သူငယ်ချင်း...၊
အရင်စာထဲမှာ "နိုင်ငံခြားရေးမူဝါဒ စိတ်ဖြာလေ့လာချက်" ဘာသာရပ်နဲ့ ပတ်သက်ပြီး ငါရေးလိုက်တာတွေကို ဖတ်ပြီးတဲ့အချိန်မှာ မင်းအနေနဲ့ မျက်စိထဲမှာ မြင်ယောင်လာမိပြီး ရယ်မိပြုံးမိတယ်ဆိုလို့ ငါဖြင့် ဘာပြောရမှန်းတောင် မသိတော့ဘူး။ ငါ့အဖြစ်ကလည်း အကြည်တော်ရဲ့ အကျော်ကြားဆုံးလက်ရာ တစ်ခုဖြစ်တဲ့ ဘီလူး ၀တ္ထုထဲကဇာတ်ကောင် လူတွေရှိန်အောင် ဘီလူးရုပ် တက်တူးထိုးသလို ဖြစ်နေပြီလားလို့လည်း တွေးမိတယ်။ သင်ကြားတဲ့ဘာသာရပ်အကြောင်း ပြောပြတဲ့စာက ဖတ်ရတဲ့မင်းအတွက် ဟာသအတွေ့အကြုံ ဇာတ်လမ်းလို ဖြစ်နေသလားလို့ သံသယ၀င်မိတယ်ကွ။ မင်းလိုမျိုး သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား စာမဖွဲ့တတ်တဲ့လူဆိုတော့ ငါရေးတတ်သလို ရေးပြရတာမို့ နားလည်ပေးပါကွာ။ ဒါပေမယ့် တစ်ခုတော့လည်း ကောင်းပါတယ်လေ။ အခု ငါပြောပြနေတဲ့ ဘာသာရပ်တွေနဲ့ မင်းရင်ဆိုင်ရတဲ့အခါ မင်းအနေနဲ့ ဘယ်လောက်ပဲ စိတ်ဝင်စားသည် ဆိုစေဦးတော့ ဖိအားတွေနဲ့ ဖတ်မှတ်လေ့လာရတာ၊ ကိုယ်လုပ်ချင်တာတွေနဲ့ ရတဲ့အချိန် မလောက်မငတွေဖြစ်ပြီး ဟိုဟာမပြီး ဒီဟာမပြီး ဖြစ်ရတာ၊ စတဲ့ စတဲ့ နေ့စဉ်တိုက်ပွဲတွေနဲ့ အနည်းဆုံးတော့ စိတ်ညစ်ရတာမျိုး ကြုံတွေ့ရမှာမို့ အခုအချိန်မှာ အဲဒီဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ကြိုတင်ရယ်မောထားတာ ပိုကောင်းပါတယ်ကွာ။ ငါ့အနေနဲ့ ဘာသာရပ်တွေအကြောင်း ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ပြောရမယ်ဆိုရင်လည်း သူငယ်ချင်းဆီကို စာရေးတာနဲ့ မတူတော့ဘဲ အဝေးသင်ကျောင်းသားကို လက်ချာပို့ချသလို ဖြစ်သွားလိမ့်မယ်ကွ။ အဲဒီတော့ ဘာသာရပ်တွေအကြောင်းနည်းနည်းနဲ့ အတွေ့အကြုံနည်းနည်းကို ရောသမမွှေလုပ်ပြီး ပေါ့ပေါ့ပါးပါး ပြောပြတာပဲ ပိုကောင်းမယ်လို့ ငါထင်မိတယ်။ မင်းကို တစ်ခါတလေ ငါပြောပြတတ်တဲ့ ပုံပြင်ထဲက မုဆိုးကြီးလို တစ်ခါတလေလည်း လေးကြိုးကို လျှော့ပြီးတော့ တိုင်မှာချိတ်ထားလိုက်ပါဦးကွာ။ တောကောင်ပစ်ဖို့ တောထဲဝင်တဲ့ အချိန်ကျမှ လိုအပ်သလို တပ်ပြီးတော့ အသုံးပြုတာပေါ့။ မင်းရင်ဆိုင်ချင်သည်ဖြစ်စေ၊ ရင်မဆိုင်ချင်သည်ဖြစ်စေ လာမယ့် ၂ နှစ်တာကာလမှာ မင်းအနေနဲ့ ဒီဘာသာရပ်တွေကို မဖြစ်မနေ သင်ယူရမှာ၊ လေ့လာရမှာမို့ အခုတော့ ပေါ့ပေါ့ပါးပါးပဲ ရယ်မောလိုက်ပါဦးကွာ။
ဒီစာမှာတော့ နောက်ထပ် ဘာသာရပ်တစ်ခုအကြောင်း ငါဆက်ပြောချင်တယ်။ ပါမောက္ခ ကူမာဂအိ (Prof. Kumagai) သင်တဲ့ "နိုင်ငံတကာနိုင်ငံရေး" (International Politics) ဘာသာရပ်ပေါ့။ ဘာသာရပ်အကြောင်း မပြောခင် သင်ကြားပေးမယ့် ပါမောက္ခအကြောင်းကို အရင်ဆုံး ပြောပါရစေ။ ငါတို့တွေကတော့ ဆရာမ ကူမာဂိုင်း လို့ပဲ ခေါ်ကြတယ်ကွ။ ဒါပေမယ့် ကူမာဂိုင်း မဟုတ်ဘူး၊ ကူမာဂအိလို့ ခေါ်မှမှန်တယ်လို့ အမြဲတမ်း လိုက်ပြင်ပေးတတ်တဲ့ ဆရာတစ်ဦးကြောင့် အခုရေးတဲ့အချိန်မှာ ကူမာဂအိလို့ ရေးလိုက်ပါတယ်။ ငါတို့ ဆရာမကတော့ သူ့ကို ကူမာဂိုင်းပဲခေါ်ခေါ်၊ ကူမာဂအိပဲခေါ်ခေါ် ဘာမျှ မပြောပါဘူးကွာ။ ဂျပန်ပါမောက္ခဖြစ်တဲ့ ဆရာမ ကူမာဂအိဟာ ငါတို့ဌာနမှာတော့ ရှားရှားပါးပါး တစ်ဦးတည်းသော အမျိုးသမီးပါမောက္ခပေါ့ကွာ။ ငါ့မှာလည်း စကားစပ်မိတော့ ကြားဖြတ်ပြောချင်တာ ရှိလာပြန်တယ်ကွ။ မိချောင်းသား... အရမ်းလျှာရှည်တယ်လို့တော့ မအောက်မေ့နဲ့ကွာ။ ငါတို့ မြန်မာပြည်မှာ အမျိုးသားကျောင်းဆရာ ရှားပါးပြီး ဘယ်နေရာကြည့်ကြည့် အမျိုးသမီး ကျောင်းဆရာတွေချည်းပဲ ဖြစ်နေတာကို မင်းသိပြီးသားပါ။ ဒီမှာတော့ အမျိုးသမီး ပါမောက္ခဆိုတာ တကယ့်ကို ရှားမှရှားတဲ့ အရာပဲဟေ့။ အဲဒီလို ရှာမှရှားထဲမှာမှ ထပ်ပြီးတော့ ထူးခြားတာကတော့ ငါတို့ဆရာမဟာ ပါမောက္ခ အပျိုကြီး ဖြစ်နေတာပါပဲ။ ဆရာမကပဲ အမူလွန်၊ အရွေးလွန်နေတာလား၊ ငါတို့ဆီက ပါမောက္ခ လူပျိုကြီးတွေကပဲ မစွမ်းတာလားတော့ ငါဖြင့် ဉာဏ်မမီတဲ့အတွက် သေသေချာချာ မပြောနိုင်ပါဘူးကွာ။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ငါ့အနေနဲ့ "တစ်ခါတုန်းက အိုင်ယူဂျေ" ဒါမှမဟုတ် "အိုင်ယူဂျေမှာ သာတဲ့လ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ရေးဖို့အတွက် ကုန်ကြမ်းတွေရထားတာ ရှိတယ်။ ငါ့စကားကို ဆက်ရရင်တော့ ကူမာဂအိဟာ ငါတို့ဌာနက ပါမောက္ခတွေထဲမှာ မြန်မာကျောင်းသားတွေနဲ့ လက်ပွန်းတတီးအရှိဆုံး ဆရာတစ်ဦး ဖြစ်တယ်ကွ။ မြန်မာကျောင်းသားတွေရဲ့ အခမ်းအနားတိုင်းနီးပါးကို မပျက်မကွက် တက်လေ့ရှိတယ်။ အခမ်းအနား တစ်ခုခုလုပ်ပြီဆိုရင် ငါတို့အနေနဲ့ ဌာနက ပါမောက္ခတွေ အားလုံးကို ဖိတ်ကြားတာပါပဲ။ ဒါပေမယ့် ကူမာဂအိတစ်ယောက်ပဲ မြန်မာချစ်စိတ်အပြည့်နဲ့ မပျက်မကွက် တက်လေ့ရှိတာဖြစ်တယ်။ ဒီမှာကျောင်းတက်နေတဲ့ မြန်မာပညာတော်သင် အများစုကလည်း အမျိုးသမီးတွေ ဖြစ်ကြတာမို့ ဆရာမအနေနဲ့ သံယောဇဉ်ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။
ပါမောက္ခ ကူမာဂအိဟာ အမေရိကန်နိုင်ငံ Graduate Center of the City University of New York ကနေ နိုင်ငံရေးသိပ္ပံအထူးပြုနဲ့ ပါရဂူဘွဲ့ ရခဲ့သူဖြစ်တယ်။ တစ်နေ့တစ်နေ့ စာသင်ခန်းနဲ့ ရုံးခန်းကြားမှာပဲ အချိန်ကုန်နေတဲ့ ပါမောက္ခတစ်ဦးဖြစ်တယ်။ သူစာသင်ကြားတဲ့ ပုံစံက ပါမောက္ခ မျိုး နဲ့ အတော်ကြီးကို ဆင်တူတယ်။ ဒါပေမယ့် သူကတော့ Summary မရေးခိုင်းဘူး။ စာဖတ်ဖို့ အိမ်စာပေးတဲ့ နေရာမှာတော့ ငါတို့ဆရာမျိုးနဲ့ ချွတ်စွတ်ပဲ။ လောဘတကြီး အများကြီးပေးလေ့ရှိတယ်။ ငါတို့ကျောင်းသားတွေ အမြဲလိုလို ကွယ်ရာမှာ ညည်းတတ်ကြတဲ့ စကားတစ်ခွန်းရှိတယ်။ " " "ဆရာမျိုးနဲ့ ဆရာမကူမာဂအိတို့ နှစ်ယောက်တိုင်ပင်ပြီး ငါတို့ကျောင်းသားတွေကို တမင်များ လုပ်နေသလား မသိဘူး " " " ဆိုတာပါပဲ။ အိမ်စာတွေကို အများကြီးဖတ်ခိုင်းတယ်၊ အတန်းထဲမှာ စာမေးလို့ ကျောင်းသားတွေက မဖြေနိုင်ရင် မျက်နှာကြီးသုန်မှုန်ပြီး ဒေါသထွက်တော့တာပဲဟေ့။ အဲဒီအချိန်ဆိုရင် အတန်းတစ်ခုလုံး အပ်ကျသံတောင် ကြားရလောက်အောင် ငြိမ်သက်နေတော့တာပဲ။ အသံတိုးတိုးနဲ့ သင်တတ်လွန်းလို့ အမြဲတမ်း နားစိုက်ထောင်ရတတ်တဲ့ ဆရာမရဲ့ အသံဟာ အဲဒီလို အချိန်ဆိုရင် မိုးခြိမ်းသံအလား အောက်မေ့ရအောင် အကျယ်ကြီးဖြစ်နေတယ်လို့ ခံစားရတယ်။ ဆရာမဟာ အားတဲ့အချိန်တိုင်း စာဖတ်နေသလား ဆိုတာ ငါသေချာ မသိပါဘူး။ ဒါပေမယ့် နယ်ပယ်အားလုံးနီးပါးကို နှံ့နှံ့စပ်စပ် သိမြင်ပြီး လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကိုလည်း အလျဉ်းသင့်သလို ဥပမာတွေပေးပြီး သင်ကြားပေးလေ့ရှိတယ်။ နိုင်ငံပေါင်းစုံက ကျောင်းသားပေါင်းစုံရဲ့ ကတ်ကတ်သတ်သတ် မေးခွန်းပေါင်းစုံကိုလည်း စိတ်ကျေနပ်အောင် စိတ်ရှည်လက်ရှည် ပြန်ဖြေပေးလေ့ရှိတယ်။ သင်တန်းကာလအတွင်း စာမေးပွဲ ၂ ခု ဖြေခိုင်းတတ်တယ်။ သင်တန်းလည် စာမေးပွဲနဲ့ နောက်ဆုံးစာမေးပွဲတို့ဖြစ်တယ်။ ကျောင်းသားတွေအနေနဲ့ မိမိတို့စိတ်ကြိုက် ခေါင်းစဉ်တစ်ခုကို ရွေးချယ်ပြီး ပါဝါပွိုင့်တင်ပြမှု တစ်ကြိမ်လုပ်ဖို့ လိုအပ်တယ်။ ပါမောက္ခ ကူမာဂအိရဲ့ စာသင်ချိန်တိုင်း ကျောင်းသားတွေ အကြောက်ဆုံးက ဘယ်အချိန်မှာ သူ့မှတ်စုစာအုပ်ထဲက ကျောင်းသားစာရင်းကို လှန်ကြည့်ပြီး ကိုယ့်နာမည်ကို ခေါ်လိုက်မလဲ ဆိုတာပါပဲ။ နာမည်အခေါ်ခံရတဲ့ ကျောင်းသားဟာ အိမ်စာပေးထားတဲ့ ဆောင်းပါးတွေ၊ ဒါမှမဟုတ် စာအုပ်တစ်ခုခုထဲက အခန်းတွေကို ဖတ်မလာခဲ့လို့ မေးခွန်းကို မဖြေနိုင်ဘူးဆိုရင်တော့ အဲဒီနေ့စာသင်ချိန် မပြီးမချင်း တစ်ခန်းလုံး ကပ်သင့်ပြီသာ မှတ်ပေတော့ပဲ။ နောက်ထပ် မေးခွန်းပေါင်းများစွာကို နာမည်တွေခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် မေးတော့တာပဲ။ အမေးခံရတဲ့ ကျောင်းသားက အင်းမလုပ်၊ အဲမလုပ်ဘဲ ငြိမ်နေလို့ကတော့ တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီး မျက်လုံးချင်း ဆုံတဲ့လူတိုင်းကို မေးတော့တာပဲ။ အဲဒီလို အချိန်ဆိုရင် ကျောင်းသားတွေအကုန်လုံး ခေါင်းငုံ့ပြီး ဆရာမကို အရိုအသေ ပြု ကြတော့တာပဲဟေ့။ ဘယ်သူမှကို ခေါင်းမထောင်ရဲဘူး။ ငါ့စိတ်ထဲမှာတော့ ဆရာမ စိတ်တိုနေတဲ့ အဲလိုအချိန်ဆိုရင် မေးခွန်းတွေ မေးနေတာလို့ မမြင်ဘဲ ရမ်ဘို/အာနိုး ဇာတ်ကားတွေထဲမှာ ဒေါသတကြီးနဲ့ စက်သေသနတ်ကြီးကိုင်ပြီး မြင်မြင်သမျှကို တရစပ် လိုက်ပစ်နေတာကိုပဲ ပြေးပြေးမြင်မိတော့တာပဲ။ ကဲ.. စကားတွေလည်း အတော်များပြီး စာလည်းအတော်ရှည်နေပါပြီ။ ရက်သတ္တပတ်အလိုက် သင်ကြားပို့ချတဲ့ အကြောင်းအရာတွေကို ကြည့်ရအောင်ပါ။
အရင်စာထဲမှာ ငါပြောခဲ့သလိုပဲ အခုဖော်ပြခဲ့တာတွေဟာ ၂၀၁၃ ခုနှစ်က သင်ရိုးမာတိကာတွေ ဖြစ်ပြီးတော့ အခြေအနေအရ အပြောင်းအလဲရှိနိုင်တယ်ဆိုတာကို မမေ့မလျော့ ထပ်မံပြောကြားလိုတယ်။ ငါ့အတွက်ကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခြားဘာသာရပ်တွေကို လေ့လာသင်ယူတဲ့နေရာမှာ ဒီဘာသာရပ်မှာ သင်ခဲ့ရတာတွေနဲ့ လာလာပြီး ချိတ်ဆက်ဆက်နွှယ်နေတာမို့ အတော်အကျိုးရှိတဲ့ ဘာသာရပ်တစ်ခုလို့ ပြောချင်တယ်ကွ။ နောက်တစ်ခုက မင်းစိတ်ဝင်စားတဲ့ မျက်မှောက်ရေးရာ ကိစ္စရပ်တစ်ခုခုကို သင်ခန်းစာနဲ့ သက်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ လွတ်လွတ်လပ်လပ် ဆွေးနွေးမေးမြန်းခွင့်ရှိတဲ့ စာသင်ချိန်တစ်ခု ဖြစ်တာပါပဲ။ မင်းမေးခွန်းမေးတဲ့ အချိန်မှာ သူ့အနေနဲ့ လက်ချာကို သင်ကြားပို့ချတာ အရှိန်ရနေလို့ ဆုံးခန်းတိုင်အောင် သင်ချင်နေတယ်ဆိုရင် ချက်ချင်းပြန်လည်ဆွေးနွေးမှု မပြုလုပ်ပေမယ့် စာသင်ချိန် ကုန်ဆုံးတဲ့အခါ မင်းကို သီးသန့်အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ စာမေးလို့မရရင် စိတ်တိုတတ်တာကလွဲလို့ ကျောင်းသားတွေအပေါ်မှာ နားလည်မှုအပြည့်ရှိတဲ့... ဖော်ရွေပျူ ငှာတဲ့... မိခင်စိတ်အပြည့်ရှိတဲ့... ပါမောက္ခတစ်ဦး ဖြစ်တာမို့ ငါတို့တွေက ဆရာမကို ချစ်ကြတယ်ကွ။ အခြားဘာသာရပ်တွေအကြောင်း နောက်စာတွေမှာ ဆက်ကြသေးတာပေါ့။ အခုတော့ အကြောင်းလည်းပွေ၊ စာလည်းရှည်ပြီ၊ ငါ့ကိုနားခွင့်ပြုပါလေ။
(Ichiro Nyanmyokyaw)

- Introduction (Sovereign State, Nation, Power)
- Realism (Power, Balance of Power)
- Liberalism (Neoliberal Institutionalism & Economic Liberalism)
- Liberalism (The Democratic Peace)
- Social Constructivism
- Critical Approaches: Post-Structuralism, Neo-Gramscianism, and Feminism
- International Political Economy
- Non-State Actors: International Governmental Organizations and International Non-Governmental Organizations
- Terrorism and UN PKO
- Environmental Issues
အရင်စာထဲမှာ ငါပြောခဲ့သလိုပဲ အခုဖော်ပြခဲ့တာတွေဟာ ၂၀၁၃ ခုနှစ်က သင်ရိုးမာတိကာတွေ ဖြစ်ပြီးတော့ အခြေအနေအရ အပြောင်းအလဲရှိနိုင်တယ်ဆိုတာကို မမေ့မလျော့ ထပ်မံပြောကြားလိုတယ်။ ငါ့အတွက်ကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခြားဘာသာရပ်တွေကို လေ့လာသင်ယူတဲ့နေရာမှာ ဒီဘာသာရပ်မှာ သင်ခဲ့ရတာတွေနဲ့ လာလာပြီး ချိတ်ဆက်ဆက်နွှယ်နေတာမို့ အတော်အကျိုးရှိတဲ့ ဘာသာရပ်တစ်ခုလို့ ပြောချင်တယ်ကွ။ နောက်တစ်ခုက မင်းစိတ်ဝင်စားတဲ့ မျက်မှောက်ရေးရာ ကိစ္စရပ်တစ်ခုခုကို သင်ခန်းစာနဲ့ သက်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ လွတ်လွတ်လပ်လပ် ဆွေးနွေးမေးမြန်းခွင့်ရှိတဲ့ စာသင်ချိန်တစ်ခု ဖြစ်တာပါပဲ။ မင်းမေးခွန်းမေးတဲ့ အချိန်မှာ သူ့အနေနဲ့ လက်ချာကို သင်ကြားပို့ချတာ အရှိန်ရနေလို့ ဆုံးခန်းတိုင်အောင် သင်ချင်နေတယ်ဆိုရင် ချက်ချင်းပြန်လည်ဆွေးနွေးမှု မပြုလုပ်ပေမယ့် စာသင်ချိန် ကုန်ဆုံးတဲ့အခါ မင်းကို သီးသန့်အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ စာမေးလို့မရရင် စိတ်တိုတတ်တာကလွဲလို့ ကျောင်းသားတွေအပေါ်မှာ နားလည်မှုအပြည့်ရှိတဲ့... ဖော်ရွေပျူ ငှာတဲ့... မိခင်စိတ်အပြည့်ရှိတဲ့... ပါမောက္ခတစ်ဦး ဖြစ်တာမို့ ငါတို့တွေက ဆရာမကို ချစ်ကြတယ်ကွ။ အခြားဘာသာရပ်တွေအကြောင်း နောက်စာတွေမှာ ဆက်ကြသေးတာပေါ့။ အခုတော့ အကြောင်းလည်းပွေ၊ စာလည်းရှည်ပြီ၊ ငါ့ကိုနားခွင့်ပြုပါလေ။
(Ichiro Nyanmyokyaw)
No comments:
Post a Comment