Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၄)

သူငယ်ချင်း...၊
နောက်ထပ် ပြောပြချင်တဲ့ ဘာသာရပ်တစ်ခုကတော့ " နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ " (International Political Economics) ဖြစ်တယ်။ မင်းအနေနဲ့ ဒီဘာသာရပ်ကို ပထမဆုံး တက်ရောက်ရမယ့် ဆောင်းဦးသင်တန်းကာလ (Fall Term) မှာ တက်ရောက်ရမှာ မဟုတ်ဘဲ ဒုတိယမြောက် သင်တန်းကာလဖြစ်တဲ့ ဆောင်းကာလ (Winter Term) ကျမှသာ တက်ရောက်ရမှာဖြစ်တယ်။ ဒီဘာသာရပ်ကို သင်ကြားပို့ချပေးသူက ပါမောက္ခ ကိုရေး (Prof. Cooray) ဖြစ်တယ်။ အရင်စာတစ်စောင်မှာ ငါရေးခဲ့ဖူးတဲ့ ဒီတက္ကသိုလ်ကနေ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ဒီတက္ကသိုလ်မှာပဲ ပါမောက္ခအနေနဲ့ စာသင်ကြားပေးနေတဲ့ ရှားရှားပါးပါး ပါမောက္ခ ၂ ယောက်အနက်က တစ်ဦးဖြစ်တယ်။ နောက်တစ်ဦးက ငါတို့ရဲ့ မြန်မာလူမျိုး ပါမောက္ခ မျိုး ဖြစ်တယ်ဆိုတာကို မင်းမှတ်မိမယ် ထင်ပါတယ်။ ဒီဘာသာရပ်အကြောင်း ပြောလိုတဲ့အခါ ငါ့စာထဲမှာ IPE လို့ပဲ ရည်ညွှန်းပါရစေ။ အဲဒီဘာသာရပ်အကြောင်း ပြောမယ်ဆိုရင် မပြောမဖြစ် ချိတ်ဆက်ပြောဖို့လိုတဲ့ ဘာသာရပ်တစ်ခု ရှိသေးတယ်။ အခြားမဟုတ်ဘူး "အခြေခံဘောဂဗေဒ" (Essentials of Economics) ဘာသာရပ်ဖြစ်တယ်။ အဲဒီဘာသာရပ်ကိုလည်း ပါမောက္ခ ကိုရေးပဲ သင်ကြားပါတယ်။ မင်းအနေနဲ့ EOE ကိုတော့ ပထမဆုံးတက်ရောက်ရမယ့် ဆောင်းဦးသင်တန်း ကာလမှာ တက်ရောက်ရမှာဖြစ်တယ်။ မတက်မဖြစ် မယူမဖြစ် ယူရတက်ရမယ့် Required Core Course မဟုတ်ပေမယ့် ဘောဂဗေဒ ဘာသာရပ်နဲ့ အကျွမ်းတ၀င် မရှိခဲ့သူတစ်ဦးအတွက် အဲဒီဘာသာရပ်ကို မတက်ရောက်ခဲ့ရင် IPE တက်တဲ့အချိန်မှာ ရွာလည်တယ်ကွ။ အချို့သော ကျောင်းသားတွေဟာ မယူမဖြစ်ဘာသာရပ် မဟုတ်တဲ့အတွက် အဲဒီ EOE ကို တက်ရောက်ခဲ့ကြခြင်း မရှိဘူး။ အဲဒီတော့ IPE သင်တဲ့အချိန်ကျတော့ တကယ်သိဖို့လိုအပ်တဲ့ ဘောဂဗေဒဆိုင်ရာ အခြေခံသဘောတရားတွေကို သိမထားတဲ့အတွက် အခက်အခဲတွေ အတော်လေးကို ဖြစ်ကြတယ်။ မြန်မာကျောင်းသားတွေ အကုန်လုံးကိုတော့ ပါမောက္ခ မျိုး က ပထမဆုံးသင်တန်းကာလမှာ EOE ကို မဖြစ်မနေ ယူကြဖို့ တိုက်တွန်းအကြံပေးပြီး တက်ခိုင်းခဲ့တဲ့အတွက် IPE သင်တဲ့အချိန်မှာ ငါတို့အတွက် တကယ့်ကို အထောက်အကူ ဖြစ်စေပါတယ်ကွာ။ ငါတို့တွေကို အဲဒီလို တက်ခိုင်းခဲ့တဲ့အတွက် ဆရာမျိုးအပေါ် ကျေးဇူးတင်တဲ့အကြောင်း အခုအချိန်အထိ ငါမပြောမိသေးဘူးကွာ။ ဒါပေမယ့် ဒီစာထဲမှာတော့ သူ့အပေါ် တကယ့်ကို ကျေးဇူးတင်တဲ့အကြောင်း ဖော်ပြလိုတယ်။ ဆရာ့ဝတ်ထဲက သင့်ရာအပ်ပို့ ဆိုတဲ့အချက်ဟာ ဒီလိုအရာတွေကို ပြောတာပဲလို့လည်း နားလည်သဘောပေါက်မိတယ်။ မင်းရောက်တဲ့အခါကျရင်လည်း ပထမဆုံးသင်တန်းကာလအတွက် ဘာသာရပ်တွေ မှတ်ပုံတင်တဲ့အခါ EOE ကို မဖြစ်မနေ မှတ်ပုံတင်ပြီး တက်ရောက်သင်ယူပါလို့ အကြံပြုပါရစေ။ မင်းဘ၀တစ်လျှောက်လုံးအတွက် အကျိုးကျေးဇူးများမယ့် ဘာသာရပ်တစ်ခုပါကွာ။ ဒီစာထဲမှာ ဘာသာရပ် နှစ်ခုအကြောင်းကို တစ်ပြိုင်တည်း ငါပြောတော့မယ်ဆိုတာ မင်းရိပ်မိမယ် ထင်ပါတယ်။ အဲဒီဘာသာရပ် နှစ်ခုလုံးကလည်း ပါမောက္ခ တစ်ဦးတည်းက သင်ကြားပေးတာဆိုတော့ ပြောရတာ အဆင်ပြေမယ်လို့ ငါထင်ပါတယ်။ အတတ်နိုင်ဆုံး မင်းအတွက် အရှင်းလင်းဆုံးဖြစ်စေအောင် ငါကြိုးစားရေးသားလိုက်ပါတယ်ကွာ။ နားမလည်တာရှိရင်၊ သိချင်တာများရှိရင် ငါ့ကို မေးဖို့အတွက် လုံးဝကို အားမနာပါနဲ့လို့ ငါပြောပါရစေ။ ပထမဆုံး ထုံးစံအတိုင်း သင်ကြားပေးတဲ့ ပါမောက္ခအကြောင်းကို မိတ်ဆက်ပေးပါရစေ။

ဆရာ ကိုရေး (Prof. Cooray) ဟာ သီရိလင်္ကာလူမျိုး ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံတကာဘောဂဗေဒ အထူးပြုနဲ့ မဟာဝိဇ္ဇာဘွဲ့ကို ငါတို့ အိုင်ယူဂျေကနေ ရရှိခဲ့ပြီး ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ် (University of Nagoya) ကနေ စီးပွားရေးပါရဂူဘွဲ့ ရရှိခဲ့တယ်။ အမြဲတစေ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွနဲ့ စာသင်ကြားလေ့ရှိတယ်။ အင်မတန်မှ ပျော်ရွှင်တတ်ပြီး အတန်းထဲမှာလည်း အမြဲလိုလို ဟာသတွေ ပြောနေတတ်တယ်။ ပြီးရင် ကျောင်းသားတွေက မရယ်သေးဘူး.. သူက အသံကျယ်ကြီးနဲ့ အရင်ဆုံး ရယ်နေတတ်တယ်။ တစ်ခါတလေ သူဘာပြောလိုက်မှန်း မသိလိုက်ပေမယ့် သူရယ်တာကြီးကိုကြည့်ပြီး ရယ်စရာကောင်းလို့ ငါတို့တွေက လိုက်ရယ်ရတာမျိုးလည်း ရှိတတ်တယ်။ သူ့အပေါ် အခြားနိုင်ငံက ကျောင်းသားတွေရဲ့ အမြင်က ဘယ်လိုရှိသလဲဆိုတာကို ငါမသိသလို အခြားသော မြန်မာကျောင်းသားတွေရဲ့ အမြင်တွေက ဘယ်လိုလဲဆိုတာကို ငါသေချာ မသိပါဘူး။ ငါ့အမြင်ကို ပြောရမယ်ဆိုရင်တော့ ငါတို့မြန်မာကျောင်းသားတွေဟာ ဆရာ ကိုရေးနဲ့ အတော်ကြီးကို အဆင်ပြေတယ်ကွ။ သူစာသင်ကြားတဲ့ပုံစံဟာ မြန်မာဆရာတွေနဲ့ အတော်ကြီးကို ဆင်တူတယ်။ ဘယ်လောက်ခက်တဲ့ အကြောင်းအရာကိုပဲဖြစ်စေ ကလေးတွေသင်သလို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အသေးစိတ် စိတ်ရှည်လက်ရှည် သင်ကြားပေးတတ်တယ်ကွ။ အချို့တွေကတော့ တီးတိုးတီးတိုး ပြောတတ်ကြတယ်ကွ။ ဆရာကိုရေးက ငါတို့တွေကို စာသင်တာ ကလေးတွေကျနေတာပဲတဲ့။ အဲလောက်အထိ မလိုပါဘူးတဲ့။ ဒါကလည်း ကိုယ့်အမြင်နဲ့ကိုယ်မို့ အဲဒီလူတွေကို ငါဘာမျှ မဝေဖန်လိုပါဘူး။ ပါမောက္ခအနေနဲ့ ဘယ်လိုပဲသင်သင် သူသင်ကြားတဲ့ ဘာသာရပ်ကို ကျောင်းသားတွေက ခရေစေ့တွင်းကျ နားလည်သွားဖို့ပဲ မဟုတ်လား။ တကယ်တမ်းပြောရရင် ဘောဂဗေဒဘာသာရပ်ဆိုတာ ငါ့လို အစိမ်းသက်သက် လူတစ်ယောက်အတွက် ရှုပ်ထွေးခက်ခဲတယ်ကွ။ ဘောဂဗေဒနဲ့ ပတ်သက်ပြီး ငါနောက်ဆုံး သင်ခဲ့တာက ဒသမတန်းသင်ရိုးပဲ ရှိတယ်။ ကိုယ့်ဘာသာကိုယ် သိချင်လို့ လေ့လာဖတ်ရှုဖူးတာက ဆရာမောင်စူးစမ်းရဲ့ စာအုပ်တွေပဲရှိတယ်။ အဲဒီလို လူတစ်ယောက်ဖြစ်တဲ့ ငါ့အနေနဲ့ ဆရာကိုရေးရဲ့ အတန်းကို တက်ပြီးတဲ့အချိန်မှာ ဘောဂဗေဒကို အစွဲလန်းကြီး စွဲလန်းသွားတယ်၊ အင်မတန်မှ စိတ်ဝင်စားသွားတယ်ဆိုရင် အဲဒီပါမောက္ခရဲ့ သင်ကြားမှုစွမ်းရည်ကို မင်းသဘောပေါက်လိမ့်မယ် ထင်ပါရဲ့။ နိုင်ငံတွေရဲ့ အဆင့်အတန်း၊ အနာဂတ်အလားအလာတွေကို ဘောဂဗေဒသီအိုရီတွေ၊ ကိန်းဂဏန်းညီမျှခြင်းတွေနဲ့ တွက်ချက်ပုံဖော်ရတာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတယ်ကွာ။ ဆရာကိုရေးဟာ စာသင်ရင်းနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဥပမာပေးပြီး ရှင်းလင်းသင်ပြတာကလည်း စိတ်ဝင်စားစရာ ကောင်းတယ်ကွ။ ဒါပေမယ့် သူ့အပေါ် ငါသဘောမကျတဲ့ အချက် ၂ ခု ရှိတယ်။ ပထမတစ်ခုက မြန်မာကျောင်းသားတွေကို အထင်သေးခြင်းပဲ။ ပါးစပ်ကနေ ဘယ်တုန်းကမျှ ထုတ်ဖော်မပြောဖူးပေမယ့်၊ အမူအရာအားဖြင့် ဘယ်တုန်းကမျှ ပေါ်ပေါ်ထင်ထင် မပြဖူးပေမယ့် သူ့မျက်လုံးတွေထဲမှာ ဘယ်လိုအရိပ်အယောင်တွေ ရှိတယ်ဆိုတာ ငါသိတယ်ကွ။ ဘယ်လိုသိတာလဲလို့ မေးလာရင်တော့ ဖြေရခက်တယ်။ ဒါပေမယ့် သိတယ်လို့ပဲ ပြောချင်တယ်။ မင်းတက်တဲ့အခါလည်း အဲဒီလို ခံစားရတယ်ဆိုရင် ငါ့အနေနဲ့ အဆိုးမြင်နေတာ မဟုတ်ဘူးလို့ မင်းနားလည်လာမှာပါ။ ဒုတိယတစ်ချက် ငါမကြိုက်တာကတော့ ဘာသာရေးခွဲခြားချင်တဲ့ သူ့စိတ်ပဲ။ သူဟာ သီရိလင်္ကာလူမျိုးပီပီ ဗုဒ္ဓဘာသာအပေါ် အရမ်းကို အလေးထားပြီး ဘာသာရေးနဲ့ပတ်သက်ရင် အရမ်းပြင်းထန်လွန်းတယ်။ ဘာသာတရားကိုင်းရှိုင်းတာ၊ အလွန်အမင်း သက်ဝင်ယုံကြည်တာကို ငါ့အနေနဲ့ ဝေဖန်စရာ မရှိပါဘူး။ ငါကိုယ်တိုင်လည်း စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူမို့ သူ့ရဲ့ ဗုဒ္ဓဘာသာအပေါ် တန်ဖိုးထားမှုကို လေးစားပါတယ်။ ဒါပေမယ့် ဆရာကိုရေးက အခြားဘာသာဝင်တွေနဲ့ ပတ်သက်ရင် နည်းနည်းလေး အကဲဆတ်လွန်းတယ်ကွ။ ကိုယ့်ဘာသာတရားကို တန်ဖိုးထားဖို့အတွက် အခြားဘာသာတရားတွေကို နှိမ့်ချတာမျိုး၊ နှာခေါင်းရှုံ့တာမျိုး၊ အထင်သေးတာမျိုးကိုတော့ ငါ့အနေနဲ့ လုံးဝလက်ခံလို့ မရဘူး။ ဒီအကြောင်းတွေကို ဘာဖြစ်လို့ တကူးတက ပြောပြနေရသလဲဆိုရင် ငါတို့စာသင်ခန်းနဲ့ ဆက်စပ်နေလို့ ဖြစ်တယ်ကွ။ သူ့ဟာသူ စာသင်ခန်းပြင်ပမှာ ဖြစ်တဲ့ဟာ၊ သူ့စိတ်ထဲမှာသူ ထားတဲ့သဘောထားဆိုရင် ဒါဟာ သူ့အခွင့်အရေးမို့ ငါ့အနေနဲ့ ဘာမျှ ဝေဖန်စရာ မရှိပါဘူးလေ။ မင်းအနေနဲ့ ဘောဂဗေဒ စာသင်ခန်းထဲမှာ ဆရာကိုရေးက ငါးပါးသီလအကြောင်း၊ မေတ္တာသုတ်အကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း အခါအခွင့်သင့်ရင် သင့်သလို ပြောပြဆွေးနွေးတာကို ကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲလို့ ငါတို့တွေ ဒီရောက်တဲ့အချိန်ကျမှ အမြင်ဖလှယ်ကြတာပေါ့ကွာ။ ပြောခဲ့တဲ့ အချက် ၂ ခုတည်းကို ကြည့်ပြီးတော့ အဲဒီပါမောက္ခကို ငါ့အနေနဲ့ မကောင်းပြောနေတယ်၊ နှိမ့်ချဝေဖန်နေတယ်လို့ မထင်စေချင်ဘူး။ ငါ့အမြင်ကို ပြောပြချင်လွန်းလို့ ထည့်ရေးလိုက်တာပါ။ ဆရာကိုရေးနဲ့ သင်တန်းကာလ ၂ ခု (Fall, Winter) ထိတွေ့ခဲ့ရတယ်။ ဘာသာရပ် ၂ ခု (EOE, IPE) သင်ကြားခဲ့ရတယ်။ အဲဒီသင်တန်းကာလ ၂ ခုလုံးမှာ ငါ့အတွက် အားရကျေနပ်မှုအရှိဆုံး၊ သဘောအကျဆုံးနဲ့ ရာနှုန်းပြည့်မဟုတ်ပေမယ့် ၇၀-၈၀ % အထိ ရလိုက်တယ်လို့ ယုံကြည်မိတဲ့ ဘာသာရပ် ၂ ခုကတော့ ဆရာကိုရေး သင်ကြားပို့ချတဲ့ EOE နဲ့ IPE တို့ ဖြစ်ကြတယ်။ အခြားသော စာသင်ချိန်တွေဆိုရင် ဖိအားတွေရှိပေမယ့် အဲဒီစာသင်ချိန် ၂ ခုဆိုရင်တော့ ငါ့အနေနဲ့ အမြဲတမ်း ပျော်ပျော်ပါးပါးနဲ့ ရွှင်ရွှင်လန်းလန်း တက်ဖြစ်ခဲ့တယ်။ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ပျော်နေအောင် သင်ကြားနိုင်တဲ့ ပါမောက္ခဆိုတာ ဘယ်လောက်များ ချီးကျူးဖို့ကောင်းသလဲဆိုတာ မင်းဘာသာမင်း စဉ်းစားကြည့်ပါတော့ကွာ။ ဒီနေရာမှာ ငါ့ရဲ့ ရှော်ကွက်တစ်ခုနဲ့ ကံကောင်းတာတစ်ခုကို မမေ့မလျော့ ပြောပြလိုသေးတယ်။ အဲဒီဘာသာရပ် သင်ယူနေတဲ့ အချိန်တုန်းက အချို့သော သဘောတရားတွေ၊ ဝေါဟာရတွေကို ငါ့အနေနဲ့ သိပ်ပြီးတော့ နားမလည်တဲ့အတွက် မေးဖို့လူရှာမိတယ်ကွ။ နီးလွန်းရင် ဝေးတယ်ဆိုသလိုပဲ ငါ့မှာလေ ဘယ်သူ့ကို မေးရမှန်း မသိခဲ့ဘူး။ တစ်ပတ်လောက် ကြာတဲ့အချိန်ကျမှ အိမ်နဲ့ ဖုန်းပြောရင်း ဘယ်ကဘယ်လို စကားစပ်မိသွားတယ် မသိပါဘူး။ ငါ့အဖေက Demand သဘောတရားဆိုတာ ဘယ်လို၊ Supply သဘောတရားဆိုတာ ဘယ်လို၊ Market ကို ဘယ်လိုတွက်ရတယ် စသဖြင့် ရှင်းပြတဲ့ အချိန်ကျမှ ငါ့နှယ်နော်.. အဖေနဲ့ အမေ နှစ်ယောက်စလုံးက စီးပွားရေးဘွဲ့ ရထားတယ်ဆိုတာကို မေ့နေရသလားဆိုပြီး ကိုယ့်နဖူး ကိုယ်ရိုက်မိတော့တယ်။ ငါကမေးတဲ့ အချိန်ကျမှ သူတို့တွေကလည်း သူတို့ တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက သူတို့ဆရာတွေ ဟာသလေးတွေနဲ့ ပြောပြခဲ့တဲ့ သဘောတရားတွေကို ပြန်မှတ်မိပြီး ငါ့ကို အဲဒီဥပမာတွေအတိုင်း ပြန်ပြောပြတာ အင်မတန်မှ အသုံးဝင်သကိုးကွ။ မင်းကိုလည်း ဒီရောက်တဲ့အခါ အဲဒီဟာသတွေ၊ ဥပမာတွေ ပြန်ပြောပြရဦးမယ်။ သြော်... တစ်ခုမေ့နေသေးတယ်၊ မင်းအနေနဲ့ ယောဂကျင့်စဉ် (Yoga) ကို စိတ်ဝင်စားတယ်၊ လေ့ကျင့်ကစားချင်တယ်ဆိုရင်တော့ စာသင်ခန်းပြင်ပမှာလည်း ဆရာကိုရေးနဲ့ ထိတွေ့ဆက်ဆံရဦးမယ်ကွ။ သူက ငါတို့တက္ကသိုလ် ယောဂကလပ်ရဲ့ နည်းပြတစ်ဦးဖြစ်တယ်။ အပတ်စဉ် အချိန်ဇယားအတိုင်း ယောဂလေ့ကျင့်ခန်းတွေကို သင့်ကြားလေ့ကျင့်ပေးလျက်ရှိတယ်။ အခြားရက်တွေမှာတော့ မင်းသာ ညနေပိုင်း အချိန်မှန် အားကစားခန်းမမှာ လေ့ကျင့်ကစားတဲ့သူဆိုရင် သူနဲ့ နေ့စဉ်နေ့တိုင်း တွေ့မြင်နေရမှာပဲ။ သူက နေ့စဉ်ပုံမှန် အားကစားခန်းမမှာ အပြေးစက်နဲ့ အပြေးလေ့ကျင့်ခန်း လာကစားလေ့ ရှိတယ်။ ကဲ.. .ငါ့စာတွေလည်း ဟိုရောက် ဒီရောက် ဖြစ်နေပါပြီ။

ပထမဆုံး အခြေခံဘောဂဗေဒ (Essential of Economics) ဘာသာရပ်မှာ သင်ကြားရတဲ့ အကြောင်းအရာတွေကို ပြောပြချင်တယ်။
  • The Ten Principles of Economics
  • Thinking like an Economist
  • Supply, Demand, and Market Equilibrium
  • Markets and the Role and Policies of Government
  • The Economics of the Poblic Sector
  • Production and Growth
  • Saving, Investment, and the Financial System
  • Unemployment and Labour Market: Concepts and Issues
  • How Fiscal and Monetary Policy Influence the Economy
  • International Trade, Finance and the Foreign Exchange Market

ဒီအကြောင်းအရာတွေကို သင်ကြားတဲ့နေရာမှာ ပါမောက္ခ ကိုရေး အနေနဲ့ Mankiw, N. Gregory ရဲ့ Essentials of Ecomomics (6th Int'l Edition) ကို မဏ္ဍိုင်ပြုပြီး သင်ကြားပို့ချတာဖြစ်တယ်။ အခြားသော ဖတ်ရှုရမယ့် ဆောင်းပါးတွေ၊ စာအုပ်တွေကိုလည်း သတ်မှတ်ပေးထားတယ်။ မင်းအနေနဲ့ အဲဒီစာအုပ်ကို အပိုင်ဝယ်ထားဖို့ အကြံပြုချင်တယ်။ ကိုယ်ပိုင် ၀ယ်မထားသူတွေအတွက်တော့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်ကို ငှားရမ်းဖတ်ရှုနိုင်ဖို့အတွက် အင်မတန်မှ ၀ီရိယထားရလိမ့်မယ် ထင်ပါရဲ့။ လက်ရှိဘာသာရပ်အတွက်သာ မဟုတ်ဘူး.. မင်းအနေနဲ့ နောင်မှာလည်း ပြန်လေ့လာနိုင်ဖို့၊ ကိုးကားနိုင်ဖို့အတွက် အဲဒီစာအုပ်ကို အပိုင်ဝယ်ပါလို့ အလေးအနက် အကြံပေးချင်တယ်။ အဲဒီဘာသာရပ်ကို သင်တဲ့အချိန်မှာ မင်းလည်း ငါ့လိုပဲ စိတ်ဝင်းစားမှာပါ၊ ပျော်ရွှင်မှာပါ။ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ဆိုတာ နိုင်ငံတွေအတွက် ကောင်းသလား၊ မကောင်းဘူးလား၊ ပိုက်ဆံတွေကို ဘဏ်မှာ စုငွေအဖြစ် အပ်နှံထားတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ အလုပ်လက်မဲ့နှုန်း ဘယ်လောက်ပဲရှိသင့်သလဲ၊ အခွန်စည်းကြပ်တာရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ၊ အစိုးရအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေမှာ ဘောဂဗေဒအမြင် မရှိရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ၊ ဈေးကွက်ကို အစိုးရက ၀င်စွက်တာနဲ့ မစွက်တာ ဘယ်ဟာက ပိုကောင်းသလဲ၊ ငွေကြေးဖောင်းပွမှုကြုံရင် ဘယ်လိုဖြေရှင်းမလဲ၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်းဆိုတာ ဘာလဲ၊ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဘာကွာသလဲ၊ စသည် စသည်ဖြင့် အားလုံးဟာ စိတ်ဝင်စားစရာတွေချည်းပဲဟေ့။ မင်းကတော့ ဆရာကိုရေးနဲ့ အတန်းထဲမှာ လေပေးဖြောင့်ဦးမှာ မြင်ယောင်ပါသေးရဲ့ကွာ။

ဒုတိယတစ်ခုအနေနဲ့ နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (International Political Economics) ဘာသာရပ်နဲ့ ပတ်သက်ပြီး သင်ကြားရတဲ့ အကြောင်းအရာတွေကို ပြောပြချင်တယ်။
  • What is International Political Economy?
  • "Laissez-Faire": The Economic Liberal Perspective
  • Wealth and Power: The Mercantilist Perspective
  • Determinism and Exploitation: The Structuralist Perspective
  • Political Economy of Production and International Trade Policy
  • Managing the Global Economy Since World War II: The International Monetary and Finance Structure
  • International Debt Crises
  • Current Global Financial Imbalances: Causes, Consequences, and Solutions
  • The Development Conundrum: Choices Amid Constraints
  • International Financial Crises

ဒီအကြောင်းအရာတွေကို သင်ကြားတဲ့အခါ ပါမောက္ခကိုရေး အနေနဲ့ David N Balaam, Bradford Dillman တို့ရေးတဲ့ Introduction to International Political Economy (6th Edition) ကို မဏ္ဍိုင်ပြုပြီး အခြားသော ဆောင်းပါးတွေ၊ စာအုပ်တွေနဲ့ ကိုးကားပြီး သင်ကြားပို့ချပေးတယ်။ ဒီဘာသာရပ်ကို သင်ကြားနေချိန်နဲ့ သင်ကြားပြီးတဲ့ အချိန်မှာတော့ ငါ့အနေနဲ့ စိတ်ညစ်ညူးသွားမိတာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘာသာရပ်သင်ယူရာကနေ ရလာတဲ့ အသိတွေနဲ့ ငါတို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကို ချိန်ထိုးလိုက်မိလို့ပါပဲ။ အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿ     နာတွေကို ဘယ်လိုအခက်အခဲတွေနဲ့ ဖြေရှင်းနေရတယ်၊ ရင်ဆိုင်နေရတယ် ဆိုတာကို ငါ့အနေနဲ့ တိတိကျကျ မသိရှိလေတော့ ပြောဆိုဝေဖန်ဖို့အတွက် အခက်အခဲရှိပေမယ့် အကယ်ဒမစ်ရှုထောင့်ကနေ ကြည့်မိတဲ့အခါ လွဲနေတာတွေ၊ ထင်ရာလုပ်နေတာတွေကို မြင်လိုက်မိလို့ပါပဲ။ တိကျတဲ့ မူဝါဒ၊ စနစ် ရှိမှရှိရဲ့လားလို့လည်း သံသယဖြစ်မိတယ်။ အတန်းထဲမှာ ဆွေးနွေးကြတဲ့အခါတိုင်း ငါတို့နိုင်ငံဟာ ဘယ်စနစ်နဲ့ ဦးတည်နေသလဲဆိုတာကို ပြောဆိုရ အင်မတန်ခက်တယ်ကွ။ ဘယ်စနစ်ကိုမျှ လုံးလုံးလျားလျား သုံးနေတာမဟုတ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အဆင်ပြေသလို လုပ်နေတဲ့သဘောရှိတယ်လို့ သုံးသပ်မိတယ်။ မတောက်တခေါက် ငါ့အသိလေးနဲ့ ဝေဖန်တာမို့ ငါပြောတာတွေဟာ အလွဲကြီးလွဲနေတာတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ ဘာပဲပြောပြော ဒီဘာသာရပ်ဟာ ငါ့ကို ဦးနှောက်မုန်တိုင်း ဆင်နိုင်ခဲ့တာတော့ အသေအချာပဲ။ စကားမစပ် ကြုံတုန်းထည့်ပြောရရင် ဆရာအောင်ထွဋ်ရေးခဲ့တဲ့ အချို့သော ဆောင်းပါးတွေကို ဒီဘာသာရပ်ကို သင်ကြားပြီးတဲ့အချိန်ကျမှ ငါကောင်းကောင်း နားလည်သဘောပေါက်တယ်ကွ။ တစ်ဆက်တည်းပဲ သူပြောတာကို ဘာဖြစ်လို့ နားမလည်ကြ၊ လက်မခံကြသလဲ ဆိုတာကိုလည်း သိလာရတယ်။ ဒါဟာ ငါ့အတွက် အမြတ်ပဲကွ။

အခုတော့ ဆရာကိုရေးရဲ့ စာသင်ကြားနည်းစနစ်အကြောင်း ပြောပြချင်တယ်။ စာသင်တာ လောဘကြီးသလို အမှတ်ပေးစနစ်ကိုလည်း အစုံလင်ဆုံး အသုံးပြုတဲ့ ပါမောက္ခ တစ်ဦးပဲကွ။ အတန်းတက်၊ အတန်းတွင်းပါဝင်ဆွေးနွေးမှု၊ ဉာဏ်စမ်းမေးခွန်း၊ သင်တန်းလယ်စာမေးပွဲ၊ အိမ်စာစာတမ်းငယ်များ၊ တစ်ဦးချင်း/အဖွဲ့လိုက် ပါဝါပွိုင့်တင်ပြမှု၊ သင်တန်းဆုံးစာမေးပွဲ စသဖြင့် ရှိသမျှ စနစ်အကုန်လုံးကို အသုံးပြုတယ်။ အပတ်စဉ်တိုင်းမှာ သူ့ရဲ့ လက်ချာပါဝါပွိုင့်ကို အသုံးပြုပြီး သင်ကြားပို့ချတယ်။ စာသင်ချိန်ရှိတဲ့နေ့ အတန်းချိန်မစမီ ၃ နာရီအလိုလောက်ဆိုရင် အွန်လိုင်းမှာ သူ့ရဲ့ ပါဝါပွိုင့်ကို ဒေါင်းလုဒ်ချပြီး ပရင့်ထုတ်လို့ရပြီ။ သူ့ရဲ့လက်ချာတိုင်းကို "Quote of the Day" နဲ့ စတင်လေ့ရှိတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ အဆိုအမိန့်တစ်ခုခုနဲ့ သူ့ရဲ့လက်ချာကို စတင်ချိန်ကစပြီး အတန်းထဲက ကျောင်းသားတွေကို သူ့ရဲ့ သင်ခန်းစာ ပို့ချမှုထဲ စီးမြောသွားအောင် ဆွဲဆောင်သွားလိုက်တာ တစ်ခါတလေများဆိုရင် အချိန်ပြည့်တဲ့အထိ သူ့လက်ချာက မပြီးသေးလို့ အချိန်နည်းနည်း ထပ်ယူပြီး ကမန်းကတန်း လက်စသတ်ရတဲ့အထိ စာသင်တာ လောဘကြီးတယ်။ အပတ်စဉ် ဉာဏ်စမ်းမေးခွန်း (Quiz) ဖြေခိုင်းတာမို့ ပေးထားတဲ့ အိမ်စာကို လုံးဝကို မဖတ်လို့မရဘူး။ အိမ်စာပေးထားတဲ့ အခန်းကို ဖတ်မလာလို့ကတော့ ငုတ်တုတ်သာ ထိုင်နေချင်ထိုင်နေ၊ ဒါမှမဟုတ် ပေးထားတဲ့ multiple choice အဖြေတွေထဲက ထင်ရာမြင်ရာကိုသာ အမှန်ခြစ်ပေတော့ပဲ။ ကျောင်းသားတွေအနေနဲ့ ကိုရေးရဲ့ Quiz ကို မပေါ့ရဲကြဘူးကွ။ ဘာကြောင့်လဲဆိုတော့ သူက အပတ်စဉ်တိုင်း ဖြေထားတဲ့ အဖြေလွှာတွေကို ပြန်ပြီးတော့ ပေးလေ့ရှိတာကိုး။ အဲဒီတော့ ကျောင်းသားတွေခမျာ အမှတ်နည်းမှာ၊ အောင်မှတ်မရမှာကို ကြောက်ကြတယ်ကွ။ အိမ်စာစာတမ်းငယ် အနေနဲ့ဆိုရင် "Why Nations Fail" ဆိုတဲ့ နာမည်ကျော် စာအုပ်ကို အခန်းလိုက် အနှစ်ချုပ်ရေးခိုင်းတယ်။ ဒီအတိုင်းဖတ်ခိုင်းရင် မဖတ်တဲ့စာအုပ်ကို အနှစ်ချုပ် ရေးခိုင်းလေတော့ မဖြစ်မနေ ဖတ်ကြရတော့တာပေါ့ကွာ။ စာမေးပွဲတွေကတော့ အကြီးစား ဉာဏ်စမ်းမေးခွန်းတွေလို့ ပြောရမယ်ထင်ပါရဲ့။ အပတ်စဉ် ဉာဏ်စမ်းမေးခွန်း ၁၀ ခုခန့်ပဲ မေးလေ့ရှိပြီး စာမေးပွဲတွေမှာတော့ မေးခွန်း ၅၀ မေးလေ့ရှိတယ်။

ကဲ.. ငါ့စာလည်း အတော်ကြီးကို ရှည်နေပါပြီကွာ။ စူပါတိုင်ဖွန်းအရှိန်ကြောင့် ငါတို့ဆီမှာ အချိန်အခါမဟုတ် နွေရာသီကာလကြီး နေ့စဉ်ရက်ဆက် မိုးတွေရွာနေတယ်ကွ။ အခုလည်း မိုးအေးအေးနဲ့ ကိုအံ့ကြီးသီချင်းလေးတွေ ဖွင့်ထားပြီး မင်းဆီကို စာရေးကောင်းနေလိုက်တာ ပြန်ဖတ်ကြည့်မိတော့မှ အတော်ကြီးကို များနေတာကို သတိထားမိတယ်။ ပြောလို့မကုန်တဲ့ အကြောင်းအရာတွေထဲက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်ကွာ။ မင်းအနေနဲ့ ဘာတွေ ပြင်ဆင်ပြီးပြီလဲဆိုတာကို စာရေးပါဦးကွ။ ငါမှာချင်တာလေးတွေကိုလည်း စာရင်းပြုစုပြီး မင်းကို မှာချင်သေးတယ်။ နောက်စာကျမှ တွေ့ကြသေးတာပေါ့ကွာ။ ကျန်းမာရွှင်လန်းပါစေ သူငယ်ချင်းရေ...။
(Ichiro Nyanmyokyaw)

No comments:

Post a Comment