Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၃၂)

သူငယ်ချင်း...၊
မင်းရေးလိုက်တဲ့စာကို မနေ့က ရပါတယ်။ မင်းဆီကို ရေးခဲ့တဲ့စာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်စကား ဆိုတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ရတယ်။ မင်းရေးလိုက်တဲ့စာထဲမှာ ဖတ်ရတဲ့ မေးခွန်းအချို့ကို အနှစ်ချုပ်လိုက်တဲ့အခါ မင်းအနေနဲ့ ဒီတက္ကသိုလ်မှာ သွားလာနေထိုင် စားသောက်ရမယ့် အခြေအနေတွေကို သိချင်နေတယ်လို့ ကောက်ချက်ချမိတယ်။ အဲဒါကြောင့် ငါတို့တွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနေကြရတဲ့ ဘ၀ရုပ်ပုံလွှာတွေကို မင်းသိရအောင် အနည်းအကျဉ်း ပြောပြချင်ပါတယ်။ မင်းသိချင်တာတွေနဲ့ ငါအခုရေးလိုက်တာတွေ လွဲချော်နေတယ် ဆိုခဲ့ရင်လည်း ပြန်ပြောပေါ့ကွာ။

ပထမဆုံးပြောပြချင်တဲ့ အကြောင်းအရာကတော့ သင်တန်းတက်ထောက်ပံ့ကြေးကိစ္စပေါ့ကွာ။ မင်းက မမေးပေမယ့် သိသင့်တယ်ထင်လို့ ပြောပါရစေ။ ငါတို့တွေ ဒီမှာနေထိုင် ပညာသင်ယူနေတဲ့ ကာလအတွင်း အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံးက စပွန်ဆာတွေကပေးတဲ့ ပညာသင်ထောက်ပံ့ကြေးပဲ မဟုတ်လား။ စပွန်ဆာတွေရဲ့ ထောက်ပံ့မှုသာ မရှိခဲ့ရင် ကျောင်းစရိတ် အင်မတန်ကြီးမြင့်တဲ့ ဒီလိုတက္ကသိုလ်ကြီးမှာ ငါတို့လို ၀န်ထမ်းတွေ လာတက်ဖို့ဆိုတာ အိပ်မက်တောင် မက်ဝံ့တဲ့ကိစ္စတွေ မဟုတ်ပါဘူးကွာ။ စပွန်ဆာပေးတဲ့ အဖွဲ့အစည်းအပေါ် မူတည်ပြီးတော့ ပညာသင်ဆုရတဲ့ ကျောင်းသားတွေကိုပေးတဲ့ ထောက်ပံ့ကြေးတွေကလည်း မတူညီကြဘူးကွ။ ငါသိသလောက် ဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ထောက်ပံ့နေတဲ့ အဖွဲ့အစည်းအချို့ကတော့ World Bank, IMF, ADB, JICA, JDS, Nippon Foundation, AEON, Mitsubishi UFJ, စသဖြင့်ပေါ့ကွာ။ ငါတို့တက္ကသိုလ် IUJ အနေနဲ့လည်း သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီသူတွေကို ပညာသင်ဆု ပေးနေတာတွေ ရှိပါတယ်။ ဘယ်အဖွဲ့အစည်းက ပညာသင်ထောက်ပံ့ကြေး ဘယ်လောက်ပေးတယ်ဆိုတာကို ပမာဏအနေနဲ့ အတိအကျ ငါမပြောနိုင်ပါဘူး။ တချို့လည်း ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းက တစ်ခုတည်းဖြစ်ပေမယ့် နိုင်ငံတွေအပေါ် မူတည်ပြီးတော့ ထောက်ပံ့ကြေးပမာဏ မတူညီကြတာတွေလည်း ရှိတတ်ပါတယ်။ ငါတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းသားတွေကိုတော့ ပညာသင်ထောက်ပံ့ကြေး အပြည့်အ၀ ပေးလေ့ရှိပါတယ်။ လက်ရှိတက်နေတဲ့ ငါတို့တွေကို ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းနဲ့ သူငယ်ချင်းတို့ အဖွဲ့တွေကို ပညာသင်ဆုပေးမယ့် အဖွဲ့အစည်းဟာ မတူညီဘူးလို့ ငါသိထားတယ်။ အဲဒီတော့ ငါတို့ရတဲ့ ပညာတော်သင် ထောက်ပံ့ကြေးနဲ့ မင်းတို့ရတာလည်း တူညီကြမယ် မထင်ဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဒီနိုင်ငံ၊ ဒီတက္ကသိုလ်မှာ ပညာသင်ယူနေစဉ် ကာလအတွင်း မင်းအတွက် မပူမပင်၊ မကြောင့်မကြ၊ အဆင်ပြေပြေနဲ့ နေထိုင်စားသောက် သွားလာလှုပ်ရှားလို့ရအောင် သင့်တင့်လောက်ငှတဲ့ ထောက်ပံ့ကြေး ပေးမယ်ဆိုတာပါပဲ။ ငါမြင်သလောက်ကတော့ ပညာတော်သင် ထောက်ပံ့ကြေး မလောက်မငှဖြစ်ပြီး အခက်အခဲကြုံနေရတဲ့ နိုင်ငံခြားကျောင်းသားရယ်လို့ မတွေ့မိသေးပါဘူး။ အချို့သော ဂျပန်ကျောင်းသားတွေမှာတော့ အဲဒီလို အခက်အခဲတွေ ရှိတတ်ကြတယ်။ သူတို့တွေကို ပညာတော်သင် ထောက်ပံ့ကြေး အပြည့်အ၀ပေးတဲ့ အဖွဲ့အစည်းဆိုတာ အင်မတန်ရှားပါးကြသလို၊ ဂျပန်ကျောင်းသားတစ်ယောက် ပညာတော်သင်ဆု ရဖို့ဆိုတာလည်း အင်မတန် ခက်ခဲတယ်ကွ။ တစ်ခါတလေတော့လည်း ငါတွေးကြည့်မိတယ်။ သူတို့တွေရဲ့ အခွန်ငွေတွေနဲ့ ငါတို့တွေလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းသားတွေက ပညာတော်သင်တွေအဖြစ် အဆင်ပြေပြေ ပညာသင်နေကြတယ်။ သူတို့ကိုယ်တိုင်ကျတော့ ပညာသင်ကြားခွင့် ရဖို့အရေး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာ တရားနည်းလမ်းမှ ကျရဲ့လားလို့ပါ။

ပညာသင်ထောက်ပံ့ကြေးကို ဘယ်လိုပေးသလဲဆိုတော့ ကျောင်းသားတွေရဲ့ ဘဏ်အကောင့်တွေထဲကို သတ်မှတ်ချိန်အတိုင်း လွှဲပေးတာပါပဲ။ ငါတို့တွေရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ မင်းတို့အတွက် ဘဏ်တစ်ခုခုမှာ စာရင်းဖွင့်ပေးထားပြီး ဘဏ်ကဒ်တစ်ခု ထုတ်ပေးထားတယ်။ လစဉ်ပညာသင်ထောက်ပံ့ကြေးကို အဲဒီစာရင်းတွေထဲကို လွှဲပေးမယ်။ မင်းတို့တွေက အဲဒီဘဏ်ကဒ်နဲ့ ထုတ်ယူကြပေါ့။ ဒီတက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေအနေနဲ့ အဆောင်ခတွေနဲ့ အခြားအသုံးစရိတ်တွေ ပေးသွင်းနိုင်ဖို့ ငါတို့မြို့လေးမှာရှိတဲ့ HOKUETSU ဘဏ်ခွဲမှာ ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ထားရတယ်။ အဲဒီကိစ္စကိုလည်း ကျောင်းကနေပဲ စီစဉ်ဆောင်ရွက်ပေးပါတယ်။ မင်းတို့တွေ ဒီတက္ကသိုလ်ရောက်ပြီး ၂ ပတ်လောက်ကြာရင် အဲဒီဘဏ်မှာ မင်းတို့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေရယ်၊ မင်းအသုံးပြုရမယ့် Cash Card ရယ် ထုတ်ပေးပါလိမ့်မယ်။ အနှစ်ချုပ်လိုက်ရင် မင်းအနေနဲ့ ဘဏ်ကဒ် ၂ ခု ကိုင်ဆောင်အသုံးပြုရလိမ့်မယ်။ တစ်ခုက မင်းနဲ့ မင်းကို ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးမယ့်ဟာဖြစ်ပြီး နောက်တစ်ခုကတော့ မင်းနဲ့ ဒီတက္ကသိုလ်နဲ့ ချိတ်ဆက်လုပ်ဆောင်ရမယ့်ဟာ ဖြစ်တယ်။ ဘဏ်ကဒ်တွေ ရှိတာတော့ ဟုတ်ပါပြီ... အဲဒါတွေကို ဘယ်နေရာတွေမှာ သုံးလို့ရမလဲ၊ ထုတ်လို့ရမလဲဆိုတော့ ငါတို့တက္ကသိုလ်ဝန်းထဲမှာတင် ATM စက်တစ်ခု ရှိသလို စတိုးဆိုင်ကြီးတွေမှာလည်း အဲလိုစက်တွေ ရှိတတ်ပါတယ်။ စာနဲ့ရေးပြ၊ ရှင်းပြနေလို့သာ နည်းနည်းလေး ရှုပ်နေတာပါ။ မင်းရောက်တဲ့အခါ တစ်ခါလောက် နမူနာအနေနဲ့ ငွေထုတ်/ငွေသွင်း လုပ်ပြလိုက်ရင် ဘာမှခက်လှတာ မဟုတ်ပါဘူး။ မင်းအနေနဲ့ ကြိုတင်သိရှိအောင်သာ ရှင်းပြရခြင်းပါ။

ဒုတိယတစ်ခုအနေနဲ့ အဆောင်မှာ ဘယ်လိုနေထိုင် ချက်ပြုတ်စားသောက်ကြသလဲ ဆိုတာလေးကို အမြည်းသဘော ပြောပြချင်တယ်။ အဆောင် ဘယ်နှခုရှိတယ်၊ အခန်းတွင်းမှာ ဘယ်လိုအသုံးအဆောင်တွေ ထည့်သွင်းပေးထားတယ် စတဲ့အကြောင်းအရာတွေကိုတော့ ငါပြောပြခဲ့ပြီးဖြစ်ပြီး ထပ်ပြီးမပြောလိုတော့ပါဘူး။ အရင်ဆုံး မင်းအခန်းသန့်ရှင်းရေးအတွက် စဉ်းစားကြည့်ရအောင်။ အဆောင်တွေအားလုံးရဲ့ အထပ်တိုင်းမှာ ဖုန်စုပ်စက် တစ်လုံးစီ ထားရှိပေးထားတယ်။ မင်းအနေနဲ့ ကြိုက်တဲ့အချိန်မှာ ယူသုံးနိုင်ပြီး သတ်မှတ်ထားတဲ့နေရာကို ပြန်ထားပေးဖို့ပဲဖြစ်တယ်။ အဆောင်တိုင်းမှာ မီးဖိုချောင်တစ်ခု၊ ဧည့်ခန်းမ/နားနေခန်း၊ အမှိုက်ပစ်ခန်း၊ ဆေးလိပ်သောက်ရန်နေရာ၊ အ၀တ်လျှော်စက်၊ အခြောက်ခံစက်၊ အလိုအလျောက် အရောင်းစက် စတာတွေ ရှိကြတယ်။ ဧည့်ခန်းမတွေမှာ ရုပ်မြင်သံကြားစက်တွေ ထားရှိပေးထားတယ်။ အမှိုက်ပစ်ခန်းမှာတော့ အမှိုက်တွေကို ခွဲခြားစွန့်ပစ်နိုင်ဖို့ အမှိုက်ပုံးတွေ ထားရှိပေးထားတယ်။ ပုလင်းလို၊ သံဗူးလို အမှိုက်တွေကို သီးသန့်စွန့်ပစ်ရပြီး အခြားသော လောင်ကျွမ်းနိုင်တဲ့ အမှိုက်တွေကိုတော့ သီးခြားစွန့်ပစ်ရတယ်။ မီးဖိုခန်းတိုင်းမှာ ရေခဲသေတ္တာတွေ၊ ထမင်းပေါင်းအိုးတွေ တင်ဆောင်ချက်ပြုတ်နိုင်ဖို့ စားပွဲစင်တွေ၊ အသား/ငါး ကင်နိုင်တဲ့ အကင်စက်၊ ဟင်းနွှေးနိုင်မယ့် မိုက်ခရိုဝေ့ဗ်မီးဖိုတွေ၊ တစ်ရှူးလိပ်အကြီးတွေ၊ ထမင်းစားစားပွဲနဲ့ ထိုင်ခုံတွေ ထားရှိပေးထားတယ်။

ထမင်းပေါင်းအိုးကို မင်းဘာသာမင်း ၀ယ်ရမယ်။ မင်းကြိုက်တဲ့ဟာ မင်းဝယ်ပေါ့ကွာ။ ထမင်းများများတည်ချင်ရင် ပေါင်းအိုးကြီးကြီးဝယ်၊ ထမင်းစားနည်းတယ် ဒါမှမဟုတ် စားခါနီးမှချက်ပြုတ်ပြီး ပူပူနွေးနွေး စားချင်တယ်ဆိုရင်တော့ ခပ်သေးသေးဝယ်ပေါ့။ အဲဒီအိုးကို ဘယ်မှာတည်လို့ ရသလဲဆိုတော့ မင်းကြိုက်တဲ့နေရာမှာ တည်လို့ရတယ်။ မင်းအခန်းမှာ သုံးလို့ရသလို၊ မီးဖိုခန်းထဲမှာလည်း သုံးလို့ရတယ်။ ကျောင်းသားအများစုက မီးဖိုခန်းမှာပဲ အသုံးပြုကြတယ်။ ဘာကြောင့်လဲဆိုတော့ မင်းအခန်းမှာ မင်းချက်တယ်ဆိုရင် မီတာယူနစ် တက်နေမှာဖြစ်ပြီး လကုန်လို့ အဆောင်ခထွက်လာရင် လျှပ်စစ်ဓာတ်အား အသုံးပြုခက အများကြီးပေးနေရမှာပေါ့။ အဲဒီတော့ မင်းရဲ့ ထမင်းပေါင်းအိုးကို မီးဖိုခန်းထဲမှာ အသုံးပြုတာဟာ အကောင်းဆုံးပါပဲ။ မင်းရဲ့ ထမင်းပေါင်းအိုးမှာ မင်းရဲ့ နာမည်လေးလည်း ကပ်ထားချင်မှာပေါ့။ မင်းဘာသာမင်း လုပ်စရာ မလိုပါဘူး။ Housekeeper ရုံးခန်းမှာ မင်းရဲ့ကျောင်းသားနံပါတ်နဲ့ အဆောင်နံပါတ်၊ အခန်းနံပါတ်ပြောပြီး စတစ်ကာ ထုတ်ခိုင်းလို့ရပါတယ်။ စောစောကပြောတဲ့ မင်းရဲ့ အချက်အလက်တွေကို မေးမြန်းပြီး ၂ မိနစ်လောက်အတွင်းမှာ မင်းရဲ့ထမင်းအိုးမှာ ကပ်ဖို့အတွက် နာမည်၊ အဆောင်နံပါတ်၊ အခန်းနံပါတ်ပါတဲ့ စတစ်ကာတစ်ခု ထုတ်ပေးပါလိမ့်မယ်။ ပိုက်ဆံပေးစရာ မလိုပါဘူး။

မီးဖိုခန်းထဲမှာ ရေခဲသေတ္တာတွေ ရှိတဲ့အကြောင်း အပေါ်မှာ ငါပြောခဲ့တယ်နော်။ အသား/ငါးတွေကို ရေခဲရိုက် ခဲထားနိုင်မယ့် ရေခဲသေတ္တာတစ်ခုနဲ့ အသီးအရွက်နဲ့ အခြားအရာတွေ သိမ်းဆည်းသိုလှောင်နိုင်မယ့် ရေခဲသေတ္တာတစ်ခု ထားရှိပေးထားတယ်။ ကျောင်းသားတွေ ဒီလောက်အများကြီးပဲဟာ... သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်း ဘယ်လိုခွဲကြမလဲလို့ တွေးပူနေသလား။ မပူပါနဲ့ကွာ။ သူ့စနစ်နဲ့သူ ရှိပြီးသားပါ။ မင်းအနေနဲ့ အဲဒီရေခဲသေတ္တာတွေထဲမှာ မင်းရဲ့ပစ္စည်းတွေ သိမ်းဆည်းချင်တဲ့အခါ ဒီအတိုင်း သိမ်းဆည်းလို့မရဘူး။ သတ်မှတ်ထားတဲ့ စာရွက်ပုံစံလေးမှာ မင်းရဲ့နာမည်၊ မင်းသိမ်းဆည်းတဲ့ရက်စွဲ စတာတွေ ဖြည့်စွက်ပြီး မင်းရဲ့ပစ္စည်းမှာ တိပ်နဲ့ကပ်ပြီးမှ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းလို့ရတယ်။ အဲဒီလို မကပ်ထားရင် ဘာဖြစ်မလဲဆိုတော့ နေ့စဉ်သန့်ရှင်းရေးလုပ်တဲ့ ၀န်ထမ်းတွေက နာမည်ကပ်မထားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မှာပေါ့ကွာ။ အဲဒီလို ဖြည့်စွက်ရမယ့် စာရွက်ပုံစံလေးတွေရယ်၊ ဘောလ်ပင်ရယ်၊ ကပ်ရမယ့် တိပ်ခွေရယ်ကို ရေခဲသေတ္တာတွေဘေးမှာ အဆင်သင့် ချထားပေးပါတယ်ဗျာ။ အဲလောက်ဆို မင်းသဘောပေါက်မယ် ထင်ပါတယ်။ မီးဖိုခန်းထဲက မီးဖိုတွေကို ဘယ်အချိန် သုံးလို့ရသလဲဆိုတော့ နေ့စဉ် သန့်ရှင်းရေးလုပ်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန် ၂၄ နာရီ အသုံးပြုနိုင်ပါတယ်။ ပန်းကန်ဆေးစင်မှာ ရေပူ၊ ရေအေး နှစ်မျိုးလုံး အသုံးပြုနိုင်ပြီး ၂၄ နာရီ သုံးနိုင်ပါတယ်။ စားကြွင်းစားကျန်တွေ၊ အမှိုက်သရိုက်တွေ စွန့်ပစ်ဖို့အတွက်လည်း မီးဖိုခန်းတွေထဲမှာ အမှိုက်ပုံးအကြီးတွေ ချထားပေးထားပါတယ်။ မီးဖိုတွေ၊ စားပွဲတွေ၊ ရေခဲသေတ္တာတွေ၊ အမှိုက်ပုံးတွေကို သန့်ရှင်းရေးဝန်ထမ်းတွေက နေ့စဉ် သန့်ရှင်းရေး လုပ်ပေးပါတယ်။

အ၀တ်လျှော်စက်တွေနဲ့ အခြောက်ခံစက်တွေကို သီးသန့်အခန့်တစ်ခု ပြုလုပ်ပေးထားတတ်တယ်။ ဆပ်ပြာမှုန့်ကိုတော့ မင်းကြိုက်တဲ့ဟာ မင်းဝယ်သုံးပေါ့ကွာ။ အ၀တ်လျှော်စက်ထဲကို မင်းလျှော်ချင်တဲ့ အ၀တ်တွေနဲ့ ဆပ်ပြာမှုန့်ထည့်ပြီး လျှော်နိုင်ပါတယ်။ ဒါပေမယ့် ဒီအတိုင်းတော့ မဟုတ်ဘူး။ မင်းအနေနဲ့ ယန်း ၁၀၀ တန် အကြွေစေ့လေးတစ်စေ့ ထည့်ပေးဖို့တော့ လိုတာပေါ့ကွာ။ အဆောင်-၂ နဲ့ အဆောင်-၃ မှာရှိတဲ့ အ၀တ်လျှော်စက် အကြီးတွေမှာဆိုရင်တော့ ယန်း ၁၀၀ တန် အကြွေစေ့ ၂ စေ့ ထည့်ပေးဖို့ လိုအပ်တယ်ကွ။ အဲဒီစက်တွေမှာဆိုရင် တစ်ချိန်တည်းမှာ အ၀တ်အစား အများကြီး ထည့်လျှော်နိုင်တာကိုး။ အ၀တ်လျှော်စက်တွေဟာ ပျမ်းမျှအားဖြင့် မိနစ် ၃၀ လောက် ကြာမြင့်တတ်တယ်။ လျှော်ပြီးတဲ့အခါ အဲဒီအ၀တ်တွေကို အခြောက်ခံချင်မှာပဲ မဟုတ်လား။ အခြောက်ခံစက်ထဲကို ပြောင်းထည့်လိုက်ပေါ့။ ဒါပေမယ့် ဒီအတိုင်းတော့ ဘယ်အလုပ်လုပ်လိမ့်မလဲ။ သူ့ကိုလည်း ယန်း ၁၀၀ တန် အကြွေစေ့လေး ထည့်ပေးဖို့ လိုအပ်တယ်။ အဲဒီလို ထည့်ပြီးရင်တော့ မိနစ် ၂၀ လောက် အခြောက်ခံစက်ထဲမှာ မွှေနေလိမ့်မယ်။ ကဲ... ဘယ်လောက်များ အဆင်ပြေလိုက်သလဲ။ မင်းအနေနဲ့ အ၀တ်အစားတွေကို ယန်း ၂၀၀ လောက် အကုန်ခံပြီး တစ်နာရီလောက်အတွင်းမှာ လျှော်နိုင်၊ အခြောက်ခံနိုင်တယ်လေကွာ။

အဆောင်တိုင်းမှာ ပစ္စည်းသယ်တွန်းလှည်းလေးတွေ ထားရှိပေးထားတယ်။ အလေးအပင် ပစ္စည်းတွေကို မင်းနေတဲ့အဆောင်ကနေ အခြားနေရာ တစ်ခုခုကို ရွှေ့ပြောင်းချင်တဲ့အခါ အဲဒီတွန်းလှည်းလေးတွေကို အသုံးပြုနိုင်တယ်။ သုံးပြီးတဲ့ အချိန်ကျရင်တော့ သတ်မှတ်ထားတဲ့ နေရာမှာ ပြန်ထားပေးပေါ့ကွာ။ အဆောင်တိုင်းမှာ ဆေးလိပ်သောက်ဖို့ လုပ်ပေးထားတဲ့ သီးသန့်နေရာလေးတွေ ရှိတယ်။ ထိုင်ခုံလေးတွေနဲ့ ဆေးလိပ်အစီခံ စွန့်ပစ်နိုင်တဲ့ ပုံလေးတွေ ချပေးထားတယ်။ ဒါ့အပြင် အဆောင်တိုင်းရဲ့ မြေညီထပ်တွေမှာ vending-machine လို့ခေါ်တဲ့ အရောင်းစက်လေးတွေ ထားရှိပေးထားတယ်။ မင်းအနေနဲ့ ဘီယာဗူး၊ ကိုကာကိုလာ၊ လဘက်ရည်ကြမ်း၊ လိမ္မော်ရည် စတဲ့ အအေး/ဘီယာတွေကို ၂၄ နာရီ ၀ယ်ယူသုံးဆောင်နိုင်တယ်။ ခြွင်းချက်အနေနဲ့ ပြောစရာဆိုလို့ ခေါက်ဆွဲခြောက်ဗူးတို့၊ အာလူးကြော်ထုပ်တို့ ၀ယ်ယူနိုင်တဲ့ food machine တွေဟာ အဆောင်-၂ နဲ့ အဆောင်-၃ မှာပဲရှိတာရယ်.... ဘိလိယက်ခန်းမဟာ အဆောင်-၂ တစ်ခုတည်းမှာပဲ ရှိတာရယ်... ကြိုက်တဲ့အချိန် ရေခဲတုံးယူနိုင်တဲ့ ice machine ဟာ အဆောင်-၃ တစ်ခုတည်းမှာပဲ ရှိတာရယ်... ၃ ထပ်ဆောင်ဖြစ်တဲ့ အဆောင်-၁ မှာ ဓာတ်လှေကား မရှိတာရယ်... အပတ်စဉ် အင်္ဂါနေ့တိုင်း မင်းအခန်းမှာ ငှားရမ်းထုတ်ပေးထားတဲ့ ခေါင်းအုံးစွပ်၊ စောင်စွပ်၊ အိပ်ရာခင်းတွေကို အသစ်လဲလှယ်နိုင်တာရယ်... ဒီလောက်ပဲ ပြောစရာရှိပါတယ်။

မင်းမျက်လုံးထဲမှာ ကြိုတင်ပုံဖော် စိတ်ကူးယဉ်ကြည့်နိုင်အောင် ရေးပြလိုက်တာပါ။ မင်းကိုယ်တိုင် ဒီရောက်တဲ့အခါ ကြုံရတွေ့ရမှာတွေ့မို့ ကြိုတင်သိထားရင် မစိမ်းတော့ဘူးလားလို့ပါ။ မင်းတို့တွေ ရောက်လာမယ့်ရက်တောင် အတော်နီးလာပြီနော်။ အချိန်တွေကလည်း ကုန်တာမြန်လိုက်ပါဘိ။ အဲဒါကြောင့်လည်း အချိန်တွေကို ပျံသန်းတယ်လို့ တင်စားသုံးနှုန်းကြတာဖြစ်မယ်။ ဂျပန်မြေကို ခြေချတာ တစ်နှစ်ပြည့်တော့မယ့် ငါတောင်မှ မနေ့တစ်နေ့ကမှ ဒီတက္ကသိုလ်ကို ရောက်လာသလိုမျိုး ခံစားနေရသေးတာပဲလေ။ နောက်စာတွေကျမှ တွေ့ကြသေးတာပေါ့။
(Ichiro Nyanmyokyaw @ IUJ)

No comments:

Post a Comment