သူငယ်ချင်း...၊
မနေ့က မင်းရေးလိုက်တဲ့ အီးမေးလ်ကိုဖတ်ပြီး ငါ့မှာ ရယ်လိုက်ရတာကွာ။ မင်းမို့လို့ တွေးလည်းတွေးတတ်၊ မြင်လည်းမြင်တတ်ပါပေ့လို့လည်း စိတ်ထဲမယ် အောက်မေ့မိတယ်။ ငါမှာလည်း ပြောပြချင်တာတွေ များနေလေတော့ တချို့အကြောင်းအရာတွေကို အသေးစိတ် မတွေးနိုင်ခဲ့တာ ၀န်ခံပါတယ်ကွာ။ မင်းအခု တွေးမိသလို၊ မေးသလိုမျိုး ငါ့တုန်းကဖြင့် term တစ်ခုပြီးတဲ့အထိ တွေးရကောင်းမှန်း မသိခဲ့တာ အမှန်ပါကွာ။ မင်းပြောတာဟာ သင်္ချာနည်းအရဆိုရင် အမှန်ပဲကွ။ မင်းပြောတဲ့လေသံနဲ့ ပြန်ပြောရရင် "မာစတာမရမီ ၂ နှစ်တာ ကာလအတွင်း ငါတို့တက်ရမယ့် သင်တန်းကာလ (term) ၆ ခုရှိတယ်၊ အနည်းဆုံး လိုအပ်တဲ့ credit အရေအတွက်က ၄၀၊ အဲဒီတော့ ပထမသင်တန်းကာလ ၄ ခုမှာ credit ၁၀ ခုစီ ယူသွားရင်တောင် နောက်ဆုံးသင်တန်းကာလ ၂ ခုမှာ ကျောင်းတက်စရာ မလိုဘဲ အေးအေးဆေးဆေး ကျမ်းရေးလို့ရတယ်၊ သွားချင်တဲ့နေရာတွေကို လျှောက်လည်လို့ရတယ်" တဲ့။ အေး... အဲဒီလိုတော်လို့လည်း မင်းကမင်း ဖြစ်နေတာပေါ့။ ငါလို ခပ်တုံးတုံးကောင်က အဲဒီလိုမျိုး မတွေးမိပေမယ့် မင်းလိုမျိုး တွက်တတ်ချက်တတ် လူရည်လည်တဲ့ကောင်တွေက အဲဒီလိုတွေးတော့မယ်ဆိုတာ ဆရာ့ဆရာတွေက သိတယ်ဗျ။ အဲဒီတော့ စည်းကမ်းချက်၊ ကန့်သတ်ချက် ရှိတော့တာပေါ့။ အခြားမဟုတ်ပါဘူးကွာ... ကျောင်းသားတွေဟာ သင်တန်းကာလ တစ်ခုစီမှာ အနည်းဆုံး ဘာသာရပ်တစ်ခုကို မှတ်ပုံတင်ဖို့လို၊ တက်ရောက်ဖို့လိုတယ်တဲ့။ တစ်မှတ်ပေးတဲ့ ဘာသာရပ်ပဲဖြစ်ဖြစ်၊ နှစ်မှတ်ပေးတဲ့ ဘာသာရပ်ပဲဖြစ်ဖြစ် အနည်းဆုံးတစ်ခုတော့ သင်တန်းကာလတိုင်းမှာ တက်ဖို့လိုတယ်ကွ။ အဲဒီလို တင်းကြပ်လိုက်ရတာကလည်း ရာဇ၀င်ရှိတယ်လို့ ငါတို့ပါမောက္ခ ဆရာမျိုးက ရှင်းပြဖူးတယ်။ တစ်ချိန်သောကာလဆီက မင်းလိုမျိုး ရွှေဉာဏ်တော်စူးရောက်တဲ့ ကျောင်းသားအချို့ဟာ ရှေ့ကသင်တန်းကာလတွေမှာ လိုအပ်တဲ့ credit တွေ ရအောင်ယူပြီး ကျန်တဲ့သင်တန်းကာလတွေမှာ အပြင်မှာထွက်ပြီး အလုပ်လုပ်နေခဲ့ကြသတဲ့။ ပါမောက္ခတွေနဲ့ သူတို့ကျမ်းကြီးကြပ်သူ ဆရာတွေခမျာ အဲဒီကျောင်းသားတွေကို ဘယ်မှာမှ ရှာလို့လည်းမရ၊ တွေ့လည်းမတွေ့ရ ဖြစ်ခဲ့ဖူးပါသတဲ့။ ဒီနေရာမှာ ငါတွေးမိတာလေးတစ်ခုကို ပြောပြချင်တယ်။ ဒါပေမယ့် မပြောခင် ငါရှင်းပြစရာရှိတာလေးကို အရင်ဆုံး ရှင်းပါရစေ။ ဘာသာရပ်အလိုက် တက်ရောက်သင်ယူကြတဲ့နေရာမှာ အောင်/ရှုံး ကို ဘယ်လိုဆုံးဖြတ်သလဲ ပြောပြချင်တယ်။ နိုင်ငံတကာတက္ကသိုလ် ဖြစ်တဲ့အားလျော်စွာ မအောင်မရှိ ငါ့တပည့် မဟုတ်တာတော့ အသေအချာပါပဲ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခရဲ့ ခွင့်ပြုချက်မရဘဲ၊ ဆီလျော်တဲ့ အကြောင်းပြချက် မရှိဘဲ အတန်းတက်မှု ပျက်ကွက်ချိန်များရင်၊ အတန်းတွင်း သင်ခန်းစာဆိုင်ရာ မေးမြန်းပြောဆို ဆွေးနွေးမှုတွေမှာ ပါမောက္ခ စိတ်ကျေနပ်လောက်အောင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးမှု မရှိရင်၊ အခါအားလျော်စွာ ပေးလေ့ရှိတဲ့ အိမ်စာတွေလုပ်ဖို့ ပျက်ကွက်မှုများခဲ့ရင်၊ ဖြေဆိုရတဲ့ စာမေးပွဲတွေမှာ ကျေနပ်လောက်စရာ အမှတ်မရခဲ့ရင်၊ ရေးသားရတဲ့ စာတမ်းငယ်ကို သတ်မှတ်စည်းကမ်းချက်များနဲ့အညီ စိတ်ကျေနပ်ဖွယ်ရာ ရေးသားနိုင်ခြင်းမရှိခဲ့ရင် စတဲ့ စတဲ့ အချက်တွေနဲ့ ငြိစွန်းခဲ့ပြီဆိုရင်တော့ အဲဒီဘာသာရပ်ကို ကျရှုံးပြီလို့ ပြောနိုင်တယ်။ ငါတို့တွေ သင်တန်းကာလ တစ်ခုချင်းစီအတွက် ဘာသာရပ်တွေ မှတ်ပုံတင်ဖို့ ဆောင်ရွက်ကြတဲ့အချိန်မှာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေရဲ့ အမှတ်ပေးမယ့် စည်းမျဉ်းတွေကို လေ့လာဖတ်ရှုနိုင်ကြတယ်။ အချို့ကျောင်းသားတွေဟာ အဲဒီစည်းမျဉ်းတွေအပေါ် မူတည်ပြီး ဘာသာရပ်တွေ ရွေးချယ်တတ်ကြတယ်။ မယူမနေရ ဘာသာရပ်တွေကတော့ ဘယ်လိုစည်းမျဉ်းတွေပဲရှိရှိ မဖြစ်မနေ မှတ်ပုံတင်ကြရတာပေါ့ကွာ။ ပါမောက္ခ တစ်ဦးနဲ့တစ်ဦး အမှတ်ပေးစည်းမျဉ်းတွေ မတူညီတတ်ကြဘူး။ အချို့ပါမောက္ခတွေက အတန်းတွင်းဆောင်ရွက်မှု (........) ရာခိုင်နှုန်း၊ စာတမ်းငယ်ရေးသားမှု (.......) ရာခိုင်နှုန်း၊ စုစုပေါင်း (၁၀၀) ရာခိုင်နှုန်း စသဖြင့် ပေးတတ်ကြသလို၊ အချို့ကျတော့လည်း အတန်းတွင်းဆောင်ရွက်မှု (......) ရာခိုင်နှုန်း၊ တစ်ဦးချင်းပါဝါပွိုင့်တင်ပြမှု (........) ရာခိုင်နှုန်း၊ စာမေးပွဲဖြေဆိုမှု (........) ရာခိုင်နှုန်း၊ စုစုပေါင်း (၁၀၀) ရာခိုင်နှုန်း စသဖြင့် ပေးတတ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး အမှတ်ပေးပုံ မတူကြဘူးဆိုပေမယ့် အကြမ်းဖျဉ်းအားဖြင့် အတန်းတွင်းဆောင်ရွက်မှု၊ အတန်းတက်မှန်ကန်မှု၊ တစ်ဦးချင်းပါဝါပွိုင့်တင်ပြမှု၊ အဖွဲ့လိုက်ပါဝါပွိုင့်တင်ပြမှု၊ mid-term/final exam ဖြေဆိုမှု၊ စာတမ်းငယ်ရေးသားမှု စတာတွေအပေါ်မှာ အခြေခံပြီး ကွဲပြားသွားကြတာသာ ဖြစ်တယ်။ ရှေ့စာတွေမှာ ငါရှင်းပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ဘာသာရပ်အမျိုးအစား ၃ ခု ရှိတယ်ဆိုတာ မင်းမှတ်မိမယ်လို့ ငါထင်တယ်။ Required Courses, Required Elective Courses နဲ့ Elective Courses တို့ ပေါ့ကွာ။ မယူမနေရဖြစ်တဲ့ Required Course တွေ ကျရှုံးခဲ့ရင်တော့ နောက်စာသင်နှစ် အဲဒီဘာသာရပ် သင်ကြားမယ့်အချိန်မှာ မဖြစ်မနေ ပြန်လည်မှတ်ပုံတင်ပြီး တက်ရောက်ဖို့၊ အောင်မြင်ဖို့ လိုအပ်တယ်။ RC တွေဟာ လုံးဝကျရှုံးလို့ မရတဲ့ ဘာသာရပ်တွေဖြစ်ကြတယ်။ ဒါဆိုရင် REC နဲ့ EC ဘာသာရပ်တွေ ကျရှုံးခဲ့ရင်ရောဆိုပြီး မေးစရာရှိတယ်။ အေး... အဲဒီဘာသာရပ်တွေ ကျခဲ့ရင်တော့ သူတို့အတွက်ရမယ့် credit ကို မရတော့ဘူးပေါ့။ အဲဒီလို ကျနေပေမယ့်လည်း လိုအပ်တဲ့ အနည်းဆုံးအမှတ် (၄၀ သို့မဟုတ် ၄၄) ရယူထားပြီးသား ဖြစ်နေရင်တော့ ဘာပြဿ နာမှ မရှိပါဘူးကွာ။ လိုအပ်တဲ့အမှတ် မရသေးဘူးဆိုရင်လည်း အဲဒီဘာသာရပ်ကို မဖြစ်မနေ ပြန်လည်မှတ်ပုံတင်ဖို့ ရွေးချယ်ဖို့ မလိုအပ်ဘူးကွ။ မင်းအတွက် အဆင်ပြေမယ့်၊ သေချာပေါက် အမှတ်ရနိုင်မယ့် အခြားဘာသာရပ်တစ်ခုကို ပြောင်းလဲရွေးချယ် မှတ်ပုံတင်လို့ ရပါတယ်။ ဒီနေရာမှာ သတိပြုစရာ၊ အရေးကြီးတာတစ်ခုက အဲဒီလိုအခြေအနေ (ဘာသာရပ်တစ်ခုခု ကျရှုံးတဲ့အတွက် လိုအပ်တဲ့ သတ်မှတ်အမှတ် မပြည့်မီ) ဟာ ဒုတိယနှစ်ဘ၀ရဲ့ နောက်ဆုံးသင်တန်းကာလမှာ မဖြစ်ဖို့ပါပဲ။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ လိုအပ်အမှတ် မပြည့်မီတဲ့အတွက် မဟာဘွဲ့ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ရှင်းလင်းအောင် ဥပမာလေးနဲ့ ပြောပြပါရစေ။ ဆိုပါတော့ကွာ... မင်းဟာ သင်တန်းကာလ ၅ ခုကို တက်ရောက်ခဲ့ပြီးသွားပြီ၊ စုစုပေါင်း မင်းရခဲ့ပြီးသား အမှတ်ပေါင်းက ၃၈ မှတ် ဆိုပါတော့၊ လိုအပ်ချက်ပြည့်ဖို့ ၂ မှတ်ပဲလိုတယ်၊ နောက်ဆုံးတက်ရတဲ့ သင်တန်းကာလမှာ အမှတ် ၂ မှတ်ပေးတဲ့ ဘာသာရပ်တစ်ခုကို မှတ်ပုံတင်တက်ရောက်ခဲ့တယ်၊ ကံဆိုးစွာဘဲ အဲဒီဘာသာရပ်က ကျရှုံးခဲ့ပြီး အမှတ် ၂ မှတ် မရခဲ့ဘူး၊ အဲဒီတော့ မင်းအနေနဲ့ သင်တန်းကာလ ၆ ခုလုံးကိုလည်း တက်ရောက်ခဲ့ပြီးသွားပြီ၊ ထပ်တက်စရာ သင်တန်းကာလလည်း မရှိတော့ဘူး၊ လိုအပ်တဲ့အမှတ် ၄၀ ကလည်း မပြည့်သေးဘူး။ အဲဒါဆိုရင် မင်းကို မဟာဘွဲ့ပေးလို့ မရသေးဘူးပေါ့ကွာ။ ဒီလောက်ဆိုရင် ငါပြောချင်တာကို မင်းနားလည်မယ်လို့ မျှော်လင့်တယ်။ အပေါ်မှာ ငါတွေးမိတာလေး ပြောချင်တယ်လို့ စကားခံခဲ့တယ်နော်။ အခုပြောပါရစေ။ ဆိုပါတော့ကွာ... မင်းပြောသလို ရှေ့မှာတက်ခဲ့တဲ့ သင်တန်းကာလ ၄ ခု သို့မဟုတ် ၅ ခုမှာ လိုအပ်တဲ့ အမှတ် ၄၀ ရအောင် တက်ရောက်အောင်မြင်ခဲ့တယ်။ နောက်ဆုံးကျန်တဲ့ သင်တန်းကာလ တစ်ခု သို့မဟုတ် နှစ်ခုမှာ အနည်းဆုံး ဘာသာရပ်တစ်ခုစီ မဖြစ်မနေ မှတ်ပုံတင် တက်ရောက်ရမယ်။ အဲဒါက စည်းကမ်းချက်။ ဒါပေမယ့် ဟာကွက်လို့ ငါထင်တာတစ်ခုက မှတ်ပုံတင်ရမယ်လို့ပဲ သတ်မှတ်ထားတာကွ၊ မအောင်မဖြစ် အောင်ရမယ်လို့ မသတ်မှတ်ထားဘူး။ လိုအပ်တဲ့အမှတ်ကလည်း ရထားပြီးသားဆိုတော့ အဲဒီဘာသာရပ်တွေ ကျရှုံးရင်လည်း ဘာပြဿ နာမှ မရှိဘူး။ အဲဒီတော့ ဘာသာရပ်တစ်ခု မှတ်ပုံတင်မယ်ကွာ၊ ပြီးရင် စာသင်ခန်းကို သွားချင်မှသွားမယ်၊ စာမေးပွဲလည်း စိတ်မပါရင် မဖြေဘူး၊ စာတမ်းရေးခိုင်းရင်လည်း ရေးချင်မှရေးမယ်၊ အပ်ချင်မှအပ်မယ်၊ ကိုယ်သွားချင်တဲ့နေရာတွေ လျှောက်သွားရင်သွား ဒါမှမဟုတ် အခန်းမှာအိပ်နေ၊ အဲလိုနေလို့ အဲဒီဘာသာရပ် ကျရှုံးတော့လည်း ဘာမှမဖြစ်ဘူးလေကွာ။ ငါဒီလိုပြောလို့ တစ်မျိုးမထင်လိုက်ပါနဲ့ကွာ။ မြန်မာပြည်က လာခဲ့သူဆိုတော့ ပေါက်ပေါက်ရှာရှာ တွေးတတ်ပြောတတ်တယ်လို့ပဲ အောက်မေ့ပြီး ဟာသအဖြစ် သဘောထားပေးပါ။ ဒီလို တက္ကသိုလ်မှာ လာတက်တဲ့ ကျောင်းသားတွေအားလုံးဟာ မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ဂုဏ်ဆောင်ပြီး လာတက်ကြတဲ့ သူတွေပါ။ သူတို့နိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်၊ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးတွေ ယုတ်လျော့စေမယ့် ငါတွေးခဲ့ပြောခဲ့သလို အောက်တန်းကျတဲ့ အလုပ်မျိုးတွေ မလုပ်ကြပါဘူးကွာ။ ကဲ... ငါ့စာလည်း အတော်ရှည်သွားပြီကွာ။ ဒီနေရာမှာ ခေတ္တရပ်နားပါရစေဦး။
( Ichiro Nyanmyokyaw @ IUJ )

No comments:
Post a Comment