သူငယ်ချင်း...၊
နွေရာသီကျောင်းပိတ်ရက်ကာလ စက်ဘီးတစ်စီးနဲ့ တက္ကသိုလ်ဝန်းကျင် အရပ်လေးမျက်နှာကို ခြေဆန့်နေမိတာမို့ စာရေးချင်တဲ့စိတ်ကို အတော်ကြီးကို ပြန်မွေးနေရတယ်ကွာ။ တစ်နေကုန် တစ်နေခမ်း စက်ဘီးတစ်စီးနဲ့ ဟိုသွားဒီသွား ဓာတ်ပုံရိုက်ရတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတယ်ကွ။ မင်းရောက်လာရင်လည်း ငါ့လိုပဲ စက်ဘီးတစ်စီးနဲ့ မမောနိုင် မပန်းနိုင် လျှောက်သွားနေဦးမှာကို မြင်ယောင်ပါရဲ့ကွာ။ ပြီးခဲ့တဲ့ စာနှစ်စောင်တုန်းက ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အထိုက်အလျောက် ပြောခဲ့တာမို့ ဒီစာမှာလည်း နောက်ထပ် ဘာသာရပ်တစ်ခုအကြောင်း ဆက်ပြောချင်တယ်။ "လူ့အခွင့်အရေးနှင့် ကမ္ဘာ့တရားမျှတမှု" (Human Rights and Global Justice) ဆိုတဲ့ ဘာသာရပ်အကြောင်း ပြောပြချင်တယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ တစ်ပတ်ကို နှစ်ချိန် (၃ နာရီ) သင်ကြားရမယ်။ တက်ရောက်အောင်မြင်ရင် ရမယ့်အမှတ်က ၂ မှတ် ဖြစ်တယ်။ သင်တန်းကာလအတွင်း သင်တန်းလည်/သင်တန်းဆုံး စာမေးပွဲဖြေစရာ မလိုပေမယ့် စာတမ်းငယ်တစ်စောင် တင်ဖို့လိုအပ်တယ်။ အခြားသော ဘာသာရပ်တွေ နည်းတူပဲ အပတ်စဉ် ဖတ်ရှုလေ့လာရမယ့် အိမ်စာဆောင်းပါးတွေကို သတ်မှတ်ပေးလေ့ရှိတယ်။ ဒုတိယမြောက် စာသင်ပတ်ကစပြီး သင်တန်းကာလရဲ့ နောက်ဆုံးစာသင်ပတ်အထိ မပျက်မကွက် လုပ်ရတာတစ်ခုကတော့ စာသင်ချိန်တိုင်းရဲ့ ပထမဆုံး ၁၅ မိနစ်မှာ ဖတ်ခိုင်းလိုက်တဲ့ အိမ်စာတွေနဲ့ပတ်သက်ပြီး အနှစ်ချုပ်ရေးသားခြင်း (Summary Writing) ပြုလုပ်ရတာပဲဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေ၊ ဒီမိုကရေစီစနစ်နဲ့ နှစ်ပေါင်းများစွာ အသားကျနေပြီးဖြစ်တဲ့ နိုင်ငံတွေအတွက် လူ့အခွင့်အရေးဆိုတာ ထူးဆန်းချင်မှ ထူးဆန်းမှာဖြစ်ပေမယ့် ငါ့လိုလူတစ်ယောက်အတွက်ကတော့ အဲဒီခေါင်းစဉ်ဟာ ဘယ်လောက်အထိ စိတ်ဝင်စားစရာ ကောင်းမယ်ဆိုတာကို ပြောပြဖို့ လိုမယ်မထင်ပါဘူး။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းကာစ နိုင်ငံတစ်ခုဖြစ်တဲ့ ငါတို့နိုင်ငံဟာ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပြစ်တင်ခံရ၊ ဝေဖန်ခံရ၊ လက်ညှိုးထိုးခံရ၊ ပိတ်ဆို့ခံရတာတွေနဲ့ နှစ်ပေါင်းများစွာ နပန်းလုံးခဲ့ရတာ မင်းအသိပဲမဟုတ်လား။ အဲဒီတော့ လူ့အခွင့်အရေးဆိုတဲ့ အကြောင်းအရာကို စနစ်တကျ လေ့လာသင်ကြားခွင့် ရတဲ့အခွင့်အရေးအတွက် ငါ့အနေနဲ့ ဘယ်လောက်တောင် ၀မ်းသာပီတိဖြစ်ရတယ်ဆိုတာ ပြောပြစရာစကားလုံး မရှိပါဘူးကွာ။ တကယ်သင်ကြားရတဲ့ အချိန်မှာလည်း သင်ကြားတဲ့ ပါမောက္ခရဲ့ ထူးခြားတဲ့စာသင်ဟန်၊ ကျောင်းသားတွေကို ဦးနှောက်မုန်တိုင်းဆင်အောင် လှုံ့ဆော်စည်းရုံးနိုင်စွမ်း၊ မြင်သာထင်သာ ဥပမာအဖြစ်အပျက်တွေနဲ့ သင်ကြားမှု၊ စတဲ့ စတဲ့ အချက်တွေကြောင့် ပထမပတ်ကနေ နောက်ဆုံးရက်သတ္တပတ်အထိ တစ်ချက်ကလေးမျှ ညည်းငွေ့စရာ မကောင်းခဲ့ဘူး။ ငါတစ်ယောက်တင် မဟုတ်ဘူး...၊ အခြားသော ကျောင်းသားတွေအတွက်လည်း အဲဒီဘာသာရပ်ဟာ စိတ်ဝင်စားမှု ဖြစ်စေခဲ့တယ်လို့ ငါယုံကြည်မိတယ်။ သူငယ်ချင်းကို အရင်စာတွေမှာ ရေးခဲ့တဲ့ပုံစံအတိုင်းဆိုရင် ပထမဆုံးအနေနဲ့ သင်ကြားတဲ့ ပါမောက္ခအကြောင်းကို အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။
ဒီဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာကတော့ ပါမောက္ခ ဆာဂျီ (Prof. Saji) ဖြစ်တယ်။ သူ့နာမည်ကို ဖတ်ကြည့်ရုံနဲ့ပဲ ဂျပန်လူမျိုး ပါမောက္ခတစ်ဦး ဖြစ်တယ်ဆိုတာကို တကူးတက ပြောဖို့မလိုဘူးလို့ ငါထင်တာပါပဲ။ ဆရာဆာဂျီအကြောင်း ပြောမယ်ဆိုရင် အခြားသောပါမောက္ခတွေနဲ့ မတူဘဲ ထူးခြားတဲ့အချက်တွေ အများကြီးရှိနေတယ်ဆိုတာ သူ့အတန်းကို တက်ဖူးသူတိုင်း သိကြတယ်။ သူ့အတန်းတက်ဖူးတဲ့ ကျောင်းသားတိုင်းကို ဆာဂျီဆိုတဲ့ နာမည်တစ်ခုကိုသာ ပြောပြလိုက်ပါ။ သူတို့တွေက ဆရာဆာဂျီနဲ့ ပတ်သက်ပြီး ပြောမကုန်နိုင်တဲ့ ဇာတ်လမ်းတွေ၊ အဖြစ်အပျက်တွေ၊ မှတ်ချက်တွေကို ပြန်ပြောပြကြပါလိမ့်မယ်။ ငါကိုယ်တိုင် ယုံကြည်လက်ခံထားသလို အခြားသူတွေ အားလုံးနီးပါးလည်း ပြောဆိုကြတဲ့ အချက်တစ်ခုကတော့ ပါမောက္ခဆာဂျီဟာ ဘက်လိုက်မှုအကင်းဆုံး ပါမောက္ခတစ်ဦး ဆိုတာပါပဲ။ ဘယ်ကျောင်းသားကိုမျှ မျက်နှာနာတာမျိုး၊ ပစားပေးတာမျိုး မရှိဘဲ ကောင်းရင်ကောင်းသလို၊ မကောင်းရင်မကောင်းသလို ဆက်ဆံတတ်၊ မှတ်ချက်ပေးတတ်တဲ့ ဆရာတစ်ဦးဖြစ်တယ်။ ဒီတက္ကသိုလ်ကို မင်းရောက်လို့ မင်းကိုယ်တိုင် ကြုံရတဲ့အခါ ဘာဖြစ်လို့ ငါ့အနေနဲ့ ဒီကိစ္စကို အထူးတလည် ပြောနေရသလဲဆိုတာကို နားလည်သွားပါလိမ့်မယ်။ ပါမောက္ခဆာဂျီဟာ အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ် (University of Chicago) ကနေ လူမှုရေးသိပ္ပံအထူးပြု မဟာဝိဇ္ဇာဘွဲ့၊ နိုင်ငံရေးသိပ္ပံအထူးပြု မဟာဝိဇ္ဇာဘွဲ့နဲ့ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့တို့ကို ရရှိခဲ့သူဖြစ်တယ်။ အမေရိကန် ချီကာဂိုတက္ကသိုလ် တစ်ခုတည်းမှာ နှစ်အတန်ကြာ ပညာသင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့နှစ်ခု၊ ပါရဂူဘွဲ့တစ်ခု ရရှိခဲ့သူဖြစ်တယ်။ အခြားသော ပါမောက္ခတွေနဲ့ ရောရောနှောနှော နေခြင်းမရှိဘဲ သီးသီးသန့်သန့် နေတတ်သူတစ်ဦး ဖြစ်တယ်။ အခြားလူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို တန်ဖိုးထားသူဖြစ်ပြီး သူကိုယ်တိုင်လည်း အစွက်ဖက်မခံသူဖြစ်တယ်။ ဘယ်အခမ်းအနားတွေမှာမှ သူ့ကို တွေ့ရလေ့မရှိဘူး။ ကျောင်းသားတွေနဲ့လည်း ရင်းရင်းနှီးနှီး နေလေ့မရှိဘူး။ ခံစားချက်ကို အင်မတန်မှ မြိုသိပ်နိုင်စွမ်းရှိပြီး ပျော်နေသလား၊ စိတ်ညစ်နေသလား၊ စိတ်တိုနေသလား ဆိုတာကို ငါ့အနေနဲ့ တစ်ခါမျှ အကဲခတ်နိုင်ခဲ့ခြင်း မရှိဘူး။ ဘယ်အချိန်ကြည့်ကြည့် ဒီပုံစံ၊ ဒီမျက်နှာအမူအရာပဲ ဖြစ်နေတတ်တယ်။ သြော်... ဒါနဲ့စကားစပ်မိလို့ တစ်ဆက်တည်းပြောရရင် သူဟာ ငါ့ရဲ့ ကျမ်းကြီးကြပ်သူ (Supervisor) ဖြစ်တယ်။ အတူတွဲပြီး အလုပ်လုပ်လို့ ကောင်းသူလို့ မြင်ပါတယ်။
မင်းကိုယ်တိုင်လည်း ကြုံတွေ့ရမှာဖြစ်ပေမယ့် ကြိုတင်ပြီး ပြောပြရရင် အပေါ်မှာ ငါရှင်းပြခဲ့တဲ့အတိုင်း သူ့စာသင်ချိန်တိုင်းရဲ့ ပထမ ၁၅ မိနစ်မှာ အိမ်စာတွေနဲ့ ပတ်သက်ပြီး အနှစ်ချုပ်ရေးသားခြင်း ပြုလုပ်ရတယ်။ အဲဒီလို ရေးသားပြီးတာနဲ့ ငါတို့တွေ မပျက်မကွက် လုပ်ရတာတစ်ခုကတော့ ငါတို့ရဲ့ စာရေးခုံတွေကို ဘေးကိုချဲပြီး ဆွေးနွေးဝိုင်း ပုံစံဖြစ်အောင် လုပ်ရတာပါပဲ။ အခြားပါမောက္ခတွေလို ပါဝါပွိုင့်တွေနဲ့ လက်ချာပေးတာတွေ၊ သင်ပုန်းမှာ စာတွေရေးပြီး ရှင်းပြတာတွေ ဘယ်တုန်းကမျှ မလုပ်ခဲ့ဘူး။ စာသင်ချိန်တိုင်းမှာ အိမ်စာပေးထားတဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေနဲ့ ပတ်သက်ပြီး သူက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသားတွေက ပါဝင်ဆွေးနွေးရတဲ့ သင်ကြားမှုပုံစံကို ပြုလုပ်တတ်တယ်။ စာဖတ်လာတဲ့ ကျောင်းသားတွေသာလျှင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးနိုင်ကြမှာဖြစ်တယ်။ ဒုတိယအချိန်တွေမှာတော့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ပါဝါပွိုင့် တင်ပြမှုတွေနဲ့ အချိန်ကုန်တတ်တယ်။ အဲဒီအချိန်ဆိုရင် ပါဝါပွိုင့် တင်ပြသူနဲ့ အခြားသော ပရိသတ်ကျောင်းသားတွေက အပြန်အလှန် မေးမြန်း၊ ငြင်းခုန်၊ ဆွေးနွေးကြတဲ့ ပုံစံမျိုး မဖြစ်ဖြစ်အောင် စီစဉ်လေ့ရှိတယ်။ အဲဒီအချိန်မှာ သူ့ကိုယ်သူ ပါမောက္ခ/ဆရာ လို့ သဘောမထားဘဲ အခြားသော ကျောင်းသားတွေလိုပဲ ပရိသတ်တစ်ဦးအနေနဲ့ နားထောင်တယ်၊ သိချင်တာရှိရင် မေးမြန်းတယ်၊ တစ်ခါတလေ တင်ပြသူနဲ့ ပရိသတ်အကြား ငြင်းခုန်မှု လွန်ကဲပြီး အရမ်းပြင်းထန်လာတယ်လို့ ယူဆတဲ့အခါ သူ့အမြင်ကို ၀င်ဆွေးနွေးလေ့ရှိတယ်။ ဆွေးနွေးသူတိုင်းရဲ့ အမြင်၊ အတွေးကို တလေးတစား နားထောင်လေ့ရှိပြီး ဘယ်သောအခါမျှ " " " မင်းပြောတာ မှားနေတယ်၊ ဒီလိုမဟုတ်ဘူး။ တကယ်တမ်းက ဒီလိုဖြစ်ရမှာ... " " " ဆိုတာမျိုး ပြောလေ့မရှိဘူး။ ဆရာပြောသမျှ အမှန်ဆိုတာမျိုးကို သူက လုံးဝအဖြစ်မခံဘူး။ ငါတို့တွေက ဆရာ့အမြင်က ဘယ်လိုရှိပါသလဲလို့ မေးတဲ့အခါမှသာ သူ့အမြင်ကို ပြောလေ့ရှိတယ်။ အဲဒီအခါမှသာ တင်ပြတဲ့သူ၊ ဆွေးနွေးတဲ့သူတွေရဲ့ အတွေးအမြင်တွေဟာ သင့်လျော်သလား၊ မသင့်လျော်သလားဆိုတာကို ငါတို့တွေ ချင့်ချိန်နိုင်ကြတယ်။ သူ့စာသင်ချိန်တိုင်းမှာ ငါ့အနေနဲ့ နိုင်ငံအသီးသီးက လူမျိုးအသီးသီးရဲ့ မတူညီတဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံသမိုင်းအရ အယူအဆ၊ အတွေးအခေါ်၊ ခံယူချက်တွေ မတူညီကြတာကို ကွက်ကွက်ကွင်းကွင်း သိမြင်လေ့လာခွင့် ရခဲ့တယ်။ အာရှအလယ်ပိုင်း နိုင်ငံတွေက လာတဲ့လူတွေရဲ့ အမြင်ကတစ်မျိုး၊ တောင်အာရှဒေသက လာတဲ့ကျောင်းသားတွေရဲ့ အတွေးအခေါ်ကတစ်ဖုံ၊ အာဆီယံဒေသသားတွေရဲ့ ခံယူချက်ကတစ်နည်း၊ စသဖြင့် တကယ့်ကို အမျိုးမျိုးပါပဲဟေ့။ ဒီဘာသာရပ်ကို စတင်တက်ရောက်ကာစမှာတော့ မင်းအနေနဲ့ ပါမောက္ခ ဆာဂျီရဲ့ ၀တ်စားဆင်ယင်မှုစတိုင်လ်နဲ့ စာသင်ကြားမှုပုံစံတွေကြောင့် အမြင်ဆန်းပြီး ထူးဆန်းနေမှာ အမှန်ပဲဟေ့။ နောက်ပိုင်းကျမှသာ မြင်နေတွေ့နေကျဖြစ်ပြီး မြင်သားတကျ ဖြစ်သွားလိမ့်မယ်။ ဆရာဆာဂျီနဲ့ ပတ်သက်ပြီး မင်းသတိထားရမှာ တစ်ခုကတော့ စာတမ်းငယ် (Term Paper) တင်တဲ့အချိန်မှာ အခြားသူတွေ ပြုစုရေးသားထားပြီးသား စာတွေထဲကနေ ခိုးယူကူးချမှု (Plagiarism) လုပ်တာကို လုံးဝကို ခွင့်ပြုခြင်းမရှိတာပါပဲ။ အချို့ကျောင်းသားတွေဟာ ရည်ရွယ်ချက်မရှိသော်လည်း စာတမ်းရေးသားတဲ့နေရာမှာ ကျွမ်းကျင်မှု မရှိတဲ့အတွက် ခိုးယူကူးချတဲ့ သဘောသက်ရောက်သွားတာမျိုးတွေ ရှိတတ်ကြတယ်။ အဲဒီလို အခါမျိုးမှာ ပါမောက္ခဆာဂျီဟာ ဘယ်တော့မျှ ခွင့်လွှတ်လေ့မရှိဘူး။ ဌာနကနေတစ်ဆင့် သတိပေးတာ၊ စာတမ်းကို ပြန်ရေးခိုင်းတာ၊ ဘာသာရပ်ကို အကျပေးတာတွေ ပြုလုပ်လေ့ရှိတယ်။ ဘာသာရပ်နဲ့ ပတ်သက်ပြီး လက်ချာပေးတာမျိုး မရှိပေမယ့် အပတ်စဉ်အလိုက် ဖတ်ရတဲ့စာတွေကတစ်ဆင့် သူသင်ကြားတဲ့ ဘာသာရပ်ကို ပုံဖော်သွားတာမျိုးဖြစ်တဲ့အကြောင်း အပေါ်မှာ ငါပြောခဲ့ပြီးဖြစ်တယ်။ အခု အပတ်စဉ်အလိုက် ငါတို့တွေ လေ့လာဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာတွေကို အောက်မှာရေးပြထားတယ်။
ပြောချင်တာတွေက များလွန်းနေတော့ ငါ့စာလည်း အတော်ရှည်သွားပြီ။ သြော်... မင်းရေးလိုက်တဲ့စာထဲမှာ မေးထားတဲ့ စန္ဒယားတီးတာ လေ့ကျင့်ဖြစ်သေးလား ဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဒီရောက်ပြီးကတည်းက စန္ဒယားခလုတ်တွေကို တစ်ခါမျှ မထိတွေ့ရတော့ဘူးလို့ ဖြေရမှာပါပဲ။ အခုအချိန်မှာ တံတျာတေရှင် ကိုတောင် ငါမတီးတတ်တော့ဘူး။ လက်ကွက်တွေကိုလည်း မမှတ်မိတော့ဘူးကွ။ မြန်မာပြည်ပြန်ရောက်မှပဲ ပင်ပေါင်ဘောလုံးတွေ လက်နှစ်ဘက်မှာဆုပ်ပြီး လက်ချောင်းလေးတွေ တင်တာကနေစပြီး ပြန်သင်ပါတော့မယ်။ ဒါပေမယ့် မင်းရဲ့ တယောလက်သံကိုတော့ လွမ်းမိသားကွ။ မင်းလာတဲ့အခါ မင်းရဲ့ တယောလေးကို ပါအောင်ယူခဲ့ပါကွာ။ ဒီမှာလုပ်တဲ့ အခမ်းအနားတွေမှာလည်း အသုံးဝင်မှာပါ။ နောက်ဆုံး အခြားလူတွေက ၀ိုင်းပြီးတော့ မေတ္တာပို့ကြတယ်ဆိုရင်တောင် လွတ်လွတ်လပ်လပ် တယောထိုးပြီး သီချင်းအော်ဆိုလို့ရတဲ့ တောအုပ်တွေ အများကြီး ရှိပါတယ်ကွ။ ကဲ... နောက်စာကျမှ ဆုံကြသေးတာပေါ့။
(Ichiro Nyanmyokyaw)

- Introduction
- What human rithts are?
- The development and implementation of human rights
- Human rights in non-Western traditions: Universalism and relativism
- The "Asian Values" debate
- Feminist perspectives on human rights
- Human rights and global justice
- Global economy, world poverty, and global justice (1)
- Global economy, world poverty, and global justice (2)
- The future of human rights
ပြောချင်တာတွေက များလွန်းနေတော့ ငါ့စာလည်း အတော်ရှည်သွားပြီ။ သြော်... မင်းရေးလိုက်တဲ့စာထဲမှာ မေးထားတဲ့ စန္ဒယားတီးတာ လေ့ကျင့်ဖြစ်သေးလား ဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဒီရောက်ပြီးကတည်းက စန္ဒယားခလုတ်တွေကို တစ်ခါမျှ မထိတွေ့ရတော့ဘူးလို့ ဖြေရမှာပါပဲ။ အခုအချိန်မှာ တံတျာတေရှင် ကိုတောင် ငါမတီးတတ်တော့ဘူး။ လက်ကွက်တွေကိုလည်း မမှတ်မိတော့ဘူးကွ။ မြန်မာပြည်ပြန်ရောက်မှပဲ ပင်ပေါင်ဘောလုံးတွေ လက်နှစ်ဘက်မှာဆုပ်ပြီး လက်ချောင်းလေးတွေ တင်တာကနေစပြီး ပြန်သင်ပါတော့မယ်။ ဒါပေမယ့် မင်းရဲ့ တယောလက်သံကိုတော့ လွမ်းမိသားကွ။ မင်းလာတဲ့အခါ မင်းရဲ့ တယောလေးကို ပါအောင်ယူခဲ့ပါကွာ။ ဒီမှာလုပ်တဲ့ အခမ်းအနားတွေမှာလည်း အသုံးဝင်မှာပါ။ နောက်ဆုံး အခြားလူတွေက ၀ိုင်းပြီးတော့ မေတ္တာပို့ကြတယ်ဆိုရင်တောင် လွတ်လွတ်လပ်လပ် တယောထိုးပြီး သီချင်းအော်ဆိုလို့ရတဲ့ တောအုပ်တွေ အများကြီး ရှိပါတယ်ကွ။ ကဲ... နောက်စာကျမှ ဆုံကြသေးတာပေါ့။
(Ichiro Nyanmyokyaw)
No comments:
Post a Comment