သူငယ်ချင်း...၊
ပြီးခဲ့တဲ့ စာနှစ်စောင်မှာ အချိန်သတ်မှတ်ချက်တွေအကြောင်း ပြောခဲ့တာမို့ တစ်စပ်တစ်ဆက်တည်း ဖြစ်သွားရအောင် ဒီစာမှာလည်း အချိန်တွေအကြောင်း ထပ်ပြောပါရစေ။ စာကြည့်တိုက်ကို အချိန်သတ်မှတ်ချက်နဲ့ ဖွင့်တဲ့အကြောင်း အရင်စာထဲမှာ ပြောခဲ့ပြီးသားမို့ မင်းသိပြီးဖြစ်လိမ့်မယ်။ စာကြည့်တိုက်လိုပဲ ကျောင်းသားတွေ နောက်ထပ် အားကိုးအားထားပြုရတဲ့ နေရာလေးတွေ ရှိသေးတယ်။ အခြားမဟုတ်ဘူး "PC Rooms" လို့ ခေါ်ကြတဲ့ ကွန်ပျူတာခန်းတွေနဲ့ "Study Rooms" လို့ ခေါ်ကြတဲ့ စာကြည့်ခန်းတွေ ဖြစ်ကြတယ်။ အဲဒီနေရာတွေကို ဘယ်အချိန်တွေ သုံးလို့ရသလဲဆိုတာကို အရင်ဆုံး ပြောပါရစေ။ ၀မ်းမြောက်ဝမ်းသာ ပြောရမယ်ဆိုရင်တော့ အဲဒီနေရာ နှစ်ခုလုံးကို မင်းအနေနဲ့ ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ အသုံးပြုနိုင်တယ် ဆိုတာပါပဲ။ ကိုယ်ပိုင်ကွန်ပျူတာ မရှိသူတွေ၊ ဒါမှမဟုတ် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ခန်းစာတွေအတွက် သီးသန့်အသုံးပြုရတဲ့ ဆော့(ဖ)၀ဲတွေကို အသုံးပြုလိုသူတွေ၊ ဒါမှမဟုတ် အဲဒီကွန်ပျူတာခန်းထဲမှာကို စာကြည့်လိုသူတွေက PC Rooms တွေကို အသုံးပြု ကြတယ်။ တစ်ခု သတိပြုစရာက GSIM ဌာနရဲ့ အချို့သော ဘာသာရပ်တွေဟာ ကွန်ပျူတာခန်းတွေထဲမှာ သင်ကြားကြရတာတွေဖြစ်တယ်။ အဲဒီလို သင်ခန်းစာချိန်တွေမှာဆိုရင်တော့ မင်းအနေနဲ့ ကွန်ပျူတာခန်းကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ စာသင်ချိန်တွေကလွဲရင် ကျန်အချိန်တွေမှာတော့ မင်းအနေနဲ့ ကွန်ပျူတာခန်းထဲမှာ တစ်နေကုန်တစ်နေခန်း ထိုင်သုံးလို့ ရပါတယ်။ Study Room တွေကတော့ အမြဲတစေ စာကြည့်နေသူတွေ၊ စာရှင်းပြနေသူတွေ၊ စာဆွေးနွေးနေသူတွေ၊ ငြင်းခုန်နေသူတွေ၊ စာဖတ်နေသူတွေနဲ့ ပြည့်နှက်နေလေ့ရှိတယ်။ အစုအဖွဲ့လိုက် စာကြည့်တတ်တဲ့ ကျောင်းသားတွေအတွက် စာကြည့်ခန်းတွေဟာ လွတ်မြောက်ရာ နိဗ္ဗာန်တွေပါပဲ။ White Board တွေ အသုံးပြုပြီး တစ်ယောက်တစ်လှည့် စာရှင်းပြနိုင်သလို၊ တစ်ယောက်တစ်လှည့် စာဆွေးနွေးတာတွေ၊ စာငြင်းခုန်တာတွေ၊ အိမ်စာစုလုပ်တာတွေကို ပျော်ပျော်ပါးပါး လုပ်လို့ရတဲ့ နေရာတွေဖြစ်တယ်။ စာဖတ်နေချိန်မှာ အေးအေးဆေးဆေး ဆိတ်ဆိတ်ငြိမ်ငြိမ် နားအေးပါးအေးနဲ့ ဆူညံသံမရှိမှဆိုတဲ့ လူတွေအတွက်တော့ Study Room တွေဟာ ငရဲခန်းတွေ ဖြစ်လိမ့်မယ်။ အဲဒီလို စာကြည့်ချင်တဲ့ ကိုရေခဲတွေအတွက် အသင့်လျော်ဆုံးက စာကြည့်တိုက်နဲ့ ကိုယ့်အခန်းတွင်းကိုယ်ပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ နောက်တစ်ခု မင်းကို မိတ်ဆက်ပေးချင်တာ တစ်ခုကတော့ Cafeteria လို့ ခေါ်တဲ့ ကျောင်းစားသောက်ဆိုင် ပါပဲ။ ကိုယ့်ဘာသာကိုယ် ချက်မစားတဲ့ ကျောင်းသားတွေ၊ ပါမောက္ခတွေ၊ ၀န်ထမ်းတွေ၊ ဒါမှမဟုတ် တစ်ခါတလေ အခြေအနေတစ်ခုကြောင့် ချက်မစားဖြစ်တဲ့သူတွေ၊ ဒါမှမဟုတ် ထမင်းကို ကိုယ်တိုင်ချက်ပြီး ဟင်းဝယ်စားချင်တဲ့သူတွေ အားထားရတဲ့ နေရာတစ်ခုပေါ့ကွာ။ မနက် ၁၁ နာရီ ၃၀ မိနစ်ကနေ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အတွင်း နေ့လည်စာ မှာယူစားသုံးနိုင်ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ကနေ ည ၈ နာရီအတွင်း ညစာ ၀ယ်ယူသုံးဆောင်နိုင်ကြတယ်။ တနင်္လာကနေ သောကြာအထိ ကျောင်းဖွင့်ရက်နေ့တွေမှာတော့ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ကော်ဖီတို့၊ ရေခဲမုန့်တို့၊ အစာပြေမုန့်တို့ စားသောက်နိုင်အောင် ဖွင့်လှစ်ပေးတယ်။ နောက်ထပ်ပြောပြချင်တဲ့ နေရာတစ်ခုကတော့ ကျောင်းဈေးဆိုင် (School Shop) ဖြစ်တယ်။ တစ်ကိုယ်ရေ ပစ္စည်းအသုံးအဆောင်တွေ၊ စားသောက်ဖွယ်ရာ၊ အချိုရည်၊ IUJ အမှတ်တရပစ္စည်းတွေ ၀ယ်ယူနိုင်တဲ့နေရာတစ်ခု ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံအသီးသီးကို စာ၊ ပါဆယ် ပို့ဆောင်မှု၊ ဂျပန်နိုင်ငံတကာ လေဆိပ်အသီးသီးကို ၀န်စည်စလယ် ပို့ဆောင်မှုစတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကိုလည်း ကျောင်းဈေးဆိုင်မှာ ပြုလုပ်နိုင်တယ်။ မင်းရဲ့ အဖိုးတန်အ၀တ်အစားတွေ၊ ၀တ်စုံတွေကို အခြောက်လျှော်ချင်တယ် ဆိုရင်လည်း အဲဒီဈေးဆိုင်မှာ အပ်နှံဆောင်ရွက်နိုင်တယ်။ ကျောင်းဈေးဆိုင်ကို ဘယ်အချိန်တွေမှာ ဖွင့်လှစ်သလဲဆိုတော့ ကျောင်းဖွင့်ရက် (တနင်္လာမှသောကြာ) တွေမှာ မနက် ၈ နာရီကနေ ည ၇ နာရီအထိနဲ့ ကျောင်းပိတ်ရက် (စနေ၊ တနင်္ဂနွေ) တွေမှာတော့ မွန်းလွဲ ၁ နာရီကနေ ည ၇ နာရီအထိ ဖွင့်လှစ်တယ်။ ကဲ.. မင်းအနေနဲ့ ငါပြောခဲ့သမျှကို ပိုပြီးတော့ ရှင်းလင်းသွားအောင် အနှစ်ချုပ်အဖြစ် အောက်မှာရေးပြထားပါတယ်။ အခြားအလုပ်ကလေးတွေ ရှိသေးတဲ့အတွက် ငါ့စာကို ဒီနေရာမှာ ရပ်လိုက်ပါတယ် သူငယ်ချင်း။ ရွှင်လန်းချမ်းမြေ့ပါစေကွာ။
ကွန်ပျူတာခန်းမများနှင့် စာကြည့်ခန်းများ (PC Rooms & Study Rooms)
၂၄ နာရီ ပိတ်ရက်မရှိ
စားသောက်ဆိုင် (Cafeteria)
နေ့လည်စာ - နေ့လည် ၁၁း၃၀ မှ မွန်းလွဲ ၁း၃၀
ညစာ - ညနေ ၅း၃၀ မှ ည ၈း၀၀
ကော်ဖီချိန် - မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၃၀
ကျောင်းဈေးဆိုင် (School Shop)
တနင်္လာ မှ သောကြာ - မနက် ၈း၀၀ မှ ည ၇း၀၀
စနေ၊ တနင်္ဂနွေ - မွန်းလွဲ ၁း၀၀ မှ ည ၇း၀၀
( Ichiro Nyanmyokyaw @ IUJ )

No comments:
Post a Comment