင်းကို မျှော်လင့်နေမိတာကိုတော့ ငါဝန်ခံတယ်။ သိပ်မကောင်းလှတဲ့ ငါ့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကြောင့် ငါ့အနေနဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တဲ့ အရာတွေကို မင်းအနေနဲ့ အတိုးချပြီး အစွမ်းပြနိုင်မယ်ဆိုတာ ငါသေချာပေါက် သိရှိ ယုံကြည်နေမိတယ်။ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဆိုတာ ဒီတက္ကသိုလ်မှာ ဒိတ်ဒိတ်ကြဲ ပါမောက္ခတွေနဲ့ စနစ်တကျ မသင်ကြားရခင်ကတည်းက ငါတို့တွေ ရူးသွပ်စွာ လေ့လာဖတ်မှတ် ဆည်းပူးနေခဲ့တဲ့ ပညာရပ်တစ်ခု ဖြစ်လေတော့ ဒီလိုတက္ကသိုလ်မှာ အဲဒီဘာသာရပ်ကို ၂ နှစ်တာကာလ ဆရာကောင်းတွေနဲ့ သင်ယူလေ့လာ ဆည်းပူးခွင့်ရခြင်းဆိုတာ ငါ့အတွက်သာ မဟုတ်ဘူး၊ မင်းအတွက်ပါ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခု ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ အဲဒီလို သင်ကြားခွင့်ရခြင်းအပြင် နောက်ထပ် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုကတော့ မင်း အမြဲတမ်း မျှော်လင့်တောင့်တတတ်တဲ့ ကိုယ်ပိုင်အချိန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိခြင်း ဆိုတာပါပဲ။ သင်ခန်းစာချိန်တွေနဲ့ မသွားမဖြစ် တွေ့ဆုံမှုတွေကလွဲရင် ကျန်တဲ့အချိန်အားလုံးကို မင်းပိုင်တယ်။ မင်းရောငါရောဟာ စာနဲ့စာသာ လုပ်စရာလို့ ခံယူကြသူတွေ မဟုတ်တဲ့အတိုင်း အခြားသော ပြင်ပအပိုအလုပ်တွေကို စိတ်တိုင်းကျ လုပ်ခွင့်ရှိတဲ့ဘ၀ဟာ ဘယ်လောက်များ ကျေနပ်စရာ ကောင်းမလဲဆိုတာ မင်းနားလည်မယ်လို့ ငါအသေအချာ ယုံကြည်တယ်။ ကမ္ဘာမှာ ဒုတိယအမြန်ဆုံး အင်တာနက်ဆက်သွယ်မှုစနစ်ရှိတဲ့ ဒီနိုင်ငံမှာ မင်းအနေနဲ့ ကမ္ဘာ့ရွာကြီးထဲကနေ မထွက်နိုင်အောင် မအိပ်မစားဘဲ တ၀ဲလည်လည် ဖြစ်နေမှာကိုလည်း ငါမြင်ယောင်နေမိပါရဲ့။ ဒါ့အပြင် ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ အပြေး စတဲ့ အားကစားနည်းတွေကို မင်းစိတ်တိုင်းကျ လေ့ကျင့်ကစားခွင့် ရမယ့်အပြင် မင်းရဲ့ခန္ဓာကိုယ် ကြံ့ခိုင်လှပမှုအတွက် လေ့ကျင့်ကစားနိုင်မယ့် အားကစားပစ္စည်းအစုံအလင်နဲ့ အားကစားခန်းမလည်း ရှိပါလေရဲ့ဗျာ။ အင်း... ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်မှာပေါ့လေ။ ငါ့စာကို နိဂုံးချုပ်ရရင် "မြန်မာဆိုတာ ဒီလိုကွ" ဆိုပြီး လက်မထောင်ပြီး ဂုဏ်ယူရမယ့် ကျောင်းသားတစ်ဦးအဖြစ် ရောက်လာမယ့်မင်းကို ငါ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြိုနေတယ် ဆိုတာပါပဲ။
မင်းဆီကို စာတွေ ဆက်ရေးမယ်။ အခုတော့ ခေတ္တနားပါရစေဦး။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၂)

သူငယ်ချင်း...၊
ဒီစာမှာတော့ ငါတို့တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အနည်းငယ် ပြောပြချင်တယ်။ မင်းအနေနဲ့ ဒီတက္ကသိုလ်မှာ ပညာသင်ကြားဖို့ လာရမယ်လို့ သိရတဲ့အချိန်ကတည်းက Google Earth ကတစ်ဆင့် ကြည့်ရှုထားတဲ့အတွက် တောတောင်တွေအကြား၊ လယ်ကွင်းတွေအကြားမှာ တည်ရှိတယ်ဆိုတဲ့ ငါတို့တက္ကသိုလ်အကြောင်းကို သိရှိပြီး ဖြစ်လိမ့်မယ်ထင်ပါတယ်။ မြို့ပြယဉ်ကျေးမှုကို ခုံမင်ကြသူတွေအတွက် ငါတို့တက္ကသိုလ်ဟာ တောကြိုအုံကြားက ပျင်းရိငြီးငွေ့စရာ အကျဉ်းထောင်တစ်ခုပေါ့ကွာ။ ဒါပေမယ့် အဖိုးမဖြတ်နိုင်တဲ့ သဘာဝအလှတရားတွေကို နေ့စဉ်နေ့တိုင်း အခမဲ့ ကြည့်ရှုခံစားနိုင်တယ်ဆိုတဲ့ စိတ်ကလေးနဲ့ ကြည့်မယ်ဆိုရင်၊ ပျော်ဖို့ပါးဖို့နေရာ နည်းပါးတဲ့အတွက် သက်ဆိုင်ရာပညာရပ်တွေကို စိတ်နှစ်ပြီး ကြိုးစားအားထုတ်နိုင်တယ်ဆိုတဲ့ စိတ်ကလေးနဲ့ နေမယ်ဆိုရင် အင်မတန်မှ ကျေနပ်ပျော်ရွှင်စရာ ကောင်းလှတဲ့ နေရာတစ်ခုပါကွာ။ မင်းဟာ သစ်ပင်တောတောင်တွေ၊ သဘာဝအလှတရားတွေကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်လေတော့ မင်းအတွက်တော့ စာသင်ရင်း နတ်ပြည်ရောက်ခွင့်ရသလို အဖြစ်မျိုးပါပဲလေ။ IUJ ကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ တည်ထောင်ခဲ့တာ ဖြစ်လေတော့ ငါတို့တွေနဲ့ အသက်အတူတူ ဖြစ်နေတာကလည်း ထူးခြားတဲ့ တိုက်ဆိုင်မှု တစ်ခုပါပဲလေ။ ပြောရမယ်ဆိုရင်တော့ ငါတို့တက္ကသိုလ်ဟာ ငါတို့လိုပဲ နုပျိုသစ်လွင်နေဆဲ၊ ကျန်းမာကြံ့ခိုင်နေဆဲပေါ့ကွာ။ ဒီတက္ကသိုလ်မှာ အဓိကဌာနကြီး ၂ ခုရှိတယ်ကွ။ တက္ကသိုလ်နဲ့အတူ ပေါက်ဖွားရှင်သန်လာတဲ့ သက်တမ်းအရင့်ဆုံး၊ စီနီယာအကျဆုံး ဘာသာရပ်ဆိုင်ရာ ဌာနကတော့ မင်းတက်ရောက်မယ့်၊ အခုလက်ရှိ ငါတက်ရောက်နေတဲ့ GSIR ပေါ့ကွာ။ နောက်တစ်ခုကတော့ GSIM ဖြစ်ပြီး အဲဒီဌာနကိုတော့ ငါတို့နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အဆိုးဝါးဆုံး အချိန်ကာလတစ်ခုလို့ ပြောနိုင်တဲ့ ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ ဘယ်နှခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့ ပြောလိုက်ရင် ရပေမယ့်လည်း မင်းအနေနဲ့ တစ်သက်လုံး အမှတ်ထင်ထင် ဖြစ်သွားစေချင်တဲ့အတွက် ငါတို့နိုင်ငံရဲ့ အဖြစ်အပျက်လေးနဲ့ ယှဉ်တွဲပြီး ပြောမိတာပါ။ GSIR ရဲ့အောက်မှာ IRP, IDP နဲ့ PMPP ဆိုပြီး ပရိုဂရမ် ၃ ခုရှိတယ်။ GSIM ရဲ့ အောက်မှာတော့ IMBA, E-Biz နဲ့ MBA ဆိုပြီး ပရိုဂရမ် ၃ ခုရှိတယ်။ ဒီတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို အမျိုးအစား ခွဲခြားပြရမယ်ဆိုရင်တော့ Regular Student, Exchange Student နဲ့ Linkage Student ဆိုပြီး ၃ မျိုးရှိတယ်လို့ ပြောနိုင်တယ်။ မဟာဘွဲ့အတွက် ၂ နှစ်တာတက်ရောက်ရတဲ့ ငါတို့လို ပုံမှန်ကျောင်းသားတွေကို regular student လို့ ခေါ်ကြတယ်။ အခြားနိုင်ငံတွေရဲ့ တက္ကသိုလ်တွေကနေ အလဲအလှယ်ကျောင်းသားအဖြစ် လာတက်တဲ့ ကျောင်းသားတွေက Exchange Student ပေါ့ကွာ။ ဒီနေရာမှာ အချို့က One term တက်ကြတာဖြစ်ပြီး အချို့ကတော့ Two term တက်ရောက်ကြတယ်။ Term တစ်ခုဟာ ရက်သတ္တပတ် ၁၀ ပတ် ကြာမြင့်လေ့ရှိတယ်။ Linkage Student အဖြစ် လာတက်ကြတဲ့ ကျောင်းသားတွေကတော့ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ပထမနှစ်ဘ၀ကို သူတို့နိုင်ငံတွေက တက္ကသိုလ်တွေမှာ တက်ရောက်ခဲ့ကြပြီး IUJ မှာ ဒုတိယနှစ် ကျောင်းသားတွေအဖြစ် တစ်နှစ်ပဲ လာတက်ကြတဲ့လူတွေ ဖြစ်ကြတယ်။ ပညာသင်နှစ် ပြီးဆုံးတဲ့အချိန်မှာတော့ သူတို့တွေဟာ IUJ က မဟာဘွဲ့တစ်ခု၊ သူတို့မိခင်နိုင်ငံက တက္ကသိုလ်က မဟာဘွဲ့တစ်ခု၊ စုစုပေါင်း မဟာဘွဲ့ ၂ ခုကို တစ်ပါတည်း ရကြတယ်။ ငါတို့တက္ကသိုလ်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံပေါင်း ၄၀ ကျော်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တက်ရောက်သင်ကြားလျက် ရှိကြတယ်။ အာဆီယံထဲက စင်ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းကလွဲရင် ကျန်တဲ့နိုင်ငံ ၇ ခုက ကျောင်းသားတွေ လာရောက်ပညာသင်ကြားလျက်ရှိတယ်။ အာရှဒေသ၊ ဥရောပဒေသ၊ အာဖရိကဒေသ၊ လက်တင်အမေရိကဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းဒေသ စသဖြင့် ဒေသပေါင်းစုံက ကျောင်းသားပေါင်းစုံ တက်ရောက်နေကြတယ်ဆိုတာ ဘယ်လောက်များ ဂုဏ်ယူဖို့ ကောင်းလိုက်သလဲကွာ။ ငါတို့ဗုဒ္ဓဘာသာ အယူအဆအရဆိုရင်တော့ ရှေးရေစက် ရှိခဲ့လို့သာ ဘယ်လိုမျှ ဆုံဆည်းဖို့မဖြစ်နိုင်တဲ့ ဂါနာလို၊ ကင်မရွန်းလို နိုင်ငံတွေက ကျောင်းသားတွေနဲ့ ခင်မင်ခွင့် ရခဲ့သလို၊ ဂျော်ဒန်လို၊ တူရကီလို နိုင်ငံတွေက ကျောင်းသားတွေနဲ့လည်း မိတ်ဆွေဖြစ်ခွင့် ရခဲ့တယ်။ ငါ့စာကို နိဂုံးချုပ်ရရင်တော့ လာမယ့်နှစ်မှာ နိုင်ငံပေါင်း ၄၀ ကျော်က ကျောင်းသားတွေအကြားမှာ မင်းကိုလည်း မြန်မာကျောင်းသားတစ်ဦးအနေနဲ့ မြင်တွေ့ခွင့်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေမိတယ် ဆိုတာပါပဲ။ မင်းသိချင်တာတွေရှိရင်လည်း ငါ့ဆီကို သီးသန့်အီးမေးလ် ပို့ထားလိုက်ပါ။ ငါသိသလောက် ပြန်ဖြေပေးပါ့မယ်။
မကြာခင် တွေ့ကြတာပေါ့။

ရှင်းလင်းချက်များ
GSIR - The Graduate School of International Relations
GSIM - The Graduate School of International Management
IRP - International Relations Program
IDP - International Development Program
IPSP - International Peace Studies Program
PMPP - Public Management and Policy Analysis Program
MBA - Master of Business Administration
IMBA - Intensive MBA
E-Biz - E-Business Management Program
(Ichiro Nyanmyokyaw @ IUJ)

အိုင်ယူဂျေမှ ရေးတဲ့စာ (၃)

သူငယ်ချင်း...၊
အလုပ်တွေနဲ့ မအားတဲ့ကြားကနေ ငါ့ဆီကို တကူးတက အီးမေးလ်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ့စာတွေဖတ်ပြီး သဘောကျတယ်လို့ ရေးထားတဲ့အတွက်လည်း ကျေနပ်မိ၊ ပီတိဖြစ်မိပါတယ်။ မင်းအနေနဲ့ ငါတို့တက္ကသိုလ်မှာ လာရောက်ပညာသင်ကြားရမှာကို အရမ်းရင်ခုန်နေတယ်၊ အရမ်းတက်ကြွနေတယ်ဆိုတာ မင်းရေးထားတဲ့ စာတွေထဲမှာ အတိုင်းသား မြင်နေရတာမို့ ငါဝမ်းသာမိတယ်။ အထူးသဖြင့် မင်းတက်ရမယ့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုဘာသာရပ်တွေ သင်ကြားပေးသလဲ၊ ဘာတွေကြိုတင်ပြင်ဆင် လာရမလဲ၊ ဘာစာအုပ်စာတမ်းတွေ လိုအပ်မလဲလို့ မေးလာတဲ့အတွက် ပိုပြီးတော့ ကျေနပ်မိတယ်။ ဒါမှ ငါ့သူငယ်ချင်းကွ ဆိုပြီးတော့လည်း စိတ်ထဲမှာ ကြုံးဝါးမိတယ်။ ဒီလိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်ရတာကိုလည်း ဂုဏ်ယူမိတယ်။ ငါတို့တွေ ဒီနိုင်ငံ၊ ဒီတက္ကသိုလ်ကို လာရောက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ပညာသင်ကြားဖို့ဆိုတဲ့ ခံယူချက်ထားတဲ့နေရာမှာ မင်းနဲ့ငါဟာ စိတ်ချင်းဆက်အမြွှာတွေလား အောက်မေ့ရပါတယ်။ သိပ်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့ကွာ။ IUJ ကို လာဖို့အတွက် ဘာတွေပြင်ဆင်လာရမလဲ ဆိုတဲ့မေးခွန်းကို အတိုဆုံးဖြေစမ်းပါလို့ ငါ့ကိုများ တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် အချိန်မဆိုင်းဘဲ တစ်ခွန်းပဲ ငါပြန်ဖြေပေးလိုက်မယ်။ "ကြိုးစားမယ်၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုပဲ ယူလာခဲ့ပါ" လို့။ ငါ့အယူအဆကတော့ ကျန်တဲ့အရာတွေအားလုံး ပြည့်စုံနေပြီး ကြိုးစားချင်စိတ် ပျောက်ဆုံးနေတဲ့ ကျောင်းသားဆိုတာ ခန္ဓာကိုယ်အချိုးအဆက် ပြောစရာမရှိ၊ ထိရက်စရာမရှိ မြင်သူတကာငေးအောင် ချောမောလှပ၊ တန်ဖိုးကြီးလက်ဝတ်လက်စားတွေ အပြည့်အစုံ ဆင်မြန်းပေးထားပြီး ၀တ်ကောင်းစားလှတွေ ၀တ်ဆင်ပေးခြင်း ခံထားရပေမယ့် အသက်မဲ့နေတဲ့ အလောင်းကောင်တစ်ခုပါပဲ။ အဲဒီတော့ ကြိုးစားချင်စိတ်တစ်ခုသာ ပါလာအောင် ယူခဲ့ပါကွာ။ ပြောမယ့်သာ ပြောရတာပါလေ.. ကြိုးစားချင်စိတ်ဆိုတာ မင်းနဲ့အတူ အမြဲတမ်း မခွဲမခွာ ရှိနေပြီးသားအရာမို့ ငါမမှာရင်လည်း ပါလာမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ သင်ကြားရတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး သီးသန့်စာတစ်စောင် ရေးပါ့မယ်။ ဒီစာမှာတော့ ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးပါရစေ။ အရင်စာထဲမှာ ငါပြောခဲ့တဲ့အတိုင်းပဲ ငါတို့တက္ကသိုလ်ဟာ တောကြိုအုံကြားမှာ ထည်းတည်းကြီး တည်ရှိနေတဲ့ သီးသန့်နေရာလေးတစ်ခုပေါ့ကွာ။ အဲဒါနဲ့ ပတ်သက်ပြီး နောင်တော်ကျောင်းသားတွေ အစဉ်အဆက်က နောက်ပြောင်ခဲ့ကြတာ ရှိတယ်ကွ။ IUJ ရဲ့ မူလအဓိပ္ပါယ်က International University of Japan ပေါ့ကွာ။ ဒါပေမယ့် ကျောင်းသားတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကျတော့ တစ်မျိုးဖြစ်သွားပြန်ရော။ I & U in the Jungle (တောကြီးမျက်မည်းထဲမှာ မင်းနဲ့ငါ) လို့ ပြောကြသလို၊ I & U in the Jail (အကျဉ်းထောင်ထဲမှာ မင်းနဲ့ငါ) လို့လည်း နောက်ပြောင် ပြောဆိုတတ်ကြတယ်။ တက္ကသိုလ်ဝန်းကျင်မှာ လယ်ကွင်းကြီးတွေ၊ တောင်တန်းကြီးတွေ၊ တောအုပ်ကြီးတွေပဲ ရှိတာဖြစ်လေတော့ အဲဒီလို ပြောကြမယ်ဆိုရင်လည်း ပြောသင့်ကြပါတယ်လေ။ ဆောင်းတွင်းမှာကျတော့ ကြည့်လေမြင်လေရာ ပတ်ပတ်လည်မှာ ဖွေးဖွေးဖြူတဲ့ နှင်းတွေနဲ့ ပိန်းအုပ်နေသလို၊ နည်းနည်းလေးပူလာတော့လည်း ဘယ်ကထွက်လာမှန်းမသိတဲ့ မြွှေတွေကြောင့် စိတ်ညစ်ရတာမို့ ထောင်အဖြစ်၊ ဂနိုင်အဖြစ် ချစ်စနိုးနဲ့ တင်စားကြတာ အပြစ်တော့ မဆိုသာပါဘူးလေ။ ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း ခက်ခဲသွားတဲ့ ရန်ပုံငွေ အခြေအနေအရ တက္ကသိုလ်မှာ ဟိုးအရင်တုန်းက ရှိခဲ့၊ ပေးခဲ့ဖူးတဲ့ ၀န်ဆောင်မှုတွေ ပျောက်ဆုံးသွားတယ်လို့ ရှေ့မီနောက်မီ ဆရာတွေက ပြောပြကြတာမို့ အရင်တုန်းက တက္ကသိုလ်ကြီးကိုတောင် လွမ်းမိပါသေးတယ်။ အခြားလူတွေရဲ့အမြင် ဘယ်လိုရှိမယ်ဆိုတာ မသိပေမယ့် ငါ့တစ်ယောက်တည်းရဲ့ အမြင်အရဆိုရင်တော့ အခုအချိန်အထိ IUJ ရဲ့ နာမည်ဂုဏ်သတင်းကို ထိန်းထားနိုင်သေးတယ် ဆိုတာဟာ နိုင်ငံတကာအဆင့်မီ သင်ရိုးတွေနဲ့ ထက်မြက်တဲ့ ပါမောက္ခတွေကြောင့်လို့ ဆိုချင်တယ်။ ဒီတက္ကသိုလ်မှာ ပညာရပ်အသီးသီးကို သင်ကြားပို့ချပေးနေကြတဲ့ ပါမောက္ခတွေ၊ ဧည့်ပါမောက္ခတွေ အားလုံးဟာ အမေရိကနဲ့ ဥရောပက နာမည်ကြီးတက္ကသိုလ်တွေကနေ ပါရဂူဘွဲ့ ရလာခဲ့ကြသူတွေချည်း ဖြစ်ကြတယ်။ သူတို့ကိုယ်တိုင် ထူးချွန်ထက်မြက်သူတွေ ဖြစ်ကြလေတော့ ကိုယ်တိုင်တိုးတက်အောင် ကြိုးစားနေကြသလို သူတို့တပည့်တွေကိုလည်း သင်ကြားနည်းစနစ် ပေါင်းစုံနဲ့ တတ်ကျွမ်းနားလည်အောင် သင်ကြားပေးနေကြပါတယ်ကွာ။ င့ါစာကို နိဂုံးချုပ်ရရင် တပည့်တွေ စိတ်ညစ်လောက်အောင် အမြဲတမ်း ဦးနှောက်မုန်တိုင်းဆင်တတ်တဲ့ ဒီတက္ကသိုလ်က ပါမောက္ခတွေနဲ့ ကြုံခဲ့ဖူးသမျှ ဆရာတိုင်းကို တသသဖြစ်ကျန်ခဲ့အောင် အမြဲတမ်းလုပ်နိုင်ခဲ့တဲ့ ငါ့သူငယ်ချင်းတို့ တွေ့ဆုံတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စိတ်ဝင်စားတာထက်တောင် ပိုပြီးတော့ စိတ်ဝင်စားတဲ့ ရင်ခုန်မှုတွေနဲ့ ကြိုတင်တွေးတောရင်း စိတ်လှုပ်ရှားနေမိတယ် ဆိုတာပါပဲ။ မင်းရောက်လာမယ့် နေ့ရက်ကို မစောင့်နိုင်အောင်ပါပဲ။
မင်းဆီကို စာတွေဆက်ရေးပါဦးမယ်။ အခုတော့ ဒီနေရာမှာ ရပ်နားပါရစေဦး။
 ( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၄)

သူငယ်ချင်း...၊
ဒီတစ်ခေါက်တော့ ငါတို့တက္ကသိုလ်မှာ ပညာသင်ကြားရမယ့် အချိန်အတိုင်းအတာနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြချင်တယ်။ မင်းတက်ရမယ့် တစ်နည်းအားဖြင့် အခုလက်ရှိ ငါတို့တက်ရောက်နေတဲ့ မဟာဘွဲ့သင်တန်းတွေဟာ ၂ နှစ်ကြာ သင်တန်းတွေ ဖြစ်တယ်ဆိုတာကို သူငယ်ချင်း သိပြီးဖြစ်လိမ့်မယ်။ ဒီနေရာမှာ ၂ နှစ်ဆိုတာဟာ ပြက္ခဒိန်နှစ်ကို ရည်ညွှန်းတာမဟုတ်ဘဲ စာသင်နှစ် ၂ ခုကို ဆိုလိုခြင်းဖြစ်တယ်။ စာသင်နှစ်တစ်ခုစီမှာ သင်တန်းကာလ (term) ၃ ခု ရှိတယ်။ ဆောင်းဦးသင်တန်းကာလ၊ ဆောင်းတွင်းသင်တန်းကာလ နဲ့ နွေဦးသင်တန်းကာလလို့ မြန်မာလို ပြောလို့ရမယ်ထင်တယ်။ သိုးဆောင်းလို ပြောရမယ်ဆိုရင်တော့ Fall term, Winter term နဲ့ Spring term တွေပေါ့ကွာ။ အရင်ရေးတဲ့စာထဲမှာ ငါပြောခဲ့ဖူးသလိုပဲ term တစ်ခုစီဟာ စာသင်ရက်သတ္တပတ် ၁၀ ပတ်စီ ကြာမြင့်ကြတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဘာသာရပ်ဆိုင်ရာ ပါမောက္ခအပေါ် မူတည်ပြီး ပဉ္စမပတ် သို့မဟုတ် ဆဌမပတ်မှာ mid-term စာမေးပွဲ ဖြေဆိုရလေ့ရှိတယ်။ အချို့သော ဘာသာရပ်တွေမှာတော့ အဲဒီစာမေးပွဲ စစ်မေးလေ့မရှိဘူး။ နောက်ဆုံးရက်သတ္တပတ်မှာတော့ final exam ဖြေဆိုကြရတယ်။ ဒီနေရာမှာလည်း ခြွင်းချက်တွေ ရှိတတ်ကြတယ်။ အချို့ပါမောက္ခတွေက စာမေးပွဲတစ်ခုတည်း စစ်မေးကြတယ်၊ အချို့ဆရာတွေကတော့ စာမေးပွဲဖြေစရာမလိုဘဲ စာတမ်းငယ် (paper) တစ်စောင် တင်ခိုင်းတတ်ကြတယ်၊ အဲ... အချို့သော တက်ကြွလွန်းသူ ပါမောက္ခတွေကတော့ စာမေးပွဲရော၊ စာတမ်းငယ်ပါ နှစ်မျိုးလုံးနဲ့ ကျောင်းသားတွေကို အလုပ်ပေးတတ်ကြတယ်။ ရေတစ်ဝက်ပဲ ကျန်ပါတော့လားဆိုတဲ့ စိတ်အခံနဲ့ဆိုရင်တော့ စိတ်ညစ်စရာ ဖြစ်ကောင်းဖြစ်ပေမယ့် မင်းပြောနေကျ စကားအတိုင်းဆိုရင်တော့ ချွေးထွက်များမှ သွေးထွက်နည်းမယ် ဆိုတာမျိုးပေါ့ကွာ။ Fall term နဲ့ Winter term ပြီးချိန်တွေမှာတော့ နားချိန်အဖြစ် တစ်ပတ်ခန့် အချိန်အား ရတတ်ကြတယ်။ ဒီနေရာမှာ Spring term ကို ဘာဖြစ်လို့ ထည့်မပြောရသလဲဆိုတော့ အဲဒီသင်တန်းကာလ ပြီးတဲ့အချိန်မှာ နွေရာသီအားလပ်ရက်ရှည် စတင်ပြီဖြစ်လို့ပါပဲ။ အနှစ်ချုပ်ပြန်ပြောရရင် သူငယ်ချင်းအနေနဲ့ IUJ ကနေ မဟာဘွဲ့တစ်ခု ရရှိနိုင်ဖို့အတွက် ရက်သတ္တပတ်ပေါင်း ၆၀ မဖြစ်မနေ ကြိုးစားအားထုတ်ရမယ် ဆိုတာပါပဲ။ အခုရေးထားတာကို ကိန်းဂဏန်းအနေနဲ့ ဖတ်တဲ့အခါ ကျော်ဖြတ်ရမယ့် ရက်သတ္တပတ်တွေ များလှပါလားလို့ တွေးချင်စရာ ဖြစ်ကောင်းဖြစ်နေပေမယ့် တကယ်တမ်း စာသင်နေတဲ့ အချိန်ကျတော့ အချိန်တွေဆိုတာ ဘယ်လိုကုန်လွန်သွားမှန်း မသိလောက်အောင် မြန်လွန်းလှပါတယ်ကွာ။ စာသင်ခန်းမှာ ဦးနှောက်မုန်တိုင်းဆင်လိုက်၊ အိမ်စာတွေနဲ့ ချာချာလည်လိုက်၊ စာမေးပွဲတွေနဲ့ အိပ်ရေးပျက်လိုက်၊ အားကစားလုပ်ရင်း စိတ်ကိုလျှော့လိုက်၊ ပါတီတွေနဲ့ ပျော်လိုက်ပါးလိုက်၊ ပြင်ပလေ့လာရေးခရီးတွေနဲ့ စိတ်လန်းဆန်းလိုက်၊ အင်တာနက်ကမ္ဘာကြီးထဲမှာ စီးဝင်မျောလိုက်၊ နှင်းတွေကြားမှာ မြူးထူးလိုက်နဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ၆ လသားလောက် ဖြစ်လာတဲ့အချိန်မှာ အချိန်တွေကုန်သွားမှာကိုတောင် ကြောက်လာတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ သူငယ်ချင်းကို ပိုပြီးတော့ ရှင်းလင်းမြင်သာအောင် အောက်မှာ ညီမျှခြင်းလေး ချပြလိုက်တယ်။ အတိအကျ မဟုတ်ပေမယ့် အကြမ်းဖျဉ်း အဲဒီအတိုင်းပေါ့ကွာ။

ဆောင်းဦး ၁၀ ပတ် + နားချိန် ၁ ပတ် + ဆောင်း ၁၀ ပတ် + နားချိန် ၁ ပတ် + နွေဦး ၁၀ ပတ် + နွေကျောင်းပိတ်ရက် ၃ လ + ဆောင်းဦး ၁၀ ပတ် + နားချိန် ၁ ပတ် + ဆောင်း ၁၀ ပတ် + နားချိန် ၁ ပတ် + နွေဦး ၁၀ ပတ် = မဟာဘွဲ့

ငါ့စာကို ဒီနေရာမှာပဲ နိဂုံးချုပ်ပါရစေကွာ။ နောက်စာတွေမှာ သင်ကြားရေးစနစ်တွေနဲ့ ပတ်သက်ပြီး မင်းဆ၀ါးနိုင်အောင် ငါသိသလောက် ပြောပြပါဦးမယ်။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၅)

သူငယ်ချင်း...၊
ဒီရက်ပိုင်းမှာ စာမေးပွဲတွေ၊ စာတမ်းတွေကြောင့် အလုပ်ရှုပ်နေတာမို့ မင်းဆီကို စာမရေးဖြစ်တာကို တောင်းပန်ပါရစေ။ ငါတို့စီနီယာ ဒုတိယနှစ် ကျောင်းသားကြီးတွေ ကျမ်းခုခံမှု လုပ်နေကြတာ၊ ဘွဲ့ယူဖို့အတွက် ပြင်ဆင်နေကြတာကိုကြည့်ပြီး အားကျသလိုလို ၀မ်းသာသလိုလိုဖြစ်၊ နွေရာသီ ကျောင်းပိတ်ရက်ရှည် စတော့မှာဆိုတော့ စိတ်ထဲမှာ ပျော်ရွှင်နေသလိုလိုဖြစ်၊ အိုလံပစ်ပြိုင်ပွဲတွေ နှုတ်ဆက်ပွဲတွေကလည်း ရက်ဆက်ဆိုသလို ဖြစ်နေလေတော့ စိတ်လေချင်သလိုလိုနဲ့ ဝေလေလေဖြစ်နေတဲ့အချိန်မှာ အချိန်မီအပ်ရမယ့် စာတမ်းငယ်တွေ၊ ဖြေဆိုရမယ့် စာမေးပွဲတွေအကြောင်း တွေးမိတော့မှ ခေါင်းနပန်းတွေကြီးပြီး စာကြည့်ချင်စိတ်လေး မနည်းပြန်သွင်းလိုက်ရတယ်။ အခုတော့ အပ်ရမယ့် စာတမ်းငယ် တစ်စောင်ပဲ ကျန်တော့တာမို့ ငါ့စာကို မျှော်နေမယ်မှန်း သိနေတဲ့ သူငယ်ချင်းအတွက် စာတစ်စောင် ထပ်ရေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ စာထဲမှာ သင်တန်းအချိန်ကာလတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းကို ပြောပြခဲ့တယ်။ ဒီစာမှာတော့ သင်တန်းကာလ (term) အလိုက် သင်ယူရမယ့်ဘာသာရပ် ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောပြချင်တယ်။ ကျောင်းသားတိုင်းဟာ သင်တန်းကာလအလိုက် သင်ယူလိုတဲ့ ဘာသာရပ်တွေကို မိမိတို့ကိုယ်တိုင် မှတ်ပုံတင်ကြရတယ်။ အော်... တစ်ခုကြိုတင်ပြီး ပြောထားချင်တာက ငါရှင်းပြမှာတွေဟာ နိုင်ငံတကာဆက်ဆံရေး အထူးပြုသင်တန်း IRP တက်ရောက်နေသူတစ်ဦးဖြစ်တဲ့ ငါ့အတွေ့အကြုံတွေအပေါ် အခြေခံတာဖြစ်တဲ့အတွက် အခြားသော မဟာသင်တန်းကျောင်းသားတွေ လုပ်ဆောင်ရတာတွေနဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်တယ် ဆိုတာပါပဲ။ IDP ကျောင်းသားတွေရဲ့ ရွေးချယ်ရတဲ့ပုံစံဟာ ငါတို့နဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်တယ်။ ထို့အတူ PMPP ကျောင်းသားတွေရဲ့ ရွေးချယ်တဲ့ပုံစံဟာလည်း တစ်မျိုးတစ်ဘာသာ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမယ့် ကျောင်းသားတိုင်းဟာ term တစ်ခုချင်းစီအတွက် ကိုယ်တိုင်ကိုယ်ကျ မဖြစ်မနေ မှတ်ပုံတင်ကြရတယ် ဆိုတာကတော့ တူညီကြတယ်။ သူငယ်ချင်းကို ပထမဆုံး မိတ်ဆက်ပေးချင်တာ တစ်ခုကတော့ အမှတ်စနစ်ပါပဲ။ အင်္ဂလိပ်လိုတော့ Credit ပေါ့ကွာ။ ဒီတက္ကသိုလ်ကနေ ဘွဲ့မရမချင်း မင်းအနေနဲ့ အဲဒီစကားလုံးကို မကြားချင်အဆုံး ကြားနေပြောနေရလိမ့်မယ်။ ကျောင်းသားတွေ ရွေးချယ်သင်ယူရမယ့် ဘာသာရပ်တစ်ခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ အမှတ် (Credit) တွေ ရှိကြတယ်။ ဘယ်ဘာသာရပ်ကိုယူရင် အမှတ် ၂ မှတ်ရမယ်၊ ဘယ်သာသာရပ်ကတော့ အမှတ် ၁ မှတ်ရမယ်၊ ဘယ်ဘာသာရပ်ကတော့ အမှတ်မပေးဘူး၊ စသဖြင့်ပေါ့လေ။ များသောအားဖြင့် ဘာသာစကား သင်တန်းတွေဟာ (အင်္ဂလိပ်ဘာသာစကား၊ ဂျပန်ဘာသာစကား) အမှတ် ၁ မှတ်ပဲ ပေးလေ့ရှိတယ်။ အမှတ် ၁ မှတ်ပဲပေးတဲ့ အချို့သော ဘာသာရပ်တွေလည်း ရှိကြပါတယ်။ လောလောဆယ် credit အကြောင်းကို ဒီလောက်ပဲ ရှင်းပြပါရစေ။ ဆက်ဖတ်ရင်းနဲ့ သူငယ်ချင်း နားလည်သွားမှာပါ။ ကျောင်းသားတစ်ယောက် မဟာဘွဲ့ရဖို့အတွက် စာသင်နှစ် ၂ နှစ်အတွင်းမှာ အနည်းဆုံး credit ဘယ်နှခု ရဖို့လိုတယ်ဆိုပြီး သက်ဆိုင်ရာ ဌာနအလိုက် သတ်မှတ်ထားတာတွေ ရှိကြတယ်။ ဌာနတစ်ခုနဲ့တစ်ခု မတူညီကြဘူး။ ဥပမာအားဖြင့် IDP ကျောင်းသားတစ်ယောက်ဟာ အနည်းဆုံး credit ၄၄ ခု ရဖို့လိုအပ်ပြီး၊ IRP ကျောင်းသားတစ်ယောက်ကတော့ အနည်းဆုံး credit ၄၀ ခု ရဖို့လိုအပ်တယ်။ အနည်းဆုံးလို့ သုံးနှုန်းထားတာကို မင်းသတိပြုမိလိမ့်မယ် ထင်ပါတယ်။ သဘောကတော့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုပြီးတော့ယူလို့ ရတယ်ဆိုတာပါပဲ။ ခြွင်းချက်အနေနဲ့တော့ ဘာသာစကားနဲ့ရတဲ့ အမှတ် (credit) တွေကို ထည့်သွင်းတွက်ချက်ခြင်း မပြုတာပါပဲ။ ဆိုပါတော့... ဂျပန်ဘာသာစကားကို သင်တန်းကာလတိုင်းမှာ ယူထားခဲ့တာမို့ ၂ နှစ်ပြည့်တဲ့အချိန်မှာ credit ၆ ခု ရခဲ့တယ်ဆိုပါတော့။ ဒါပေမယ့် အဲဒီအမှတ် ၆ မှတ်ကို ဌာနကသတ်မှတ်တဲ့ အနည်းဆုံးလိုအပ်ချက် အမှတ်တွေထဲမှာ ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။ ကျောင်းသားတစ်ယောက်ဟာ term တစ်ခုချင်းစီမှာ credit ဘယ်နှခု ယူရမယ့်လို့ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် အများဆုံး ၁၁ ခုပဲ ယူလို့ရတဲ့ ကန့်သတ်ချက်တော့ ရှိတယ်။ သဘောကတော့ တက်ကြွလွန်းတဲ့၊ ပညာသင်ယူလိုစိတ် ပြင်းပြလွန်းတဲ့ ကျောင်းသားတစ်ယောက်ဟာ သင်တန်းကာလတိုင်းမှာ credit ပေါင်း ၁၁ ခု ယူခဲ့တယ်ဆိုရင် မဟာဘွဲ့ရတဲ့အချိန်မှာ သူယူခဲ့တဲ့အမှတ်ပေါင်းဟာ ၆၆ ခု ရှိမှာဖြစ်ပါတယ်။ ဒီတက္ကသိုလ်သမိုင်းမှာ credit အများဆုံးယူခဲ့တဲ့ ကျောင်းသားဟာ ဘယ်သူလဲဆိုတာ ငါတကယ်မသိပါဘူး။ ဒါပေမယ့် credit ပေါင်း ၆၀ ကျော်ယူမယ့် မြန်မာကျောင်းသားတစ်ယောက်တော့ ပေါ်ထွက်လာတော့မယ်လို့ ငါ့စိတ်ထဲမှာ အလိုလို ခံစားမိနေသလိုပဲကွာ။ ပြောနေတာ မပြီးသေးပေမယ့် ငါ့စာလည်း အရမ်းရှည်နေပြီဆိုတော့ ခေတ္တနားပါရစေဦး။ နောက်စာမှာ ဆက်ရှင်းပြပါ့မယ်။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၆)

သူငယ်ချင်း...၊
နိဒါန်းတွေဘာတွေ ပျိုးမနေတော့ဘဲ အရင်စာထဲမှာ ပြောလို့မပြီးသေးတာတွေ ဆက်ပြောပါရစေ။ Term တစ်ခုချင်းအလိုက် ဘာသာရပ်တွေကို ရွေးချယ်ရာမှာ သက်ဆိုင်ရာဌာနအလိုက် မယူမနေရ (Required course) အဖြစ် သတ်မှတ်ထားတဲ့ ဘာသာရပ်တွေ ရှိတတ်ကြတယ်။ အဲဒီဘာသာရပ်တွေကိုတော့ မဖြစ်မနေ မှတ်ပုံတင်ကြရပြီး ငါတို့အနေနဲ့ ရွေးချယ်ခွင့်မရှိဘူး။ မဟာဘွဲ့ရဖို့အတွက် မသင်မနေရ ဘာသာရပ်တွေ ဆိုပါတော့ကွာ။ မယူမနေရ ဆိုတဲ့အထဲမှာ ကိုယ်ရေးမယ့် ဘွဲ့ယူကျမ်းအတွက် ကိုယ့်ရဲ့ကျမ်းကြီးကြပ်သူနဲ့ အပတ်စဉ် တွေ့ဆုံ၊ ဆွေးနွေး၊ တင်ပြရတဲ့ ဆွေးနွေးပွဲ (Advanced Seminar) ၃ ခု လည်း ပါဝင်တယ်။ မယူမနေရ ဘာသာရပ်တစ်ခုစီနဲ့ Seminar တစ်ခုစီအတွက် အမှတ် ၂ မှတ်စီ ရရှိမှာဖြစ်တယ်။ IR ကျောင်းသားတစ်ယောက်အနေနဲ့ Required Courses အဖြစ် မယူမနေရ ယူရမယ့် ဘာသာရပ်ပေါင်း ၈ ခုနဲ့ ဆွေးနွေးပွဲ ၃ ခု ရှိတယ်။ ဒီတော့ အဲဒီဘာသာရပ်တွေနဲ့ ဆွေးနွေးပွဲတွေကနေ အမှတ် (credit) ၂၂ မှတ် ရရှိမှာဖြစ်တယ်။ မယူမနေရဖြစ်ပေမယ့် ရွေးချယ်ခွင့်ရှိတဲ့ ဘာသာရပ်တွေကိုတော့ Elective Required Courses လို့ ခေါ်တယ်။ ဒီနေရာမှာလည်း နှစ်မျိုးနှစ်စား ခွဲခြားထားတယ်။ Applied Disciplinary Courses (ADC) နဲ့ Regional and Country Courses (RCC) တို့ ဖြစ်ကြတယ်။ ADC နဲ့ RCC ဆိုင်ရာ ဘာသာရပ်ပေါင်း အများအပြား ရှိတဲ့အနက်က ကျောင်းသားတွေအနေနဲ့ မိမိတို့စိတ်ကြိုက် ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်ခွင့် ရှိကြတယ်။ ကန့်သတ်ချက်ကတော့ IR ကျောင်းသားတွေအနေနဲ့ ဘွဲ့မရမီ ၂ နှစ်တာ ကာလအတွင်း ADC အတွက် အနည်းဆုံး အမှတ် ၆ မှတ်နဲ့ RCC အတွက် အနည်းဆုံး အမှတ် ၆ မှတ် ရရှိအောင် သင်ယူကြဖို့လိုတယ် ဆိုတာပါပဲ။ ကျောင်းသားတွေ ရွေးချယ်ရတဲ့ နောက်ထပ် အမျိုးအစားတစ်ခုကတော့ Elective Courses ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ရွေးချယ်ရာမှာတော့ ကျောင်းသားတွေအနေနဲ့ IUJ မှာ သင်ကြားပေးတဲ့ မည်သည့်ဘာသာရပ်ကိုမဆို ရွေးချယ်ခွင့် ရရှိကြတယ်။ IRP ကျောင်းသားတစ်ယောက်ဟာ IDP နဲ့ဆိုင်တဲ့ ဘာသာရပ်တွေ၊ PMPP နဲ့ဆိုင်တဲ့ ဘာသာရပ်တွေအပြင် စီးပွားရေးစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း မိမိစိတ်ဝင်စားရင်၊ မိမိရေးသားမယ့် ဘွဲ့ယူကျမ်းနဲ့ သက်ဆိုင်မှုရှိရင် စိတ်ကြိုက်ရွေးချယ်ပြီး မှတ်ပုံတင် တက်ရောက်နိုင်ကြတယ်။ အဲဒီလို ဘာသာရပ်တွေအတွက် အနည်းဆုံး ရယူရမယ့် အမှတ် (Credit) ကတော့ ၆ မှတ် ဖြစ်တယ်။ အဲဒီတော့ မဟာဘွဲ့မယူမီ ၂ နှစ်တာ ကာလအတွင်း IR ကျောင်းသားတစ်ဦး မဖြစ်မနေ အနည်းဆုံးရယူရမယ့် credit တွေက အောက်ပါအတိုင်းဖြစ်တယ် -
၁။ Required Courses (including Advanced Seminar I, II, III)         22 credits
၂။ Elective Required Courses                                                    12 credits
၃။ Elective Courses                                                                   6 credits
Total (required credits)                                                            40 credits
ဘာသာရပ်တွေ မှတ်ပုံတင်ဖို့အတွက် လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို အွန်လိုင်းကနေပဲ လုပ်ကြရတယ်။ သင်တန်းကာလ (Term) တစ်ခုအတွက် ဘာသာရပ်တွေ ရွေးချယ်တာ၊ စာသင်ချိန် တိုက်နေတာ ရှိ၊ မရှိ စစ်ဆေးတာ၊ ကန့်သတ်ထားတဲ့ 11 credits ထက် ကျော်လွန်ခြင်းမရှိအောင် စစ်ဆေးတာ စတာတွေအားလုံးကို အွန်လိုင်းကနေ လုပ်ကြရတယ်။ အချောသတ် ရွေးချယ်ပြီးစီးပြီ ဆိုတဲ့အချိန်မှာတော့ ပထမအဆင့် အွန်လိုင်းကနေ မှတ်ပုံတင်ခြင်း ပြီးဆုံးပြီဖြစ်တယ်။ အဲဒီနောက် ဒုတိယအဆင့်နဲ့ နောက်ဆုံးအဆင့်အဖြစ် မိမိအတည်ပြု ရွေးချယ်မှတ်ပုံတင်ပြီးဖြစ်တဲ့ ဘာသာရပ်စာရင်းကို ပရင့်ထုတ်ပြီး မိမိရဲ့ ကျမ်းကြီးကြပ်သူ လက်မှတ်ရေးထိုးစေကာ သက်ဆိုင်ရာ ကျောင်းသားရေးရာဌာနကို ပေးပို့ရတယ်။ အဲဒီလို ပေးပို့ပြီးတဲ့ အချိန်ကျမှသာလျှင် သင်တန်းကာလ term တစ်ခုအတွက် ဘာသာရပ်ဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း ပြီးဆုံးတယ်။ မှတ်ပုံတင်ထားတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်တာတို့၊ withdraw လုပ်တာတို့နဲ့ ပတ်သက်တာတွေကိုတော့ မင်းအနေနဲ့ ရှုပ်သွားမှာစိုးတဲ့အတွက် မရှင်းပြတော့ပါဘူး။ ဒါနဲ့ စကားမစပ်... လွန်ခဲ့တဲ့ ၂ ရက်လောက်က မင်းရဲ့ ဖေ့စ်ဘုတ်မှာရေးထားတဲ့ ကဗျာလေးကို ငါသိပ်သဘောကျတယ်။ မင်းရွေးချယ်ထားတဲ့ စကားလုံးအချို့ကို ငါဘ၀င်မကျတာကလွဲရင် မင်းပြောချင်တဲ့ ဦးတည်ချက်နဲ့ မင်းရဲ့စေတနာကို အတိုင်းသားမြင်ရတယ်။ ငါ့စာထဲမှာ မင်းမရှင်းလင်းတာတွေရှိရင် ငါ့ကို အားမနာတမ်း မေးပါသူငယ်ချင်း။ ငါတတ်နိုင်သလောက် ဖြေပေးပါ့မယ်။ အခုတော့ ငါ့စာကို ဒီနေရာမှာ ခေတ္တရပ်နားပါရစေ။
 ( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၇)

သူငယ်ချင်း...၊
မနေ့က မင်းရေးလိုက်တဲ့ အီးမေးလ်ကိုဖတ်ပြီး ငါ့မှာ ရယ်လိုက်ရတာကွာ။ မင်းမို့လို့ တွေးလည်းတွေးတတ်၊ မြင်လည်းမြင်တတ်ပါပေ့လို့လည်း စိတ်ထဲမယ် အောက်မေ့မိတယ်။ ငါမှာလည်း ပြောပြချင်တာတွေ များနေလေတော့ တချို့အကြောင်းအရာတွေကို အသေးစိတ် မတွေးနိုင်ခဲ့တာ ၀န်ခံပါတယ်ကွာ။ မင်းအခု တွေးမိသလို၊ မေးသလိုမျိုး ငါ့တုန်းကဖြင့် term တစ်ခုပြီးတဲ့အထိ တွေးရကောင်းမှန်း မသိခဲ့တာ အမှန်ပါကွာ။ မင်းပြောတာဟာ သင်္ချာနည်းအရဆိုရင် အမှန်ပဲကွ။ မင်းပြောတဲ့လေသံနဲ့ ပြန်ပြောရရင် "မာစတာမရမီ ၂ နှစ်တာ ကာလအတွင်း ငါတို့တက်ရမယ့် သင်တန်းကာလ (term) ၆ ခုရှိတယ်၊ အနည်းဆုံး လိုအပ်တဲ့ credit အရေအတွက်က ၄၀၊ အဲဒီတော့ ပထမသင်တန်းကာလ ၄ ခုမှာ credit ၁၀ ခုစီ ယူသွားရင်တောင် နောက်ဆုံးသင်တန်းကာလ ၂ ခုမှာ ကျောင်းတက်စရာ မလိုဘဲ အေးအေးဆေးဆေး ကျမ်းရေးလို့ရတယ်၊ သွားချင်တဲ့နေရာတွေကို လျှောက်လည်လို့ရတယ်" တဲ့။ အေး... အဲဒီလိုတော်လို့လည်း မင်းကမင်း ဖြစ်နေတာပေါ့။ ငါလို ခပ်တုံးတုံးကောင်က အဲဒီလိုမျိုး မတွေးမိပေမယ့် မင်းလိုမျိုး တွက်တတ်ချက်တတ် လူရည်လည်တဲ့ကောင်တွေက အဲဒီလိုတွေးတော့မယ်ဆိုတာ ဆရာ့ဆရာတွေက သိတယ်ဗျ။ အဲဒီတော့ စည်းကမ်းချက်၊ ကန့်သတ်ချက် ရှိတော့တာပေါ့။ အခြားမဟုတ်ပါဘူးကွာ... ကျောင်းသားတွေဟာ သင်တန်းကာလ တစ်ခုစီမှာ အနည်းဆုံး ဘာသာရပ်တစ်ခုကို မှတ်ပုံတင်ဖို့လို၊ တက်ရောက်ဖို့လိုတယ်တဲ့။ တစ်မှတ်ပေးတဲ့ ဘာသာရပ်ပဲဖြစ်ဖြစ်၊ နှစ်မှတ်ပေးတဲ့ ဘာသာရပ်ပဲဖြစ်ဖြစ် အနည်းဆုံးတစ်ခုတော့ သင်တန်းကာလတိုင်းမှာ တက်ဖို့လိုတယ်ကွ။ အဲဒီလို တင်းကြပ်လိုက်ရတာကလည်း ရာဇ၀င်ရှိတယ်လို့ ငါတို့ပါမောက္ခ ဆရာမျိုးက ရှင်းပြဖူးတယ်။ တစ်ချိန်သောကာလဆီက မင်းလိုမျိုး ရွှေဉာဏ်တော်စူးရောက်တဲ့ ကျောင်းသားအချို့ဟာ ရှေ့ကသင်တန်းကာလတွေမှာ လိုအပ်တဲ့ credit တွေ ရအောင်ယူပြီး ကျန်တဲ့သင်တန်းကာလတွေမှာ အပြင်မှာထွက်ပြီး အလုပ်လုပ်နေခဲ့ကြသတဲ့။ ပါမောက္ခတွေနဲ့ သူတို့ကျမ်းကြီးကြပ်သူ ဆရာတွေခမျာ အဲဒီကျောင်းသားတွေကို ဘယ်မှာမှ ရှာလို့လည်းမရ၊ တွေ့လည်းမတွေ့ရ ဖြစ်ခဲ့ဖူးပါသတဲ့။ ဒီနေရာမှာ ငါတွေးမိတာလေးတစ်ခုကို ပြောပြချင်တယ်။ ဒါပေမယ့် မပြောခင် ငါရှင်းပြစရာရှိတာလေးကို အရင်ဆုံး ရှင်းပါရစေ။ ဘာသာရပ်အလိုက် တက်ရောက်သင်ယူကြတဲ့နေရာမှာ အောင်/ရှုံး ကို ဘယ်လိုဆုံးဖြတ်သလဲ ပြောပြချင်တယ်။ နိုင်ငံတကာတက္ကသိုလ် ဖြစ်တဲ့အားလျော်စွာ မအောင်မရှိ ငါ့တပည့် မဟုတ်တာတော့ အသေအချာပါပဲ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခရဲ့ ခွင့်ပြုချက်မရဘဲ၊ ဆီလျော်တဲ့ အကြောင်းပြချက် မရှိဘဲ အတန်းတက်မှု ပျက်ကွက်ချိန်များရင်၊ အတန်းတွင်း သင်ခန်းစာဆိုင်ရာ မေးမြန်းပြောဆို ဆွေးနွေးမှုတွေမှာ ပါမောက္ခ စိတ်ကျေနပ်လောက်အောင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးမှု မရှိရင်၊ အခါအားလျော်စွာ ပေးလေ့ရှိတဲ့ အိမ်စာတွေလုပ်ဖို့ ပျက်ကွက်မှုများခဲ့ရင်၊ ဖြေဆိုရတဲ့ စာမေးပွဲတွေမှာ ကျေနပ်လောက်စရာ အမှတ်မရခဲ့ရင်၊ ရေးသားရတဲ့ စာတမ်းငယ်ကို သတ်မှတ်စည်းကမ်းချက်များနဲ့အညီ စိတ်ကျေနပ်ဖွယ်ရာ ရေးသားနိုင်ခြင်းမရှိခဲ့ရင် စတဲ့ စတဲ့ အချက်တွေနဲ့ ငြိစွန်းခဲ့ပြီဆိုရင်တော့ အဲဒီဘာသာရပ်ကို ကျရှုံးပြီလို့ ပြောနိုင်တယ်။ ငါတို့တွေ သင်တန်းကာလ တစ်ခုချင်းစီအတွက် ဘာသာရပ်တွေ မှတ်ပုံတင်ဖို့ ဆောင်ရွက်ကြတဲ့အချိန်မှာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေရဲ့ အမှတ်ပေးမယ့် စည်းမျဉ်းတွေကို လေ့လာဖတ်ရှုနိုင်ကြတယ်။ အချို့ကျောင်းသားတွေဟာ အဲဒီစည်းမျဉ်းတွေအပေါ် မူတည်ပြီး ဘာသာရပ်တွေ ရွေးချယ်တတ်ကြတယ်။ မယူမနေရ ဘာသာရပ်တွေကတော့ ဘယ်လိုစည်းမျဉ်းတွေပဲရှိရှိ မဖြစ်မနေ မှတ်ပုံတင်ကြရတာပေါ့ကွာ။ ပါမောက္ခ တစ်ဦးနဲ့တစ်ဦး အမှတ်ပေးစည်းမျဉ်းတွေ မတူညီတတ်ကြဘူး။ အချို့ပါမောက္ခတွေက အတန်းတွင်းဆောင်ရွက်မှု (........) ရာခိုင်နှုန်း၊ စာတမ်းငယ်ရေးသားမှု (.......) ရာခိုင်နှုန်း၊ စုစုပေါင်း (၁၀၀) ရာခိုင်နှုန်း စသဖြင့် ပေးတတ်ကြသလို၊ အချို့ကျတော့လည်း အတန်းတွင်းဆောင်ရွက်မှု (......) ရာခိုင်နှုန်း၊ တစ်ဦးချင်းပါဝါပွိုင့်တင်ပြမှု (........) ရာခိုင်နှုန်း၊ စာမေးပွဲဖြေဆိုမှု (........) ရာခိုင်နှုန်း၊ စုစုပေါင်း (၁၀၀) ရာခိုင်နှုန်း စသဖြင့် ပေးတတ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး အမှတ်ပေးပုံ မတူကြဘူးဆိုပေမယ့် အကြမ်းဖျဉ်းအားဖြင့် အတန်းတွင်းဆောင်ရွက်မှု၊ အတန်းတက်မှန်ကန်မှု၊ တစ်ဦးချင်းပါဝါပွိုင့်တင်ပြမှု၊ အဖွဲ့လိုက်ပါဝါပွိုင့်တင်ပြမှု၊ mid-term/final exam ဖြေဆိုမှု၊ စာတမ်းငယ်ရေးသားမှု စတာတွေအပေါ်မှာ အခြေခံပြီး ကွဲပြားသွားကြတာသာ ဖြစ်တယ်။ ရှေ့စာတွေမှာ ငါရှင်းပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ဘာသာရပ်အမျိုးအစား ၃ ခု ရှိတယ်ဆိုတာ မင်းမှတ်မိမယ်လို့ ငါထင်တယ်။ Required Courses, Required Elective Courses နဲ့ Elective Courses တို့ ပေါ့ကွာ။ မယူမနေရဖြစ်တဲ့ Required Course တွေ ကျရှုံးခဲ့ရင်တော့ နောက်စာသင်နှစ် အဲဒီဘာသာရပ် သင်ကြားမယ့်အချိန်မှာ မဖြစ်မနေ ပြန်လည်မှတ်ပုံတင်ပြီး တက်ရောက်ဖို့၊ အောင်မြင်ဖို့ လိုအပ်တယ်။ RC တွေဟာ လုံးဝကျရှုံးလို့ မရတဲ့ ဘာသာရပ်တွေဖြစ်ကြတယ်။ ဒါဆိုရင် REC နဲ့ EC ဘာသာရပ်တွေ ကျရှုံးခဲ့ရင်ရောဆိုပြီး မေးစရာရှိတယ်။ အေး... အဲဒီဘာသာရပ်တွေ ကျခဲ့ရင်တော့ သူတို့အတွက်ရမယ့် credit ကို မရတော့ဘူးပေါ့။ အဲဒီလို ကျနေပေမယ့်လည်း လိုအပ်တဲ့ အနည်းဆုံးအမှတ် (၄၀ သို့မဟုတ် ၄၄) ရယူထားပြီးသား ဖြစ်နေရင်တော့ ဘာပြဿ     နာမှ မရှိပါဘူးကွာ။ လိုအပ်တဲ့အမှတ် မရသေးဘူးဆိုရင်လည်း အဲဒီဘာသာရပ်ကို မဖြစ်မနေ ပြန်လည်မှတ်ပုံတင်ဖို့ ရွေးချယ်ဖို့ မလိုအပ်ဘူးကွ။ မင်းအတွက် အဆင်ပြေမယ့်၊ သေချာပေါက် အမှတ်ရနိုင်မယ့် အခြားဘာသာရပ်တစ်ခုကို ပြောင်းလဲရွေးချယ် မှတ်ပုံတင်လို့ ရပါတယ်။ ဒီနေရာမှာ သတိပြုစရာ၊ အရေးကြီးတာတစ်ခုက အဲဒီလိုအခြေအနေ (ဘာသာရပ်တစ်ခုခု ကျရှုံးတဲ့အတွက် လိုအပ်တဲ့ သတ်မှတ်အမှတ် မပြည့်မီ) ဟာ ဒုတိယနှစ်ဘ၀ရဲ့ နောက်ဆုံးသင်တန်းကာလမှာ မဖြစ်ဖို့ပါပဲ။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ လိုအပ်အမှတ် မပြည့်မီတဲ့အတွက် မဟာဘွဲ့ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ရှင်းလင်းအောင် ဥပမာလေးနဲ့ ပြောပြပါရစေ။ ဆိုပါတော့ကွာ... မင်းဟာ သင်တန်းကာလ ၅ ခုကို တက်ရောက်ခဲ့ပြီးသွားပြီ၊ စုစုပေါင်း မင်းရခဲ့ပြီးသား အမှတ်ပေါင်းက ၃၈ မှတ် ဆိုပါတော့၊ လိုအပ်ချက်ပြည့်ဖို့ ၂ မှတ်ပဲလိုတယ်၊ နောက်ဆုံးတက်ရတဲ့ သင်တန်းကာလမှာ အမှတ် ၂ မှတ်ပေးတဲ့ ဘာသာရပ်တစ်ခုကို မှတ်ပုံတင်တက်ရောက်ခဲ့တယ်၊ ကံဆိုးစွာဘဲ အဲဒီဘာသာရပ်က ကျရှုံးခဲ့ပြီး အမှတ် ၂ မှတ် မရခဲ့ဘူး၊ အဲဒီတော့ မင်းအနေနဲ့ သင်တန်းကာလ ၆ ခုလုံးကိုလည်း တက်ရောက်ခဲ့ပြီးသွားပြီ၊ ထပ်တက်စရာ သင်တန်းကာလလည်း မရှိတော့ဘူး၊ လိုအပ်တဲ့အမှတ် ၄၀ ကလည်း မပြည့်သေးဘူး။ အဲဒါဆိုရင် မင်းကို မဟာဘွဲ့ပေးလို့ မရသေးဘူးပေါ့ကွာ။ ဒီလောက်ဆိုရင် ငါပြောချင်တာကို မင်းနားလည်မယ်လို့ မျှော်လင့်တယ်။ အပေါ်မှာ ငါတွေးမိတာလေး ပြောချင်တယ်လို့ စကားခံခဲ့တယ်နော်။ အခုပြောပါရစေ။ ဆိုပါတော့ကွာ... မင်းပြောသလို ရှေ့မှာတက်ခဲ့တဲ့ သင်တန်းကာလ ၄ ခု သို့မဟုတ် ၅ ခုမှာ လိုအပ်တဲ့ အမှတ် ၄၀ ရအောင် တက်ရောက်အောင်မြင်ခဲ့တယ်။ နောက်ဆုံးကျန်တဲ့ သင်တန်းကာလ တစ်ခု သို့မဟုတ် နှစ်ခုမှာ အနည်းဆုံး ဘာသာရပ်တစ်ခုစီ မဖြစ်မနေ မှတ်ပုံတင် တက်ရောက်ရမယ်။ အဲဒါက စည်းကမ်းချက်။ ဒါပေမယ့် ဟာကွက်လို့ ငါထင်တာတစ်ခုက မှတ်ပုံတင်ရမယ်လို့ပဲ သတ်မှတ်ထားတာကွ၊ မအောင်မဖြစ် အောင်ရမယ်လို့ မသတ်မှတ်ထားဘူး။ လိုအပ်တဲ့အမှတ်ကလည်း ရထားပြီးသားဆိုတော့ အဲဒီဘာသာရပ်တွေ ကျရှုံးရင်လည်း ဘာပြဿ     နာမှ မရှိဘူး။ အဲဒီတော့ ဘာသာရပ်တစ်ခု မှတ်ပုံတင်မယ်ကွာ၊ ပြီးရင် စာသင်ခန်းကို သွားချင်မှသွားမယ်၊ စာမေးပွဲလည်း စိတ်မပါရင် မဖြေဘူး၊ စာတမ်းရေးခိုင်းရင်လည်း ရေးချင်မှရေးမယ်၊ အပ်ချင်မှအပ်မယ်၊ ကိုယ်သွားချင်တဲ့နေရာတွေ လျှောက်သွားရင်သွား ဒါမှမဟုတ် အခန်းမှာအိပ်နေ၊ အဲလိုနေလို့ အဲဒီဘာသာရပ် ကျရှုံးတော့လည်း ဘာမှမဖြစ်ဘူးလေကွာ။ ငါဒီလိုပြောလို့ တစ်မျိုးမထင်လိုက်ပါနဲ့ကွာ။ မြန်မာပြည်က လာခဲ့သူဆိုတော့ ပေါက်ပေါက်ရှာရှာ တွေးတတ်ပြောတတ်တယ်လို့ပဲ အောက်မေ့ပြီး ဟာသအဖြစ် သဘောထားပေးပါ။ ဒီလို တက္ကသိုလ်မှာ လာတက်တဲ့ ကျောင်းသားတွေအားလုံးဟာ မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ဂုဏ်ဆောင်ပြီး လာတက်ကြတဲ့ သူတွေပါ။ သူတို့နိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်၊ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးတွေ ယုတ်လျော့စေမယ့် ငါတွေးခဲ့ပြောခဲ့သလို အောက်တန်းကျတဲ့ အလုပ်မျိုးတွေ မလုပ်ကြပါဘူးကွာ။ ကဲ... ငါ့စာလည်း အတော်ရှည်သွားပြီကွာ။ ဒီနေရာမှာ ခေတ္တရပ်နားပါရစေဦး။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၈)


သူငယ်ချင်း...၊
ငါ့စာတွေ ဖတ်နေရတဲ့ မင်းတော့မသိဘူး၊ ရေးရတဲ့ ငါကိုယ်တိုင်မှာတောင် စာသင်ရတဲ့ကိစ္စတွေ၊ စာမေးပွဲကိစ္စတွေ၊ စာတမ်းကိစ္စတွေ၊ ပါဝါပွိုင့်ကိစ္စတွေကို ပြန်တွေးရ ပြန်ရေးရတာ အတော်ကြီးကို အသက်ရှူ ကြပ်တယ်ကွ။ လက်တွေ့ရင်ဆိုင် ကျော်ဖြတ်ခဲ့ရစဉ်တုန်းက ဖိအားတွေ တွန်းအားတွေ အများကြီးနဲ့ ပင်ပန်းခဲ့ရသလို အဲဒီအကြောင်းတွေကို ပြန်တွေးမိပြန်တော့လည်း နည်းနည်းတော့ စိတ်လှုပ်ရှားရတယ်ကွ။ တကယ်ဆိုရင် ပြီးခဲ့တဲ့ အကြောင်းအရာတွေကို အခုအချိန်မှာ ပြန်ပြောတဲ့အခါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဖြစ်သင့်တာပေါ့ကွာ။ ဒါပေမယ့် မဖြစ်ဘူးကွ...။ မင်းကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပြီးတဲ့အခါ ငါ့ခံစားချက်တွေကို နားလည်ပါလိမ့်မယ်။ ဒီစာမှာတော့ ထွေရာလေးပါး အကြောင်းအရာလေးတွေကို နည်းနည်းလေး ပြောပြချင်တယ်။ စာသင်ခန်းထဲတွေကနေ ခဏလောက် ထွက်ပြေးတဲ့ သဘောပေါ့ကွာ။ ဂျပန်ကို ပထမဆုံးအကြိမ် လာရောက်ရမယ့် မင်းအနေနဲ့ အခုအချိန်မှာ ငါ့တုန်းကလိုပဲ ရင်ခုန်စိတ်လှုပ်ရှားနေမယ်၊ စိတ်ကူးနဲ့ ကြိုတင်ပုံဖော် ရူးသွပ်နေမယ်လို့ ငါယုံကြည်ပါတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဂျပန်နိုင်ငံမှာ လာရောက်နေထိုင် အလုပ်လုပ်ကိုင် ပညာသင်ကြား ခိုလှုံနေကြတဲ့ အခြားသူတွေအတွက် ဘယ်လိုရှိမယ်ဆိုတာ ငါမသိပေမယ့် Scholarship နဲ့ ပညာတော်သင် လာရောက်ရတဲ့ မြန်မာကျောင်းသားတစ်ယောက် အတွက်ကတော့ ဂျပန်နိုင်ငံဟာ အင်မတန်မှ နေပျော်ဖွယ်ကောင်းတဲ့ နေရာတစ်ခုပါဗျာ။ စည်းစနစ်ကျနမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ဖော်ရွေပျူငှာမှု၊ ရိုးသားမှု၊ ကြိုးစားမှု၊ တိုးတက်ထွန်းကားမှု၊ ငြိမ်းချမ်းမှု စတဲ့ စတဲ့ အချက်တွေဟာ ငါ့အတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတိပါပဲ။ ဂျပန်လေဆိပ်ကို မင်းရောက်ပြီဆိုတာနဲ့ မြန်မာတစ်ယောက်အနေနဲ့ မင်းအတွက် ပထမဆုံး အံ့သြတကြီး ဖြစ်ရမယ့်ကိစ္စကတော့ နည်းပညာအခြေပြု ဆောင်ရွက်စီမံတဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေပါပဲ။ ငါတို့နိုင်ငံမှာဆို လူတွေအများကြီး၊ စားပွဲတွေအများကြီး ကျော်ဖြတ်ရမယ့် လုပ်ငန်းဆောင်တာတွေကို အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး မိနစ်ပိုင်းအတွင်း ဂျပန်နိုင်ငံထဲကို ၀င်ရောက်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှုတွေကို မင်းသေချာပေါက် သဘောကျလိမ့်မယ်လို့ ငါပြောရဲတယ်။ နောက်တစ်ခု မင်းအတွက် shock ရစေမယ့် အချက်တစ်ခုကတော့ ဒီနိုင်ငံရဲ့ ယာဉ်ကြောစနစ်ပါပဲ။ တစ်သက်လုံး ငါတို့နိုင်ငံရဲ့ ညာကပ်မောင်းစနစ်နဲ့ အသားကျလာတဲ့ ငါ့အတွက် ဒီနိုင်ငံကကားတွေ ဘယ်ကပ်မောင်းစနစ်နဲ့ မောင်းနေကြတာကို မြင်ရတော့ အထူးအဆန်း ဖြစ်မိတာ အမှန်ပါပဲကွာ။ အခြားသော အာဆီယံနိုင်ငံအများစုက ကျောင်းသားတွေအတွက်တော့ သူတို့နိုင်ငံတွေမှာလည်း ဘယ်ကပ်မောင်းစနစ်တွေ ဖြစ်တဲ့အတွက် သိပ်မထူးဆန်းလှဘူးပေါ့ကွာ။ ဒီအကြောင်းကို ဘာဖြစ်လို့ ထည့်ပြောရသလဲဆိုတော့ မင်းဆိုတဲ့ကောင်ကလည်း ငါ့လိုပဲ စက်ဘီးတစ်စီးနဲ့ လျှောက်လိမ့်နေမယ်လူဆိုတာ သိနေလို့ပါပဲ။ ငါဖြင့် စက်ဘီးစီးတိုင်း ဘယ်ဖက်ကပ်ပြီး နင်းရတာ၊ လမ်းဆုံလမ်းခွတွေမှာ လမ်းကြောင်းယူရတာ အတော်ကြီးကို ကသိကအောက် နိုင်တဲ့ကိစ္စပဲဟေ့။ အနှစ် ၃၀ ကျော်လောက် အသားကျလာတဲ့ စနစ်တစ်ခုကို ငါ့အနေနဲ့ အရိုးစွဲနေမိတာ မလွန်လောက်ဘူး ထင်ပါရဲ့ကွာ။ ဂျပန်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ ယန်း ( Yen, ¥ ) ဖြစ်တယ်ဆိုတာ မင်းသိပြီးဖြစ်မှာပါ။ နိုင်ငံအတွင်း လှည့်လည်သုံးစွဲတဲ့ ငွေကြေးအမျိုးအစား ၁၀ မျိုးပဲ ရှိတယ်ကွ။ အကြွေစေ့ ၆ မျိုးနဲ့ ငွေစက္ကူ ၄ မျိုး ဖြစ်တယ်။ အကြွေစေ့ ၆ မျိုးက ဘာတွေလဲဆိုတော့ ၁ ယန်း၊ ၅ ယန်း၊ ၁၀ ယန်း၊ ၅၀ ယန်း၊ ၁၀၀ ယန်း၊ ၅၀၀ ယန်း တို့ ဖြစ်ကြတယ်။ ငွေစက္ကူ  ၄ မျိုးကတော့ ယန်း ၁,၀၀၀၊ ယန်း ၂,၀၀၀၊ ယန်း ၅,၀၀၀၊ ယန်း ၁၀,၀၀၀  တို့ ဖြစ်ကြတယ်။ ဒီနေရာမှာ ထူးခြားတာတစ်ခုက ယန်း ၂,၀၀၀ တန်ကို ငါဖြင့် အခုအချိန်အထိ ကိုယ်တိုင်မမြင်ဖူး၊ မကိုင်ဖူး၊ မသုံးဖူးသေးတာပါပဲ။ အရှားပါးဆုံး ငွေစက္ကူ ဖြစ်ပါတယ်။ အဲဒီ ၂,၀၀၀ တန်ကလွဲရင် ကျန်တဲ့ပိုက်ဆံတွေအားလုံးကို ငါတို့တွေ နေ့စဉ်ကိုင်တွယ် သုံးစွဲကြရတယ်။ ငါတို့နိုင်ငံမှာဆို ရှားပါးပစ္စည်းလိုတောင် ဖြစ်နေတဲ့ အကြွေစေ့စနစ်ကို ဒီနိုင်ငံမှာ နေ့စဉ်နဲ့အမျှ အထူးတလည် သုံးနေရတာကို အမှန်တကယ် သဘောကျမိတယ်။ တို့နိုင်ငံမှာ ကျပ် ၂၀၀ တန်၊ ကျပ် ၅၀၀ တန်တွေကိုတောင် အကြွေလို့ သဘောထား သုံးနှုန်း ပြောဆိုနေခဲ့ကြရာကနေ တစ်ယန်းကအစ သုံးလို့ရတဲ့အပေါ် ငါ့အနေနဲ့ တကူးတက ပြောပြသင့်တယ်၊ စာဖွဲ့သင့်တယ်လို့ ထင်ပါတယ်ကွာ။ ဆိုင်တစ်ခုခုမှာ ပစ္စည်းတစ်ခုခုဝယ်လို့ ယန်း ၁၀၀ ကျတယ်ဆိုပါတော့။ မင်းအနေနဲ့ ၁ ယန်းတန် အကြွေစေ့ ၁၀၀ ထုတ်ပေးလို့လည်း ဒီနိုင်ငံက ဆိုင်တွေရဲ့ အရောင်းသမားတွေက ငြူစူ၊ မျက်စောင်းထိုး၊ ပါးစပ်ကနေ ဗြစ်တောက်ဗြစ်တောက်ပြော၊ မင်းကို မတူသလို မတန်သလိုကြည့် စတာတွေ လုံးဝ မရှိပါဘူး။ တရားဝင်လှည့်လည် သုံးစွဲနေတဲ့ မည်သည့်ငွေစက္ကူ ၊ အကြွေစေ့ပဲဖြစ်ဖြစ် မင်းရဲရဲဝံ့ဝံ့ သုံးလို့ ပေးလို့ ရပါတယ်ကွာ။ ဒီမှာသုံးတဲ့ ငွေစက္ကူတွေနဲ့ အကြွေစေ့တွေကို မင်းမျက်လုံးထဲမှာ ရှင်းရှင်းလင်းလင်း မြင်သာရအောင် ငါတွဲပို့လိုက်တဲ့ ဓာတ်ပုံလေးကို ကြည့်စေချင်တယ်။ ကဲ... စာလည်း အတော်ရှည်သွားပြီကွ။ ငါ့စာကို ဒီနေရာမှာ နိဂုံးချုပ်ပါရစေဦး။ နောက်စာတွေကျမှ ဆက်ပြောကြသေးတာပေါ့။ ငါလည်း စာတမ်းအပ်တာတွေ၊ စာမေးပွဲဖြေတာတွေ အားလုံးပြီးပြီဆိုတော့ အချိန်အား ရလာပြီမို့ မင်းဆီကို စာတွေ ဆက်တိုက်ဆိုသလို ရေးနိုင်တော့မှာပါ။ အခုဆိုရင် မင်းလည်း ဂျပန်နိုင်ငံအကြောင်း၊ ငါတို့ တက္ကသိုလ်အကြောင်းကို အတန်အသင့် ဆ၀ါးမိနိုင်နေပြီလို့ ငါထင်ပါတယ်။ ငါ့ရဲ့ အရေးအသား မပြေပြစ်မှုနဲ့ စကားလုံးရွေးချယ်ပုံ ညံ့ဖျင်းမှုတွေကြောင့် မင်းအတွက် မရှင်းမလင်း ဖြစ်ရတာတွေ ရှိတယ်ဆိုရင်လည်း ငါ့ကို ပြန်မေးဖို့ အားမနာပါနဲ့ကွာ။ ငါက မင်းလိုတော့ စာအရေးအသား သိပ်မပြေပြစ်လှဘူးကွ။ အခု ငါရေးနေတဲ့ အကြောင်းအရာတွေကို မင်းရေးတဲ့အခါ ငါ့ထက် အဆပေါင်းများစွာ ပိုကောင်းမယ်လို့ ငါယုံကြည်တယ်။ သူငယ်ချင်း စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေကွာ..။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၉)

သူငယ်ချင်း...၊
မင်းအနေနဲ့ ငယ်ငယ်တုန်းက တစ်ကြိမ်လောက်ဖြစ်ဖြစ် နေမကောင်းချင်ယောင်ဆောင်ပြီး ကျောင်းပြေးဖူးမယ်လို့ ငါထင်တယ်။ တစ်ခါကျောင်းပြေးဖူးတဲ့ အရသာကို သိထားတဲ့ ကလေးတစ်ယောက်ဟာ နောက်တစ်ကြိမ်လည်း ကျောင်းပြေးဖို့ စိတ်ကူးတတ်တယ်ကွ။ အရင်စာတုန်းက ကျောင်းပြေးထားတဲ့ အရှိန်ဟာ အခုထိ မသေသေးဘူးကွ။ စာသင်ခန်းအကြောင်းတွေ၊ စာမေးပွဲအကြောင်းတွေ၊ အိမ်စာအကြောင်းတွေ မပြောဘဲ အခြားအကြောင်းအရာတွေ ထွေရာလေးပါး ပြောနေရရင် ငါ့စိတ်ကလေးက အင်မတန်မှကို ပေါ့ပါးပြီး စာရေးလို့ အင်မတန်ကောင်းတာကိုးကွ။ ဒီစာမှာလည်း စာသင်ခန်းထဲကို ပြန်မ၀င်သေးဘဲ ထွေရာလေးပါး အကြောင်းလေးတွေ ဆက်ပြောပါရစေကွာ။ ငါ့အနေနဲ့ ဂျပန်နိုင်ငံကိုရောက်တာ တစ်နှစ်နီးပါး ရှိနေပြီဆိုပေမယ့် အချိန်အများစုဟာ စာသင်ခန်းနဲ့ အိပ်ဆောင်၊ အိပ်ဆောင်နဲ့ စာကြည့်တိုက်၊ စာကြည့်တိုက်နဲ့ အားကစားခန်းမ၊ အားကစားခန်းမနဲ့ စားသောက်ဆိုင်၊ စားသောက်ဆိုင်နဲ့ အိပ်ဆောင်ဆိုသလို တက္ကသိုလ်ဝန်းထဲမှာပဲ နေ့စဉ်နဲ့အမျှ လှုပ်ရှားကျင်လည်နေရတာဆိုတော့ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း၊ နိုင်ငံရေးစနစ်အကြောင်း၊ စီးပွားရေးလုပ်ငန်းတွေအကြောင်း စတာတွေကို အင်တာနက်နဲ့ စာအုပ်စာတမ်းတွေထဲမှာ ဖတ်ရလို့ သိရတာကလွဲရင် ထူးထူးထွေထွေ အပိုသိတာ မရှိလှပါဘူး။ ငါတို့တက္ကသိုလ်ဟာ နိုင်ငံပေါင်းများစွာက ရောက်လာကြတဲ့ ကျောင်းသားတွေနဲ့ သီးခြားကမ္ဘာလေးတစ်ခု ဖြစ်နေသလို၊ ဟိုးရှေ့ကစာတစ်စောင်မှာ ငါပြောခဲ့ဖူးသလို မြို့ကြီးပြကြီးမှာ မဟုတ်ဘဲ လယ်ကွင်းတွေအကြား၊ တောတောင်တွေအကြားမှာ သီးခြားတည်ရှိနေတဲ့ ဘုံဗိမာန်တစ်ခု ဖြစ်နေတာကြောင့် ဂျပန်အငွေ့အသက်တွေ မရှိသလောက် ဖြစ်နေတာတော့ အမှန်ပဲကွ။ တက္ကသိုလ်ဝန်းကျင်က ကေျးရွာလေးတွေရဲ့ အနေအထားတွေ၊ အဲဒီရွာလေးတွေမှာ နေထိုင်တဲ့ ဂျပန်လူမျိုးတွေ၊ တက္ကသိုလ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ဂျပန်လူမျိုး ၀န်ထမ်းတွေ၊ ဟိုသွားဒီသွား သွားတဲ့အခါ တွေ့ဆုံကြုံတွေ့ရတဲ့ လူတွေရဲ့ ဓလေ့စရိုက်တွေ၊ အမူအကျင့်တွေ စတဲ့ မဖြစ်စလောက် အချက်အလက်လေးတွေကနေ လေ့လာသင်ယူလို့ရတဲ့ ဗဟုသုတ အနည်းငယ်သာ ငါ့မှာရှိတယ်ဆိုတာ ၀န်ခံပါတယ်။ အဲဒီတော့ ဂျပန်နိုင်ငံဆိုတာ ဘယ်လိုကွ၊ ဂျပန်လူမျိုးတွေဆိုတာ ဘယ်လိုကွ၊ ဂျပန်စီးပွားရေးက ဘယ်လိုကွ၊ ဂျပန်တွေရဲ့ ယဉ်ကျေးမှုက ဘယ်လိုကွ စသဖြင့် ကြီးကျယ်ခမ်းနားစွာ ပြောပြစရာတွေ မရှိတဲ့အတွက် ငါ့ကို နားလည်ပေးပါ။ ငါတက်နေတဲ့ တက္ကသိုလ်နဲ့ ပတ်သက်လို့ကတော့ ဘယ်နေရာမှာ ဘာရှိတယ်ကစလို့ ဘယ်ပါမောက္ခက ဘယ်နေရာမှာ ပုန်းပြီးတော့ ဆေးလိပ်သောက်တတ်တယ်အဆုံး ငါပြောပြနိုင်ပါတယ်။ ငါတို့တက္ကသိုလ် ပတ်ပတ်လည်ဟာ လယ်ကွင်းတွေဖြစ်တာကြောင့် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ငါမြင်သလောက်၊ ငါသိသလောက်လေး နည်းနည်းပါးပါး ပြောပြချင်တယ်။ ဒီနားက လယ်သမားတွေ ဘာတွေစိုက်လဲလို့ ငါ့ကို မေးလာရင် "အကုန်စိုက်တယ်" လို့ ငါဖြေရမှာပဲ။ စပါးချိန် စပါး၊ ဖရဲချိန် ဖရဲ၊ ပန်းချိန် ပန်း၊ ကြက်သွန်ချိန် ကြက်သွန်၊ ပြောင်းဖူးချိန် ပြောင်းဖူး၊ ခရမ်းချဉ်သီးချိန် ခရမ်းချဉ်သီး၊ ခရီးသီးချိန် ခရမ်းသီး၊ ဂေါ်ဖီချိန် ဂေါ်ဖီ၊ ပဲသီးချိန် ပဲသီး၊ ဘူးသီးချိန် ဘူးသီး၊ ငရုတ်သီးချိန် ငရုတ်သီး အကုန်ကို စိုက်ကြတာပဲဟေ့။ ဘယ်အချိန်တွေ စိုက်ကြသလဲလို့ မေးလာမယ်ဆိုရင်တော့ ဆောင်းတွင်းကာလ လယ်ကွင်းတွေအကုန်လုံး နှင်းပြင်ဖြူ ကြီး ဖြစ်နေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်မှာ မနားမနေ စိုက်ကြတယ်လို့ ဖြေရမှာပါပဲ။ ဒီနေရာမှာ ငါနဲ့အတူတူတက်နေတဲ့ အစ်ကိုကြီးတစ်ယောက် ပြောတာလေးကို သတိတရ ပြောပြချင်တယ်။ ငါလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာပါပဲ။ ဒါပေမယ့် သူ့လိုမျိုး သတိမပြုမိဘူး၊ မတွေးမိဘူးကွ။ သူက ဘာပြောသလဲဆိုတော့ "ဒီ ဂျပန်က အပင်တွေကလည်းကွာ အားလုံး တညီတည်းတွေချည်းပဲ" တဲ့။ ဟုတ်တယ်.. အဲဒါအမှန်ပဲ သူငယ်ချင်းရေ။ သူပြောကာမှ ငါလည်း သတိထားမိတာကိုးကွ။ ခရမ်းပင်စိုက်ရင်လည်း ခရမ်းပင်တွေ အကုန်လုံးက အားလုံးတညီတည်း၊ ပန်းပင်စိုက်ရင်လည်း ပန်းပင်တွေအကုန်လုံးက အားလုံးတညီတည်း၊ ခရမ်းချဉ်သီး စိုက်ထားရင်လည်း အပင်အားလုံးက တညီတည်း၊ စပါးခင်းတွေ ကြည့်ပြန်တော့လည်း စပါးပင်တွေ အကုန်လုံးက အားလုံးတညီတည်း၊ ဖရဲစိုက်ခင်းကျတော့လည်း ဖရဲပင်တွေ အကုန်လုံးက တညီတည်းပဲ။ ပိန်လှီနေတဲ့အပင်၊ စုန်းပြူးဖြစ်ပြီး ကွဲထွက်နေတဲ့အပင်ရယ်လို့ အခုအချိန်အထိ တစ်ခါမျှကို မမြင်ဖူးသေးပါဘူးကွာ။ အပင်အားလုံးဟာ ခွဲမရအောင် ချွတ်စွတ်တူတဲ့ အမြွှာတွေချည်းပဲ။ အသီးသီးတာ၊ အပွင့်ပွင့်တာလည်း တစ်ပင်နဲ့တစ်ပင် ထပ်တူနီးပါးပဲ။ ပြည်သူ့ခေတ်ဂျာနယ်က ပင်တိုင်ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို ယူသုံးရမယ်ဆိုရင်တော့ "အံ့သြလွန်းလို့ သေတော့မယ်" ဆိုပါတော့ကွာ။ နောက်ထပ် ငါသတိပြုမိတာ တစ်ခုကတော့ ငါတို့အနီးဝန်ကျင် ကျေးရွာတွေမှာ နေထိုင်တဲ့လူတွေ၊ စိုက်ပျိုးရေးလုပ်နေတဲ့ လယ်သမားတွေထဲမှာ လူငယ်တွေ လုံးဝမရှိဘူး ဆိုတာပါပဲ။ မူလတန်း၊ အလယ်တန်းအရွယ် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့ လူတွေကလွဲရင် ဂျပန်လူငယ်ဆိုတာ မမြင်ရသလောက်ပါပဲ။ မျိုးဆက်ပြတ်သွားတာလား၊ ဒါမှမဟုတ် လူငယ်တွေဟာ ကျေးလက်ကိုစွန့်ခွာပြီး မြို့ကြီးပြကြီးတွေမှာ စွန့်စားလုပ်ကိုင်နေကြတာလား ဆိုတာကိုတော့ ငါ့အနေနဲ့ သေသေချာချာ ဂဃဏန မသိတဲ့အတွက် ဘာမှတ်ချက်မျှ မပေးလိုပါဘူး။ ဆက်ပြောရရင် ငါတို့နိုင်ငံရဲ့ ကျေးလက်က လယ်သမားတွေဆိုတာ သီးသန့်လူတန်းစားတစ်ရပ် ဖြစ်နေမှန်း မင်းသိပြီးသားပါ။ မနက်အစောကြီး မိုးမလင်းခင်က ပုဆိုးအစုတ်၊ အင်္ကျီအစုတ်ဝတ်ပြီး နွားနဲ့အတူ အိမ်ကထွက်၊ ဖိနပ်ဗလာနဲ့ ရွှံ့ထဲဗွက်ထဲမှာ နွားနဲ့အတူ တစ်နေကုန်ရုန်း၊ ညနေမှောင်ရီပျိုးမှ နွားဆွဲပြီးပြန်လာ၊ လမ်းကချောင်းမှာဝင်ပြီး နွားလည်းရေချိုး၊ လူလည်းရေကူး၊ မောမောပန်းပန်းနဲ့ အိမ်ပြန်ပေါ့ကွာ။ ဒီမှာတော့ အဲလိုမဟုတ်ဘူးကွ။ မိုးမလင်းခင် မှောင်ရီဝိုးတ၀ါးကတည်းက လယ်ကွင်းထဲမှာ တကုပ်ကုပ် လုပ်နေတဲ့လူ ဘယ်သူမျှ မရှိဘူး။ လယ်ထဲဆင်းတဲ့အချိန်မှာ သူတို့ဝတ်နေကျ ဖိနပ်ရှည်၊ ၀တ်စုံ၊ နေကာဦးထုပ် စတာတွေကို ၀တ်တာကလွဲရင် ကျန်တဲ့အချိန်မှာတော့ သူလိုကိုယ်လိုပါပဲ။ လုပ်ငန်းဆောင်တာ အားလုံးနီးပါးကို စက်နဲ့ပဲ လုပ်ကြတယ်။ သူတို့ကိုယ်ပိုင် လယ်ထွန်စက်အသေးတွေနဲ့ ထွန်ယက်ကြတယ်၊ အစေ့ချစက်နဲ့ အစေ့ချစိုက်ပျိုးကြတယ်၊ ပေါင်းလိုက်စက်နဲ့ ပေါင်းလိုက်ကြတယ်၊ လယ်ကန်သင်းက မြက်ပင်ရှည်တွေကို မြက်ရိတ်စက်တွေနဲ့ ရိတ်ကြတယ်။ ပြောရရင်တော့ လူနဲ့လုပ်တာဆိုလို့ အဲဒီစက်တွေကို သူတို့တက်မောင်းတဲ့ အလုပ်တစ်ခုပဲ ရှိတယ်လို့ ပြောရမယ် ထင်ပါတယ်။ လူကိုယ်တိုင် ခွန်အားသုံးပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်တာကို ထူးထူးဆန်းဆန်း မြင်ရတာဆိုလို့ ဖရဲသီးစိုက်ခင်းတွေမှာ ဖရဲသီးတွေ သီးတဲ့အချိန် ဖရဲပင်တစ်ပင် ခေါင်သီးတစ်လုံးသာ ရွေးချန်ထားပြီး ကျန်တဲ့အသီးတွေ အကုန်လုံးကို လိုက်ဖြတ်ပစ်တာ၊ ချန်ထားတဲ့ ခေါင်သီးတွေဘေးမှာ အမှတ်အသားငုတ်တွေ လိုက်စိုက်တာ၊ အဲဒီအသီးတွေပေါ်မှာ ကောက်ရိုးတွေလိုက်အုပ်တာ စတဲ့အလုပ်တွေ လုပ်တာကိုသာ မြင်ဖူးတယ်ကွ။ လယ်ကွင်းတွေထဲအထိ ကားလမ်းလေးတွေ ဖောက်ထားတဲ့အပြင် အဲဒီလမ်းတွေကလည်း ရန်ကုန်ကလမ်းတွေထက်တောင် အရည်အသွေးကောင်းလေတော့ လယ်သမားအဘိုးကြီးတွေ သူတို့ရဲ့ Light Truck ကားလေးတွေပေါ်မှာ လယ်ထွန်စက် ဒါမှမဟုတ် လိုအပ်တဲ့ စက်ယန္တရားလေးတွေ တင်ပြီးသယ်လာတာ၊ ပြီးသွားရင် ပြန်တင်ပြီး မောင်းပြန်သွားတာတွေကို မြင်ရတဲ့အခါတိုင်း ငါ့မှာလေ အံ့သြလွန်းလို့၊ သဘောကျလွန်းလို့ ပါးစပ်ကြီးအဟောင်းသားနဲ့ အမြဲတစေ ငေးမောနေခဲ့ဖူးတယ်။ ငါတို့ဆီက လယ်သမားတွေလည်း တစ်နေ့မှာတော့ အဲဒီလို အခြေအနေကို ရောက်လာကောင်းပါရဲ့ကွာ။ လယ်သမားတွေအကြောင်း ပြောလက်စနဲ့ ဆက်ပြောရဦးမယ်။ ဒီကလယ်သမားတွေက အင်မတန်မှ အနုပညာဆန်တာကိုးကွ။ လယ်ကန်သင်းအားလုံးနီးပါးမှာ ပန်းပင်လေးတွေ စိုက်ပျိုးထားတတ်တယ်ကွ။ မင်းမျက်စိထဲမှာ မြင်ယောင်ကြည့်စမ်းပါကွာ... အဖြူရောင်ပန်းပွင့်လေးတွေ၊ အ၀ါရောင်ပန်းပွင့်လေးတွေ၊ အနီရောင်ပန်းပွင့်လေးတွေကြားမှာ ဖြစ်ထွန်းနေတဲ့ စပါးခင်းစိမ်းစိမ်းစိုစို၊ နှင်းဆီပင်လေးတွေကြားကနေ မြင်ရတဲ့ ခရမ်းသီးပင်၊ ခရမ်းချဉ်သီးပင်လေးတွေ၊ သခွားမွှေးစိုက်ထားတဲ့ စင်ပေါ်က အရွက်စိမ်းစိမ်းတွေအကြားမှာ ရွှေဝါရောင်အသီးတွေ ရှိနေပြီး အဲဒီစင်အောက်မှာ ပန်းအိုးလေးတွေက စီစီရီရီနဲ့ လှချင်တိုင်းလှနေတာ။ အေး.. အဲဒီလိုမျိုး လယ်ကွင်းထဲ ရောက်နေတာတောင် ပန်းခြံထဲရောက်နေသလို ခံစားရတဲ့နိုင်ငံမှာ လူဖြစ်ရတဲ့ ဂျပန်လူမျိုးတွေမှ အသက်မရှည်ရင် ဘယ်လူမျိုးတွေ အသက်ရှည်မလဲကွာ။ မင်းသာ ဒီမြင်ကွင်းတွေကို မြင်ပြီးပြီဆိုရင် ငါတော့ဖြင့် မင်းရဲ့ ရင်တွင်းဖြစ် ကဗျာအနုအရွတွေ အများကြီး ဖတ်ရတော့မယ်လို့ အသေအချာ သိနေတယ်ကွ။ မြန်မာပြည်မှာ နေရာအများကြီး ငါမရောက်ဖူးပါဘူး။ ဒါပေမယ့် ငါရောက်ဖူးသမျှ နေဖူးသမျှထဲမှာ အကြိုက်ဆုံးမြို့တစ်ခုကို ပြောပါဆိုရင်တော့ မဆိုင်းမတွဘဲ ပြင်ဦးလွင်လို့ ပြောမိမှာပဲကွ။ အသီးတစ်ခုခုစားပြီးလို့ အစေ့ထွေးထုတ်လိုက်ရင်တောင် ကျတဲ့နေရာမှာ အပင်ပေါက်တဲ့ မြေဆီသြဇာမျိုးရှိတဲ့ မြို့လေးပေါ့ကွာ။ ရေခံမြေခံ ကောင်းတယ်လို့ ပြောကြတာကို သတိရမိတယ်။ ငါ့အနေနဲ့ ပြင်ဦးလွင်လောက် နေချင်စရာကောင်းတဲ့မြို့ ကမ္ဘာပေါ်မှာ ရှိမယ်မထင်ဘူးလို့တောင် မှတ်ယူခဲ့ဖူးတယ်ကွ။ ဒါပေမယ့် ဒီရောက်တဲ့အချိန်မှာတော့ ငါ့ရဲ့အတွေးတွေ ပြောင်းသွားခဲ့ရတယ်။ ဒီမြို့လေးကို မင်းရောက်လာတဲ့အခါ ဒီက မြေဆီသြဇာ ကြွယ်ဝပုံ၊ သီးနှံတွေဖြစ်ထွန်းပုံ၊ ရေသယံဇာတ ပေါများပုံ စတာတွေကို မြင်ပြီးတဲ့အချိန်မှာတော့ ငါ့ရဲ့အတွေးကို မင်းနားလည်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်။ ငါ့စာကို နိဂုံးမချုပ်ခင် IUJ ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ငါ့အစ်မတစ်ယောက်က သူ့သမီးလေး အင်္ဂလိပ်လို အက်ဆေးရေးထားတာလေးကို ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတဲ့အကြောင်းလေး သတိရမိလို့ မင်းကို ပြောပြချင်တယ်။ အက်ဆေးခေါင်းစဉ်က "My dream job" တဲ့။ သူ့သမီးလေးက ဘာရေးထားလဲဆိုတော့ လယ်သမားတစ်ယောက် ဖြစ်ချင်တယ်တဲ့။ မြန်မာမိခင်တစ်ဦးက သူ့သမီးလေး အဲဒီလို ရေးထားတဲ့အပေါ် ဘယ်လိုခံစားရမယ်ဆိုတာ မင်းရောငါရော နားလည်ကြတယ်။ မိခင်စိတ်ဆိုတော့လည်း ကိုယ့်သားသမီးကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ဗိသုကာပညာရှင်ကြီး၊ ကွန်ပျူတာပညာရှင်ကြီး ဖြစ်စေချင်မှာပေါ့နော်။ ဒီနေရာမှာ ငါပြောချင်တာက ငါသာ အဲဒီသမီးလေးနေရာမှာဆိုရင်လည်း "ကျွန်တော်သည် လယ်သမားတစ်ယောက် ဖြစ်ချင်ပါသည်" လို့ပဲ ရေးမိမယ်ဆိုတာပါပဲ။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ရှိတယ်။ "ကျွန်တော်သည်" ဆိုတဲ့နောက်မှာ "ဂျပန်ပြည်၌" ဆိုတဲ့ စကားရပ်လေး ထပ်ဖြည့်ပေးရုံပါကွာ။ ရွှင်လန်းချမ်းမြေ့ပါစေ။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၀)

သူငယ်ချင်း...၊
ဒီစာမှာတော့ ငါတို့တက္ကသိုလ်ရဲ့ စာသင်ချိန်တွေအကြောင်း ပြောပြချင်တယ်။ မင်းအနေနဲ့ ဒီတက္ကသိုလ်ကို မရောက်သေးခင် ကြိုတင်သိရှိထားခြင်းအားဖြင့် လက်တွေ့ရင်ဆိုင် ဖြတ်သန်းရတဲ့အခါ ပိုမိုလွယ်ကူ အဆင်ပြေလိမ့်မယ်လို့ ငါယုံကြည်တဲ့အတွက် ပြောပြလိုခြင်း ဖြစ်တယ်။ ပထမဆုံး ပြောချင်တာတစ်ခုက သင်တန်းကာလ အသီးသီးအတွက် မင်းမှတ်ပုံတင်ထားတဲ့ ဘာသာရပ်တွေရဲ့ သက်ဆိုင်ရာ စာသင်ချိန်တွေ၊ မင်းရဲ့ကျမ်းကြီးကျပ်သူနဲ့ တွေ့ဆုံဆွေးနွေး တင်ပြဖို့အတွက် သီးသန့်ချိန်းဆိုထားတဲ့ အချိန်တွေကို မပျက်မကွက် တက်ရောက်ဖို့၊ တွေ့ဆုံဖို့ လိုအပ်တာကလွဲရင် ကျန်တဲ့အချိန် အားလုံးကို မင်းပိုင်တယ်။ ဘယ်အချိန် စာကြည့်ရမယ်၊ ဘယ်အချိန် အိပ်ရမယ်ဆိုပြီး ဘယ်သူကမျှ လိုက်ပြောနေမှာ မဟုတ်သလို၊ မင်းရဲ့ကိုယ်ပိုင်အချိန်တွေကို မင်းဘယ်လို အသုံးချနေသလဲ ဆိုပြီးတော့လည်း ဘယ်သူကမျှ အစီရင်ခံစာ တင်ခိုင်းနေမှာ မဟုတ်ဘူး။ ဒါတွေကို အထူးအဆန်းလုပ်ပြီး ပြောနေသေးတယ်လို့ မထင်စေချင်ဘူး။ မင်းဒီကိုရောက်လို့ အမြင်မတော်တာတွေကို မြင်တဲ့အခါ ငါအခုပြောနေတာတွေကို ကောင်းကောင်းကြီး နားလည်ပါလိမ့်မယ်။ သူများနိုင်ငံမှာ ပညာသင်ကြားဖို့ ရောက်လာတဲ့ ကျောင်းသားတွေဖြစ်ပါလျက် အတန်းချိန် မှန်မှန်မတက်၊ သင်ခန်းစာတွေလေ့လာဖို့၊ စာဖတ်ဖို့၊ အိမ်စာလုပ်ဖို့ လုံလောက်တဲ့အချိန် မပေးဘဲ အခြားသော ဝေလေလေ၊ ဗာဟီရ၊ အပျော်အပါး ကိစ္စရပ်တွေနဲ့ ကိုယ့်အသက်တွေကိုကိုယ် ဖြုန်းတီးနေတဲ့လူတွေကို မင်းမြင်တဲ့အခါ ငါအခုပြောနေတာတွေဟာ မလွန်ပါလားဆိုပြီး မင်းသိလာပါလိမ့်မယ်။ လိုရင်းကတော့ ဒီတက္ကသိုလ်မှာ ကောင်းသည်၊ ဆိုးသည် မှန်သမျှဟာ တစ်ဦးချင်းစီအပေါ်မှာသာ မူတည်တယ် ဆိုတာပါပဲ။ အရာရာမှာ တတ်သိနားလည်လွယ်တဲ့ မင်းအနေနဲ့ ငါပြောလိုတဲ့ အကြောင်းအရာကို ကောင်းကောင်းကြီး သဘောပေါက်တယ်ဆိုတာ ငါလုံးဝ သံသယမရှိဘူး။ မူလအကြောင်းအရာကို ဆက်ပြောကြရအောင်။ ငါတို့တက္ကသိုလ်ရဲ့ တစ်နေ့တာကာလ ပထမဆုံး စာသင်ချိန်တွေဟာ မနက် ၈ နာရီ ၅၀ မိနစ်မှာ စတင်တယ်။ သာမန်အားဖြင့် နောက်ဆုံးစာသင်ချိန်က ညနေ ၆ နာရီမှာ စတင်ပြီး ည ၇ နာရီ ၃၀ မိနစ်မှာ ပြီးဆုံးတယ်။ စာသင်ချိန် တစ်ချိန်စီဟာ မိနစ် ၉၀ ကြာမြင့်တယ်။ စာသင်ချိန် တစ်ခုနဲ့တစ်ခု အကြားမှာ ခေတ္တနားချိန် ၁၀ မိနစ်ရှိတယ်။ အကြမ်းဖျင်းအားဖြင့် တစ်ရက်မှာ သတ်မှတ်ထားတဲ့ စာသင်ချိန်ပေါင်း ၆ ချိန် ရှိတယ် (ပထမအချိန်ကနေ ဆဌမအချိန်အထိပေါ့ကွာ)။ မနက်ပိုင်း ၂ ချိန်နဲ့ နေ့လည်/ညနေပိုင်း ၄ ချိန် ဖြစ်တယ်။ ပုံမှန်အားဖြင့် တနင်္လာနေ့ကနေ သောကြာနေ့အတွင်းမှာ စာသင်ချိန်တွေ ရှိတတ်တယ်။ မင်းသာ သေသေချာချာ ဂရုစိုက်ပြီး ပြန်ဖတ်မယ်ဆိုရင် "အကြမ်းဖျင်းအားဖြင့်" တို့၊ "ပုံမှန်အားဖြင့်" တို့၊ "သာမန်အားဖြင့်" တို့ ဆိုတဲ့စကားလုံးတွေကို ငါသုံးထားတာ မြင်မှာအမှန်ပဲ။ ဘာကြောင့် အဲလိုတွေ ထည့်ပြောရသလဲဆိုတော့ ငါတို့ GSIR အတွက်တော့ တစ်ရက်ကို စာသင်ချိန် ၆ ခု၊ တစ်ပတ်ကို ၅ ရက်ဆိုတဲ့ ဘောင်ထဲကနေ မထွက်ပေမယ့် GSIM က ဘာသာရပ်အချို့ကတော့ စနေနေ့ သင်ကြားတာတို့၊ သတ္တမအချိန်မှာ တက်ရတာတို့ ရှိတတ်လို့ဖြစ်တယ်။ သတ္တမအချိန်ဟာ ည ၇ နာရီ ၄၀ မိနစ်ကနေ ၉ နာရီ ၁၀ မိနစ်အထိပေါ့ကွာ။ ဆက်ပြောရရင် အမှတ် ၂ မှတ် (2 credits) ပေးတဲ့ ဘာသာရပ်အများစုဟာ တစ်ပတ်ကို စာသင်ချိန် ၂ ချိန်စီ တက်ရောက်ရလေ့ရှိတယ်။ စာသင်ချိန် တစ်ချိန်စီပဲ တက်ရောက်ရတဲ့ ဘာသာရပ်တွေလည်း ရှိတတ်ကြတယ်။ အဲဒီလို ဘာသာရပ်အများစုက အမှတ် ၁ မှတ် (1 credit) သို့မဟုတ် ၀.၅ မှတ် (0.5 credit) ပဲ ပေးလေ့ရှိတဲ့ဟာတွေ ဖြစ်တတ်ကြတယ်။ မင်းအနေနဲ့ တစ်ပတ်ကို စာသင်ချိန် ၂ ချိန်တက်ဖို့လိုပြီး အမှတ် ၂ မှတ်ပေးတဲ့ ဘာသာရပ် ၅ ခုကို မှတ်ပုံတင်ခဲ့တယ်ဆိုပါတော့။ အဲဒီသင်တန်းကာလရဲ့ ရက်သတ္တပတ်တိုင်းမှာ မင်းတက်ရမယ့် စာသင်ချိန်ပေါင်း ၁၀ ချိန် (၉၀၀ မိနစ်) ရှိမှာဖြစ်တယ်။ ဒီနေရာမှာ နောက်ထပ် ပြောချင်တာတစ်ခုက တစ်ခါတလေမှာ ပါမောက္ခတွေအနေနဲ့ အခြားနိုင်ငံ၊ အခြားတက္ကသိုလ်တွေကို ဟောပြောပွဲ သို့မဟုတ် အကြောင်းကိစ္စရပ် တစ်ခုခုကြောင့် မဖြစ်မနေ သွားရောက်ရတဲ့အခါ၊ ဒါမှမဟုတ် ရှောင်လွှဲမရတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့် စာသင်ချိန်တွေ ပျက်ကွက်တတ်တယ်။ အဲဒီအတွက် အစားပြန်သင်ပေးတဲ့ စာသင်ချိန် (make-up class) တွေ ပြုလုပ်တတ်တယ်။ အဲဒီလို အတန်းချိန်တွေကိုတော့ သတ်မှတ်ထားတဲ့ စာသင်ချိန်တွေအတိုင်း မဟုတ်ဘဲ ဆရာနဲ့ကျောင်းသား နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေစေမယ့် အချိန်တစ်ခုခုကို ရွေးချယ်သတ်မှတ်ကြလေ့ရှိတယ်။ ဆရာတွေရော၊ ကျောင်းသားတွေရော အနေနဲ့ တစ်ပတ်တာလုံး သက်ဆိုင်ရာ အချိန်ဇယားတွေနဲ့ မအားလပ်အောင် ဖြစ်နေတတ်ကြတာကိုး။ ငါ့စကားကို ပြန်ဆက်ရရင် မင်းအနေနဲ့ သင်တန်းကာလ တစ်ခုစီအတွက် မှတ်ပုံတင်ထားတဲ့ ဘာသာရပ်တွေရဲ့ စာသင်ချိန်တွေအတိုင်း လိုက်လံတက်ရောက်ရမှာဖြစ်တယ်။ အွန်လိုင်းကနေ မှတ်ပုံတင်စဉ်ကတည်းက ဘယ်ဘာသာရပ်ဟာ ဘယ်နေ့ ဘယ်အချိန်မှာ သင်ကြားမှာဖြစ်တဲ့အကြောင်း၊ အမှတ် ဘယ်နှမှတ် ပေးတဲ့ဘာသာရပ်ဖြစ်ကြောင်း၊ သင်ကြားမယ့်ဆရာက ဘယ်သူဖြစ်ကြောင်း မင်းအနေနဲ့ တစ်ခါတည်း သိခွင့်ရမှာဖြစ်တယ်။ ဒါ့အပြင် ဘာသာရပ်အသီးသီးရဲ့ သင်ရိုးမာတိကာ (Syllabus) တွေကိုလည်း မင်းအနေနဲ့ မှတ်ပုံမတင်ခင်ကတည်းက ကြိုတင်လေ့လာနိုင်တယ်။ အဲဒီသင်ရိုးမာတိကာထဲမှာ ရက်သတ္တပတ်အလိုက် သင်ကြားဆွေးနွေး ပို့ချပေးမယ့် အကြောင်းအရာတွေ၊ လေ့လာရမယ့် စာအုပ်စာတမ်းတွေ၊ ဘာသာရပ်ရဲ့ ဦးတည်ချက်တွေ၊ အမှတ်ပေးမယ့်ပုံစံတွေ၊ ပါမောက္ခဆရာရဲ့ သီးသန့်မှာလိုတဲ့ အကြောင်းအရာတွေကို ရှင်းလင်းရေးသားထားတယ်။ ပြောချင်တာတွေ များနေလေတော့ ငါ့စကားတွေက ဘေးကို ရောက်ရောက်သွားတယ်ကွာ။ အဲဒါကိုတော့ နားလည်ပေးပါ။ စာသင်ချိန်တွေအကြောင်း ပြန်ဆက်ရရင် မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ၁ နာရီအထိ နေ့လည်စာစားချိန် ရပ်နားကြတယ်။ အဲဒီအချိန်မှာ ဒီတက္ကသိုလ်ရဲ့ ဘယ်ဌာနမျှ အလုပ်လုပ်မှာ မဟုတ်သလို၊ ဘယ်ပါမောက္ခကမျှလည်း တွေ့ဆုံဖို့ ချိန်းဆိုမှာ မဟုတ်ဘူး။ တစ်နေ့တာ အချိန်သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မင်းအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်သာအောင်လို့ ဇယားလေးတစ်ခုဆွဲပြီး ငါထည့်ပေးလိုက်တယ်။ အဲဒါကိုကြည့်လိုက်ရင် စာသင်ချိန် သတ်မှတ်ချက်တွေကို မင်းလုံးဝ သဘောပေါက်သွားလိမ့်မယ်။ ဒါ့အပြင် အပေါ်မှာ ငါပြောခဲ့သလို ဘာသာရပ်အလိုက် ဘယ်အချိန်တွေ သင်ကြားမယ်ဆိုတဲ့ အကြောင်းကိုလည်း မင်းအနေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်စေချင်လို့ သင်တန်းကာလ တစ်ခုစီအတွက် မင်းမှတ်ပုံတင်တဲ့အခါ မြင်တွေ့ရမယ့် ပုံစံကို ရှင်းလင်းချက်တွေနဲ့အတူ နမူနာအဖြစ် တစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။

 ဒါကတော့ သင်တန်းကာလ တစ်ခုအတွက် တက်ရောက်လိုတဲ့ ဘာသာရပ်တွေ မှတ်ပုံတင်ရာမှာ မြင်ရတဲ့ ပုံစံတစ်ခုကို မင်းအတွက် နမူနာပြတာ ဖြစ်တယ်။ အဲဒီလို ဘာသာရပ်ပေါင်း မြောက်မြားစွာထဲကမှ ငါတို့စိတ်ကြိုက် ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်ရတာ ဖြစ်တယ်။ ဒီနေရာမှာ မင်းအနေနဲ့ ဘာသာရပ်အမည်၊ သင်ကြားပို့ချမယ့် ပါမောက္ခ၊ စာသင်ချိန်၊ ရမယ့်အမှတ် စတာတွေကို တွေ့နိုင်တယ်။ ဥပမာဆိုပါတော့ကွာ... မင်းအနေနဲ့ Japanese Postwar Foreign Policy ဆိုတဲ့ ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုပါတော့။ အဲဒီဘာသာရပ်ကို သင်မယ့်ပါမောက္ခဟာ ကူမာဂအိ ဖြစ်တယ်၊ တက်ရောက်အောင်မြင်ရင် ရမယ့်အမှတ်က ၂ မှတ် ဖြစ်တယ်၊ စာသင်ချိန်က ဗုဒ္ဓဟူးနေ့ ဒုတိယအချိန်နဲ့ တတိယအချိန်ဖြစ်တယ်။ ဒီလောက်ဆိုရင် ငါပြောလိုရင်းကို မင်းသေချာ သဘောပေါက်ပြီလို့ ယုံကြည်တယ်။ ဒါပေမယ့် ထပ်ပြီးတော့ ထိုထက်ပိုပြီး ရှင်းလင်းစေချင်တဲ့အတွက် အပေါ်မှာ ငါရှင်းပြခဲ့တဲ့ အချိန်ဇယားပုံစံထဲမှာ မင်းရွေးချယ်မှတ်ပုံတင်ခဲ့တဲ့ ဘာသာရပ်အချို့ကို ထည့်သွင်းပြီး နမူနာပြချင်သေးတယ်။ မင်းကို ကလေးတစ်ယောက်လို အသေးစိတ်လိုက်ပြီး ဆရာလုပ်နေတဲ့စိတ် မဟုတ်ဘဲ ငါပြောချင်တာကို အရှင်းဆုံးဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပြောနေရေးနေခြင်း ဖြစ်တယ်ဆိုတာကို ငါ့လိပ်ပြာငါလုံတယ်။ ဥပမာပြရရင်... မင်းအနေနဲ့ သင်တန်းကာလအတွက် Contemporary Chinese Politics, Japanese Postwar Foreign Policy နဲ့ Contemporary Japanese Politics ဆိုတဲ့ ဘာသာရပ် ၃ ခုကို မှတ်ပုံတင်ခဲ့တယ် ဆိုပါစို့။ မင်းတက်ရမယ့် သင်တန်းအချိန်ဇယားက အောက်မှာတွဲပေးလိုက်တဲ့ ပုံစံအတိုင်း ဖြစ်သွားလိမ့်မယ်။
 ဒီအချိန်ဇယားအရဆိုရင် ရက်သတ္တပတ် တစ်ခုမှာ မင်းအတွက် စာသင်ခန်းထဲသွားပြီး သင်ယူလေ့လာ အတန်းတက်ရမယ့် အချိန်ပေါင်းက မိနစ် ၅၄၀ ဖြစ်ပြီး အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေကတော့ မင်းအနေနဲ့ စိတ်ကြိုက်စီမံခန့်ခွဲနိုင်တဲ့ ကိုယ်ပိုင်အချိန်တွေ ဖြစ်လာတာပေါ့ကွာ။ ဒီလောက်ဆိုရင် သင်တန်းချိန်တွေနဲ့ ပတ်သက်ပြီး မင်းအဖို့ သေသေချာချာ နားလည်သွားပြီလို့ ငါယုံကြည်ပါတယ်။ စာလည်းရှည်သွားပြီမို့ ဒီနေရာမှာ ရပ်ပါရစေဦး။ အရမ်းတက်ကြွနေတဲ့ ငါ့သူငယ်ချင်းအတွက် နောက်ထပ်စာတွေ ထပ်ရေးပါဦးမယ်။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၁)

သူငယ်ချင်း...၊
အရင်စာထဲမှာ စာသင်ချိန်တွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပြီးပြီ။ ဒီစာထဲမှာတော့ အခြားသော အချိန်သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မင်းကို ပြောပြချင်တယ်။ ပထမဆုံး ပြောချင်တာကတော့ ငါတို့ကျောင်းသားတွေ ဘယ်လိုမှ ကင်းလွတ်လို့ မဖြစ်နိုင်တဲ့ နေရာတစ်ခုနဲ့ သူ့ရဲ့ အချိန်သတ်မှတ်ချက်တွေအကြောင်း ပြောပြလိုတယ်။ အဲဒါကတော့ အခြားနေရာ မဟုတ်ဘူး။ စာကြည့်တိုက်ပဲ။ အခြားသော ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေရဲ့ စာကြည့်တိုက်တွေလို မခမ်းနား၊ မထည်ဝါ၊ မကြီးမားပေမယ့် ဒီတက္ကသိုလ်မှာ မဟာဘွဲ့ရဖို့အတွက် ၂ နှစ်တာ ပညာသင်ကြားစဉ် ကာလအတွင်း မင်းအတွက် လုံလုံလောက်လောက် အထောက်အကူပြုနိုင်မယ့် စာကြည့်တိုက်တစ်ခု ဆိုတာကတော့ အသေအချာပါပဲ။ နွေရာသီရက်ရှည် ကျောင်းပိတ်ရက်ကာလနဲ့ သင်တန်းကာလတစ်ခုစီအကြား အားလပ်ရက်ကာလတွေမှာ စာကြည့်တိုက်ကို အထူးအစီအစဉ်နဲ့ အချိန်သတ်မှတ်ပြီး ဖွင့်လှစ်တာကလွဲရင် ကျန်တဲ့ကျောင်းဖွင့်ရက် ကာလတွေမှာ ပုံမှန်အချိန်ဇယားနဲ့ ဖွင့်လှစ်တယ်။ အဲဒီလို ပုံမှန်အနေအထား ဆိုရာမှာ ၂ မျိုး ခွဲခြားနိုင်တယ်။ ပထမတစ်မျိုးဖြစ်တဲ့ တနင်္လာကနေ သောကြာနေ့အထိ ၅ ရက်မှာ စာကြည့်တိုက်ဖွင့်ချိန်ဟာ မနက် ၈ နာရီ ၃၀ မိနစ်ဖြစ်ပြီး၊ ဒုတိယတစ်မျိုးဖြစ်တဲ့ စနေ၊ တနင်္ဂနွေ ၂ ရက်မှာတော့ မွန်းတည့် ၁၂ နာရီကျမှ စတင်ဖွင့်လေ့ရှိတယ်။ စာကြည့်တိုက် ပိတ်ချိန်ကတော့ ည ၁၁ နာရီ ၄၅ မိနစ် ဖြစ်တယ်။ စာကြည့်တိုက် ဖွင့်/ပိတ် အချိန်ဇယားတွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်သလို ကျောင်းသားရေးရာဌာနရှေ့က ကြော်ငြာသင်ပုန်းနဲ့ စာကြည့်တိုက်ရှေ့ ကြော်ငြာသင်ပုန်းတွေမှာလည်း ကြေညာပေးထားတာကို ဖတ်ရှုနိုင်တယ်။ အချို့ကျောင်းသားတွေဆိုရင် မနက်စာကြည့်တိုက်ဖွင့်တဲ့ ၈ နာရီ ၃၀ မိနစ်ကတည်းက စာကြည့်တိုက်မှာ နေရာယူ၊ စာဖတ်၊ အတန်းတက်စရာရှိရင် သွားတက်၊ ပြီးရင်စာကြည့်တိုက်ပြန်လာ၊ စာဖတ်၊ ထမင်းစားချိန် သွားစား၊ ပြီးရင် စာကြည့်တိုက်ပြန်လာ စာဖတ်၊ ညစာကြည့်တိုက်ပိတ်ချိန်ကျမှ အခန်းကိုပြန်သွား စသဖြင့် စာကြည့်တိုက်မှာ အချိန်ပြည့်နီးပါး စာဖတ်နေသူတွေ ဖြစ်ကြတယ်။ အများအားဖြင့် အဲဒီလို ကျောင်းသားတွေဟာ အေးအေးဆေးဆေး စာဖတ်လို့ရမယ့် ချောင်ကျကျ နေရာတစ်ခုခုကို စိတ်ကြိုက်ရွေးချယ်ထားပြီး သူတို့ရဲ့ စာအုပ်စာတမ်းတွေ၊ ကွန်ပျူတာတွေ၊ ကော်ဖီဗူးတွေ၊ ရေဗူးတွေ စသဖြင့် ပစ္စည်းအစုံအလင်နဲ့ တစ်နေကုန်လာပြီး စာကြည့်တိုက် ထိုင်နေတတ်တာမို့ အဲဒီလို နေရာတွေကို မင်းရဖို့ဆိုရင် အတော်ကြီးကို ၀ီရိယပြိုင်နိုင်ဖို့ လိုအပ်တယ်။ ဒုတိယတစ်ခုအနေနဲ့ အားကစားခန်းမရဲ့ အချိန်သတ်မှတ်ချက်ကို ပြောပြချင်တယ်။ တစ်နေကုန် အားကစားနည်းအမျိုးမျိုးကို လေ့ကျင့်ကစားနေတတ်ကြတဲ့ ကျောင်းသားတွေနဲ့ လူပြတ်လေ့မရှိတဲ့ အားကစားခန်းမကို မင်းအသုံးပြုနိုင်တဲ့ အချိန်ကတော့ မနက် ၇ နာရီကနေ ည ၁၂ နာရီအထိ ဖြစ်တယ်။ အားကစားခန်းမက နှစ်ထပ်အဆောက်အဦ ဖြစ်တယ်။ ပထမထပ်မှာ ဘက်စုံသုံးနိုင်တဲ့ အားကစားခန်းမတစ်ခု၊ ၂၄ နာရီ သောက်သုံးနိုင်တဲ့ ရေသောက်ရန်နေရာတစ်ခု၊ အမျိုးသားသီးသန့် ရေချိုးခန်း၊ အိမ်သာ၊ အမျိုးသမီးသီးသန့် ရေချိုးခန်း၊ အိမ်သာတို့ ရှိကြတယ်။ ခန်းမထဲမှာ ဖူဆယ်ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်နဲ့ အခြားသော အခန်းတွင်းအားကစားနည်း မျိုးစုံကို လေ့ကျင့်ကစားနိုင်ကြတယ်။ ဒုတိယထပ်မှာတော့ အလေးမစက်တွေ၊ လမ်းလျှောက်/အပြေးစက်တွေ၊ လက်ဝှေ့ထိုးအိတ်၊ ဘယ်ရီစင် စတာတွေပါဝင်တဲ့ ခန်းမတစ်ခု၊ တူရိယာပစ္စည်းမျိုးစုံကို လေ့ကျင့်တီးခတ်နိုင်တဲ့ ဂီတအခန်းတစ်ခုနဲ့ စားပွဲတင်တင်းနစ်ခုံတစ်ခုတို့ ရှိကြတယ်။ ဒုတိယထပ်က အားကစားနည်းတွေကို မနက် ၇ နာရီကနေ ည ၁၂ နာရီအတွင်း မင်းကြိုက်တဲ့အချိန်မှာ လေ့ကျင့်ကစားနိုင်ပေမယ့်၊ ပထမထပ် ခန်းမကတော့ သီးသန့်အချိန်ဇယားတွေနဲ့သာ လေ့ကျင့်ကစားနိုင်ကြတယ်။ ရက်သတ္တပတ်တစ်ခုမှာ နေ့ရက်အလိုက် ဘယ်အားကစားနည်းတွေ ကစားလို့ရတယ်ဆိုတာကို သတ်မှတ်ထားပြီးဖြစ်တယ်။ ဥပမာအားဖြင့်... ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနင်္ဂနွေနေ့တွေဟာ ဘောလုံးကစားနိုင်တဲ့ ရက်တွေဖြစ်ကြတယ်။ အဲဒီလို ပြောတဲ့အတွက် အဲဒီရက်တွေမှာ တစ်နေကုန် ဘောလုံးကန်နေတာလို့ မမှတ်ယူစေချင်ဘူး။ သာမန်အားဖြင့် မနက်ပိုင်းနဲ့ နေ့လည်ပိုင်း အချိန်တွေဟာ ကျောင်းသားတွေ စာသင်ခန်းမှာ ရောက်နေကြတာမို့ အားကစားခန်းမမှာ လူမရှိသလောက် ဖြစ်နေတတ်တယ်။ ကျောင်းသားတွေ အချိန်အားရပြီး အားကစားခန်းမကို အများဆုံး လာတတ်ကြတဲ့ အချိန်က ညနေ ၆ နာရီနောက်ပိုင်း ဖြစ်လေ့ရှိတယ်။ အဲဒီတော့ စောစောက နေ့ရက်အလိုက် အားကစားနည်းတွေဟာ သတ်မှတ်တဲ့ နေ့ရက်တွေမှာ ညနေ ၆ နာရီကနေ အချိန်အတိုင်းအတာ တစ်ခုအထိ ဖြစ်တတ်ကြတယ်။ ဒီလောက်ဆိုရင် အားကစားခန်းမအကြောင်း မင်းအနေနဲ့ အကြမ်းဖျင်း သဘောပေါက်လိမ့်မယ် ထင်ပါရဲ့။ နောက်ထပ်တစ်ခု ပြောပြလိုတာ တစ်ခုကတော့ QUIET Policy ဆိုတာပါပဲ။ ရည်ရွယ်ချက် ကောင်းပေမယ့်လည်း ကျောင်းသားတွေအနေနဲ့ သိပ်ပြီးတော့ အလေးထားလှတာ မရှိတာကို မြင်ရတယ်။ ဘာပြဿ     နာမှ မဖြစ်သေးလို့လည်း အားလုံးက ပေါ့ပေါ့လျော့လျော့ ဖြစ်နေတာလည်း ဖြစ်မှာပါ။ ဘာပဲပြောပြော အဲဒီအကြောင်းက မင်းအနေနဲ့ မသိမဖြစ် သိဖို့လိုအပ်တာမို့ ပြောပြပါ့မယ်။ အဆောင်နေ ကျောင်းသားအားလုံးဟာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး စတဲ့ ၅ ရက်မှာ ည ၁၁ နာရီနောက်ပိုင်း ဆူဆူညံညံ မဖြစ်အောင် ထိန်းသိမ်းကြရပါတယ်။ ကိုယ့်အခန်းက စကားပြောသံကြောင့်၊ သီချင်းသံကြောင့်၊ အခြားကိစ္စရပ်တစ်ခုခုကြောင့် ဆူညံမှုဖြစ်ပြီး အခြားအခန်းဖော်တွေ အနှောင့်အယှက် မဖြစ်ရအောင် ထိန်းသိမ်းကြရတယ်ဆိုပါတော့။ သောကြာနဲ့ စနေညဆိုရင်တော့ ည ၁၂ နာရီ နောက်ပိုင်းကျမှ Quiet Policy စတင်ပါတယ်။ အချို့သော ကျောင်းသားတွေဟာ ည ၁၁ နာရီ ကျော်ပေမယ့်လည်း အလိုက်ကမ်းဆိုးမသိ သီချင်းအကျယ်ကြီး ဖွင့်နေတာမျိုး၊ လိုက်ဆိုနေတာမျိုး၊ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ဖုန်းအော်ပြောနေတာမျိုး၊ အခန်းထဲမှာ ဘာတွေထုရိုက်နေမှန်း မသိဘဲ တဒုန်းဒုန်း လုပ်နေတတ်တာမျိုးတွေ ရှိတတ်ကြတယ်။ အဲဒီအခါမျိုးမှာ မင်းအနေနဲ့ နားမခံသာတာ၊ ဒါမှမဟုတ် မင်းစာကြည့်နေတာကို အနှောင့်အယှက်ဖြစ်စေတာ၊ ဒါမှမဟုတ် မင်းအိပ်ပျော်ဖို့ အခက်အခဲ ဖြစ်စေတာ စသဖြင့် ဖြစ်ခဲ့မယ်ဆိုရင် အဲဒီအခန်းကိုသွား တံခါးခေါက်ပြီး "Quiet Policy ကို လိုက်နာပါ" လို့ ပြောနိုင်တယ်။ အဲဒီလို မပြောချင်ဘူးဆိုရင်တော့ လုံခြုံရေးကို ဖုန်းဆက်ပြီး အခန်းနံပါတ် ဘယ်လောက်ကတော့ ဆူညံနေပါတယ်လို့ ပြောလိုက်ပေတော့။ လုံခြုံရေးဝန်ထမ်းက အဲဒီအခန်းကို သူ့ဘာသာသူ သွားပြောပါလိမ့်မယ်။ ငါပြောတာတွေလည်း အတော်ရှည်သွားပြီမို့ စာကို ဒီနေရာမှာတင် ရပ်ကြရအောင်။ မင်းအနေနဲ့ အခုပြောခဲ့တဲ့ အချိန်သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ အနှစ်ချုပ်အနေနဲ့ အောက်မှာ ဖော်ပြပေးလိုက်တယ်။

စာကြည့်တိုက်
တနင်္လာ မှ သောကြာ - မနက် ၈း၃၀ မှ ည ၁၁း၄၅ ထိ
စနေ၊ တနင်္ဂနွေ  -  မွန်းတည့် ၁၂း၀၀ မှ ည ၁၁း၄၅ ထိ

အားကစားခန်းမ
မနက် ၇း၀၀ မှ ည ၁၂း၀၀ အထိ

အဆောင်နေသူများအတွက် QUIET Policy
တနင်္ဂနွေ မှ ကြာသပတေး - ည ၁၁း၀၀ နာရီနောက်ပိုင်း
သောကြာ၊ စနေ    -          ည ၁၂း၀၀ နာရီနောက်ပိုင်း

နောက်စာတွေကျမှ အခြားသော အချိန်သတ်မှတ်ချက်တွေအကြောင်း ဆက်ပြောကြသေးတာပေါ့။ ရွှင်လန်းချမ်းမြေ့ပါစေကွာ...။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၂)

သူငယ်ချင်း...၊
ပြီးခဲ့တဲ့ စာနှစ်စောင်မှာ အချိန်သတ်မှတ်ချက်တွေအကြောင်း ပြောခဲ့တာမို့ တစ်စပ်တစ်ဆက်တည်း ဖြစ်သွားရအောင် ဒီစာမှာလည်း အချိန်တွေအကြောင်း ထပ်ပြောပါရစေ။ စာကြည့်တိုက်ကို အချိန်သတ်မှတ်ချက်နဲ့ ဖွင့်တဲ့အကြောင်း အရင်စာထဲမှာ ပြောခဲ့ပြီးသားမို့ မင်းသိပြီးဖြစ်လိမ့်မယ်။ စာကြည့်တိုက်လိုပဲ ကျောင်းသားတွေ နောက်ထပ် အားကိုးအားထားပြုရတဲ့ နေရာလေးတွေ ရှိသေးတယ်။ အခြားမဟုတ်ဘူး "PC Rooms" လို့ ခေါ်ကြတဲ့ ကွန်ပျူတာခန်းတွေနဲ့ "Study Rooms" လို့ ခေါ်ကြတဲ့ စာကြည့်ခန်းတွေ ဖြစ်ကြတယ်။ အဲဒီနေရာတွေကို ဘယ်အချိန်တွေ သုံးလို့ရသလဲဆိုတာကို အရင်ဆုံး ပြောပါရစေ။ ၀မ်းမြောက်ဝမ်းသာ ပြောရမယ်ဆိုရင်တော့ အဲဒီနေရာ နှစ်ခုလုံးကို မင်းအနေနဲ့ ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ အသုံးပြုနိုင်တယ် ဆိုတာပါပဲ။ ကိုယ်ပိုင်ကွန်ပျူတာ မရှိသူတွေ၊ ဒါမှမဟုတ် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ခန်းစာတွေအတွက် သီးသန့်အသုံးပြုရတဲ့ ဆော့(ဖ)၀ဲတွေကို အသုံးပြုလိုသူတွေ၊ ဒါမှမဟုတ် အဲဒီကွန်ပျူတာခန်းထဲမှာကို စာကြည့်လိုသူတွေက PC Rooms တွေကို အသုံးပြု ကြတယ်။ တစ်ခု သတိပြုစရာက GSIM ဌာနရဲ့ အချို့သော ဘာသာရပ်တွေဟာ ကွန်ပျူတာခန်းတွေထဲမှာ သင်ကြားကြရတာတွေဖြစ်တယ်။ အဲဒီလို သင်ခန်းစာချိန်တွေမှာဆိုရင်တော့ မင်းအနေနဲ့ ကွန်ပျူတာခန်းကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ စာသင်ချိန်တွေကလွဲရင် ကျန်အချိန်တွေမှာတော့ မင်းအနေနဲ့ ကွန်ပျူတာခန်းထဲမှာ တစ်နေကုန်တစ်နေခန်း ထိုင်သုံးလို့ ရပါတယ်။ Study Room တွေကတော့ အမြဲတစေ စာကြည့်နေသူတွေ၊ စာရှင်းပြနေသူတွေ၊ စာဆွေးနွေးနေသူတွေ၊ ငြင်းခုန်နေသူတွေ၊ စာဖတ်နေသူတွေနဲ့ ပြည့်နှက်နေလေ့ရှိတယ်။ အစုအဖွဲ့လိုက် စာကြည့်တတ်တဲ့ ကျောင်းသားတွေအတွက် စာကြည့်ခန်းတွေဟာ လွတ်မြောက်ရာ နိဗ္ဗာန်တွေပါပဲ။ White Board တွေ အသုံးပြုပြီး တစ်ယောက်တစ်လှည့် စာရှင်းပြနိုင်သလို၊ တစ်ယောက်တစ်လှည့် စာဆွေးနွေးတာတွေ၊ စာငြင်းခုန်တာတွေ၊ အိမ်စာစုလုပ်တာတွေကို ပျော်ပျော်ပါးပါး လုပ်လို့ရတဲ့ နေရာတွေဖြစ်တယ်။ စာဖတ်နေချိန်မှာ အေးအေးဆေးဆေး ဆိတ်ဆိတ်ငြိမ်ငြိမ် နားအေးပါးအေးနဲ့ ဆူညံသံမရှိမှဆိုတဲ့ လူတွေအတွက်တော့ Study Room တွေဟာ ငရဲခန်းတွေ ဖြစ်လိမ့်မယ်။ အဲဒီလို စာကြည့်ချင်တဲ့ ကိုရေခဲတွေအတွက် အသင့်လျော်ဆုံးက စာကြည့်တိုက်နဲ့ ကိုယ့်အခန်းတွင်းကိုယ်ပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ နောက်တစ်ခု မင်းကို မိတ်ဆက်ပေးချင်တာ တစ်ခုကတော့ Cafeteria လို့ ခေါ်တဲ့ ကျောင်းစားသောက်ဆိုင် ပါပဲ။ ကိုယ့်ဘာသာကိုယ် ချက်မစားတဲ့ ကျောင်းသားတွေ၊ ပါမောက္ခတွေ၊ ၀န်ထမ်းတွေ၊ ဒါမှမဟုတ် တစ်ခါတလေ အခြေအနေတစ်ခုကြောင့် ချက်မစားဖြစ်တဲ့သူတွေ၊ ဒါမှမဟုတ် ထမင်းကို ကိုယ်တိုင်ချက်ပြီး ဟင်းဝယ်စားချင်တဲ့သူတွေ အားထားရတဲ့ နေရာတစ်ခုပေါ့ကွာ။ မနက် ၁၁ နာရီ ၃၀ မိနစ်ကနေ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အတွင်း နေ့လည်စာ မှာယူစားသုံးနိုင်ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ကနေ ည ၈ နာရီအတွင်း ညစာ ၀ယ်ယူသုံးဆောင်နိုင်ကြတယ်။ တနင်္လာကနေ သောကြာအထိ ကျောင်းဖွင့်ရက်နေ့တွေမှာတော့ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ကော်ဖီတို့၊ ရေခဲမုန့်တို့၊ အစာပြေမုန့်တို့ စားသောက်နိုင်အောင် ဖွင့်လှစ်ပေးတယ်။ နောက်ထပ်ပြောပြချင်တဲ့ နေရာတစ်ခုကတော့ ကျောင်းဈေးဆိုင် (School Shop) ဖြစ်တယ်။ တစ်ကိုယ်ရေ ပစ္စည်းအသုံးအဆောင်တွေ၊ စားသောက်ဖွယ်ရာ၊ အချိုရည်၊ IUJ အမှတ်တရပစ္စည်းတွေ ၀ယ်ယူနိုင်တဲ့နေရာတစ်ခု ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံအသီးသီးကို စာ၊ ပါဆယ် ပို့ဆောင်မှု၊ ဂျပန်နိုင်ငံတကာ လေဆိပ်အသီးသီးကို ၀န်စည်စလယ် ပို့ဆောင်မှုစတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကိုလည်း ကျောင်းဈေးဆိုင်မှာ ပြုလုပ်နိုင်တယ်။ မင်းရဲ့ အဖိုးတန်အ၀တ်အစားတွေ၊ ၀တ်စုံတွေကို အခြောက်လျှော်ချင်တယ် ဆိုရင်လည်း အဲဒီဈေးဆိုင်မှာ အပ်နှံဆောင်ရွက်နိုင်တယ်။ ကျောင်းဈေးဆိုင်ကို ဘယ်အချိန်တွေမှာ ဖွင့်လှစ်သလဲဆိုတော့ ကျောင်းဖွင့်ရက် (တနင်္လာမှသောကြာ) တွေမှာ မနက် ၈ နာရီကနေ ည ၇ နာရီအထိနဲ့ ကျောင်းပိတ်ရက် (စနေ၊ တနင်္ဂနွေ) တွေမှာတော့ မွန်းလွဲ ၁ နာရီကနေ ည ၇ နာရီအထိ ဖွင့်လှစ်တယ်။ ကဲ.. မင်းအနေနဲ့ ငါပြောခဲ့သမျှကို ပိုပြီးတော့ ရှင်းလင်းသွားအောင် အနှစ်ချုပ်အဖြစ် အောက်မှာရေးပြထားပါတယ်။ အခြားအလုပ်ကလေးတွေ ရှိသေးတဲ့အတွက် ငါ့စာကို ဒီနေရာမှာ ရပ်လိုက်ပါတယ် သူငယ်ချင်း။ ရွှင်လန်းချမ်းမြေ့ပါစေကွာ။

ကွန်ပျူတာခန်းမများနှင့် စာကြည့်ခန်းများ (PC Rooms & Study Rooms)
၂၄ နာရီ ပိတ်ရက်မရှိ

စားသောက်ဆိုင် (Cafeteria)
နေ့လည်စာ - နေ့လည် ၁၁း၃၀ မှ မွန်းလွဲ ၁း၃၀
ညစာ        -  ညနေ      ၅း၃၀ မှ ည      ၈း၀၀
ကော်ဖီချိန်  -  မွန်းလွဲ     ၂း၀၀ မှ ညနေ  ၄း၃၀

ကျောင်းဈေးဆိုင် (School Shop)
တနင်္လာ မှ သောကြာ - မနက်  ၈း၀၀ မှ ည ၇း၀၀
စနေ၊ တနင်္ဂနွေ         - မွန်းလွဲ ၁း၀၀ မှ ည ၇း၀၀
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၃)

သူငယ်ချင်း...၊
ငါရေးတဲ့စာတွေကို မင်းတစ်ယောက်တည်း ဖတ်ရတာ အားမရလို့ မင်းရဲ့လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေကိုပါ ပေးဖတ်လိုက်တယ်လို့ မင်းရေးတဲ့စာထဲမှာ ဖတ်ရတဲ့အတွက် ငါ့အနေနဲ့ ဘယ်လောက်တောင် ပျော်ရွှင်ကျေနပ်ရတယ်ဆိုတာ ဖော်ပြဖို့ စကားလုံးတောင် ရှာမရပါဘူးကွာ။ အထူးသဖြင့် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ငါ့စာတွေကိုဖတ်ပြီး အိုင်ယူဂျေမှာတောင် ကျောင်းသွားတက်ချင်လာပြီလို့ ပြောကြတယ်လို့ သိရတဲ့အတွက် ငါ့မှာလေ ၀မ်းသာရမယ့်အစား ငါရေးခဲ့တဲ့စာတွေဟာ ငါတက်နေတဲ့ ကျောင်းကို အတင်းအဓမ္မ အကောင်းပြောသလို ဖြစ်နေသလား၊ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်အောင် လုပ်ကြံပြီး ရေးနေမိခဲ့လေသလားလို့ ပြန်စိစစ်နေမိတယ်။ လောကဓမ္မတာ ထုံးစံအတိုင်း နေရာတိုင်းမှာ အကောင်းတွေရှိသလို အဆိုးတွေလည်း ရှိကြပါတယ်ကွာ။ ဒါပေမယ့် ဒီတက္ကသိုလ်မှာ ပညာသင်ရတဲ့ ၂ နှစ်တာ ကာလအတွင်းလေးမှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ၊ စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေဆိုတာဟာ ငါပြောပြခဲ့တဲ့ အမှတ်တရဖြစ်ဖွယ်၊ ကျေနပ်ကြည်နူးဖွယ် အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဘာမျှ ပြောပလောက်စရာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ အပြစ်ပြောတယ်ဆိုတာ ဘာခက်တာမှတ်လို့ကွာ...။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တဲ့ ကိစ္စတိုင်းကို မကောင်းဘူး၊ မဖြစ်သင့်ဘူး၊ လက်မခံနိုင်ဘူးဆိုတဲ့ စိတ်ထားနဲ့သာ နေထိုင်မယ်ဆိုရင် ငါတို့တက္ကသိုလ်မှ မဟုတ်ပါဘူးကွာ... ဒီလောကကြီးတစ်ခုလုံးဟာ နေစရာရှိမှာ မဟုတ်ပါဘူး။ အဲဒီတော့ အကောင်းမြင်စိတ်လေးနဲ့ပဲ ကြုံတွေ့လာသမျှ ဘ၀အခက်အခဲတွေကို ရင်ဆိုင်ခြင်းကသာလျှင် အဓိပ္ပါယ်ရှိတဲ့ လူ့ဘ၀လို့ ငါက ခံယူမိတယ်။ ငါရေးခဲ့တဲ့ စာတွေထဲမှာ ကြိုကြားကြိုကြား ဆိုသလိုပဲ အချို့သော အဆင်မပြေမှုလေးတွေ၊ သဘောမကျစရာလေးတွေကို ထည့်ရေးခဲ့တယ်လို့ ငါမှတ်မိနေတယ်။ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဓလေ့စရိုက်ပေါင်းစုံ၊ ဘာသာစကားပေါင်းဆုံ၊ ယုံကြည်မှုပေါင်းစုံ ဆုံတွေ့ကြတဲ့ ဒီလိုနေရာတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူကြတာတွေ၊ ပဋိပက္ခဖြစ်ကြတာတွေ၊ နှာခေါင်းရှုံ့ရတာတွေလည်း ရှိကြတာ အသေအချာပေါ့ကွာ။ ဒါပေမယ့် တစ်ဦးရဲ့ ဓလေ့စရိုက်ကို တစ်ဦးက နားလည်ပေးပြီး ကောင်းကွက်လေးတွေကို မြင်တတ်ကြည့်တတ်မယ်ဆိုရင် အင်မတန်မှ ပျော်စရာကောင်းတဲ့ နေရာကြီးပါကွာ။ ငါတို့အနေနဲ့ ကမ္ဘာတစ်ဝန်းကို ခရီးမသွား၊ လေယာဉ်မစီး၊ ရထားမစီး၊ ကားမစီး၊ သင်္ဘောမစီးဘဲ နိုင်ငံတကာက ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခင်မင် ရင်းနှီးကျွမ်းဝင်ခွင့်ရတာ ဘယ်လောက်ထူးတဲ့ ကုသိုလ်လဲကွာ။ တက္ကသိုလ်မှာ ၂ နှစ်တာကာလ ပညာသင်ပြီးလို့ ကိုယ့်မိခင်နိုင်ငံတွေကို ပြန်သွားကြတဲ့အခါ ဒီမှာဆုံခဲ့တဲ့ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ ဘယ်အချိန်မှ ပြန်ဆုံကြတော့မယ်ဆိုတာ မသိနိုင်ကြဘူးလေ။ နောက်ထပ်တစ်ခု ငါတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုကတော့ မင်းအနေနဲ့ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ဖြစ်စေ၊ အပျော်ခရီးဖြစ်စေ အခြားနိုင်ငံတွေကို ခရီးသွားရတဲ့အခါ IUJ မှာ ခင်မင်လာတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဆက်သွယ်ဆောင်ရွက်နိုင်တာပါပဲ။ ကံအကြောင်းမလှစွာဘဲ သူတို့ကိုယ်တိုင် လိုက်ပါပို့ဆောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိတောင်မှ အဲဒီနိုင်ငံတွေကို သွားဖို့အတွက် ဘာတွေလိုအပ်တယ်၊ ဘယ်နေရာတွေ သွားလည်သင့်တယ်၊ ဘယ်စားသောက်ဆိုင်ကို သွားစားကြည့်၊ ဘယ်သူ့ကို ဆက်သွယ်အကူအညီတောင်းပါ သူပြောထားပေးပါ့မယ်၊ စတဲ့ စတဲ့ အထောက်အပံ့တွေကို ရနိုင်တယ်ကွ။ ဒီလို အခွင့်အရေးဆိုတာ အိုင်ယူဂျေ တက္ကသိုလ်မှာ တက်ခဲ့လို့သာ ရနိုင်တာလို့ ငါက ရဲရဲဝံ့ဝံ့ ဆိုချင်တယ်။ ငါပြောဖို့ မေ့နေတာတစ်ခုက ဒီတက္ကသိုလ်မှာ လာတက်ကြတဲ့ ကျောင်းသားအများစုဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ၀န်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။ အချို့ကျောင်းသားတွေဆိုရင် သူတို့နိုင်ငံက ၀န်ကြီးဌာနတွေမှာ ညွှန်ကြားရေးမှူး အဆင့်တွေ ဖြစ်ကြတယ်။ အေးကွာ.. ငါကိုယ်တိုင်ကပဲ ဒီတက္ကသိုလ်အပေါ် ချစ်မြတ်နိုးစိတ်နဲ့ အကောင်းမြင်လွန်းနေသလား မသိပါဘူးကွာ။ ဆက်ပြောရင်လည်း ငါတက်နေတဲ့ တက္ကသိုလ်ကို ငါကပဲ ကြော်ငြာနေသလို ဖြစ်နေမှာမို့ မပြောတော့ပါဘူးကွာ။ မင်းလာတက်တဲ့အခါ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရတဲ့ အခါကျရင် ငါ့ကို သေချာပေါက် အပြစ်တင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငါရေးခဲ့သမျှ စာတွေဟာ ဒီတက္ကသိုလ်ကြီးရဲ့ ဂုဏ်အင်္ဂါတွေ၊ ကောင်းကွက်တွေ၊ ချစ်ခင်နှစ်သက်ဖွယ်ရာတွေကို မီဖို့နေနေသာသာ ခပ်ရေးရေး ပီပြင်အောင်တောင် မရေးနိုင်လို့ပေါ့။ ငါ့စာကို နိဂုံးချုပ်ရမယ်ဆိုရင် IUJ ဟာ ငါတို့အတွက် ပညာသင်ကြားရာ နေရာတစ်ခုသက်သက် မဟုတ်ဘဲ နိုင်ငံတကာက ညီအစ်ကိုမောင်နှမတွေ တွေ့ဆုံကြကာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့စရိုက်၊ ယုံကြည်မှု၊ ထုံးတမ်းစဉ်လာတွေ အပြန်အလှန် ဖလှယ်ကြပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုကို စုပေါင်းတည်ဆောက်ထားကြတဲ့ နေရာတစ်ခုလို့ ညွှန်းပါရစေ။ ငါ့စကားဟာ အရမ်းကို အတိသယ၀ုတ္တိ ဆန်သွားခဲ့ရင် ထုံးစံအတိုင်း ပြုံးပြုံးကြီးနဲ့ ငါ့စာကိုဖတ်ရင်း စိတ်ထဲကနေ "ဒီကောင်ကတော့ သိပ်ပြောတတ်တဲ့ကောင်ပဲ" လို့ ရေရွတ်ရင်း နားလည်ပေးပါဦးကွာ။ အစစအရာရာ အဆင်ပြေပါစေ။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၄)


သူငယ်ချင်း...၊
အစကတော့ ဒီစာထဲမှာ အခြားအကြောင်းအရာတွေကို ရေးဖို့အတွက် စိတ်ကူးထားတာပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်လုံး သူငယ်ချင်းဆီကို စာမရေးနိုင်ခဲ့တဲ့အတွက် ဘာတွေများ ဖြစ်နေလဲလို့ မေးထားတဲ့ မင်းရဲ့မေးခွန်းကို ဖြေဖို့အတွက် မူလရည်ရွယ်ထားတဲ့ အကြောင်းအရာတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ပြီး အဖြေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာအချို့ကို ပြောပြချင်တယ်။ ငါရှင်းပြတာတွေကို အရင်ဆုံး ဖတ်ပြီးမှသာလျှင် ငါဖြေတဲ့အဖြေကို မင်းနားလည်နိုင်လိမ့်မယ်။ အခြားအကြောင်းအရာတော့ မဟုတ်ပါဘူးကွာ။ ငါတို့တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားတွေ နေထိုင်တဲ့ အဆောင်တွေအကြောင်း ပြောပြချင်တာပါ။ အဆောင်တွေအကြောင်း မပြောပြခင် အခြားသိသင့်တာတွေနဲ့ အရင်ဆုံး နိဒါန်းပျိုးပါရစေ။ နေထိုင်မှုစနစ်နဲ့ ပတ်သက်ပြီး ခွဲခြားရမယ်ဆိုရင် ကျောင်းသား နှစ်မျိုးနှစ်စား ရှိကြတယ်။ တက္ကသိုလ်တွင်းနေ (on-campus) နဲ့ တက္ကသိုလ်ပြင်ပနေ (off-campus) တို့ ဖြစ်ကြတယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဘယ်တက္ကသိုလ်တွေပဲဖြစ်ဖြစ် ဒီစနစ်နှစ်မျိုး ရှိကြတာပါပဲ။ အဆောင်တွေအကြောင်း ဆက်ပြောရရင် ငါတို့ တက္ကသိုလ်ဝန်းအတွင်းမှာ ကျောင်းသားတွေ နေထိုင်နိုင်တဲ့ အဆောင် ၄ ခု ရှိတယ်ကွ။ အဆောင်-၁၊ အဆောင်-၂၊ အဆောင်-၃ နဲ့ အိမ်ထောင်သည်ဆောင် တို့ဖြစ်ကြတယ်။ ငါတို့ကျောင်းသားတွေကတော့ အတိုကောက်အနေနဲ့ SD-1, SD-2, SD-3, MSA လို့ ခေါ်ကြတယ်ကွ။ SD ဆိုတာက Student Dormitory ကို ရည်ညွှန်းတာဖြစ်ပြီး MSA ဆိုတာကတော့ Married Student Apartment ကို ပြောလိုခြင်းဖြစ်တယ်။ တက္ကသိုလ်ပြင်ပမှာတော့ အဆောင်တစ်ခုရှိပြီး ငါတို့က SD-4 လို့ ပြောဆိုရည်ညွှန်းကြတယ်။ အဲဒီအဆောင်ဟာ ငါတို့တက္ကသိုလ်ကနေ ပုံမှန်လမ်းလျှောက်သွားမယ်ဆိုရင် ၁၅ မိနစ်လောက်ပဲ ကြာမြင့်တဲ့ အကွာအဝေးမှာ တည်ရှိတယ်။ ကျောင်းသားဆောင်တွေမှာ ရှိကြတဲ့ အခန်းတွေအားလုံးဟာ တစ်ယောက်ခန်းတွေ ဖြစ်ကြတယ်။ ငါတို့တက္ကသိုလ်မှာ တစ်ယောက်ခန်းပေါင်း ၃၀၀ ကျော်ရှိတယ်။ MSA ဆောင်မှာတော့ နှစ်ယောက်ခန်း အခန်းပေါင်း ၁၈ ခန်း ရှိတယ်။ အဲဒီအခန်းတွေမှာ နေထိုင်လိုတဲ့ ကျောင်းသားတွေဟာ အမြဲတစေ ပြည့်နှက်နေလေ့ရှိတယ်။ စာသင်နှစ်တစ်နှစ်ပြီးလို့ ကျောင်းသားဟောင်းတွေ ထွက်သွားတဲ့အခါတိုင်း လွတ်သွားတဲ့ အခန်းနေရာတွေအတွက် စာရင်းပေးထားတဲ့ ကျောင်းသားအရေအတွက်ဟာ အခန်းအရေအတွက်ထက် အမြဲတစေ အဆမတန် များပြားနေလေ့ရှိတယ်။ အခန်းလိုချင်လို့ စာရင်းပေးသွင်းထားတဲ့ ကျောင်းသားတွေကို မဲဖောက်ပေးတဲ့ စနစ်နဲ့ နေရာချထားပေးလေ့ရှိတယ်။ ဟိုးအပေါ်မှာ ငါပြောခဲ့တဲ့စကားကို ပြန်ကောက်ရမယ်ဆိုရင် on-campus နဲ့ off-campus ကျောင်းသားဆိုပြီး နှစ်မျိုးနှစ်စား ရှိရာမှာ တက္ကသိုလ်ပြင်ပနေ ကျောင်းသားတွေကိုလည်း နှစ်မျိုးခွဲနိုင်တယ်ကွ။ အဆောင်-၄ (SD-4) ဟာ ငါတို့တက္ကသိုလ်ဝန်းရဲ့ ပြင်ပမှာ တည်ရှိတယ်ဆိုတာ ငါရှင်းပြခဲ့ပြီးပြီ။ အဲဒီတော့ အဲဒီအဆောင်မှာ နေကြသူတွေဟာ ပြင်ပနေကျောင်းသားတွေ ဖြစ်ကြတယ်ဆိုတာကို အထူးအထွေ ပြောပြနေစရာ လိုမယ်မထင်ဘူး။ နောက်ထပ် ပြင်ပနေ ကျောင်းသားတစ်မျိုးကတော့ မိမိအစီအစဉ်နဲ့မိမိ တက္ကသိုလ်ဝန်းပြင်ပမှာ အခန်းငှားပြီး နေထိုင်ကြသူတွေ ဖြစ်ကြတယ်။ MSA ဆောင်မှာ နေခွင့်မရတဲ့ ကျောင်းသားတွေဟာ မိသားစုနဲ့အတူ တက္ကသိုလ်ဝန်းပြင်ပမှာ အခန်းငှားရမ်း နေထိုင်ကြလေ့ရှိတယ်။ ဒါဆိုရင် ပြင်ပနေ ကျောင်းသားတွေနဲ့ ပတ်သက်လို့ မင်းနားလည်လောက်ပြီလို့ ငါထင်တယ်။ အခု ငါဆက်ပြောချင်တာက တက္ကသိုလ်ဝန်းအတွင်းနေ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာပဲကွ။ MSA အကြောင်းကိုလည်း အပေါ်မှာ ရှင်းပြခဲ့ပြီဆိုတော့ ထပ်ရှင်းဖို့ မလိုတော့ဘူး။ အဲဒီတော့ ကျန်တဲ့ အဆောင် ၃ ဆောင်နဲ့ ပတ်သက်လို့ပဲ ရှင်းပြရတော့မယ်။ အဆောင်-၁ ဟာ ဒီတက္ကသိုလ် စတင်တည်ထောင်စဉ်ကတည်းက တည်ရှိခဲ့တဲ့ မူလကျောင်းသားအဆောင်ဖြစ်တယ်။ အဲဒီတော့ ရှေးဆန်တယ်၊ ပုံတုန်းတယ်ပေါ့ကွာ။ အဝေးကလှမ်းကြည့်ရင် ရဲတိုက်အို ရဲတိုက်ဟောင်းကြီးနဲ့ ထင်ယောင်မှားနိုင်တဲ့ ၃ ထပ်ဆောင်ဖြစ်ပြီး စတုရန်းပုံ ဖွဲ့စည်းတည်ဆောက်ထားတယ်။ အဆောင်-၂ နဲ့ အဆောင်-၃ ကတော့ နောက်မှဆောက်တဲ့ အဆောက်အဦတွေဖြစ်တော့ နုပျိုသစ်လွင်ကြတာပေါ့ကွာ။ အဲဒီအဆောင် နှစ်ခုလုံးက ၆ ထပ်ဆောင်တွေ ဖြစ်ကြတယ်။ ငါတို့တက္ကသိုလ်မှာတော့ အမြင့်ဆုံး အဆောက်အဦတွေဖြစ်ကြပြီး အဝေးကလှမ်းကြည့်ရင် ဖြူဖြူဖွေးဖွေး ငွားငွားစွင့်စွင့်နဲ့ပေါ့ကွာ။ အခန်းတွေအားလုံးမှာ သီးသန်ရေချိုးခန်းနဲ့အိမ်သာတွဲလျက်ပါတယ်။ စားပွဲခုံတစ်လုံး၊ ဆုံလည်ကုလားထိုင်တစ်လုံး၊ တယ်လီဖုန်းတစ်လုံး၊ ကုတင်တစ်လုံး၊ မွေ့ယာတစ်ခု၊ ခေါင်းအုံးတစ်လုံး၊ အိပ်ရာပစ္စည်းတစ်စုံ (ခေါင်းအုံးစွပ်၊ စောင်စွပ်၊ အိပ်ရာခင်း)၊ ဘေးကင်းလုံခြုံရေး အရေးပေါ် ပစ္စည်းအိတ်တစ်အိတ် (အဖြူရောင် လုံခြုံရေးခေါင်းဆောင်းဦးထုပ်၊ ဓာတ်မီး၊ လက်အိတ်)၊ အမှိုက်ပုံးသေး ၂ ခု (လောင်ကျွမ်းနိုင်တဲ့ အမှိုက်တွေ စွန့်ပစ်ဖို့တစ်ခုနဲ့ ဖန်ပုလင်း၊ သံဗူးလို မလောင်ကျွမ်းနိုင်တဲ့ အမှိုက်တွေ စွန့်ပစ်ဖို့တစ်ခု) ထည့်ပေးထားတယ်။ အဆောင်-၁ က အခန်းတွေမှာဆိုရင်တော့ စားပွဲတင်မီးအိမ်တစ်ခုစီပါ ထည့်ပေးထားတယ်။ MSA ဆောင်က အခန်းတွေမှာတော့ သီးသန့်မီးဖိုချောင်ပါ ပါရှိကြတယ်။ အဆောင်-၁ က အခန်းတွေဟာ အဆောင်-၂ နဲ့ အဆောင်-၃ က အခန်းတွေထက် သိသိသာသာ ကျဉ်းမြောင်းကြတယ်။ ပစ္စည်းပစ္စယ အများကြီးရှိတဲ့ ကျောင်းသားတစ်ယောက်အတွက်တော့ တကယ့်ကို ကျဉ်းထဲကျပ်ထဲမှာ နေရမယ့်အခန်းတွေပါပဲ။ ငါ့အနေနဲ့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ရောက်လာတဲ့ ပထမနှစ် ကျောင်းသားသစ်တွေကို အဆောင် ၃ ခုမှာ နေရာချထားတာကို ဘယ်လိုစနစ်နဲ့ စီစဉ်ကြတယ်ဆိုတာ လုံးဝမသိပါဘူး။ ကျောင်းသားအဆောင်တွေ အားလုံးဟာ တက္ကသိုလ်ဝန်းထဲမှာ ရှိကြတာပဲ၊ ဘယ်အဆောင်မှာပဲနေနေ အတူတူပဲပေါ့လို့ ပုံမှန်အားဖြင့် ထင်ချင်စရာပါပဲ။ တကယ်တော့ အဲလိုမဟုတ်ဘူးကွ။ ခြွင်းချက်လေးတွေ ရှိနေတဲ့အတွက် မင်းကို ဒီလောက်အထိ ရှင်းပြနေရတာဖြစ်တယ်။ ပထမနှစ်ကျောင်းသားအဖြစ် စရောက်ကတည်းက အဆောင်-၂ သို့မဟုတ် အဆောင်-၃ မှာ နေရာချထားပေးခြင်းခံရတဲ့ ကျောင်းသားတွေဟာ ပညာသင်ကြားမယ့် ၂ နှစ်တာလကာလလုံး အဲဒီအဆောင်တွေမှာပဲ နေခွင့်ရကြတယ်။ သူတို့အနေနဲ့ တက္ကသိုလ်ပြင်ပနေ ကျောင်းသားတွေအဖြစ် ပြောင်းလိုတဲ့ဆန္ဒရှိရင် ပြောင်းနိုင်ကြသလို ပထမနှစ်ပြီးဆုံးချိန်မှာ အဆောင်-၄ ကို ရွှေ့ချင်တယ်ဆိုရင်လည်း ရွှေ့ခွင့်ရနိုင်ကြတယ်။ တကယ်လို့သာ အိမ်ထောင်သည်ဖြစ်လို့ မိသားစုလည်းလိုက်နေမယ်၊ မဲလည်းပေါက်မယ်ဆိုရင်တော့ MSA ဆောင်ကို ပြောင်းရွှေ့နေထိုင်ခွင့် ရကြမှာဖြစ်တယ်။ ဒါပေမယ့် တက္ကသိုလ်ဝန်းအတွင်းက အခြားအဆောင် တစ်ခုခုကိုတော့ ပြောင်းရွှေ့ခွင့် မရှိကြဘူး။ ပထမနှစ်ကျောင်းသားအဖြစ် ရောက်လာတဲ့အချိန်မှာ အဆောင်-၁ မှာနေဖို့အတွက် နေရာချထားပေးခံရတဲ့ ကျောင်းသားတွေကတော့ ခြွင်းချက်အများဆုံး ကျောင်းသားတွေပါပဲ။ သူတို့အနေနဲ့ ပထမနှစ်ပြီးဆုံးချိန် နွေရာသီကာလမှာ အဆောင်-၁ ကနေ အခြားအဆောင် တစ်ခုခုကို ပြောင်းရွှေ့ဖို့အတွက် မဖြစ်မနေ စဉ်းစားကြရတယ်။ ဘာကြောင့်လဲဆိုတော့ နွေရာသီ ၃ လတာ ကာလဆိုရင် ငါတို့တက္ကသိုလ်မှာ အင်္ဂလိပ်စာအထူးသင်တန်း ဖွင့်လှစ်သင်ကြားလေ့ရှိပြီး အဲဒီသင်တန်းကို လာတက်ကြတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေကို အဆောင်-၁ မှာ တစ်စုတစ်စည်းတည်း နေရာချထားပေးလို့ ဖြစ်တယ်။ အဲဒီတော့ နွေရာသီကျောင်းပိတ်ရက် စပြီဆိုတာနဲ့ အဆောင်-၁ ကျောင်းသားတွေအနေနဲ့ အခြားအဆောင် တစ်ခုခုကို ပြောင်းရွှေ့ဖို့အတွက် မဖြစ်မနေ ဆုံးဖြတ်ကြရတယ်။ ဒီနေရာမှာလည်း ခြွင်းချက်ရှိတယ်။ တကယ်လို့ သူတို့ဟာ နွေရာသီ ၃ လ ပြီးဆုံးချိန်မှာ အဆောင်-၁ မှာပဲ ပြန်နေချင်ကြတယ်ဆိုရင် နေခွင့်ရှိကြတယ်။ ဒါပေမယ့် နွေရာသီ ၃ လ ကာလအတွင်းမှာတော့ အခြားအဆောင် တစ်ခုခုကို မဖြစ်မနေ ပြောင်းရွှေ့ပေးကြရမယ်။ နွေရာသီ ၃ လ ကုန်ဆုံးချိန်ကျမှ အဆောင်-၁ က မိမိအခန်းမှာ ပြန်နေကြပေါ့။ အခြားအဆောင်က ကျောင်းသားတွေကတော့ အဆောင်-၁ ကို ပြောင်းရွှေ့ခွင့် လုံးဝမရှိကြဘူး။ ကဲ... ဒီလောက်ဆိုရင် ငါပြောချင်တာကိုလည်း မင်းခန့်မှန်းမိနေလောက်ပါပြီ။ ဟုတ်ပါတယ်.. မင်းခန့်မှန်းသလိုပါပဲ။ ငါပထမနှစ်ကျောင်းသားအဖြစ် ရောက်လာချိန်မှာ အဆောင်-၁ မှာနေရာချထားပေးခြင်း ခံခဲ့ရတယ်။ အဲဒီတော့ အခုလို နွေရာသီကျောင်းပိတ်ရက် ရောက်ပြီဆိုတော့ ငါ့အနေနဲ့ အဆောင်ပြောင်းရွှေ့ဖို့ ပြင်ဆင်ရတော့တာပေါ့ကွာ။ ပစ္စည်းတွေသိမ်း၊ မလိုတာတွေ စွန့်ပစ်၊ ပြောင်းရွှေ့မယ့်အခန်းကို ပစ္စည်းတွေရွှေ့၊ အခန်းကို ငါစရောက်ကာစ မူလအခြေအနေတိုင်း သန့်ရှင်းရေးပြန်လုပ်ပေး၊ အခန်းအပ်နှံပုံစံဖြည့်စွက်၊ သော့ပြန်အပ် စတဲ့လုပ်ငန်းစဉ်တွေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်လုံး ငါအလုပ်ရှုပ်နေခဲ့တယ်ကွ။ အဲဒါကြောင့် မင်းဆီကို စာမရေးဖြစ်ခဲ့တာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည် ငါ့ရဲ့ အကောင်းစား သူငယ်ချင်းကြီးခင်ဗျား...။ ပြီးခဲ့တဲ့ စာသင်နှစ်တစ်ခုလုံး ၉ လတာ နေထိုင်ခဲ့ရတဲ့ အဆောင်-၁ ကို လွမ်းမိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခု ငါပြောင်းလာတဲ့ အခန်းသစ်က အရင်အခန်းထက် အများကြီးပိုကျယ်တာ၊ ရှုခင်းပိုကောင်းတာတွေကြောင့် ငါ့အနေနဲ့ မကြာခင်မှာပဲ နေသားတကျဖြစ်သွားပြီး ပျော်ရွှင်လာလိမ့်မယ်လို့ ခံစားမိပါတယ်။ အဆောင်သစ်၊ အခန်းသစ်မှာ စိတ်ကူးသစ်တွေနဲ့ မင်းဆီကို စာတွေဆက်ရေးပါဦးမယ်ကွာ။ အခုတော့ နားကြဦးစို့။
( Ichiro Nyanmyokyaw @ IUJ )