Saturday 12 July 2014

လျှို့ဝှက်ချက်အက်ဥပဒေ ? ? ?


          ယူနတီဂျာနယ်သတင်းထောက်တွေ ပြစ်ဒဏ်ချတဲ့သတင်းများကို ဖတ်ရပါတယ်။ ဥပဒေ နားမလည်တဲ့အတွက် ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီးတော့ မဝေဖန်လိုပါဘူး။ ရိုးရိုးသားသား ၀န်ခံရရင် ဝေဖန်နိုင်လောက်တဲ့ ဥပဒေ ဗဟုသုတလည်း မရှိပါဘူး။ တစ်ခုပဲ သိချင်တာက ဒီလို ဥပဒေမျိုး မြန်မာနိုင်ငံမှာဘဲ ရှိနေတာလား။ တစ်ခြားနိုင်ငံတွေမှာ မရှိဘူးလား။ အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ လွတ်လပ်စွာ ရေးသားခွင့်နဲ့ ၀ိရောဓိများ ဖြစ်မနေဘူးလား စသည်ဖြင့် သံသယတစ်ခုကို အရင်းတည်ပြီး လေ့လာ ဖတ်မှတ်မိသမျှ ပြန်လည် မျှဝေလိုက်ပါတယ်။
ပထမဆုံးကတော့ အခြေခံဥပဒေကို ဖတ်ကြည့်ပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖြန့်ဝေခွင့် တွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေ အခန်း (၈) နိုင်ငံသား နိုင်ငံသားများ၏မူလအခွင့်အရေး နှင့် တာဝန်များ အခန်း၊ ပုဒ်မ ၃၅၄ မှာ အခုလို ပြဌာန်းထားတာ တွေ့ရပါတယ်-

၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်-
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်
(ခ) .....

မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ဖတ်ပြီးသကာလ ဒီမိုကရေစီ သက်တမ်း ၂၀၀ ကျော်ပါပြီဆိုတဲ့ အမေရိကန်အခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသား ဖြန့်ဝေခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုပြဌာန်းထားသလဲ ရှာကြည့်ပါတယ်။ အမေရိကန် အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ပြုခဲ့တုန်းက ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ မပါသေးပါဘူး။ အခြေခံဥပဒေကို အတည်ပြုပြီး လေးနှစ်အကြာ ၁၇၉၁ ခုနှစ်မှာ Bill of Rights လို့ နာမည်ကြီးတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၀ ချက်အဖြစ် လွတ်လပ်ခွင့် ပြဌာန်းချက်တွေကို ထပ်ဖြည့်ခဲ့ပါတယ်။ Bill of Rights ပြင်ဆင်ဖြည့်စွက်ချက် ဆယ်ချက်ထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ကို ပြင်ဆင်ချက် အမှတ် ၁ အဖြစ် အခုလို ဖြည့်စွက်ခဲ့ပါတယ်-

Amendment I (1791)
Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the government for a redress of grievances. 

အမေရိကန် အခြေခံဥပဒေက ခုလို ခွင့်ပြုထားပုံမျိုးနဲ့ဆို အက်ဒ၀ပ်စနိုဒမ်တို့ ရုရှားတောင် ထွက်ပြေးစရာမလိုဘူးလို့ ကိုယ့်ဘာသာ စောဒက တက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး ဘာတွေ တားမြစ်ထားသလဲ၊ စစ်ဘက်ရေးရာ လုံခြုံရေးကို ဘယ်လိုဥပဒေတွေနဲ့ ကာကွယ်ထားသလဲ လိုက်ရှာကြည့်မိပါတယ်။ လျှို့ဝှက်ချက်တွေ ကာကွယ်တဲ့ ဥပဒေ နှစ်ခု တွေ့ပါတယ်။ ထပ်ပြီး ရှိချင်လည်း ရှိနိုင်ပါသေးတယ်။ အဲသည် နှစ်ခုကတော့ အမေရိကန် သမိုင်းမှာ လျို့ဝှက်ချက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေအဖြစ် ပထမဆုံး ပြဌာန်းခဲ့တဲ့ Defense Secrets Act of 1911 နဲ့ အဲသည်ဥပဒေထဲက အကြောင်းအရာတွေကိုပဲ ထည့်သွင်း ရေးသားပြီး ၁၉၁၇ ဇွန်လ ၁၅ ရက်နေ့မှာ အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့တဲ့ Espionage Act of 1917 တို့ပဲ ဖြစ်ပါတယ်။( ဥပဒေထဲက အကြောင်းအရာ အသေးစိတ်ကိုတော့ မတင်ပြတော့ပါဘူး။ စိတ်ဝင်စားသူများ ဆက်လက်ဖတ်ရှုနိုင်အောင် လင့်ချိတ်ပေးထားပါတယ် ) Defence Secret Act 1911 ပြဌာန်းချက်အချို့ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။




စိတ်ဝင်စားစရာကောင်းတာက အမေရိကန်တို့ ပြဌာန်းခဲ့တဲ့ အထက်ပါ ဥပဒေများဟာ ဗြိတိသျှတို့ရဲ့ Official Secrets Act ကို အခြေခံ ရေးသားထားတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာလည်း ဗြိတိသျှကိုလိုနီ ဘ၀က အင်္ဂလိပ်တွေ ရေးသားပြဌာန်းခဲ့တဲ့ Official Secrets Act ကို ခုထက်တိုင် လက်ခံကျင့်သုံးလျက်ရှိနေပါသေးတယ်။ မြန်မာဘာသာပြန် ရှိပေမယ့် တရားဝင်ပြဌာန်းချက်က အင်္ဂလိပ်လိုပဲ ရှိပါသေးတယ်။ တကယ်ပြဌာန်းတာက အိန္ဒိယမှာ ပြဌာန်းတာပါ။ India Act အဖြစ်ပြဌာန်းခဲ့ပြီး မြန်မာပြည် လွတ်လပ်ရေးရတော့ မြန်မာပြည်ဥပဒေအဖြစ် ဆက်လက် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။


          အခု အရေးယူလိုက်တာဟာ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)(က) အရ လို့ သိရပါတယ်။ အဲသည်ပုဒ်မမှာ ဘာရေးထားသလဲ ဖတ်ကြည့်လိုက်တဲ့အခါအခုလို ပြဌာန်းထားတာ တွေ့ရပါတယ်။

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ
====================================
ပုဒ်မ ၃ မှ ကောက်နှုတ်ချက်
=================
၁။ မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ ၊
နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ ငှာ -
(ကက) ပိတ်ပင်ထားသောနေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း ၊
ဖြတ်ကျော်လျှင်သော် လည်းကောင်း ၊
ထိုအရပ် အနီးအနားတွင် ရှိနေလျှင်သော် လည်းကောင်း ၊
ထိုအရပ်ကို ၀င်ရောက်လျှင်သော် လည်းကောင်း ။
(ခခ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊
အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊
ရုပ်ပုံ ၊ နယ်ပုံ ၊ မှတ်စု တစ်ခုခုကို ပြုလျှင်သော် လည်းကောင်း ။
(ဂဂ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊
အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊
လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကားကို ဖြစ်စေ ၊
စကားဝှက်ကို ဖြစ်စေ ၊ရုပ်ပုံ ၊ နယ်ပုံ ရေးသားချက် ၊
မှတ်စု ၊ အခြားစာတမ်း အမှတ်အသား သတင်းတစ်ခုခုကို ဖြစ်စေ
ရယူလျှင်သော် လည်းကောင်း ၊ စုဆောင်းလျှင်သော် လည်းကောင်း ၊
ပုံနှိပ်ထုတ်ဝေလျှင်သော် လည်းကောင်း ၊
အခြားသူ တစ်ဦးဦးအား သတင်းပေးလျှင်သော်လည်းကောင်း ၊
ထိုသူအား ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည် ။
ထို့ ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက် ၊
(ကြည်း)(ရေ)(လေ) တပ်တစ်ခုခုကို ထားရာဒေသ ၊
၎င်း တပ်တစ်ခုခု၏ တပ်နယ် တစ်ခုခု ၊
မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ ၊ စက်ရုံ ၊ သင်္ဘောကျင်း ၊
စစ်စခန်းသင်္ဘော ၊ လေယာဉ်ပျံတစ်စီးစီး နှင့် စပ်လျဉ်း ၍
ထိုပြစ်မှုကို ကျူးလွန်လျှင်သော်လည်းကောင်း ၊
(ကြည်း)(ရေ)(လေ) တပ် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍
အခြားနည်းဖြင့် ကျူးလွန်လျှင်သော် လည်းကောင်း ၊
လျှို့ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကား တစ်ခုခုနှင့် စပ်လျဉ်း ၍
ကျူးလွန်လျှင်သော်လည်းကောင်း ၊
ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည် ။

          အဲသည်လို Official Secrets Act တွေကို နယူးဇီလန်၊ အိုင်ယာလန်၊ ယူကေ၊ ကနေဒါ၊ ဟောင်ကောင်၊ မလေးရှား နဲ့ သြစတေးလျတို့မှာလည်း ပြဌာန်းထားကြောင်း တွေ့ရှိရပါတယ်။ စကားစပ်လို့ ပြောရရင် စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ကိုယ်ကို ခံယူထားသူများ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖြန့်ဝေချင်တယ်ဆိုရင် အခွင့်အရေးကို အခြေခံဥပဒေက ပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိတည်ဆဲ ၁၉၂၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ က တရားဥပဒေ မဟုတ်ဘဲ မတရားဥပဒေကြီးပါလို့ ယူဆကြတယ်ဆိုရင်ဖြင့် ဒီကနေ့ လွှတ်တော်ကြီးတွေ ရှိနေပါပြီ။ မတရားတဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့၊ တရားတဲ့ ဥပဒေတွေ ပြဌာန်းဖို့ လွှတ်တော်ကြီးက အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် မကြိုက်တဲ့ ဥပဒေတွေများ ရှိရင် တရားဝင်လမ်းကြောင်းကနေ ဖျက်သိမ်းဖို့ ကြိုးစားကြပါ။ သတင်းစာ ဂျာနယ်တွေမှာ ပြူးတူးပြဲတဲတွေ လျှောက်ရေး၊ ဘုရားပေါ်သွားပြီး ဘုရားဖူးတွေ မျက်စိနာက်အောင် ဆုတောင်းပွဲတွေလုပ်၊ ကြေညာချက်လေးတွေထုတ်၊ ဗီနိုင်းလေးတွေရိုက်၊ တီရှပ်လေးတွေ ဝေ၊ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေရုံနဲ့လောက်နဲ့ကတော့ ဖုန်မထပါဘူးလို့ အားနာနာနဲ့ အကြံပေးပါရစေ။

No comments:

Post a Comment