Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၉)

သူငယ်ချင်း...၊
ပထမဆုံးအနေနဲ့ မင်းဆီကို ကြားထဲမှာ ၃ ရက်လောက် စာမရေးဖြစ်ဘဲ ပျောက်နေတာကို တောင်းပန်ရမှာပဲ။ ငါတို့ရဲ့ ပထမနှစ်ဘ၀ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဆိုတော့ ဖိအားတွေ အတော်အတန် လျော့ပါးသွားတာရယ်၊ ငါတို့ရဲ့ စီနီယာကျောင်းသားကြီးတွေ မြန်မာပြည်ပြန်တော့မှာမို့ နှုတ်ဆက်ပွဲလေးတွေလုပ်၊ သူတို့ဆီက အမွေတောင်းစရာ ရှိတာလေးတွေတောင်းနေတာရယ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ မြန်မာပြည်ကို ခွင့်ပြန်ကြမယ့် အချို့သော သူငယ်ချင်းတွေနဲ့ လူကြုံပါးဖို့အတွက် လက်ဆောင်ပစ္စည်းဝယ်၊ ထုပ်ပိုး၊ ထည့်ပေးလုပ်နေတာရယ်၊ စတဲ့ စတဲ့ အကြောင်းတွေကြောင့် စာရေးစားပွဲနဲ့ ဝေးနေခဲ့လို့ပါကွာ။ အရင်စာထဲမှာ ဂျပန်ကို လာတဲ့အခါ ယူဆောင်လာသင့်တဲ့ ပစ္စည်းစာရင်းတွေ ငါတွေးမိသလောက် အကြံပြုထားတာကို သဘောကျတယ်၊ မင်းအတွက် အထောက်အကူဖြစ်စေတယ်လို့ သိရတဲ့အတွက် ငါဝမ်းသာပါတယ်။ မနေ့က ငါ့ဆီကို မင်းရေးတဲ့စာထဲမှာ ဒီမှာခင်မင်ရမယ့် အခြားနိုင်ငံတွေက မိတ်ဆွေအပေါင်းအသင်းတွေအတွက် ဘယ်လိုလက်ဆောင်မျိုး ၀ယ်လာခဲ့ရင် ကောင်းမလဲလို့ မေးထားတာကို ဖတ်ရတဲ့အချိန်ကျမှ အရေးကြီးတာတစ်ခု ငါပြောဖို့ မေ့သွားပါလားဆိုပြီး သတိရသွားမိတယ်။ ငါ... ဒီကိုလာတုန်းကတော့ ငါ့စိတ်ကူးနဲ့ငါ လုပ်ခဲ့တာမို့ ဒီရောက်တဲ့အချိန်ကျမှ မှားမှန်းသိရတဲ့ သင်ခန်းစာလေး တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အခြားမဟုတ်ပါဘူးကွာ...။ လက်ဆောင်ပစ္စည်းနဲ့ ပတ်သက်လို့ပါ။ ငါတို့နိုင်ငံကနေ ၀ယ်လာတဲ့နေရာမှာ ဈေးနှုန်းလည်းသင့်တင့်၊ ပေါပေါများများလည်းရနိုင်၊ လက်ဆောင်ပေးလို့လည်း ကောင်းမယ်လို့ ငါတို့ထင်တတ်ကြတဲ့ ပစ္စည်းပစ္စယဟာ သိပ်မရှိလှဘူးကွ။ ပိုက်ဆံအများကြီး ပေးဝယ်ရမယ့် တန်ဖိုးကြီး လက်ဆောင်တွေတော့ ရှိတာပေါ့ကွာ။ ဒါပေမယ့် သူ့အိုးနဲ့သူ့ဆန် ဆိုသလိုပဲ လခစားဝန်ထမ်းတစ်ယောက်အတွက် သိပ်အဖိုးတန်တာကြီးတွေ ဘယ်ဝယ်နိုင်မလဲကွာ။ အဲဒီတော့ ငါတို့တွေ မျက်စိထဲမှာ လက်ဆောင်အဖြစ် ၀ယ်သွားဖို့ အသင့်လျော်ဆုံးလို့ ထင်တတ်ကြတာက ပို့စကတ်လေးတွေနဲ့ သော့ချိတ်လေးတွေပဲကွ။ င့ါရဲ့ ဗဟုသုတအားနည်းမှုရယ်၊ နှံ့နှံ့စပ်စပ် မသိတာရယ်ကြောင့် အခြားလက်ဆောင်တွေကို မသိတာ၊ မစဉ်းစားနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငါ့စကားကို ဆက်ပြောရရင် အဲဒီလို ပို့စကတ်တွေ၊ သော့ချိတ်တွေ ၀ယ်တဲ့အခါ ငါတို့မြန်မာမျက်စိနဲ့ ဘယ်အချိန်ကြည့်ကြည့် သဘောကျမိ၊ နှစ်သက်မိ၊ ကြည်နူးမိတဲ့ အမှတ်တရ ပစ္စည်းတွေက ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်၊ ပုဂံ၊ မြနန်းစံကျော်ရွှေနန်းတော် စတာတွေဖြစ်တတ်တယ်။ ငါတို့တွေက မွေးကတည်းက ဘာသာတရားရဲ့ အဆုံးအမတွေနဲ့ လူလားမြောက်ခဲ့ကြရတာ ဖြစ်လေတော့ ရွှေတိဂုံကို ဘယ်အချိန်မြင်ရမြင်ရ၊ ဘယ်လိုပုံစံနဲ့ မြင်ရမြင်ရ ဘယ်တော့မျှ ရိုးသွားတယ်မရှိဘူး။ ကျိုက်ထီးရိုးဆိုလည်း အဲဒီလိုပဲ။ ပုဂံဆို ပိုလို့တောင် အကဲပိုတတ်ကြသေးတယ်။ အဲဒီတော့ အဲဒီနေရာတွေပါတဲ့ ပို့စကတ်လေးတွေ၊ အဲဒီနေရာတွေကို ပုံစံသွင်းထားတဲ့ သော့ချိတ်လေးတွေကို တမြတ်တနိုး ၀ယ်တတ်ကြတယ်။ အဲဒီလို ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ လက်ဆောင်လေးတွေကို ကိုယ်ချစ်တဲ့ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ပေးဖို့အတွက်လည်း စဉ်းစားတတ်ကြတယ်။ အဲဒီတော့ ငါတို့တွေ ၀ယ်လာတဲ့အခါ ရွှေတိဂုံပုံသော့ချိတ်လေးတွေ၊ ကျိုက်ထီးရိုးပုံ သော့ချိတ်လေးတွေ၊ မဟာမြတ်မုနိပုံပါ သော့ချိတ်လေးတွေ၊ ပုဂံဘုရားတွေပါတဲ့ ပို့စကတ်လေးတွေ၊ စသဖြင့် အများအပြား ပါလာတတ်ကြတယ်။ ငါတို့တွေ တစ်ခုစဉ်းစားဖို့ မေ့နေတာတစ်ခုက အဲဒီလက်ဆောင်ပစ္စည်းကို လက်ခံမယ့်လူဟာ အဲဒီပစ္စည်းတွေကို မြင်တဲ့အခါ ငါတို့လိုပဲ ကြည်နူးသွားမှာလား၊ သဘောကျသွားမှာလား၊ ပီတိဖြစ်သွားမှာလား ဆိုတာကိုဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး အမှတ်တရ လက်ဆောင်ပစ္စည်းပေးတာ အဲဒါတွေ မလိုပါဘူးလို့ ဆုံးဖြတ်ချက် မစောလိုက်ပါနဲ့ကွာ။ ငါတို့ရဲ့ လက်ဆောင်တွေဟာ ဘာသာရေးနဲ့ နှီးနွှယ်နေတဲ့ဟာတွေ ဖြစ်နေတယ်ဆိုတာကို မမေ့နဲ့လေကွာ။ ကိုယ့်ကို အခြားဘာသာဝင် မိတ်ဆွေတွေက သူတို့ဘာသာရေးနဲ့ နှီးနွှယ်နေတဲ့ လက်ဆောင်ပစ္စည်းတွေများ ပေးခဲ့ရင် ကိုယ့်စိတ်ထဲမှာရော ဘယ်လိုခံစားရမလဲဆိုတာ တွေးကြည့်စေချင်တယ်။ နောက်ဆုံးသူတို့က လက်ဆောင်ကို လက်ဆောင်လို သဘောထားပြီး တမြတ်တနိုး သုံးစွဲရင်တောင် ပေးတဲ့ငါတို့မှာ အဲဒီလက်ဆောင်ကိုမြင်တိုင်း စိတ်ဆင်းရဲနေရတာမျိုးလည်း ရှိတတ်တယ်ကွ။ ဥပမာကွာ... မင်းက မိတ်ဆွေတစ်ယောက်ကို ရွှေတိဂုံပုံ သော့ချိတ်လေး လက်ဆောင်ပေးလိုက်တယ် ဆိုကြပါစို့။ သူကမေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ မင်းက ရှင်းပြမှာပဲ။ အဲဒါက ကျွန်တော်တို့ဆီက ရွှေတိဂုံဘုရားပါ။ ကမ္ဘာပေါ်မှာ ဘယ်လိုဖြစ်ပါတယ် စသဖြင့်ပေါ့။ မင်းမိတ်ဆွေကလည်း သူသိရင် သိတဲ့အကြောင်း၊ မသိရင်လည်း မင်းပြောတာကို သဘောကျစွာ နားထောင်မှာပေါ့။ သူ့ခမျာ မင်းက ခင်မင်ရင်းနှီးစွာ ပေးထားတဲ့ လက်ဆောင်လေးကို မြတ်မြတ်နိုးနိုး သုံးရှာပါတယ်။ သူ့အခန်းသော့ကို အဲဒီသော့ချိတ်လေးနဲ့တွဲပြီး သွားလေရာ သယ်သွားလေတယ်။ အဲဒီမှာ ပြဿ     နာ စတော့တာပဲ။ သူ့အတွက်ကတော့ သော့ချိတ်ဟာ သော့ချိတ်ပဲလေ။ အဲဒီတော့ သူ့သော့တွဲကို ဘောင်းဘီတင်ပါးအိတ်ကပ်ထဲကို ထည့်ချင်လည်းထည့်မယ်၊ ထိုင်ခုံပေါ်မှာ တင်ထားချင်လည်း တင်ထားမယ်၊ တစ်ခါတလေ တိုက်မိပြီး အောက်ကိုလည်း ပြုတ်ကျချင် ပြုတ်ကျမယ်၊ အိမ်သာတွေဘာတွေ ၀င်တဲ့အခါ ပြုတ်ကျမှာစိုးတော့ အပြင်က လက်ဆေးကန်ဘောင်ပေါ်မှာ တင်ထားချင်လည်း တင်ထားခဲ့မယ်၊ ကားစီးရင်းနဲ့ ပြုတ်ကျပြီး ခြေထောက်နဲ့လည်း နင်းမိချင်နင်းမိမယ်၊ စသဖြင့်ပေါ့ကွာ။ တကယ်လို့များ လက်ဆောင်အပေးခံရသူဟာ အမျိုးသမီး ဖြစ်နေတယ်ဆိုရင် ငါတို့ တွေးနိုင်တာတွေဟာ ဒီထက်တောင် ပိုဆိုးနိုင်ပါသေးတယ်ကွာ။ ငါတို့က အဲဒါကို သော့ချိတ်လို့ မမြင်နိုင်ဘူးလေ။ ငါတို့စိတ်ထဲမှာ ရွှေတိဂုံပုံတော်က ဘောင်းဘီထဲရောက်ပြီး ဖင်ခုထိုင်ခံရ၊ ခြေထောက်အောက်ရောက်ရ၊ အိမ်သာထဲရောက်ရ၊ စသဖြင့် စသဖြင့် စိတ်နှလုံး မသာမယာ ဖြစ်စေတာပေါ့ကွာ။ တစ်ခါတလေမှာ လက်ဆောင်ပေးထားတဲ့ ကျိုက်ထီးရိုးလို၊ ပုဂံလို၊ မဟာမြတ်မုနိလို ပို့စကတ်တွေကို အမှိုက်ပုံးတွေထဲမှာ မြင်ရတဲ့အခါ ငါတို့စိတ်တွေ မကြည်မသာ ဖြစ်ရပြန်ရော။ ဒီလောက်ဆို ငါပြောချင်တဲ့ အကြောင်းအရာ၊ ငါပေးချင်တဲ့ မက်ဆေ့ခ်ျကို မင်းကောင်းကောင်းကြီး နားလည်တယ်လို့ ငါသိနေတယ်။ ငါတို့တက္ကသိုလ်မှာ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာတက်ကြတာဖြစ်လေတော့ ဘာသာပေါင်းစုံလည်း ရှိကြတာပေါ့ကွာ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ၊ နတ်၊ ဘာသာမဲ့ စသဖြင့် ဒီနေ့ကမ္ဘာမှာ ကိုးကွယ်နေကြတဲ့ ဘာသာအားလုံးကို ယုံကြည်တဲ့သူတွေ ရှိကြတယ်။ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေဆိုလို့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စတာတွေလောက်ပဲ အမာခံရှိကြတယ်။ ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ မင်းစိတ်ထဲမှာ စဉ်းစားစရာ၊ တွေးတောစရာ၊ ပြန်လည်သုံးသပ်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်ကွာ။ မင်းနဲ့အတူ လာမယ့်လူတွေကိုလည်း ဒီအကြောင်းလေး ပြောပြလိုက်ပါဦး။ ငါတွေးမိတဲ့ ငါ့အမြင်သက်သက်ကိုသာ ပြောတာဖြစ်တာမို့ မင်းတို့တွေလည်း ငါ့လိုမြင်ရမယ်လို့ မဆိုလိုပါဘူး။ ဒီနိုင်ငံ ဒီတက္ကသိုလ်မှာ ပညာသင်ကြားဖို့ အရွေးခံထားရတဲ့ လူတွေဆိုတာ "ခေသူမဟုတ်" တွေမှန်း ငါသိပြီးသားပါ။ တစ်ထွာပြလိုက်တာနဲ့ ဆယ်မိုင်လောက် မြင်တဲ့လူတွေလို့ ယုံကြည်ထားကြောင်းပါ။ အစစ အရာရာ အဆင်ပြေချောမွေ့ပါစေကွာ..။
(Ichiro Nyanmyokyaw)

No comments:

Post a Comment