Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၉)

သူငယ်ချင်း...၊
မင်းအနေနဲ့ ငယ်ငယ်တုန်းက တစ်ကြိမ်လောက်ဖြစ်ဖြစ် နေမကောင်းချင်ယောင်ဆောင်ပြီး ကျောင်းပြေးဖူးမယ်လို့ ငါထင်တယ်။ တစ်ခါကျောင်းပြေးဖူးတဲ့ အရသာကို သိထားတဲ့ ကလေးတစ်ယောက်ဟာ နောက်တစ်ကြိမ်လည်း ကျောင်းပြေးဖို့ စိတ်ကူးတတ်တယ်ကွ။ အရင်စာတုန်းက ကျောင်းပြေးထားတဲ့ အရှိန်ဟာ အခုထိ မသေသေးဘူးကွ။ စာသင်ခန်းအကြောင်းတွေ၊ စာမေးပွဲအကြောင်းတွေ၊ အိမ်စာအကြောင်းတွေ မပြောဘဲ အခြားအကြောင်းအရာတွေ ထွေရာလေးပါး ပြောနေရရင် ငါ့စိတ်ကလေးက အင်မတန်မှကို ပေါ့ပါးပြီး စာရေးလို့ အင်မတန်ကောင်းတာကိုးကွ။ ဒီစာမှာလည်း စာသင်ခန်းထဲကို ပြန်မ၀င်သေးဘဲ ထွေရာလေးပါး အကြောင်းလေးတွေ ဆက်ပြောပါရစေကွာ။ ငါ့အနေနဲ့ ဂျပန်နိုင်ငံကိုရောက်တာ တစ်နှစ်နီးပါး ရှိနေပြီဆိုပေမယ့် အချိန်အများစုဟာ စာသင်ခန်းနဲ့ အိပ်ဆောင်၊ အိပ်ဆောင်နဲ့ စာကြည့်တိုက်၊ စာကြည့်တိုက်နဲ့ အားကစားခန်းမ၊ အားကစားခန်းမနဲ့ စားသောက်ဆိုင်၊ စားသောက်ဆိုင်နဲ့ အိပ်ဆောင်ဆိုသလို တက္ကသိုလ်ဝန်းထဲမှာပဲ နေ့စဉ်နဲ့အမျှ လှုပ်ရှားကျင်လည်နေရတာဆိုတော့ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း၊ နိုင်ငံရေးစနစ်အကြောင်း၊ စီးပွားရေးလုပ်ငန်းတွေအကြောင်း စတာတွေကို အင်တာနက်နဲ့ စာအုပ်စာတမ်းတွေထဲမှာ ဖတ်ရလို့ သိရတာကလွဲရင် ထူးထူးထွေထွေ အပိုသိတာ မရှိလှပါဘူး။ ငါတို့တက္ကသိုလ်ဟာ နိုင်ငံပေါင်းများစွာက ရောက်လာကြတဲ့ ကျောင်းသားတွေနဲ့ သီးခြားကမ္ဘာလေးတစ်ခု ဖြစ်နေသလို၊ ဟိုးရှေ့ကစာတစ်စောင်မှာ ငါပြောခဲ့ဖူးသလို မြို့ကြီးပြကြီးမှာ မဟုတ်ဘဲ လယ်ကွင်းတွေအကြား၊ တောတောင်တွေအကြားမှာ သီးခြားတည်ရှိနေတဲ့ ဘုံဗိမာန်တစ်ခု ဖြစ်နေတာကြောင့် ဂျပန်အငွေ့အသက်တွေ မရှိသလောက် ဖြစ်နေတာတော့ အမှန်ပဲကွ။ တက္ကသိုလ်ဝန်းကျင်က ကေျးရွာလေးတွေရဲ့ အနေအထားတွေ၊ အဲဒီရွာလေးတွေမှာ နေထိုင်တဲ့ ဂျပန်လူမျိုးတွေ၊ တက္ကသိုလ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ဂျပန်လူမျိုး ၀န်ထမ်းတွေ၊ ဟိုသွားဒီသွား သွားတဲ့အခါ တွေ့ဆုံကြုံတွေ့ရတဲ့ လူတွေရဲ့ ဓလေ့စရိုက်တွေ၊ အမူအကျင့်တွေ စတဲ့ မဖြစ်စလောက် အချက်အလက်လေးတွေကနေ လေ့လာသင်ယူလို့ရတဲ့ ဗဟုသုတ အနည်းငယ်သာ ငါ့မှာရှိတယ်ဆိုတာ ၀န်ခံပါတယ်။ အဲဒီတော့ ဂျပန်နိုင်ငံဆိုတာ ဘယ်လိုကွ၊ ဂျပန်လူမျိုးတွေဆိုတာ ဘယ်လိုကွ၊ ဂျပန်စီးပွားရေးက ဘယ်လိုကွ၊ ဂျပန်တွေရဲ့ ယဉ်ကျေးမှုက ဘယ်လိုကွ စသဖြင့် ကြီးကျယ်ခမ်းနားစွာ ပြောပြစရာတွေ မရှိတဲ့အတွက် ငါ့ကို နားလည်ပေးပါ။ ငါတက်နေတဲ့ တက္ကသိုလ်နဲ့ ပတ်သက်လို့ကတော့ ဘယ်နေရာမှာ ဘာရှိတယ်ကစလို့ ဘယ်ပါမောက္ခက ဘယ်နေရာမှာ ပုန်းပြီးတော့ ဆေးလိပ်သောက်တတ်တယ်အဆုံး ငါပြောပြနိုင်ပါတယ်။ ငါတို့တက္ကသိုလ် ပတ်ပတ်လည်ဟာ လယ်ကွင်းတွေဖြစ်တာကြောင့် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ငါမြင်သလောက်၊ ငါသိသလောက်လေး နည်းနည်းပါးပါး ပြောပြချင်တယ်။ ဒီနားက လယ်သမားတွေ ဘာတွေစိုက်လဲလို့ ငါ့ကို မေးလာရင် "အကုန်စိုက်တယ်" လို့ ငါဖြေရမှာပဲ။ စပါးချိန် စပါး၊ ဖရဲချိန် ဖရဲ၊ ပန်းချိန် ပန်း၊ ကြက်သွန်ချိန် ကြက်သွန်၊ ပြောင်းဖူးချိန် ပြောင်းဖူး၊ ခရမ်းချဉ်သီးချိန် ခရမ်းချဉ်သီး၊ ခရီးသီးချိန် ခရမ်းသီး၊ ဂေါ်ဖီချိန် ဂေါ်ဖီ၊ ပဲသီးချိန် ပဲသီး၊ ဘူးသီးချိန် ဘူးသီး၊ ငရုတ်သီးချိန် ငရုတ်သီး အကုန်ကို စိုက်ကြတာပဲဟေ့။ ဘယ်အချိန်တွေ စိုက်ကြသလဲလို့ မေးလာမယ်ဆိုရင်တော့ ဆောင်းတွင်းကာလ လယ်ကွင်းတွေအကုန်လုံး နှင်းပြင်ဖြူ ကြီး ဖြစ်နေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်မှာ မနားမနေ စိုက်ကြတယ်လို့ ဖြေရမှာပါပဲ။ ဒီနေရာမှာ ငါနဲ့အတူတူတက်နေတဲ့ အစ်ကိုကြီးတစ်ယောက် ပြောတာလေးကို သတိတရ ပြောပြချင်တယ်။ ငါလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာပါပဲ။ ဒါပေမယ့် သူ့လိုမျိုး သတိမပြုမိဘူး၊ မတွေးမိဘူးကွ။ သူက ဘာပြောသလဲဆိုတော့ "ဒီ ဂျပန်က အပင်တွေကလည်းကွာ အားလုံး တညီတည်းတွေချည်းပဲ" တဲ့။ ဟုတ်တယ်.. အဲဒါအမှန်ပဲ သူငယ်ချင်းရေ။ သူပြောကာမှ ငါလည်း သတိထားမိတာကိုးကွ။ ခရမ်းပင်စိုက်ရင်လည်း ခရမ်းပင်တွေ အကုန်လုံးက အားလုံးတညီတည်း၊ ပန်းပင်စိုက်ရင်လည်း ပန်းပင်တွေအကုန်လုံးက အားလုံးတညီတည်း၊ ခရမ်းချဉ်သီး စိုက်ထားရင်လည်း အပင်အားလုံးက တညီတည်း၊ စပါးခင်းတွေ ကြည့်ပြန်တော့လည်း စပါးပင်တွေ အကုန်လုံးက အားလုံးတညီတည်း၊ ဖရဲစိုက်ခင်းကျတော့လည်း ဖရဲပင်တွေ အကုန်လုံးက တညီတည်းပဲ။ ပိန်လှီနေတဲ့အပင်၊ စုန်းပြူးဖြစ်ပြီး ကွဲထွက်နေတဲ့အပင်ရယ်လို့ အခုအချိန်အထိ တစ်ခါမျှကို မမြင်ဖူးသေးပါဘူးကွာ။ အပင်အားလုံးဟာ ခွဲမရအောင် ချွတ်စွတ်တူတဲ့ အမြွှာတွေချည်းပဲ။ အသီးသီးတာ၊ အပွင့်ပွင့်တာလည်း တစ်ပင်နဲ့တစ်ပင် ထပ်တူနီးပါးပဲ။ ပြည်သူ့ခေတ်ဂျာနယ်က ပင်တိုင်ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို ယူသုံးရမယ်ဆိုရင်တော့ "အံ့သြလွန်းလို့ သေတော့မယ်" ဆိုပါတော့ကွာ။ နောက်ထပ် ငါသတိပြုမိတာ တစ်ခုကတော့ ငါတို့အနီးဝန်ကျင် ကျေးရွာတွေမှာ နေထိုင်တဲ့လူတွေ၊ စိုက်ပျိုးရေးလုပ်နေတဲ့ လယ်သမားတွေထဲမှာ လူငယ်တွေ လုံးဝမရှိဘူး ဆိုတာပါပဲ။ မူလတန်း၊ အလယ်တန်းအရွယ် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့ လူတွေကလွဲရင် ဂျပန်လူငယ်ဆိုတာ မမြင်ရသလောက်ပါပဲ။ မျိုးဆက်ပြတ်သွားတာလား၊ ဒါမှမဟုတ် လူငယ်တွေဟာ ကျေးလက်ကိုစွန့်ခွာပြီး မြို့ကြီးပြကြီးတွေမှာ စွန့်စားလုပ်ကိုင်နေကြတာလား ဆိုတာကိုတော့ ငါ့အနေနဲ့ သေသေချာချာ ဂဃဏန မသိတဲ့အတွက် ဘာမှတ်ချက်မျှ မပေးလိုပါဘူး။ ဆက်ပြောရရင် ငါတို့နိုင်ငံရဲ့ ကျေးလက်က လယ်သမားတွေဆိုတာ သီးသန့်လူတန်းစားတစ်ရပ် ဖြစ်နေမှန်း မင်းသိပြီးသားပါ။ မနက်အစောကြီး မိုးမလင်းခင်က ပုဆိုးအစုတ်၊ အင်္ကျီအစုတ်ဝတ်ပြီး နွားနဲ့အတူ အိမ်ကထွက်၊ ဖိနပ်ဗလာနဲ့ ရွှံ့ထဲဗွက်ထဲမှာ နွားနဲ့အတူ တစ်နေကုန်ရုန်း၊ ညနေမှောင်ရီပျိုးမှ နွားဆွဲပြီးပြန်လာ၊ လမ်းကချောင်းမှာဝင်ပြီး နွားလည်းရေချိုး၊ လူလည်းရေကူး၊ မောမောပန်းပန်းနဲ့ အိမ်ပြန်ပေါ့ကွာ။ ဒီမှာတော့ အဲလိုမဟုတ်ဘူးကွ။ မိုးမလင်းခင် မှောင်ရီဝိုးတ၀ါးကတည်းက လယ်ကွင်းထဲမှာ တကုပ်ကုပ် လုပ်နေတဲ့လူ ဘယ်သူမျှ မရှိဘူး။ လယ်ထဲဆင်းတဲ့အချိန်မှာ သူတို့ဝတ်နေကျ ဖိနပ်ရှည်၊ ၀တ်စုံ၊ နေကာဦးထုပ် စတာတွေကို ၀တ်တာကလွဲရင် ကျန်တဲ့အချိန်မှာတော့ သူလိုကိုယ်လိုပါပဲ။ လုပ်ငန်းဆောင်တာ အားလုံးနီးပါးကို စက်နဲ့ပဲ လုပ်ကြတယ်။ သူတို့ကိုယ်ပိုင် လယ်ထွန်စက်အသေးတွေနဲ့ ထွန်ယက်ကြတယ်၊ အစေ့ချစက်နဲ့ အစေ့ချစိုက်ပျိုးကြတယ်၊ ပေါင်းလိုက်စက်နဲ့ ပေါင်းလိုက်ကြတယ်၊ လယ်ကန်သင်းက မြက်ပင်ရှည်တွေကို မြက်ရိတ်စက်တွေနဲ့ ရိတ်ကြတယ်။ ပြောရရင်တော့ လူနဲ့လုပ်တာဆိုလို့ အဲဒီစက်တွေကို သူတို့တက်မောင်းတဲ့ အလုပ်တစ်ခုပဲ ရှိတယ်လို့ ပြောရမယ် ထင်ပါတယ်။ လူကိုယ်တိုင် ခွန်အားသုံးပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်တာကို ထူးထူးဆန်းဆန်း မြင်ရတာဆိုလို့ ဖရဲသီးစိုက်ခင်းတွေမှာ ဖရဲသီးတွေ သီးတဲ့အချိန် ဖရဲပင်တစ်ပင် ခေါင်သီးတစ်လုံးသာ ရွေးချန်ထားပြီး ကျန်တဲ့အသီးတွေ အကုန်လုံးကို လိုက်ဖြတ်ပစ်တာ၊ ချန်ထားတဲ့ ခေါင်သီးတွေဘေးမှာ အမှတ်အသားငုတ်တွေ လိုက်စိုက်တာ၊ အဲဒီအသီးတွေပေါ်မှာ ကောက်ရိုးတွေလိုက်အုပ်တာ စတဲ့အလုပ်တွေ လုပ်တာကိုသာ မြင်ဖူးတယ်ကွ။ လယ်ကွင်းတွေထဲအထိ ကားလမ်းလေးတွေ ဖောက်ထားတဲ့အပြင် အဲဒီလမ်းတွေကလည်း ရန်ကုန်ကလမ်းတွေထက်တောင် အရည်အသွေးကောင်းလေတော့ လယ်သမားအဘိုးကြီးတွေ သူတို့ရဲ့ Light Truck ကားလေးတွေပေါ်မှာ လယ်ထွန်စက် ဒါမှမဟုတ် လိုအပ်တဲ့ စက်ယန္တရားလေးတွေ တင်ပြီးသယ်လာတာ၊ ပြီးသွားရင် ပြန်တင်ပြီး မောင်းပြန်သွားတာတွေကို မြင်ရတဲ့အခါတိုင်း ငါ့မှာလေ အံ့သြလွန်းလို့၊ သဘောကျလွန်းလို့ ပါးစပ်ကြီးအဟောင်းသားနဲ့ အမြဲတစေ ငေးမောနေခဲ့ဖူးတယ်။ ငါတို့ဆီက လယ်သမားတွေလည်း တစ်နေ့မှာတော့ အဲဒီလို အခြေအနေကို ရောက်လာကောင်းပါရဲ့ကွာ။ လယ်သမားတွေအကြောင်း ပြောလက်စနဲ့ ဆက်ပြောရဦးမယ်။ ဒီကလယ်သမားတွေက အင်မတန်မှ အနုပညာဆန်တာကိုးကွ။ လယ်ကန်သင်းအားလုံးနီးပါးမှာ ပန်းပင်လေးတွေ စိုက်ပျိုးထားတတ်တယ်ကွ။ မင်းမျက်စိထဲမှာ မြင်ယောင်ကြည့်စမ်းပါကွာ... အဖြူရောင်ပန်းပွင့်လေးတွေ၊ အ၀ါရောင်ပန်းပွင့်လေးတွေ၊ အနီရောင်ပန်းပွင့်လေးတွေကြားမှာ ဖြစ်ထွန်းနေတဲ့ စပါးခင်းစိမ်းစိမ်းစိုစို၊ နှင်းဆီပင်လေးတွေကြားကနေ မြင်ရတဲ့ ခရမ်းသီးပင်၊ ခရမ်းချဉ်သီးပင်လေးတွေ၊ သခွားမွှေးစိုက်ထားတဲ့ စင်ပေါ်က အရွက်စိမ်းစိမ်းတွေအကြားမှာ ရွှေဝါရောင်အသီးတွေ ရှိနေပြီး အဲဒီစင်အောက်မှာ ပန်းအိုးလေးတွေက စီစီရီရီနဲ့ လှချင်တိုင်းလှနေတာ။ အေး.. အဲဒီလိုမျိုး လယ်ကွင်းထဲ ရောက်နေတာတောင် ပန်းခြံထဲရောက်နေသလို ခံစားရတဲ့နိုင်ငံမှာ လူဖြစ်ရတဲ့ ဂျပန်လူမျိုးတွေမှ အသက်မရှည်ရင် ဘယ်လူမျိုးတွေ အသက်ရှည်မလဲကွာ။ မင်းသာ ဒီမြင်ကွင်းတွေကို မြင်ပြီးပြီဆိုရင် ငါတော့ဖြင့် မင်းရဲ့ ရင်တွင်းဖြစ် ကဗျာအနုအရွတွေ အများကြီး ဖတ်ရတော့မယ်လို့ အသေအချာ သိနေတယ်ကွ။ မြန်မာပြည်မှာ နေရာအများကြီး ငါမရောက်ဖူးပါဘူး။ ဒါပေမယ့် ငါရောက်ဖူးသမျှ နေဖူးသမျှထဲမှာ အကြိုက်ဆုံးမြို့တစ်ခုကို ပြောပါဆိုရင်တော့ မဆိုင်းမတွဘဲ ပြင်ဦးလွင်လို့ ပြောမိမှာပဲကွ။ အသီးတစ်ခုခုစားပြီးလို့ အစေ့ထွေးထုတ်လိုက်ရင်တောင် ကျတဲ့နေရာမှာ အပင်ပေါက်တဲ့ မြေဆီသြဇာမျိုးရှိတဲ့ မြို့လေးပေါ့ကွာ။ ရေခံမြေခံ ကောင်းတယ်လို့ ပြောကြတာကို သတိရမိတယ်။ ငါ့အနေနဲ့ ပြင်ဦးလွင်လောက် နေချင်စရာကောင်းတဲ့မြို့ ကမ္ဘာပေါ်မှာ ရှိမယ်မထင်ဘူးလို့တောင် မှတ်ယူခဲ့ဖူးတယ်ကွ။ ဒါပေမယ့် ဒီရောက်တဲ့အချိန်မှာတော့ ငါ့ရဲ့အတွေးတွေ ပြောင်းသွားခဲ့ရတယ်။ ဒီမြို့လေးကို မင်းရောက်လာတဲ့အခါ ဒီက မြေဆီသြဇာ ကြွယ်ဝပုံ၊ သီးနှံတွေဖြစ်ထွန်းပုံ၊ ရေသယံဇာတ ပေါများပုံ စတာတွေကို မြင်ပြီးတဲ့အချိန်မှာတော့ ငါ့ရဲ့အတွေးကို မင်းနားလည်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်။ ငါ့စာကို နိဂုံးမချုပ်ခင် IUJ ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ငါ့အစ်မတစ်ယောက်က သူ့သမီးလေး အင်္ဂလိပ်လို အက်ဆေးရေးထားတာလေးကို ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတဲ့အကြောင်းလေး သတိရမိလို့ မင်းကို ပြောပြချင်တယ်။ အက်ဆေးခေါင်းစဉ်က "My dream job" တဲ့။ သူ့သမီးလေးက ဘာရေးထားလဲဆိုတော့ လယ်သမားတစ်ယောက် ဖြစ်ချင်တယ်တဲ့။ မြန်မာမိခင်တစ်ဦးက သူ့သမီးလေး အဲဒီလို ရေးထားတဲ့အပေါ် ဘယ်လိုခံစားရမယ်ဆိုတာ မင်းရောငါရော နားလည်ကြတယ်။ မိခင်စိတ်ဆိုတော့လည်း ကိုယ့်သားသမီးကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ဗိသုကာပညာရှင်ကြီး၊ ကွန်ပျူတာပညာရှင်ကြီး ဖြစ်စေချင်မှာပေါ့နော်။ ဒီနေရာမှာ ငါပြောချင်တာက ငါသာ အဲဒီသမီးလေးနေရာမှာဆိုရင်လည်း "ကျွန်တော်သည် လယ်သမားတစ်ယောက် ဖြစ်ချင်ပါသည်" လို့ပဲ ရေးမိမယ်ဆိုတာပါပဲ။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ရှိတယ်။ "ကျွန်တော်သည်" ဆိုတဲ့နောက်မှာ "ဂျပန်ပြည်၌" ဆိုတဲ့ စကားရပ်လေး ထပ်ဖြည့်ပေးရုံပါကွာ။ ရွှင်လန်းချမ်းမြေ့ပါစေ။
( Ichiro Nyanmyokyaw @ IUJ )

No comments:

Post a Comment