Saturday 5 July 2014

လူ့အခွင့်အရေး နှင့် စစ်သား


    ခုတစ်လော အခြေခံဥပဒေ ပြင်ဆင်ရေး လှုံ့ဆော်ပွဲတွေမှာ တပ်မတော်သားတစ်ဦးစ နှစ်ဦးစ ဆိုသလို ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အကြောင်း သတင်းတစ်ချို့ ကြားသိရပါတယ်။ တပ်မတော်သားဆိုတာ ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် သူတို့မှာလည်း ပါဝင်ပတ်သက်ခွင့်ရှိတဲ့အကြောင်း ပြောကြဆိုကြတာလည်း မြင်ရကြားရပါတယ်။ ဒါကြောင့်မို့လို့ မသိသေးသူတွေလည်း သိရှိနိုင်အောင် သိရှိပြီးသားသူတွေလည်း ပိုမို မှတ်သားနိုင်စေဖို့ ဒီစာစုကို ပြုစုရေးသားလိုက်ပါတယ်။
    တပ်မတော်သားဆိုတာ ပြည်သူထဲက ပြည်သူဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါဆိုရင် အခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားတစ်ဦးရဲ့ မူလအခွင့်အရေးတွေကို ခံစားခွင့် ရှိရမှာပေါ့ ဆိုရင်တော့ မှန်တယ်လို့ ပြောလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက်ကိုင် တပ်ဖွဲ့ဝင်ဖြစ်တဲ့ တပ်မတော်သားတွေရဲ့ နိုင်ငံသား မူလအခွင့်အရေး တစ်ချို့ကို လိုအပ်သလို ကန့်သတ်နိုင်အောင် အခြေခံဥပဒေက ခွင့်ပြုပေးထားလို့ပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ အခွင့်အရေးကို  တပ်မတော်သားတွေ ခံစားလို့ မရအောင် အခြေခံဥပဒေက ကန့်သတ်ထားလို့ပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း ပုဒ်မ ၃၈၂ မှာ အခုလို ပြဌာန်းထားတာကို လေ့လာကြည့်စေချင်ပါတယ်-

၃၈၂။    ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေ၀ပ်မှုများ ရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုရမည်။

    ဒါ့အပြင် ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင် လက်မှတ်ရေးထိုး ပြဌာန်းခဲ့တဲ့ ယခုလက်ရှိ ကျင့်သုံးနေဆဲ တပ်မတော်အက်ဥပဒေ ပုဒ်မနှစ်ခုကိုလည်း တင်ပြလိုပါတယ်။ ပထမတစ်ခုက တပ်မတော်သားတွေရဲ့ မူလအခွင့်အရေး အချို့ကို တပ်မတော်အက်ဥပဒေ လိုက်နာရသူများနှင့် သက်ဆိုင်စေရာမှာ ပြောင်းလဲပိုင်ခွင့်အာဏာဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ အခွင့်အရေးကို ပြောင်းလဲပိုင်ခွင့်အာဏာဆိုတာ အခွင့်အရေး တိုးပေးဖို့ မဟုတ်ဘဲ အခွင့်အရေး လျှော့ချကန့်သတ်ဖို့ ဖြစ်ပါတယ်။ ၁၉၅၉ တပ်မတော်အက်ဥပဒေ ပုဒ်မ ၁၉ မှာ အခုလို ပြဌာန်းထားပါတယ်-
   
    ၁၉။တပ်မတော် သို့တည်းမဟုတ် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုခုနှင့် စပ်လျဉ်း၍ တည်ဆဲ တရားဥပဒေ တစ်ရပ်ရပ်၏ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမိန့်ကြော်ငြာစာဖြင့် ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦး၏-
    (က) မည်သည့်ဝါဏိဇ္ဖသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ၀ါဏိဇ္ဖသမဂ္ဂအမျိုးအစား၊ အလုပ်သမားသမဂ္ဂအမျိုးအစား၊ အဖွဲ့၊ အဖွဲ့အစည်း၊ အသင်း၊ အဖွဲ့အမျိုးအစား၊ အဖွဲ့အစည်းအမျိုးအစား၊ သို့တည်းမဟုတ် အသင်းအမျိုးအစား တစ်ခုခုတွင်မဆို၊ အသင်းဝင်ဖြစ်ရန် အခွင့်အရေး၊ သို့တည်းမဟုတ် အဆိုပါ သမဂ္ဂ၊ သို့တည်းမဟုတ် အသင်းအဖွဲ့တစ်ခုခုနှင့် တစ်နည်းနည်း ဆက်သွယ်ရန် အခွင့်အရေး၊
    (ခ) နိုင်ငံရေး သို့တည်းမဟုတ် အခြားအရေးကိစ္စများအတွက် လူတစ်စုက ကမကထ ပြုလုပ်သည့် လူထုဆန္ဒပြပွဲ သို့တည်းမဟုတ် အစည်းအဝေးသို့ တက်ရောက်ရန် အခွင့်အရေး သို့တည်းမဟုတ် ထိုဆန္ဒပြပွဲတွင် သော်လည်းကောင်း၊ ထိုအစည်းအဝေးတွင် သော်လည်းကောင်း ဟောပြောရန် အခွင့်အရေး၊
    (ဂ) စာပုံနှိပ်တိုက်နှင့် ဆက်သွယ်ရန်၊ သို့တည်းမဟုတ် စာအုပ်၊ စာ၊ သို့တည်းမဟုတ် အခြား စာတမ်းအမှတ်အသား တစ်ခုခုကို ပုံနှိပ်ထုတ်ဝေရန်အခွင့်အရေး၊ သို့တည်းမဟုတ် ပုံနှိပ်ထုတ်ဝေစေရန် အခွင့်အရေး၊
ကို ကန့်သတ်လိုသည့် နည်းဖြင့် ကန့်သတ်လိုသမျှကန့်သတ်ရန် နည်းဥပဒေများ ပြုနိုင်သည်။


တပ်မတော် အက်ဥပဒေ ပုဒ်မ ၆၅ မှာလည်း အခုလို ပြဌာန်းထားပြန်ပါသေးတယ်

ပုဒ်မ (၆၅)
    ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးသည်၊ ဤအက်ဥပဒေတွင် သီးခြား ဖော်ပြမထားသော်လည်း စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကို ထိခိုက်သော ပြုလုပ်မှုကို ပြုလျှင်၊ သို့တည်းမဟုတ် စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်း ထိခိုက်အောင် ပျက်ကွက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖော်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။
   

          ဒါတွေကို လေ့လာကြည့်ရင် တပ်မတော်သားတွေဟာ တပ်မတော်သားမဟုတ်တဲ့ ပြည်သူတွေ ရရှိခံစားနေရတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ခံစားလို့ မရကြောင်း၊ တစ်နည်းပြောရရင် စစ်သားဆိုတာ အရပ်သား မဟုတ်ကြောင်း ၊ နောက်တစ်နည်း ထပ်ပြောရရင် ကမ္ဘာပေါ်မှာ သိပ်ပြီး ခေတ်စားနေတဲ့ လူ့အခွင့်အရေးဆိုတာ စစ်သားတွေအတွက်တော့ အကန့်အသတ်ရှိကြောင်း၊  စစ်သားဆိုတာ အထူး အခွင့်အရေးကန့်သတ်ထားရတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း လက်လှမ်းမီသမျှ ပြုစုတင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလို ကန့်သတ်ထားတာတွေကလည်း မြန်မာပြည်မှာတင်မဟုတ်ပါဘူး။ ဘယ် ဒီမိုကရေစီ နိုင်ငံပဲ ဖြစ်ဖြစ် အာဏာရှင်နိုင်ငံပဲ ဖြစ်ဖြစ် ကွန်မြူနစ်နိုင်ငံပဲ ဖြစ်ဖြစ် ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံပဲဖြစ်ဖြစ် ဒီလိုပဲ စစ်သားတွေကို အခွင့်အရေး ကန့်သတ်ထားရကြောင်း နောင်အလျဉ်းသင့်တဲ့အခါ တင်ပြပေးပါ့မယ်။

1 comment:

  1. ပုဒ်မ ၁၉ ကိုပယ်ဖျက်လိုက်ပါပြီ

    ReplyDelete