Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၅)

သူငယ်ချင်း...၊
ဒီစာမှာတော့ ငါတို့တက္ကသိုလ်အကြောင်း သိသလောက်လေး ပြန်ပြီးတော့ ပြောပြချင်မိတယ်။ ငါတို့တက္ကသိုလ် IUJ ကို ၁၉၈၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေထဲမှာ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ကြားပေးတဲ့ ပထမဆုံး တက္ကသိုလ် ဖြစ်ခဲ့တယ်။ ဒီတက္ကသိုလ်ကို စတင်တည်ထောင်သူအဖြစ် အသိအမှတ်ပြုထားသူက ဒေါက်တာ နာကာယာမ (Dr. Sohei Nakayama, Former advisor, The Industrial Bank of Japan) ဖြစ်တယ်။ အဲဒီ အိုင်ယူဂျေဖခင်ကြီးဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး သူကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ် ရှိပြီဖြစ်တယ်။ အိုင်ယူဂျေရဲ့ ပထမဆုံး ဥက္ကဋ္ဌကတော့ ဒေါက်တာ အိုကီတာ (Dr. Saburo Okita, Former Minister of Foreign Affairs) ဖြစ်တယ်။ အခုလက်ရှိ တက္ကသိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူကတော့ ဒေါက်တာ ကီတာအိုကာ (Dr. Shinichi Kitaoka) ဖြစ်တယ်။ သူဟာ တိုကျိုတက္ကသိုလ် (The University of Tokyo) ကနေ နိုင်ငံရေးသိပ္ပံ အထူးပြုနဲ့ ပါရဂူဘွဲ့ ရရှိခဲ့သူတစ်ဦးဖြစ်တယ်။ လက်ရှိအချိန်မှာ ငါတို့တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေရုံသာမက National Graduate Institute for Policy Studies မှာလည်း ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဂျပန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်တယ်။ ငါတို့ လူငယ်တွေပြောတတ်တဲ့ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ခေသူမဟုတ် ပေါ့ကွာ။ ငါတို့တက္ကသိုလ်မှာ ဌာနကြီး ၂ ခုရှိတယ်ဆိုတာကို ငါရေးခဲ့တဲ့ စာတစ်စောင်မှာ ပြောခဲ့ပြီးသားမို့ မင်းသိပြီးဖြစ်ပါလိမ့်မယ်။ အကျဉ်းချုပ် ပြန်ပြောရရင် GSIR နဲ့ GSIM ဆိုတဲ့ ဌာနနှစ်ခုပေါ့ကွာ။ မင်းတက်ရမယ့် တစ်နည်း ငါအခုတက်နေတဲ့ ဌာနကတော့ GSIR ဌာနဖြစ်တယ်။ ငါတို့ဌာနမှူးက ပါမောက္ခ ကာကီနာကာ (Prof. Makoto Kakinaka) ဖြစ်တယ်။ အမေရိကန် Cornell University က စီးပွားရေးပါရဂူဘွဲ့ ရရှိခဲ့သူတစ်ဦးဖြစ်တယ်။ ဒီတက္ကသိုလ်မှာ မင်းတက်ရောက်ခွင့် ရဖို့အတွက် မြန်မာပြည်မှာ လူတွေ့အင်တာဗျူး ဖြေရတဲ့အချိန်မှာ သူနဲ့မင်း တွေ့ခွင့်ရကောင်း ရနိုင်တယ်။ အများအားဖြင့် မြန်မာပြည်မှာလုပ်တဲ့ လူတွေ့အင်တာဗျူး စစ်မေးမှုတိုင်းမှာ သူပါလေ့ရှိတယ်။ သူသင်ကြားတဲ့ ဘာသာရပ်တွေကို ငါမယူဖူးသေးတာကြောင့် သူ့အကြောင်းကို သေသေချာချာ မသိပေမယ့် သူ့တပည့်တွေကတော့ စိတ်သဘောထားကောင်းသူအဖြစ် ညွှန်းဆိုကြတယ်။ ဒါပေမယ့် စာသင်တဲ့ နေရာမှာတော့ လောဘကြီးတယ်၊ အိမ်စာပေးတာ ကြမ်းတယ်လို့လည်း တစ်ပါတည်း ညည်းတတ်ကြတယ်ကွ။ ငါ့အမြင်ကတော့ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ ခင်မင်နှစ်လိုဖွယ်ရာ ပါမောက္ခ တစ်ဦးပါကွာ။ GSIM ဌာနမှူးကတော့ ပါမောက္ခ ကာဆေး (Prof. Kimio Kase) ဖြစ်တယ်။ သူကတော့ အင်္ဂလန် The Univeristy of Manchester ကနေ စီးပွားရေးစီမံခန့်ခွဲမှု ပါရဂူဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်တယ်။ ငါ့အနေနဲ့ သူ့အကြောင်းကို ဘာမျှ သေသေချာချာ မသိတဲ့အတွက် ထူးထူးထွေထွေ မပြောပြနိုင်တာကို နားလည်စေချင်တယ်။ နောက်ထပ်ပြောပြချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ပါမောက္ခ မျိုး (Prof. Maung Aung Myoe, Special Assistant to the President of IUJ, IRP Director) ဖြစ်တယ်။ တက္ကသိုလ်ဥက္ကဋ္ဌရဲ့ အထူးလက်ထောက်လို့ ပြောရမလား၊ အထူးအကြံပေးလို့ ဆိုရမလားဆိုတာ ငါ့အနေနဲ့ သေသေချာချာ မပြောနိုင်ပေမယ့် သူ့ရာထူးဟာ အပေါ်မှာ ငါပြောခဲ့တဲ့ ဌာနမှူး နှစ်ယောက်နဲ့ အဆင့်တူဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ သြစတြေးလျနိုင်ငံ Australian National University ကနေ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး ပါရဂူဘွဲ့ ရရှိခဲ့သူဖြစ်တယ်။ ဒီတက္ကသိုလ်မှာရှိတဲ့ ပါမောက္ခတွေ အများကြီးအနက်က ထူးခြားစွာပဲ နိုင်ငံတကာဆက်ဆံရေး မဟာဝိဇ္ဇာဘွဲ့ကို ဒီ IUJ ကနေ ရရှိခဲ့တဲ့ အိုင်ယူဂျေကျောင်းသားဟောင်း တစ်ဦးလည်း ဖြစ်တယ်ကွ။ ငါသိသလောက်ကတော့ ဒီအိုင်ယူဂျေကနေ မဟာဘွဲ့ရခဲ့ပြီး လက်ရှိဒီတက္ကသိုလ်မှာ ပြန်ပြီးတော့ စာသင်ကြားနေတဲ့ ပါမောက္ခက ရှားရှားပါးပါး ၂ ဦးပဲ ရှိတယ်ကွ။ ပါမောက္ခ မျိုး နဲ့ ပါမောက္ခ ကိုရေး တို့ဖြစ်ကြတယ်။ အော်... ငါပြောဖို့ မေ့နေခဲ့တဲ့ အဓိကအကြောင်းအရာတစ်ခု ရှိတယ်ကွ။ အခြားမဟုတ်ပါဘူးကွာ။ ပါမောက္ခ မျိုး ဆိုတာဟာ မြန်မာပါမောက္ခ တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်တယ် ဆိုတာကိုလည်း ငါက ဖြည့်စွက်ပြောပြချင်တယ်။ အနောက်နိုင်ငံအချို့ကလွှင့်တဲ့ ရေဒီယို အစီအစဉ်တွေမှာ မြန်မာ့အရေး ကျွမ်းကျင်သူ ဘယ်သူနဲ့ အင်တာဗျူးတို့ ဘာတို့ ငါတို့တွေ နားထောင်ခဲ့ကြဖူးတယ် မဟုတ်လား။ အဲဒီလူတွေဟာ မြန်မာ့အရေးမှာ ဘယ်လိုကျွမ်းကျင်ကြတယ်ဆိုတာကို ငါ့အနေနဲ့ သေသေချာချာ မသိလေတော့ မဝေဖန်လိုပါဘူး။ ဒါပေမယ့် ပါမောက္ခ မျိုး နဲ့ မင်းတွေ့ပြီးတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံအကြောင်း ငါတို့တွေ သိတယ်ဆိုတာဟာ အရပ်ထဲက ငါးစိမ်းသည် သိသလောက်သာ သိတယ်ဆိုတာ မင်းလက်ခံလာပါလိမ့်မယ်။ မြန်မာနိုင်ငံအကြောင်း၊ မြန်မာ့တပ်မတော်အကြောင်း၊ မြန်မာ့အိမ်နီးချင်းတွေအကြောင်း၊ မြန်မာအစိုးရ အဆက်ဆက်အကြောင်း၊ မြန်မာအတိုက်အခံတွေအကြောင်း၊ မြန်မာ့နိုင်ငံခြားရေး မူဝါဒအကြောင်း စတာတွေကို ပညာရှင်ပီပီ ခရေစေ့တွင်းကျ အပ်ကျမတ်ကျ သိသူဖြစ်လေတော့ မင်းသာရောက်လာရင် ပြောမကုန် ဆွေးနွေးမကုန်နဲ့ ဆရာမျိုး အခန်းကနေတောင် ပြန်ပါ့မလားလို့ ငါဖြင့် စိတ်ပူမိတယ်။ ဒီတက္ကသိုလ် တက်ခွင့်ရဖို့အတွက် မြန်မာပြည်မှာ ဖြေရမယ့် အင်တာဗျူးမှာ မင်းအနေနဲ့ ပါမောက္ခ မျိုး ကို ပထမဆုံး စတွေ့ရမယ်။ အဲ.. ပြီးရင်တော့ ဒီတက္ကသိုလ်ကနေ ဘွဲ့ရပြီး မပြန်မချင်း အမြဲမပြတ် ထိတွေ့ဆက်ဆံ အားကိုးရမယ့် ဆရာတစ်ဦးဖြစ်ကြောင်း အမြည်းအနေနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်ကွာ။ ငါ့စာကို နိဂုံးမချုပ်ခင် ငါ့ခံစားချက်လေးကို ပြောပြပါရစေ။ မင်းနဲ့ငါဟာ စိတ်သဘောချင်း အင်မတန် နီးစပ်တာမို့ ငါ့စာကို ဖတ်နေရင်းနဲ့ ငါတွေးခဲ့မိသလို မင်းလည်း တွေးမိမယ်လို့ ယုံကြည်လို့ပါ။ ပါမောက္ခ မျိုးဟာ မြန်မာ့အရေးကို အင်မတန် ကျွမ်းကျင်ပါလျက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာတွေ ဘာဖြစ်လို့ မရေးသလဲ ဆိုတာပါပဲ။ ငါ သူ့ကို တိုက်တွန်းခဲ့ဖူးပါတယ်။ သူ့အဖြေက ငါ့ကို ဘာမျှ ဆက်မပြောအောင် ဆွံ့အသွားစေခဲ့တယ်ကွ။ "မြန်မာ့နိုင်ငံရေးအကြောင်း သူမရေးချင်ဘူး၊ ဝေဖန်တဲ့လူတွေက ပညာရှင်ဆန်ဆန် မဟုတ်ဘဲ ငါးစိမ်းသည် ရန်တွေ့သလို၊ လိုင်းကားစပါယ်ယာ ရန်တွေ့သလို ပြောတတ်ကြလို့ လက်ရှောင်တာပါ" တဲ့။ သူပြောတာကို ငါဘယ်လို ပြန်ဖြေရမလဲကွာ။ ဆရာမောင်စူးစမ်းတို့၊ ဆရာကျော်ဝင်းတို့၊ ဆရာမောင်ဝံသတို့၊ ဆရာအောင်ထွဋ်တို့ကို ကြည့်ပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ စာရေးတဲ့လူဆိုတာ အင်မတန်မှ အရေထူရမယ်ဆိုတဲ့ သင်ခန်းစာ ငါတို့တွေ ရခဲ့ပြီးသားမဟုတ်လားကွာ။ ငါ့စာကို ဒီနေရာမှာ ခေတ္တရပ်နားပါရစေ။
( Ichiro Nyanmyokyaw @ IUJ ) 

No comments:

Post a Comment