Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၆)

သူငယ်ချင်း...၊
အရင်စာထဲမှာ ငါတို့တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ငါသိသလောက် ပြောပြခဲ့တယ်။ အထူးသဖြင့် ဒီတက္ကသိုလ်က ဥက္ကဋ္ဌနဲ့ ဌာနမှူးတွေအကြောင်း အဓိကထား ဇောင်းပေးပြီး ပြောဖြစ်ခဲ့တယ်။ ဒီစာမှာလည်း အိုင်ယူဂျေနဲ့ ဆက်နွှယ်နေတဲ့ အကြောင်းအရာလေးတွေကို ဆက်ပြောပါရစေ။ အရင်စာရဲ့ အရှိန်လေးနဲ့ ဆက်လိမ့်တဲ့ သဘောပေါ့ကွာ။ ငါတို့တက္ကသိုလ်ဟာ နိုင်ငံတကာတက္ကသိုလ်တစ်ခု ဖြစ်တယ်ဆိုတာ မင်းသိပြီးသားမို့ အထူးအထွေ ထပ်ပြောနေဖို့ လိုမယ်မထင်ပါဘူး။ နှစ်စဉ် နိုင်ငံပေါင်း ၅၀ ခန့်က ကျောင်းသားတွေဟာ ပညာသင်ကြားဖို့အတွက် ဒီတက္ကသိုလ်ကို ရောက်လာလေ့ရှိတယ်။ အဲဒါကြောင့်လည်း ငါတို့တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ကို "Where the World Gathers" လို့ သတ်မှတ်ထားတာ ဖြစ်မယ်ထင်တယ်။ မင်းလိုမျိုး စာရေးတဲ့ လက်စလက်နလည်းမရှိ၊ မြန်မာစာကိုလည်း သိပ်ပြီးတော့ မကျွမ်းကျင်လှတော့ အဲဒီဆောင်ပုဒ်လေးကို ငါ့နည်းငါ့ဟန်နဲ့ ငါတွေးမိသလောက် ဘာသာပြန်ထားတာလေး ရှိတယ်ကွ။ "ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများ စုရုံးရာမြေ အိုင်ယူဂျေ" တဲ့။ မင်းဆီမှာ ဒီထက်ကောင်းပြီး မြန်မာဆန်တဲ့ ဘာသာပြန်ဆိုမှု ရှိမယ်ဆိုတာ ငါလုံးဝ သံသယမရှိပါဘူးကွာ။ ဘယ်စာထဲမှာ ရေးခဲ့တယ်ဆိုတာ ငါမမှတ်မိတော့ပေမယ့် အိုင်ယူဂျေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက ချစ်စနိုးနဲ့ နောက်ပြောင်ပြီး ပေးထားကြတဲ့ နာမည်တွေ ရှိတယ်ဆိုတာကို မင်းကို ပြောပြခဲ့ဖူးတယ်လို့ ထင်ပါတယ်။ အခု ငါတို့တက္ကသိုလ်အကြောင်း ပြောနေတဲ့အချိန်မှာ အဲဒီ နာမည်လေးတွေကို ထူးထူးဆန်းဆန်း သတိရနေမိတဲ့အတွက် ထပ်ပြောပါရစေ။ ငါတို့တက္ကသိုလ် IUJ ရဲ့ မူလအမည်က International University of Japan ဆိုတာ မင်းသိပြီးသားပါ။ အဲဒီနာမည် အတိုကောက်ကိုပဲ ကျောင်းသားတွေက နောက်ပြောင်ထားကြတာ ရှိတယ်ကွ။ အလကားသက်သက်တော့ ဘယ်ဟုတ်လိမ့်မလဲကွာ... သူ့အကြောင်းနဲ့သူပေါ့။ တချို့က I and U in Jungle တဲ့။ တချို့ကျပြန်တော့ I and U in Jail လို့ ပြောကြပြန်ရော။ အချို့သော သူတွေကတော့ Isolated University of Japan လို့ ခပ်နာနာလေး နှက်ကြသဗျ။ သူတို့တွေ ပြောမယ်ဆိုလည်း ပြောချင်စရာပါကွာ။ ငါတို့တက္ကသိုလ်ဟာ လယ်ကွင်းတွေပတ်လည်ခြံ၊ တောတောင်တွေ ပတ်ခြာဝိုင်း၊ သစ်တောတွေ ပတ်လည်အုပ်နဲ့ တကယ့်ကို တောကြီးမျက်မည်းထဲက သီးခြားအထီးကျန် ကမ္ဘာလေး တစ်ခုပါကွာ။ ဆောင်းရာသီဆိုရင် စာသင်ခန်းနဲ့ အိပ်ဆောင်ကလွဲလို့ ဘယ်ကိုမှ သွားလို့လာလို့ မရတဲ့ အကျဉ်းထောင်ကြီးပေါ့။ အိပ်ဆောင်တစ်ခုနဲ့တစ်ခု ကူးတဲ့လမ်းတွေ၊ အိပ်ဆောင်တွေနဲ့ စာသင်ဆောင်ကို ကူးတဲ့လမ်းတွေမှာ ဘေးကနေ နံရံတွေကာပြီး လေမထိ၊ နေမထိ သွားကြလာကြရတယ်။ အပြင်ဘက်မှာတော့ လျှောက်လမ်းခေါင်မိုးနဲ့အညီ နှင်းထုတွေက ဖုံးလွှမ်းလို့ပေါ့ကွာ။ နွေဦးရာသီနဲ့ နွေရာသီ ရောက်ပြီဆိုတော့လည်း တောအုပ်ထဲရောက်သလို ဖြစ်သွားရပြန်တာပါပဲ။ ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ မြွေတွေ၊ အင်းဆက်တွေ၊ ပိုးကောင်တွေ၊ ပုရစ်တွေ၊ ဖားတွေက နေရာအနှံ့မှာ ရှောင်လို့ကို မလွတ်နိုင်ပါဘူးကွာ။ အေးတဲ့အချိန်တုန်းက နင့်နေအောင် အေးခဲ့ပြီး နွေရာသီ ပူတဲ့အချိန်ကျတော့လည်း သေလောက်အောင် ပူတယ်ကွ။ ဒီမြို့လေးရဲ့ နွေရာသီကာလ အပူချိန်က ရန်ကုန်နဲ့ ၂ ဒီဂရီပဲ ကွာတယ်ဆိုရင် ဘယ်လောက် ပူသလဲဆိုတာ မင်းသဘောပေါက်လောက်ပါတယ်။ ကဲ.. သူငယ်ချင်းရေ၊ ငါတို့တက္ကသိုလ်ကနေ ဘွဲ့ရပြီးသွားတဲ့ ကျောင်းသားဟောင်းတွေအကြောင်း နည်းနည်းလေး ဆက်ပြောပြချင်သေးတယ်။ မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနား ပြီးတဲ့နောက် ဒီတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီးတဲ့ ကျောင်းသားဟောင်း အရေအတွက်ဟာ ၃,၅၉၂ ဦး ဖြစ်တယ်။ နောက်နှစ် ၂၀၁၅ ဒီလိုအချိန်ဆိုရင်တော့ ငါလည်း အိုင်ယူဂျေ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပြီပေါ့ကွာ။ ငါပြောခဲ့တဲ့ ၃,၆၀၀ နီးပါးသော ကျောင်းသားဟောင်းတွေဟာ နိုင်ငံပေါင်း တစ်နည်း ဒေသပေါင်း ၁၁၄ ခုက ဖြစ်ကြတယ်ကွ။ ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ ကိန်းဂဏန်းနဲ့ အချက်အလက်တွေလဲကွာ။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၀ ကျော် ရှိတဲ့အနက် နိုင်ငံပေါင်း ၁၁၀ ကျော်မှာ ဒီတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားဟောင်းတွေ ရှိနေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် ငါ့အနေနဲ့ ဒီတက္ကသိုလ်ကြီးမှာ တက်ခွင့်ရခဲ့တာကို ဂုဏ်ယူမဆုံး ဖြစ်မိတယ်ကွာ။ မြန်မာနိုင်ငံကနေ အိုင်ယူဂျေမှာ တက်ရောက်ပညာသင်ယူခဲ့ပြီး မဟာဘွဲ့ရရှိခဲ့ပြီးဖြစ်တဲ့ ကျောင်းသားဟောင်း အရေအတွက်ဟာ ၁၀၃ ဦး ရှိတယ်ဆိုရင် မင်းယုံပါ့မလားမသိဘူး။ အာဆီယံနိုင်ငံတွေထဲမှာ အတော်နည်းသေးတဲ့ ပမာဏလို့ ပြောရမယ်ကွ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေက ကျောင်းသားဟောင်း အရေအတွက်က ငါတို့တွေထက် များနေသေးတယ်။ လာမယ့် ၂ နှစ်အတွင်းမှာတော့ ငါတို့နိုင်ငံဟာ ကျောင်းသားဟောင်း အရေအတွက်မှာ အင်ဒိုနီးရှားကလွဲပြီး ကျန်တဲ့နိုင်ငံတွေ အားလုံးကို ကျော်တက်တော့မယ်လို့ ပြောနိုင်နေပါပြီ။ အင်ဒိုနီးရှားကတော့ ဂျပန်နိုင်ငံပြီးရင် အခြားနိုင်ငံတွေ အကြားမှာ ကျောင်းသားဟောင်း အများဆုံး နိုင်ငံတစ်ခုပဲကွ။ အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာ အိုင်ယူဂျေ ကျောင်းသားဟောင်း ၅၀၀ နီးပါးရှိတယ်။ နောက်ထပ်ထူးခြားတာ တစ်ခုကတော့ (မင်းကလည်း အကုန်လုံး ထူးခြားနေတာပဲလို့တော့ အငေါ်မတူးနဲ့ပေါ့ကွာ) ဒီတက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသ ၁၁ နိုင်ငံလုံးက ကျောင်းသားတွေ လာရောက်ပညာသင်ကြားခဲ့ဖူးတာပဲကွ။ ပိုပြီးအံ့သြဖို့ကောင်းတာက အခုအချိန်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ရန်ဘက်သဖွယ် ဖြစ်နေတဲ့ တရုတ်နိုင်ငံက အိုင်ယူဂျေမှာ မဟာဘွဲ့ရရှိခဲ့တဲ့ ကျောင်းသားဟောင်း အရေအတွက်ဟာ ၂၀၀ ကျော် ရှိနေတယ်ဆိုတာပါပဲ။ ဒါဟာ ဂျပန်နဲ့ အင်ဒိုနီးရှားပြီးရင် တတိယအများဆုံး ပမာဏတစ်ခုပဲ။ လက်ရှိအချိန်အထိလည်း ငါတို့နဲ့အတူ ပညာသင်ကြားနေတဲ့ တရုတ်ကျောင်းသားတွေ ရှိကြတယ်။ ငါတို့တက္ကသိုလ်မှာ အခမ်းအနားတွေ၊ အထိမ်းအမှတ်ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါ နိုင်ငံတကာအလံတွေ လွှင့်ထူတာ၊ ကိုင်ဆောင်ဝှေ့ယမ်းတာတွေ လုပ်တတ်ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်တာလုံး ငါ့အနေနဲ့ တရုတ်အလံကို တစ်ခုတလေမျှ မြင်တွေ့ခဲ့ခြင်း မရှိဘူး။ ဘယ်တရုတ်ကျောင်းသားကမျှလည်း အဲဒါကို ထောက်ပြဝေဖန်တာ မလုပ်ကြဘူး။ ပညာရေးနဲ့ နိုင်ငံရေးကို မရောထွေးတာလား၊ တရုတ်ကျောင်းသားတွေကပဲ နေတတ်ထိုင်တတ်တာလား၊ အခြားအကြောင်းကြောင့်လား ဆိုတာကိုတော့ ငါမတွေးတတ်တဲ့အတွက် မှတ်ချက်မပေးလိုပါဘူး။ ဒါပေမယ့် မင်းအမြင် ဘယ်လိုရှိမယ်ဆိုတာကိုတော့ စိတ်ဝင်စားတယ်ဆိုတာ ငါဝန်ခံလိုတယ်။ နောက်စာတွေကျမှ တွေ့ကြသေးတာပေါ့ကွာ။
( Ichiro Nyanmyokyaw @ IUJ ) 

No comments:

Post a Comment