Friday, 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၃)

သူငယ်ချင်း...၊
ငါရေးတဲ့စာတွေကို မင်းတစ်ယောက်တည်း ဖတ်ရတာ အားမရလို့ မင်းရဲ့လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေကိုပါ ပေးဖတ်လိုက်တယ်လို့ မင်းရေးတဲ့စာထဲမှာ ဖတ်ရတဲ့အတွက် ငါ့အနေနဲ့ ဘယ်လောက်တောင် ပျော်ရွှင်ကျေနပ်ရတယ်ဆိုတာ ဖော်ပြဖို့ စကားလုံးတောင် ရှာမရပါဘူးကွာ။ အထူးသဖြင့် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ငါ့စာတွေကိုဖတ်ပြီး အိုင်ယူဂျေမှာတောင် ကျောင်းသွားတက်ချင်လာပြီလို့ ပြောကြတယ်လို့ သိရတဲ့အတွက် ငါ့မှာလေ ၀မ်းသာရမယ့်အစား ငါရေးခဲ့တဲ့စာတွေဟာ ငါတက်နေတဲ့ ကျောင်းကို အတင်းအဓမ္မ အကောင်းပြောသလို ဖြစ်နေသလား၊ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်အောင် လုပ်ကြံပြီး ရေးနေမိခဲ့လေသလားလို့ ပြန်စိစစ်နေမိတယ်။ လောကဓမ္မတာ ထုံးစံအတိုင်း နေရာတိုင်းမှာ အကောင်းတွေရှိသလို အဆိုးတွေလည်း ရှိကြပါတယ်ကွာ။ ဒါပေမယ့် ဒီတက္ကသိုလ်မှာ ပညာသင်ရတဲ့ ၂ နှစ်တာ ကာလအတွင်းလေးမှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ၊ စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေဆိုတာဟာ ငါပြောပြခဲ့တဲ့ အမှတ်တရဖြစ်ဖွယ်၊ ကျေနပ်ကြည်နူးဖွယ် အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဘာမျှ ပြောပလောက်စရာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ အပြစ်ပြောတယ်ဆိုတာ ဘာခက်တာမှတ်လို့ကွာ...။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တဲ့ ကိစ္စတိုင်းကို မကောင်းဘူး၊ မဖြစ်သင့်ဘူး၊ လက်မခံနိုင်ဘူးဆိုတဲ့ စိတ်ထားနဲ့သာ နေထိုင်မယ်ဆိုရင် ငါတို့တက္ကသိုလ်မှ မဟုတ်ပါဘူးကွာ... ဒီလောကကြီးတစ်ခုလုံးဟာ နေစရာရှိမှာ မဟုတ်ပါဘူး။ အဲဒီတော့ အကောင်းမြင်စိတ်လေးနဲ့ပဲ ကြုံတွေ့လာသမျှ ဘ၀အခက်အခဲတွေကို ရင်ဆိုင်ခြင်းကသာလျှင် အဓိပ္ပါယ်ရှိတဲ့ လူ့ဘ၀လို့ ငါက ခံယူမိတယ်။ ငါရေးခဲ့တဲ့ စာတွေထဲမှာ ကြိုကြားကြိုကြား ဆိုသလိုပဲ အချို့သော အဆင်မပြေမှုလေးတွေ၊ သဘောမကျစရာလေးတွေကို ထည့်ရေးခဲ့တယ်လို့ ငါမှတ်မိနေတယ်။ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဓလေ့စရိုက်ပေါင်းစုံ၊ ဘာသာစကားပေါင်းဆုံ၊ ယုံကြည်မှုပေါင်းစုံ ဆုံတွေ့ကြတဲ့ ဒီလိုနေရာတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူကြတာတွေ၊ ပဋိပက္ခဖြစ်ကြတာတွေ၊ နှာခေါင်းရှုံ့ရတာတွေလည်း ရှိကြတာ အသေအချာပေါ့ကွာ။ ဒါပေမယ့် တစ်ဦးရဲ့ ဓလေ့စရိုက်ကို တစ်ဦးက နားလည်ပေးပြီး ကောင်းကွက်လေးတွေကို မြင်တတ်ကြည့်တတ်မယ်ဆိုရင် အင်မတန်မှ ပျော်စရာကောင်းတဲ့ နေရာကြီးပါကွာ။ ငါတို့အနေနဲ့ ကမ္ဘာတစ်ဝန်းကို ခရီးမသွား၊ လေယာဉ်မစီး၊ ရထားမစီး၊ ကားမစီး၊ သင်္ဘောမစီးဘဲ နိုင်ငံတကာက ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခင်မင် ရင်းနှီးကျွမ်းဝင်ခွင့်ရတာ ဘယ်လောက်ထူးတဲ့ ကုသိုလ်လဲကွာ။ တက္ကသိုလ်မှာ ၂ နှစ်တာကာလ ပညာသင်ပြီးလို့ ကိုယ့်မိခင်နိုင်ငံတွေကို ပြန်သွားကြတဲ့အခါ ဒီမှာဆုံခဲ့တဲ့ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ ဘယ်အချိန်မှ ပြန်ဆုံကြတော့မယ်ဆိုတာ မသိနိုင်ကြဘူးလေ။ နောက်ထပ်တစ်ခု ငါတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုကတော့ မင်းအနေနဲ့ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ဖြစ်စေ၊ အပျော်ခရီးဖြစ်စေ အခြားနိုင်ငံတွေကို ခရီးသွားရတဲ့အခါ IUJ မှာ ခင်မင်လာတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဆက်သွယ်ဆောင်ရွက်နိုင်တာပါပဲ။ ကံအကြောင်းမလှစွာဘဲ သူတို့ကိုယ်တိုင် လိုက်ပါပို့ဆောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိတောင်မှ အဲဒီနိုင်ငံတွေကို သွားဖို့အတွက် ဘာတွေလိုအပ်တယ်၊ ဘယ်နေရာတွေ သွားလည်သင့်တယ်၊ ဘယ်စားသောက်ဆိုင်ကို သွားစားကြည့်၊ ဘယ်သူ့ကို ဆက်သွယ်အကူအညီတောင်းပါ သူပြောထားပေးပါ့မယ်၊ စတဲ့ စတဲ့ အထောက်အပံ့တွေကို ရနိုင်တယ်ကွ။ ဒီလို အခွင့်အရေးဆိုတာ အိုင်ယူဂျေ တက္ကသိုလ်မှာ တက်ခဲ့လို့သာ ရနိုင်တာလို့ ငါက ရဲရဲဝံ့ဝံ့ ဆိုချင်တယ်။ ငါပြောဖို့ မေ့နေတာတစ်ခုက ဒီတက္ကသိုလ်မှာ လာတက်ကြတဲ့ ကျောင်းသားအများစုဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ၀န်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။ အချို့ကျောင်းသားတွေဆိုရင် သူတို့နိုင်ငံက ၀န်ကြီးဌာနတွေမှာ ညွှန်ကြားရေးမှူး အဆင့်တွေ ဖြစ်ကြတယ်။ အေးကွာ.. ငါကိုယ်တိုင်ကပဲ ဒီတက္ကသိုလ်အပေါ် ချစ်မြတ်နိုးစိတ်နဲ့ အကောင်းမြင်လွန်းနေသလား မသိပါဘူးကွာ။ ဆက်ပြောရင်လည်း ငါတက်နေတဲ့ တက္ကသိုလ်ကို ငါကပဲ ကြော်ငြာနေသလို ဖြစ်နေမှာမို့ မပြောတော့ပါဘူးကွာ။ မင်းလာတက်တဲ့အခါ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရတဲ့ အခါကျရင် ငါ့ကို သေချာပေါက် အပြစ်တင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငါရေးခဲ့သမျှ စာတွေဟာ ဒီတက္ကသိုလ်ကြီးရဲ့ ဂုဏ်အင်္ဂါတွေ၊ ကောင်းကွက်တွေ၊ ချစ်ခင်နှစ်သက်ဖွယ်ရာတွေကို မီဖို့နေနေသာသာ ခပ်ရေးရေး ပီပြင်အောင်တောင် မရေးနိုင်လို့ပေါ့။ ငါ့စာကို နိဂုံးချုပ်ရမယ်ဆိုရင် IUJ ဟာ ငါတို့အတွက် ပညာသင်ကြားရာ နေရာတစ်ခုသက်သက် မဟုတ်ဘဲ နိုင်ငံတကာက ညီအစ်ကိုမောင်နှမတွေ တွေ့ဆုံကြကာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့စရိုက်၊ ယုံကြည်မှု၊ ထုံးတမ်းစဉ်လာတွေ အပြန်အလှန် ဖလှယ်ကြပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုကို စုပေါင်းတည်ဆောက်ထားကြတဲ့ နေရာတစ်ခုလို့ ညွှန်းပါရစေ။ ငါ့စကားဟာ အရမ်းကို အတိသယ၀ုတ္တိ ဆန်သွားခဲ့ရင် ထုံးစံအတိုင်း ပြုံးပြုံးကြီးနဲ့ ငါ့စာကိုဖတ်ရင်း စိတ်ထဲကနေ "ဒီကောင်ကတော့ သိပ်ပြောတတ်တဲ့ကောင်ပဲ" လို့ ရေရွတ်ရင်း နားလည်ပေးပါဦးကွာ။ အစစအရာရာ အဆင်ပြေပါစေ။
( Ichiro Nyanmyokyaw @ IUJ ) 

No comments:

Post a Comment