Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၇)

သူငယ်ချင်း...၊
ဒီတစ်ခါတော့ "နိုင်ငံတကာအဖွဲ့အစည်းများ" (International Organizations) ဘာသာရပ်နဲ့ပတ်သက်ပြီး ပြောပြချင်မိတယ်။ သင်ကြားပို့ချသူကတော့ ပါမောက္ခ ကူမာဂအိ (Prof. Kumagai) ဖြစ်တယ်။ သူ့အကြောင်းကိုတော့ "နိုင်ငံတကာနိုင်ငံရေး" (International Politics) ဘာသာရပ်အကြောင်း ပြောပြစဉ်တုန်းက မိတ်ဆက်ပြောကြားခဲ့ပြီးဖြစ်လို့ မင်းအနေနဲ့ မှတ်မိလိမ့်မယ်၊ ရင်းနှီးနေလိမ့်မယ်လို့ ငါထင်တယ်။ ဒီနေ့ခေတ်အချိန်အခါမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို ပြောပြဖို့မလိုအောင် မင်းသိပြီးသားမို့ ဇာချဲ့မနေချင်ပါဘူး။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံအကြောင်း ပြောကြပြီဟေ့ဆိုရင် IO တွေအကြောင်း ထည့်မပြောဘဲ နေလို့ကို မဖြစ်တော့ဘူးလို့ ဆိုရမယ်ထင်ပါရဲ့။ အဲဒီလိုဆိုတော့ အဲဒီအဖွဲ့အစည်းတွေအကြောင်း ငါတို့တွေအနေနဲ့ သေသေချာချာ၊ ရေရေရာရာ သိရှိနားလည်ဖို့ လိုအပ်တယ်မဟုတ်လား။ သူတို့ရဲ့ ဖွဲ့စည်းပုံကဘယ်လိုလဲ၊ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လိုရပ်တည်ဆောင်ရွက်နေသလဲ၊ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ၊ နောက်ကွယ်ကနေ ကူညီထောက်ပံ့နေတာ၊ ကြိုးကိုင်ခြယ်လှယ်နေတာ ရှိနေသလား၊ ဘယ်လိုအကြောင်းအရာမျိုးတွေမှာ အဲဒီအဖွဲ့အစည်းတွေက ပါဝင်ပတ်သက်ကြသလဲ၊ သူတို့နဲ့ အစိုးရတွေအကြား ဘယ်လိုဆက်ဆံဆောင်ရွက်ကြသလဲ၊ စသဖြင့် စသဖြင့်ပေါ့ကွာ။ ငါတို့ပါမောက္ခ ကိုယ်တိုင်က အဖွဲ့အစည်းတွေနဲ့ပတ်သက်ရင် စိတ်ဝင်စားသူ၊ ကျွမ်းကျင်သူဆိုတော့ ငါတို့တွေကို စိတ်ဝင်စားအောင် သင်ကြားပေးနိုင်ရုံမဟုတ်ဘူး၊ ငါတို့သိချင်တဲ့ မေးခွန်းတွေကိုလည်း ကျေနပ်လောက်အောင် ပြန်လည်ဆွေးနွေးပေးနိုင်တယ်ကွ။

သင်တန်းကာလအတွင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ငါတို့တွေ သင်ကြားရတဲ့ အကြောင်းအရာတွေကို ကြည့်ကြရအောင်ကွာ...။
  • Changing World Politics, Global Governance, and International Organizations: Historical Context of International Organizations
  • Anarchy and Collective Action - Why do states cooperate? (Part I. Functionalism, Neo-Functionalism, Rationalist Institutionalism)
  • Why do states cooperate? (Part II. Idea, Power, and Institutions)
  • Regionalism and Processes of IOs (Program development, Monitoring, Evaluation; Finalcial management; Human Resources)
  • The performance of International Organizations Part 1 (Collective Security, Peacekeeping Operations)
  • The performance of International Organizations Part 2
  • The performance of International Organizations Part 3 (Economic development, International Aid, International Financial Stability)
  • The performance of International Organizations Part 4 (Free trade - the World Trade Organization)
  • Non-Governmental Organizations and Transnational Relations

သင်ကြားပုံနည်းစနစ်ကတော့ နိုင်ငံတကာနိုင်ငံရေးဘာသာရပ်အကြောင်း ပြောပြတုန်းက ရှင်းပြခဲ့တဲ့ ပုံစံအတိုင်းပါပဲကွာ။ အိမ်စာဖတ်ဖို့အတွက် ဆောင်းပါးတွေ၊ စာအုပ်တွေ သတ်မှတ်ပေးမယ်။ စာသင်ခန်းမှာ လက်ချာပေးမယ်၊ အလျဉ်းသင့်သလို မေးခွန်းမေးမယ်၊ တစ်ခါတလေ ဆရာမက သူကြိုတင်ပြုစုလာတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး ကိုယ့်အမြင်တွေကို စာရွက်ပေါ်မှာ စိတ်ကြိုက်ရေးဖြေခိုင်းတယ်။ သင်တန်းလယ် စာမေးပွဲဖြေရမယ်၊ သင်တန်းဆုံး စာမေးပွဲဖြေရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအကြောင်း ကျောင်းသား ၃ ဦး၊ သို့မဟုတ် ၄ ဦးပါဝင်တဲ့ အဖွဲ့လိုက် ပါဝါပွိုင့်တစ်ခု တင်ပြဖို့လိုအပ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတစ်ခုကို တင်ပြနိုင်သလို၊ ကိုယ့်ဘာသာကိုယ် မရွေးချယ်တတ်ဘူး ဖြစ်နေရင်တော့ ဆရာမက သတ်မှတ်ပေးတဲ့ အဖွဲ့တွေထဲမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ န၀မမြောက် ရက်သတ္တပတ်မှာ ဂျပန်တပ်ဖွဲ့တွေကို ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်တွေဆီ စေလွှတ်ထားရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး အခြားတက္ကသိုလ်တစ်ခုက ပြင်ပပါမောက္ခတစ်ဦးကို ဖိတ်ခေါ်ပြီး အထူးသင်ခန်းစာ ဆွေးနွေးပို့ချမှုတစ်ကြိမ် ပြုလုပ်ပေးတယ်။ ယေဘုယျ ပြောရမယ်ဆိုရင်တော့ ဒီဘာသာရပ်ဟာ အခန်းတွင်း ဆွေးနွေးငြင်းခုန်မှုတွေနဲ့ အမြဲတစေ အသက်ဝင်နေလေ့ရှိတယ်။ ငါတို့တွေနဲ့ သိပ်မစိမ်းလှသလို၊ ပြောစရာတွေကလည်း အများသား မဟုတ်လား။ နိုင်ငံစုံကလာကြတဲ့ ကျောင်းသားတွေရဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အမြင်တွေကလည်း မတူညီကြဘူးကွ။ တစ်ယောက်တစ်မျိုးစီ စိတ်ဝင်စားစရာချည်းပဲ။ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးငြင်းခုန်ကြ၊ မကျေလည်ရင် ဆရာမကို မေးမြန်းကြ စသဖြင့်ပေါ့ကွာ။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းသလို ငါတို့တွေ တကယ့်ကို လေ့လာသိရှိထားသင့်တဲ့ အကြောင်းအရာတွေပါပဲ။

အထူးသဖြင့် ဒီဘာသာရပ်မှာ ကုလသမဂ္ဂနဲ့ပတ်သက်ပြီး အတော်လေးကို သိရှိလေ့လာခွင့်ရခဲ့တယ်ကွ။ UN ရဲ့ ဖွဲ့စည်းပုံ၊ သူ့လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေအကြောင်း၊ သူတို့ရဲ့ လုပ်ငန်းလည်ပတ်ပုံ၊ အောင်မြင်မှု၊ ကျရှုံးမှု၊ ချီးကျူးစရာ၊ ဝေဖန်စရာ၊ စသဖြင့် အစုံအလင်ပါပဲကွာ။ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွေ ဘယ်လိုစေလွှတ်သလဲ၊ စေလွှတ်ဖို့အတွက် ဘယ်လိုဆုံးဖြတ်ရသလဲ၊ တပ်ဖွဲ့ဝင်တွေကို ဘယ်လိုစုစည်းရသလဲ၊ ဘယ်သူကခေါင်းဆောင်သလဲ စတာတွေပါသလို လက်ရှိအချိန်မှာ လူပြောသူပြောခံနေရတဲ့ လုံခြုံရေးကောင်စီနဲ့ ပတ်သက်လို့လည်း မလွတ်ဘူးကွ။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအကြောင်းလည်း လေ့လာသင်ကြားရတာပါပဲ။ နောက်... ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့အလုပ်သမားသမဂ္ဂ၊ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၊ ဥရောပသမဂ္ဂ၊ စတဲ့ အဖွဲ့အစည်းတွေ အကြောင်းလည်း လေ့လာကြရတယ်။ IMF နဲ့ World Bank က ဘယ်လိုနိုင်ငံတွေကို အကူအညီပေးသလဲ၊ အဲဒီအဖွဲ့အစည်းတွေကို ဘယ်သူကထောက်ပံ့နေသလဲ၊ သူတို့တွေဟာ ဘယ်သူ့အလိုကျ ကပြနေကြတာလဲ၊ WTO ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလား စတဲ့အကြောင်းအရာတွေကိုလည်း ငါတို့တွေ နားထောင်၊ မှတ်သား၊ လေ့လာ၊ မေးမြန်း၊ ဆွေးနွေးခွင့် ရခဲ့ကြတယ်။ ငါတို့အတွက် အကျိုးရှိတဲ့၊ အသုံးဝင်တဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်လို့ ဆိုပါရစေကွာ။

မင်းဆီကို ငါရေးခဲ့တဲ့စာတွေ အတော်များလာသလို အချိန်တွေလည်း ကုန်မှန်းမသိ ကုန်လွန်လာလိုက်တာ မင်းတို့တွေ ငါတို့တက္ကသိုလ်ကို ရောက်လာမယ့်အချိန်တောင် သိပ်မလိုတော့ဘူးလို့ အခုမှ သတိပြုမိတယ်။ ငါတို့တက္ကသိုလ်အကြောင်း သိချင်တဲ့အတွက် မင်းဆီကို စာရေးဖို့ တောင်းဆိုခဲ့တဲ့အတွက် မင်းကို ငါတကယ် ကျေးဇူးတင်တယ်ကွာ။ မင်းဆီကို စာတွေရေးရင်းနဲ့ ငါဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလတွေကို ပြန်တွေးမိပြီး လွမ်းဆွတ်ရတယ်။ အချို့ဟာတွေကို ပြန်တွေးမိပြီး သင်ခန်းစာယူရတယ်။ အခုစာတွေ ရေးနေရင်းနဲ့ ဒီဘ၀တွေကို ငါကျော်ဖြတ်နိုင်ခဲ့ပြီးပါရော ဆိုပြီးတော့လည်း အံ့သြမိတယ်။ ငါ့စိတ်ထဲမှာ မနေ့တစ်နေ့ကမှ ဒီတက္ကသိုလ်ကို မအူမလည်နဲ့ ရောက်လာသလိုမျိုး ခံစားနေမိသေးတယ်။ တစ်နှစ်တာကာလဆိုတာ ကုန်လွန်သွားတော့လည်း မြန်လိုက်တာကွာ။ ကုန်လွန်သွားတဲ့ အချိန်တွေနဲ့ထပ်တူ ငါ့အတွက် ရသင့်ရထိုက်တဲ့ အသိပညာ ဗဟုသုတ အတွေ့အကြုံ ရခဲ့တယ်လို့ ငါ့ကိုယ်ငါ ယုံကြည်တယ်။ မကြာခင် တွေ့ကြမယ် သူငယ်ချင်း...။ အခုတော့ ငါ့စာကို နားပါရစေဦး။
(Ichiro Nyanmyokyaw)

No comments:

Post a Comment