Saturday 28 May 2016

ငဘ


.
. . . ကိုရှီဟီကာရီ コシヒカリ ဆိုတာ ဂျပန်နိုင်ငံမှာ အစိုက်အများဆုံး အကောင်းဆုံး ဆန်တစ်မျိုးဖြစ်ပါတယ်။ နူးညံ့တဲ့ဆန်သား မွှေးကြိုင်တဲ့ ရနံ့နဲ့ ပိုးသားလေးလို လှပတယ်လို့ ဆိုကြပါတယ်။ မျိုးကတော့ သဘာဝမျိုး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က ဖူကူအီပြည်နယ် စိုက်ပျိုးရေးသုတေသန ဌာနတစ်ခုကနေ ဆန်မျိုးစိတ်နှစ်ခုကို ပေါင်းပြီး တီထွင်ဖန်တီးထားတဲ့ မျိုးစိတ်သစ်ဖြစ်ပါတယ်။ ကိုရှီဟီကာရီ ဆိုတာကတော့ ကိုရှီနယ်ရဲ့ အလင်းရောင်လို့ အဓိပ္ပာယ်ရပါသတဲ့။ ကိုရှီနယ်ဆိုတဲ့အထဲမှာ ကျွန်တော်တို့ အခုနေတဲ့ နီဂါးတားပြည်နယ်လည်း ပါဝင်ခဲ့ပါတယ်။ အဲသည် ဓာတ်ခွဲခန်းထဲမှာ ဖန်တီးလိုက်တဲ့ ဆန်မျိုးစိတ်အသစ်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ဖို့ အတွက် အတားအဆီးအခက်အခဲတွေကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့တာကတော့ ကျွန်တော်တို့နေတဲ့ မီနာမီအွန်နူမာဒေသပဲ ဖြစ်ပါသတဲ့။
.
. . . ဂျပန်အစိုးရက သတ်မှတ်ပေးတဲ့ ပထမတန်းစားဆန်အမျိုးအစားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ ကိုရှီဟီကာရီ ဆန်ထဲမှာမှ အကောင်းဆုံး ကိုရှီဟီကာရီကို ကျွန်တော်တို့ မီနာမီအွန်နူမာက ထုတ်လုပ်ပါတယ်။ စိုက်ပျိုးနည်းစနစ်ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက်တာအပြင် တစ်နှစ်မှာ လေးလလောက် နှင်းထု အထူကြီးဖုံးထားတဲ့ လယ်ကွင်းတွေထဲမှာ နွေအခါ ဟာကိုင်းစံတောင်ပေါ်က စီးကျလာတဲ့ အဟာရဓာတ် ကြွယ်ဝတဲ့ နှင်းပျော်ရေတွေသွင်းပြီး စိုက်ပျိုးနိုင်ရုံမက နေ့ဘက်မှာ အလွန်ပူပြီး ညဘက်မှာ အလွန်အေးတဲ့ ဒေသရဲ့ ရာသီဥတုကလည်း ကျွန်တော်တို့ ဒေသက စပါးရဲ့ အရည်အသွေးကို ထူးခြား ကောင်းမွန်အောင် အထောက်အကူပေးနေတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
.
. . . ကျွန်တော်တို့မြို့မှာ အခုချိန်က စပါးစိုက်တဲ့ ရာသီပါ။ လူရဲ့ လုပ်အားဆိုလို့ စက်မောင်းတာလောက်ပဲ ရှိကြတဲ့ ဒီလိုဒေသမှာ စပါးကို မိရိုးဖလာ စိုက်နည်းပျိုးနည်းတွေ မပျောက်ပျက် မတိမ်ကောအောင် နှစ်စဉ် စပါးစိုက်ပွဲနဲ့ စပါးရိတ်သိမ်းပွဲ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဇာတိမှာတော့ တစ်ယောက်စိုက် နှစ်ယောက်စိုက်လောက်ပဲရှိတဲ့ လယ်လေး သုံးကွက်ကို ကျွန်တော်တို့ ကျောင်းသားတွေနဲ့ လယ်သမားတွေ တစ်အုပ်ကြီး ဆင်းပြီး မိရိုးဖလာနည်းအတိုင်း လက်နဲ့ ကောက်စိုက်တာ၊ စပါးမှည့်ချိန်ရောက်ရင် တံဇဉ်နဲ့ ကောက်ရိတ်တာကို ပွဲလမ်းတစ်ခုလို လုပ်တာပါ။ သူတို့ လုပ်နေကျအတိုင်း စက်နဲ့သာဆို ခဏလေးနဲ့ ပြီးသွားမယ့် အဲသည်လယ်ကွက်ကလေး သုံးခုကို အချိန်တွေ အကုန်ခံ ပိုက်ဆံတွေ အကုန်ခံပြီး လူတွေဖိတ် ကျွေးမွေး ကြိုပို့နဲ့ လုပ်ကြတဲ့ ပွဲဖြစ်ပါတယ်။ ကျွန်တော်လည်း တောသူတောင်သား မိဘတွေက မွေးဖွားခဲ့တဲ့ ကျေးတောသား ဖြစ်ပေမယ့် အဖေအမေက လယ်မလုပ်တော့ လယ်ထဲမှာ ကိုယ်တိုင် ကောက်မစိုက်ဖူး မရိတ်ဖူးပါဘူး။ ဒီရောက်မှဘဲ ကိုယ်တိုင် တမန်းညက်နေအောင် ထွန်ထားတဲ့ နွံတွေ ခြေသလုံးလောက်မြုပ်တဲ့ လယ်ကွက်ထဲဆင်းပြီး ကောက်စိုက်ဖူးတာပါ။
.
. . . လယ်ကွက်ထဲက ရွှံ့ထဲဆင်း ကောက်စိုက်နေရင်းနဲ့ ခေတ်အဆက်ဆက် ကျေးဇူးရှင်ဦးကြီးများလို့ စကားလှလှလေးနဲ့ အညာခံနေရတဲ့ မျက်နာမွဲငဘများကို သတိရနေမိပါတယ် . . .
.
(၂၀၁၆ မေလ ၂၈ )

Friday 20 May 2016

နိုင်ငံရေးထဲက စစ်တပ်

.
. . .. ကျင့်သုံးပြီး ကျင့်သုံးဆဲ ဘယ်အခြေခံဥပဒေကမှ စစ်တပ်ကို နိုင်ငံရေးက ဝေးဝေးေ. နအောင် ဟန့်တားထားနိုင်စွမ်း မရှိပါဘူး။ တစ်နည်းအားဖြင့် ဘယ်လောက် ဒီမိုကရေစီကျကျ ရေးဆွဲထားပါတယ်ဆိုတဲ့ အခြေခံဥပဒေတောင် စစ်တပ်ကို အာဏာမသိမ်းအောင် မတားဆီး နိုင်ခဲ့ပါဘူး

. . . ဒါကတော့ ကျွန်တော့် ဘွဲ့ယူကျမ်း နိဂုံးချုပ် သုံးသပ်ချက်တွေထဲက တစ်ခုပါ
.
. . . ဒါဆိုရင် ဘယ်အရာက စစ်တပ်ကို နိုင်ငံရေးက ဝေးဝေးနေအောင် စွမ်းဆောင်မှာပါလဲလို့ စာမေးပွဲစစ်တဲ့ ဆရာမက မေးပါတယ်။ ကျွန်တော်က ဒီလို ပြန်ဖြေခဲ့ပါတယ်။
.
. . . နှစ်ချက်ရှိတယ်
.
. . . နံပတ်တစ်၊ စစ်တပ်သည် နိုင်ငံရေးဝင်လုပ်ရမယ့် အဖွဲ့အစည်း မဟုတ်ဘူးဆိုတာ စစ်တပ်ကိုယ်တိုင် ယုံကြည်လာတဲ့တစ်နေ့၊ စစ်တပ်ဆိုတာ အကုန်လုံးဘာမဆို လုပ်နိုင်တယ် ငါတို့အတွက် မလုပ်နိုင်တာ မရှိဘူးဆိုပေတဲ့ နိုင်ငံရေးကို စစ်တပ်က ၀င်လုပ်နေတာ မသင့်တော်ပါဘူးဆိုတာ စစ်တပ်က ကိုယ့်ကိုယ်ကို ယုံကြည်လာတဲ့တစ်နေ့မှာ စစ်တပ်သည် နိုင်ငံရေးကနေ ဝေးဝေးမှာ နေလိမ့်မယ်။
.
. . . နံပတ် နှစ်၊ နိုင်ငံထဲက နိုင်ငံရေး အင်စတီကျူးရှင်းတွေ အခိုင်အမာ တည်ဆောက်လာနိုင်တဲ့တစ်နေ့၊ နိုင်ငံရေးပါတီများ အပါအ၀င် အခြားသော နိုင်ငံရေး အင်စတီကျူးရှင်းများက နိုင်ငံတော်တည်ငြိမ်ရေး လုံခြုံရေးနဲ့ သာယာဝပြောရေးကို ထမ်းဆောင်နိုင်ကြောင်း အာမခံပါပြီလို့ ပြည်သူအများက ယုံကြည်လာတဲ့တစ်နေ့ (ပြည်သူအများဆိုတာ မြို့ပေါ်နေ ရေပေါ်ဆီ လူ့မလိုင် လူနည်းစုနဲ့အတူ ကျေးလက်က ဆင်းရဲသား နင်းပြားတွေ အများစုလည်း ပါဝင်ပါတယ်)၊ ပြည်သူတွေ ကိုယ်တိုင်ကလည်း ဒီမိုကရက်တစ် အလေ့အထတွေကို စိတ်လိုလက်ရ လက်ခံကျင့်သုံးလာလောက်အောင် ရင့်ကျက်ပြည့်ဝလာတဲ့ တစ်နေ့၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေ ရဲ့ ခိုင်မာအားကောင်းမှု၊ ပြည်သူတွေရဲ့ ရင့်ကျက်ပြည့်ဝမှုကို စစ်တပ်ကိုယ်တိုင် ယုံကြည်လက်ခံလာတဲ့ တစ်နေ့မှာ စစ်တပ်သည် နိုင်ငံရေးကနေ ဝေးဝေးနေလိမ့်မယ်။
.
(ယိုးဒယားစစ်တပ်နှင့် နိုင်ငံရေးအကြောင်း ဘွဲ့ယူကျမ်း ကောက်နုတ်ချက်

Wednesday 18 May 2016

P L A G I A R I S M


.
. . . Plagiarism ဆိုတဲ့ ဝေါဟာနဲ့ ကျင့်ဝတ် သဘောတရားကို ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ သူကတော့ အခု ဗန်းမော်တက္ကသိုလ်မှာ ပါမောက္ခချုပ် တာဝန် ထမ်းဆောင်နေတဲ့ ဆရာဦးကြည်ရွှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဆရာတစ်ယောက်လို သာမက ညီအစ်ကိုလို သူငယ်ချင်းလို ရဲဘော်ရဲဘက်လို နားလည်မှု အပြည့်နဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံရုံသာမက ပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း တကယ့်ပညာရပ်နယ်ပယ်နဲ့ ထိတွေ့ခွင့်ရအောင် အခွင့်အလမ်းအမျိုးမျိး ဖန်တီးပေးခဲ့တဲ့ ဆရာ့ကို ဦးထိပ်ပန်ဆင်ပြီး ဒီစာကို ရေးပါတယ်
.
. . . Plagiarism ဆိုတာ ကျောင်းသားတွေ ပညာရှင်တွေ အလေးထားရတဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ကျွန်တော်က စာတမ်းတစ်စောင်တင်တယ်။ ကျွန်တော့်စာတမ်းမှာ ဟိုစာအုပ်ထဲက နည်းနည်း ဒီစာအုပ်ထဲက နည်းနည်း စုပေါင်းစပ်ပေါင်းလုပ်ပြီး မူရင်း ရေးသားထားသူတွေကိုလည်း အသိအမှတ်ပြု ဖော်ပြထားခြင်းမရှိဘဲ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်စွမ်းဥာဏ်စွမ်းနဲ့ ရေးသားပြုစုထားသယောင် လုပ်တာမျိုးကို Plagiarism လုပ်တယ်လို့ သတ်မှတ်ပါတယ်။ တကယ့် အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံးပုံကတော့ တက္ကသိုလ် တစ်ခုနဲ့တစ်ခု တူကောင်းမှ တူပါလိမ့်မယ်။ 
.
. . . Plagiarism ဆိုတာ ပညာလေ့လာသင်ကြားနေတဲ့ တက္ကသိုလ်တွေ အင်စတီကျူးရှင်းတွေ အဖွဲ့အစည်းတွေ မှာသာမက ဂျာနယ်လစ်လောကမှာလည်း အထူးအလေးထားတဲ့ သဘောတရားတစ်ခု ဖြစ်ပါတယ်။ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေမယ့် ယေဘုယျ ပြောရရင် သူများလေ့လာပြုစုထားတဲ့ ပညာရပ်ဆိုင်ရာ လေ့လာသုတေသနပြုချက်၊ အရေးအသား အဖွဲ့အနွဲ့ စတာတွေကို စာတစ်ကြောင်း တစ်ပါဒပဲ ဖြစ်ဖြစ် မိမိကိုယ်တိုင်ရေးသားထားသည့်နှယ် ရေးသားပြောဆို သုံးနှုံးတာကို ဆိုလိုပါတယ်။ တက္ကသိုလ်တွေမှာတော့ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် Plagiarism နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မည်ရွေ့မည်မျှ ပမာဏဆိုရင် ပြစ်မှုမြောက်တယ် စသည်ဖြင့် သတ်မှတ် ကျင့်သုံးကြပါတယ်။ 

. . . ကောင်းပြီ။ ကျောင်းသားတစ်ယောက်က အထက်ကပြောခဲ့သလို စာတမ်းတစ်စောင်ကို ဟိုကကူး ဒီကကူးနဲ့ ရေးပြီး တင်ပါပြီတဲ့။ စစ်တဲ့သူက ဘယ်လို သိနိုင်မလဲ။ အခုခေတ်မှာ ဒါကလည်း ပြဿနာတစ်ခုတော့ မဟုတ်တော့ပါဘူး။ အွန်လိုင်းမှာ အခမဲ့ စစ်ဆေးပေးတဲ့ ၀က်ဆိုက်တွေ ရှိသလို တကယ့်တက္ကသိုလ်ကြီးတွေ တန်ရာတန်ကြေးပေးပြီး စစ်ဆေးပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ကျောင်းက Plagiarism.org ဆိုတဲ့ဆီကို ပို့ပြီး စစ်ဆေးတယ်လို့ ဆိုပါတယ်။ (ကျွန်တော်တို့ တက္ကသိုလ်က ကျင့်သုံးတဲ့ Plagiarism ဆိုင်ရာ မူဝါဒကို http://www.iuj.ac.jp/ir-info/cheating-policy/ ၀င်ရောက်လေ့လာနိုင်ပါတယ်)။ စာတမ်းတင်တဲ့အခါမှာ ကျောင်းသားက ဆော့ကော်ပီကိုပါ တင်ပေးရပါတယ်။ ဆော့ကော်ပီကို စစ်ဆေးပြီးတဲ့အခါ စစ်ဆေးမှုရလဒ်အပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်ပါတယ်။ အခုရေးတဲ့စာက ပညာရပ်ဆိုင်ရာ ကျင့်ဝတ်ကို အဓိကထား ပြောပြတဲ့ စာတမ်းမို့ နည်းပညာပိုင်းဆိုင်ရာတွေကို ဒီလောက်ပဲ ဆွေးနွေးလိုပါတယ်။ 
.
. . . Plagiarism ဆိုတာကို ပညာရပ် ပညာရှင် နယ်ပယ်မှာ အလေးထားပြီး ပြောနေကြတဲ့ အဓိက အကြောင်းရင်းက ကျင့်ဝတ်ပိုင်းဆိုင်ရာကို စောင့်ထိန်းဖို့ အဓိက ဆိုလိုရင်းပါ။ ကိုယ်ကိုယ်တိုင်က ပညာရပ်နယ်ပယ်ထဲမှာ ရှိနေတယ်လို့ ခံယူထားရင် ပညာရှင်ဆိုင်ရာ ကျင့်ဝတ်ကို လေးစားလိုက်နာစောင့်ထိန်းဖို့ လိုပါတယ်။ တစ်ခြားသူရေးသားပြုစုထားတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ကို ကိုယ့်သက်ဆိုင်ရာ နယ်ပယ်အတွက် အသုံးတည့်လို့ ပြုပြင်မွမ်းမံပြီး ပြန်အသုံးချတယ်ဆိုရင်တောင် ပညာရပ်နဲ့ ကျင့်ဝတ်ကို လေးစားလိုက်နာသောအားဖြင့် မူရင်းပြုစုထားသူကို အသိအမှတ်ပြု ဖော်ပြဖို့ သင့်ပါတယ်။ ကျမ်းကိုးစာရင်းထဲမှာ ထည့်ထားတယ်လေ ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး။ ဘယ်စာအုပ်ကို ကျောရိုးပြုပြီး ရေးသားပြုစုထားပါတယ် ဆိုတဲ့အကြောင်း သိသာထင်ရှားစွာ အသိအမှတ်ပြု ဖော်ပြပေးရမှာ ပညာရှင်တစ်ယောက်ရဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။ 
.
. . . ကျင့်ဝတ်ဆိုတာ ကိုယ်ကိုယ်တိုင် လေးစားလိုက်နာဖို့ လိုသလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း လေးစားလိုက်နာအောင် အားပေးခြင်း မလိုက်နာသူကို ဖော်ထုတ်ခြင်းဖြင့် ပညာရပ်လောက အသိုင်းအ၀ိုင်းရဲ့ ဂုဏ်သရေကို တစ်နည်းတစ်လမ်းက မြှင့်တင်ရမှာလည်း ဖြစ်ပါတယ်။ ငါလုပ်လိုက်တာ ဘယ်သူမှ မသိဘူးကွ။ သိတဲ့သူတွေကလည်း ငါ့တပည့်တွေဆိုတော့ ငါ့ကို ပြောမှာ မဟုတ်ပါဘူးလေဆိုတဲ့ အတွေးမျိုး၊ ငါ့ရဲ့ ဆရာ ဖြစ်ခဲ့ဖူးလို့ ဒီလူရဲ့ ကျင့်ဝတ်ဖောက်ဖျက်ရာကျတဲ့ အပြုအမူကို လိုက်ကာကွယ်ပေးနေမယ်ဆိုရင်တော့ အဲလိုလူတွေကြီးစိုးတဲ့ အသိုင်းအ၀ိုင်းရဲ့ ပညာရပ်ပညာရှင်ဂုဏ်အသေရေက မှိန်သထက်မှိန် ညှိုးသထက် ညှိုးမှာပါပဲ
.
. . . ကျွန်တော်တို့ မြန်မာနိုင်ငံ ပညာရပ် နယ်ပယ်မှာလည်း Plagiarism ဆိုတဲ့ စကားလုံးကို မသုံးပေမယ့် ဒီလိုမျိုး ကျင့်ဝတ်တွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က စာစီစာကုံး ပြိုင်ပွဲတွေဘာတွေ ၀င်ပြိုင်တဲ့အခါ တစ်ခြား စာစီစာကုံးက တစ်စိတ်တစ်ပိုင်းဖြစ်စေ တစ်ပုဒ်လုံးဖြစ်စေ ကူးယူရေးသားခြင်း မပြုရ ဆိုတာမျိုး စည်းကမ်းချက်တွေ ပါတတ်ပါတယ်။ ဒါလည်း တစ်နည်းအားဖြင့် Plagiarism မဖြစ်စေရဆိုတဲ့ သဘောတရားမျိုးပါပဲ။ ကျွန်တော် အလယ်တန်း အထက်တန်းကျောင်းသားဘ၀က ပုံမှန် ဖတ်ဖြစ်တဲ့ စာစောင်တစ်ချို့က စာစီစာကုံး ပြိုင်ပွဲတွေမှာ ပထမ ဒုတိယ စသည်ဖြင့် အသိအမှတ်ပြုပြီးခါမှ ကူးယူထားတဲ့ စာစီစာကုံးဆိုတာ နောင်အခါမှာ စီစစ်တွေ့ရလို့ အများသိအောင် ကြေညာပြီး ပြိုင်ပွဲဝင်ခွင့် ပိတ်တာမျိုးလို အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်။ 
.
. . . တက္ကသိုလ်ကျောင်းတွေမှာလည်း Plagiarism မဖြစ်စေရအောင်လို့ မူရင်းစာတစ်ပိုဒ် စာတစ်ပုဒ် စာတစ်အုပ်ကို ကိုးကားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ ကိုးကားဖော်ပြရကြောင်း၊ မူရင်း ရေးသားသူကို မည်သို့မည်ပုံ အသိအမှတ်ပြုရကြောင်း နည်းလမ်းတကျ သင်ကြားပေးတာ ရှိပါတယ်။ ကျွန်တော် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ကြား ရန်ကုန်တက္ကသိုလ်တက်စဉ်က အထက်မှာ ပြောခဲ့တဲ့ ဆရာဦးကြည်ရွှင်က Research Methodology ဆိုတဲ့ ဘာသာရပ် သင်ကြားတဲ့အခါမှာ Plagiarism နဲ့ ပတ်သက်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကို သေသေချာချာ သင်ကြားခဲ့သလို Plagiarism စစ်ဆေးတဲ့ ၀က်ဆိုက်တွေအကြောင်းကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ 
.
. . . အခု လက်ရှိတော့ မြန်မာပြည်က ဘယ်တက္ကသိုလ်တွေမှာ Plagiarism အကြောင်း သင်ကြားပို့ချသလဲ မသိပေမယ့် တကယ်ကို သိသင့်သိထိုက်တဲ့ ကိစ္စမို့ အလေးထား သင်ကြားဖို့ လိုအပ်ကြောင်း ထင်မြင်ယူဆမိပါတယ်။
.
. . . တစ်ပါးသူရဲ့ ပညာရပ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှု ရလဒ်များကို လေးစား တန်ဖိုးထားပြီး ထိုက်တန်သလို အသိအမှတ်ပြုနိုင်ကြပါစေ . . .
.
(ပုံစာ - စာအုပ်နှစ်အုပ် နှိုင်းယှဉ်ချက်။ ဘယ်ဘက်စာအုပ်မှာ GEORGE W. NORTON, JEFFREY ALWANG နှင့် WILLIAM A. MASTERS တို့ ရေးသားပြုစုခဲ့သော စာအုပ် ဖြစ်ပြီး ညာဘက်စာအုပ်မှာ Prepared by Dr. Maung Maung Soe, Associate Professor, Department of Applied Economics, Yangon Institute of Economics ဟု ရေးသားဖော်ပြထားသော ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကျောင်းသုံးစာအုပ်တစ်အုပ်ဖြစ်ပါသည်။ - ဘယ်ဘက်စာအုပ် (2nd edition) ကို ရယူလိုပါလျှင်http://elibrary.kiu.ac.ug:8080/…/Economics%20of%20Agricultu… တွင်လည်းကောင်း၊ သင်ကြားရေးအတွက် powerpoint များသုံးစွဲလိုပါလျှင်http://www.ecagdev.agecon.vt.edu/viewcontentbychapter.html တွင်လည်းကောင်း ရယူနိုင်ပါသည်။)
.
https://www.facebook.com/notes/mosaic/p-l-a-g-i-a-r-i-s-m/1111155188949115

ကြယ်နီ ကျောင်းနွား ဒေါင်းအားရှင်


စစ်ကိုင်းကနေ နေပြည်တော်ကို ဆန္ဒပြလမ်းလျှောက်လာတဲ့ အလုပ်သမား ဆိုသူတွေအထဲမှာ အခုပုံမှာ ပြထားတဲ့ ကြယ်နီဦးထုပ်ဆောင်း မိန်းမဟာ ရှေ့ပိုင်းနားကျကျ လမ်းလျှောက်လာတာကို ဘီဘီစီရဲ့ ဗီဒီယိုကလစ် တစ်ခုမှာ မြင်ရပါတယ်။ အလုပ်သမားတွေ လိုလားချက် တောင်းဆိုတဲ့ အခုလို ကိစ္စမျိုးမှာ ဒါမျိုး အမှောင့် ပယောဂတွေ ၀င်ပူးနေတာတော့ တော်တော်ကို ရွံဖို့ ကောင်းပါတယ်။ ဒီနေ့ နေ့လည် နေပြည်တော် အ၀င်မှာ အစိုးရက အင်အားသုံး ဖြိုခွင်း ဖမ်းဆီးတဲ့အခါ ဟိုတစ်လောကမှ ထောင်ထဲက ထွက်လာတဲ့ ကျောင်းနွားသူတောင်းစားလေးတွေလည်း ပါတယ်လို့ သိရပါတယ်။ အလုပ်သမား လှုပ်ရှားမှုအပေါ် ဘာမှတ်ချက်မှ မရှိပေမယ့် အခုလို ကျောင်းနွားသူတောင်းစားတွေ ၀င်ပူးလာတဲ့ ဒီလို အရှုပ်ထုပ်မျိုးကို အခုလို အပ်နဲ့ထွင်းလို့ရတုန်း ထွင်းလိုက်တာကို ကြိုဆိုပါတယ်။ လက်ပတ်နီ ပတ်မထားတဲ့ ဒေါင်းအားရှင်တွေလို့ ယူဆရတဲ့ အရပ်ဝတ် အရပ်သားတွေ ကို အသုံးပြုဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ သီးခြားမှတ်ချက် မပေးလိုသေးပါဘူး။ တကယ်ကို အခွင့်အရေး ဆုံးရှုံးကြလို့ တောင်းဆိုကြတဲ့ အလုပ်သမား အစစ်တွေကိုတော့ စာနာသနားမိပါတယ်။
.
၂၀၁၆ မေလ ၁၈ ရက်

Wednesday 11 May 2016

Mind Your Own Business


. . . ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးပြီး အခုထိလည်း ကြိုက်လွန်းလို့ ခဏခဏ ပြန်ပြီး နားထောင်ဖြစ်နေတဲ့ သီပေါမင်း ပါတော်မူခန်း ဇာတ်ထုပ်ထဲမှာ ကင်းဝန်မင်းကြီး ဦးကောင်းက ဗြိတိသျှ သံအရာရှိ မစ္စတာရှောဆိုသူကို သွားတွေ့တော့ သူက ကုလားဖြူစကား ပြောတတ်ပေမယ့် မပြောချင်လို့ စကားပြန်မောင်သစ်နဲ့ ကြားခံပြီးပြောပါတယ်။ ကိစ္စက သီလရှင်ဝတ်သွားတဲ့ လောင်းရှည်မိဖုရားကြီးရဲ့ သားတော် ပထမပြန်အောင်ပြီးသား ရှင်လိင်ပြန် ကိုယ်တော် သီပေါမင်းသားလေးကို ရုပ်သေးရုပ်အဖြစ် နန်းတင်ဖို့ရှိရာမှာ တစ်ခြားမင်းသားတွေကို ဘုရင့်အမိန့်အတုနဲ့ မလိမ့်တပတ် အတွင်းတော်ထဲ ဆင့်ခေါ်ပြီး အကျဉ်းချ သုတ်သင်လိုက်ကြတဲ့အပေါ် ကုလားဖြူအစိုးရရဲ့ သဘောထားကို ကန့်ကွက်ဖို့ ကင်းဝန်မင်းကြီးက ကုလားဖြူသံအရာရှိကို သွားတွေ့တာပါ။ ကင်းဝန်မင်းကြီး ပြောတာက ဒီကိစ္စက ငါတို့ ကိုယ့်တိုင်းပြည်ကိုယ့်ဒေသကို ကိုယ်ကြိုက်သလိုနည်းနဲ့ အုပ်ချုပ်နေတာ မင်းတို့နဲ့ မဆိုင်ပါဘူး ၀င်မရှုပ်ပါနဲ့လို့ ပြောလိုက်စမ်းပါကွာ . . တဲ့။ အဲဒါကို စကားပြန်မောင်သစ်က ကုလားဖြူသံအရာရှိကို Mind your own Business လို့ တည့်တိုးကြီး ပြောလိုက်ထည့်လိုက်တော့ ကင်းဝန်မင်းကြီးက အဲသလို ရိုင်းရိုင်းစိုင်းစိုင်း ပြောရကောင်းလားဆိုပြီး စကားပြန်မောင်သစ်ကို ဆူပြီးတော့ Do not Interfere ဆိုတဲ့ စကားလုံးသုံးပြီး ကိုယ်တိုင်ပြောပါတော့တယ်။
.
. . . အခုလည်း ဒီကိစ္စမှာ ယန်းကီးသံဆိုတဲ့ လူကို တကယ်ပြောသင့်တဲ့ စကားက Mind your own business ဆိုတဲ့စကားဖြစ်ပေမယ့် အဲသည်စကားက တကယ်တော့ ပြောစရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ ယန်ကီးသံအမတ်ကြီးဆိုတဲ့ လူကလည်း ဒီကိစ္စမှာ ဒီလို သဘောထားတယ်ဆိုတာ သူတို့အလုပ် သူတို့ လုပ်နေတာပါ။ သူတို့ ယန်းကီးမျိုးမစစ်နိုင်ငံတော် အကျိုးစီးပွားအတွက် သူတို့အလုပ် သူတို့ လုပ်နေတာပါ။
.
. . . ဒါကြောင့် ကျွန်တော်တို့လည်း Mind our own business လုပ်ရပါတော့မယ်။ ကျွန်တော်တို့အလုပ် ကျွန်တော်တို့ လုပ်ရပါတော့မယ်။ ကျွန်တော်တို့ အမှန်တကယ် လုပ်ရမယ့် အလုပ်က ဘာများပါလဲ ?????????
.
၂၀၁၆ မေလ ၁၁ ရက်

Monday 9 May 2016

ဖေ့ဘုတ်ပေါ်လစီ

ဖေ့ဘုတ်မိတ်ဆွေအပေါင်း သူတော်ကောင်းတို့
(သူယုတ်မာများ မပါ)
.
. . . အခြေခံဥပဒေ ပုဒ်မ ၂၁ (က)အရ နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ အနော်ဟာ တစ်ခြား နိုင်ငံသားတွေလိုပဲ တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေးနဲ့ တရားမျှတမှု အခွင့်အရေးတွေကို ခံစားခွင့်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်လုံခြုံရေး တရားဥပဒေ စိုးမိုးရေး နဲ့ ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ မိမိ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာရေးသားခွင့် မိမိအမြင်မတော်သည်များကို လွတ်လပ်စွာ ဝေဖန်ခွင့်၊ မိမိတင်ချင်သည့် ပုံများကို လွတ်လပ်စွာ တင်ခွင့်၊ နဲ့ ကိုယ့်စာမျက်နာကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်တို့ကို အခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ အညီ ကျင့်သုံးခံစားလျက် ရှိပါတယ်။ ပုဒ်မ ၃၅၃ အရ အခြားသူတွေရဲ့ လွတ်လပ်မှုကို တန်ဖိုးထားသောအားဖြင့် သူများဝေါပေါ်မှာ ပေါက်ကရလေးဆယ် မန့်ခြင်း ကလိခြင်းများကိုလည်း အင်မတန်ရင်းနှီးလို့ ချစ်စနိုး ကျီစားတာမျိုးကလွဲရင် အနှောင့်အယှက် သွားမပေးသလို ကိုယ့်ကို လာပေးရင်လည်း မကြိုက်ပါဘူး။
.
. . . အနော် ဖေ့ဘုတ် သုံးနေတာ အမှန်တရားကို ရှာဖွေနေတာ မဟုတ်ပါဘူး။ ဖေ့ဘုတ်က ဥရုဝေလတော မဟုတ်သလို အနော်လည်း ဘုရားလောင်း မဟုတ်ပါဘူး။ ဒါကြောင့် အနော့်ကို တရားပြသလိုလို နားချသလိုလို ဗျတ်စောင်းတီးပြတာမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ ကြည့်ကောင်းတုန်းတော့ ကြည့်နေမှာဖြစ်ပြီး ကြည့်မကောင်းတော့ရင် ဘလော့ခြင်းဖြင့် စေတနာရှင်ကြီးများရဲ့ ရင်ဝကို ဖနောင့်နဲ့ ဆောင့်ကန်သလို တုန့်ပြန်မိကောင်း တုန့်ပြန်မိမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် တေမိမင်းသားလို သည်းခံခြင်းတရား လက်ကိုင် မထားနိုင်ဘူးဆိုရင် ကျွန်တော့်ပို့စ်တွေအောက်မှာ စာရေးတာ မှတ်ချက်ပေးတာ လင့်တွေ ပေးတာ ပေါက်ပန်းလေးဆယ်ပုံတွေ ပေးတာ ကိုယ့်အမျိုးဇာတိကို ရည်ညွှန်းတဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတာတွေကို ရှောင်ကျဉ်ဖို့ စေတနာထား မှာကြားလိုပါတယ်။
.
. . . ဖေ့ဘုတ်ဆိုတာ အနော့်ရဲ့ စိတ်လက်အပန်းပြေရာ နေရာတစ်ခုပါ။ အနော်လည်း ပုထုဇဉ်လူသားပီပီ သူများကို ကလိချင်တာာ ရိချင်တာ ဟားချင်တာ ပါးပါးလေးပုတ်ချင်တာ ပိုးစိုးပက်စက် ငါကိုင်တုပ်ချင်တာ စတဲ့ စိတ်များ ရှိပါတယ်။ ကိလေသာ မကုန်သေးပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ထားတဲ့ စည်းကမ်းအရ သူများဝေါမှာ သွားမလုပ်သလို ကိုယ်ဝေါမှာ လာလုပ်ရင်လည်း လက်ခံလေ့ မရှိပါဘူး။ တစ်နည်းနည်းနဲ့တော့ တုန့်ပြန်တတ်ပါတယ်။ အနော်ပြောတာ ရေးတာတွေ အနော်တင်တာတွေ အကုန်လုံးကိုလည်း အမှန်ပဲလို့ အာမမခံပါဘူး။ တက္ကသိုလ်ဘုန်းနိုင်စကားနဲ့ ပြောရရင် သမုဒယနယ်တစ်ကျောမှာ မောဟအမှောင်တွေ ဖုံးလွှမ်းနေတဲ့ သံသရာဝဲသြဃထဲက လူသားတစ်ဦးပီပီ အမှားတွေ ဒင်းကြမ်း ပြည့်နေသူတစ်ဦးရယ်ပါ။
အများပြည်သူကို ကတိတွေအမျိုးမျိုးပေး သူများကို ပြောဆိုပုတ်ခတ် တက်နင်းကျော်ခွပြီးမှ အစိုးရမင်းတာဝန်ကို ယူထားခွင့်ရကြတဲ့ နိုင်ငံရေးသမားဆိုသူများကတော့ အနော် ကလိချင် ရိချင်တဲ့အထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်စား အာဝါဒါးတွေကို ကလိလို့ ရိလို့ ခင်ဗျားတို့က ငထွားကြီးလုပ်ပြီး ကြားထဲက ခါးဝင်နာပေးနေကြမယ်ဆိုရင် တော့ အနော့်ကို အန်ဖောလိုးလုပ်၊ ဖရန့်ဖြစ်နေရင် အန်ဖရန့်လုပ်၊ ဒီထက်ပိုကြည့်မရရင် ဘလော့လုပ်ခြင်းဖြင့် အခြေခံဥပဒေပါ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက် မဖြစ်အောင် ကာကွယ်ထားကြဖို့ အကြံပေးချင်ပါတယ်။
.
သစ္စာ မေတ္တာဖြင့်
ဗိုလ်ကောင်း
.
ရည်ညွှန်းချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ် )

Sunday 8 May 2016

ရှုပ်ထွေးလှတဲ့ ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေ

.
. . . ပြီးခဲ့တဲ့ လွှတ်တော်ကာလက ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတာ တော်တော်ကို အချိန်ယူခဲ့ရပါတယ်။ အခြေခံဥပဒေအရ ရပ်ကျေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကသာ ရေးဆွဲပြဌာန်းနိုင်တဲ့ သဘောဖြစ်နေတော့ တစ်နေရာနဲ့တစ်နေရာ တစ်တိုင်းနဲ့တစ်တိုင်း တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ကျေးလက်နဲ့ မြို့ပြ၊ စသည်ဖြင့် ကွာခြားချက်တွေ အားလုံးနဲ့ အကျုံးဝင်အောင် လုပ်ခဲ့ရတာ တော်တော်ကို လက်ဝင်ခဲ့ပါတယ်။
.
. . . ကျွန်တော့်အလိုပြောရမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေပြုခွင့်ကို သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်တွေလက်ထဲကို ထည့်ပေးလိုက်စေချင်ပါတယ်။ ဒါမှသာ သက်ဆိုင်ရာ အရပ်ဒေသအလိုက် ပိုပြီး သင့်လျှော်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်မယ်လို့ ယူဆလို့ပါ။
.
. . . အုပ်ချုပ်ရေးကဏ္ဍမှာ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကျေးဥပဒေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံငုံရေးဆွဲထားမယ့်အစား သက်ဆိုင်ရာ ဒေသအလိုက် သင့်လျော်သလို ပြောင်းလဲ ကျင့်သုံးနိုင်ရင် ပိုပြီး အကျိုးများမယ်လို့ ယူဆပါတယ်

Thursday 5 May 2016

လွှတ်တော်ကြီး ဘာတွေလုပ်နေတာတုန်း

.
. . . လွှတ်တော်ဥက္ကဌတစ်ယောက်ရဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အရင်လည်း ရေးဖူးပါတယ်။ လုပ်ငန်းစဉ်တွေ ကျော်နေတဲ့အကြောင်း။ ဒီနေ့လည်း အေအေ သူပုန်ကိစ္စ ဟိုဖေ့ဘုတ်အမတ်တင်တဲ့အဆိုကို လွှတ်တော်မှာ ဆွေးနွေးကြတာကြည့်ပြီး ပြောစရာတစ်ခု ရှိလာပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့သူတွေ အကုန်ပြီးလို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းဝင် ၀န်ကြီးက သူ့ရဲ့ရှင်းလင်းတင်ပြချက် ပြီးသွားပြီဆိုရင် မူလအဆိုရှင်ရဲ့ သဘောထားကို မေးရပါတယ်။ ဆွေးနွေးချက်တွေ နားထောင်ပြီး သက်ဆိုင်ရာရဲ့ ရှင်းလင်းတင်ပြမှုကို နားထောင်အပြီးမှာ အဆိုရှင်ဟာ သူမသိသေးတဲ့ သူမတွေးမိသေးတဲ့ ရှုထောင့်တွေကို သိမြင်ကြားနာခဲ့ရပြီး ဖြစ်တဲ့အတွက် သူတင်ခဲ့ အဆိုကို ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်တယ်ဆိုရင် ပြန်လည်ရုပ်သိမ်းနိုင်အောင် အခွင့်အရေးပေးရပါတယ်။ သူ့အဆိုနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရပါတယ်။ သူက အဆိုကို ပြန်လည် ရုပ်သိမ်းပါတယ်ဆိုရင် ဘာမှဆက်လက်ဆောင်ရွက်စရာ မလိုပါဘူး။ သူ့အဆိုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဆက်လက် အရေးယူဆောင်ရွက်ဖို့ မလိုတော့တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ လွှတ်တော်မှတ်တမ်းထဲမှာတော့ ဒီကိစ္စက လုံးကောက်မှတ်တမ်းအဖြစ် ကျန်ရှိနေမှာပါ။ တကယ်လို့ သူက သူ့အဆိုကို ပြန်လည်ရုပ်သိမ်းချင်ပါတယ်ဆိုရင်တောင် လွှတ်တော်အမတ်တွေထဲက အနည်းဆုံး တစ်ယောက်က အဆိုပြန်လည်ရုပ်သိမ်းမှုကို ကန့်ကွက်တယ်ဆိုရင်တော့ ဒီအတိုင်းရုပ်သိမ်းလို့ မရတော့ပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရပါတယ်။ အဲသည်တော့ အဆိုတစ်ခုနဲ့ ပတ်သက်ပြီး လွှတ်တော်က ဆောင်ရွက်စရာ နှစ်ခုရှိပါတယ်။ အဆိုကို အတည်ပြုမလား မပြုဘူးလား။ ဒါပါပဲ။
.
. . . အဆိုကို မှတ်တမ်းတင်တယ်ဆိုတဲ့ ကိစ္စက ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ မလည်ရှုပ်လုပ်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဆိုကို အတည်မပြုဘူးဆိုရင် မူလအဆိုရှင်လည်း စိတ်ကျေနပ်ရအောင် အဆိုကို မှတ်တမ်းအဖြစ် ထားရှိမယ် ဘာညာ ချွေးသိပ်ရင်း အဆိုကို မှတ်တမ်းတင်တယ်ဆိုတဲ့ ကိစ္စ ဖြစ်လာတာပါ။ အဆိုကို မှတ်တမ်းတင်ဖို့ မဲခွဲဆုံးဖြတ်စရာ မလိုပါဘူး။ လွှတ်တော်မှာ ပြောသမျှ စကားလုံးတိုင်းကို (ဥက္ကဌက ရွေးနုတ်ပယ်ဖျက်တဲ့ ဆွေးနွေးချက်နဲ့ စကားလုံးတွေကလွဲရင်) လွှတ်တော်မှတ်တမ်းမှာ လုံးကောက်မှတ်တမ်းတင်ပြီး လွှတ်တော်မှတ်တမ်းအဖြစ် အများပြည်သူကို ထုတ်ပြန်ကြေညာရပါတယ်။ အခုတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာ မလည်ရှုပ်လုပ်ခဲ့တဲ့ မှတ်တမ်းတင်တယ်ဆိုတဲ့ကိစ္စက အမှားကြာတော့ အမှန်ဖြစ်ပြီး အခုတော့ အဆိုကို အတည်ပြုမပြု မဲခွဲဆုံးဖြတ်ရမယ့်အစား မှတ်တမ်းတင်မတင် မဲခွဲဆုံးဖြတ်သတဲ့။
.
. . .တစ်ခုလောက် မေးပါရစေ။ လွှတ်တော်က မှတ်တမ်းတင်ဖို့ မဲခွဲဆုံးဖြတ်တဲ့အခါ လွှတ်တော်က မှတ်တမ်းမတင်သင့်ကြောင်း များရာမဲနဲ့ ဆုံးဖြတ်ခဲ့ရင် ဒီအဆိုနဲ့ ပတ်သက်သမျှ ဆွေးနွေးချက်တွေအကုန်လုံးကို လွှတ်တော်မှတ်တမ်းထဲက ကောက်နုတ် ပယ်ဖျက်မှာလား။ မဖျက်ပါဘူး။ ဖျက်ဖို့ မလိုသလို ဖျက်လို့လည်း မရပါဘူး။ ဒါကြောင့် မှတ်တမ်းတင်ဖို့ ကိစ္စကို မဲခွဲဆုံးဖြတ်စရာကို မလိုတာပါ။
.
. . . အခုတော့ လွှတ်တော်ထဲမှာ ငါ့စကားနွားရ တင်ချင်တဲ့အဆိုကို သင့်မှန်းမသိ မသင့်မှန်းမသိ တင်။ သူခိုးဓားရိုးကမ်းတဲ့ စကားတွေနဲ့ ပြောချင်ရာပြောပြီးမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ချေချေငံငံ တိတိပပ ရှင်းလင်းပြလိုက်တော့မှ ကိုယ့်စကားကိုလည်း ပြန်မနုတ်နိုင်တွေ ဖြစ်တော့မှ အဆိုကို အတည်ပြုမပြု မဆုံးဖြတ်ပဲ မှတ်တမ်းတင်ဖို့ မဲခွဲသတဲ့
.
. . . လုပ်ကြ လုပ်ကြ

Wednesday 4 May 2016

ဒေါ်ခင်သိန်း မုန့်လက်ဆောင်း


.
. . . လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော် ကာလတွေတုန်းက အခုလို နွေရာသီ နေ့လည်ပူပူမှာ အိမ်ထဲက အိမ့်အပြင်မထွက်ရလို့ အိမ်ထဲမှာပဲ စာတစ်အုပ်နဲ့ အေးရာအေးကြောင်း ရှာကြံရင်း ငိုက်မျဉ်းလာတဲ့ခါ လေးလေး ဒေါ်ခင်သိန်းရဲ့ မုန့်လက်ဆောင်း မုန့်ကျွဲသဲ ဆိုတဲ့ အသံစာစာလေးက ကျွန်တော်တို့ကို လှုပ်နှိုးပါတော့တယ်။ နွေရာသီမှာ နေတစ်အားမြင့်မှ ရေချိုးရင် အပူရှပ်တတ်တယ်ဆိုလို့ ဆယ့်တစ်နာရီလောက်ဆို ရေးမိုးချိုး သနပ်ခါးရေကျဲလိမ်း ထမင်းစားပြီးတဲ့အခါ တစ်ခါတစ်လေ ဦးအောင်ငွေတို့ ငြိမ်းချမ်းသာဗီဒီယိုသွားရင်သွား၊ အရှေ့ဝိုင်းက ကိုမျိုးတို့ မအေးတို့ရှိတဲ့ အန်တီဝင်းတို့ဝိုင်း သွားလည်ရင်လည်၊ မသွားတဲ့အခါလည်း အိမ်မှာပဲ ရှိတဲ့စာအုပ်တွေ ဖတ်ပြီးသား စာအုပ်တွေထဲက ကောင်းနိုးရာရာရွေး ကိုယ်ကြိုက်တဲ့အခန်းလေးတွေ ပြန်ဖတ်။ တစ်ခါတစ်ခါကျတော့လည်း ပူလွန်းလို့ တစ်နေရာအေးနိုး တစ်နေရာအေးနိုးနဲ့ အိမ်ထဲခြံထဲ နေရာပြောင်းရင်းနဲ့ပဲ ဒေါ်ခင်သိန်းရဲ့ မုန်းလက်ဆောင်းသံ မျှော်ရပါတယ်။
.
. . . ဒေါ်ခင်သိန်း မုန့်လက်ဆောင်း ဘယ်တုန်းက စရောင်းသလဲ ဆိုတာ မသိပေမယ့် ကိုယ်တွေ သိတတ်တဲ့အချိန်ကတည်းကစပြီး တက္ကသိုလ်တက်ဖို့ ရွာက ထွက်လာတဲ့အချိန်အထိ ဒေါ်ခင်သိန်း မုန့်လက်ဆောင်း ရောင်းနေတုန်းပါ။ နောက်ဆုံးတစ်ခေါက် အခုလို နွေရာသီ ရွာကိုရောက်တုန်းကလည်း ဒေါ်ခင်သိန်းရဲ့ မုန့်လက်ဆောင်းကို သောက်ခဲ့ရပါသေးတယ်။ ကျွန်တော်တို့ရဲ့ နွေရာသီ အခန်းဆက်ဇာတ်လမ်းကြီးမှာ ဒေါ်ခင်သိန်း မုန့်လက်ဆောင်းက မပါမဖြစ် ဇာတ်ပို့ဇာတ်ရံကြီးပေါ့
.
. . . လေးလေးဒေါ်ခင်သိန်း အဓိက ရောင်းတာက မုန့်လက်ဆောင်းဖြစ်ပြီး မုန့်ကျွဲသဲလည်း ရောင်းပါတယ်။ နွေကုန်လို့ မိုးဦးကျရင် သာကူကြို နွားနို့ကြို ရောင်းသလား သိပ်မမှတ်မိတော့ပါ။ ဘာလို့လဲဆိုတော့ ကိုယ်တွေ အဓိက အားပေးတာက မုန့်လက်ဆောင်းမို့လို့ပါ။ မုန့်လက်ဆောင်း မုန့်လက်ဆောင်း ဆိုတဲ့ လေးလေး ဒေါ်ခင်သိန်းရဲ့ အသံစာစာလေးကို အခုထိတောင် နားထဲမှာ ကြားယောင်လို့ နေပါတယ်။ အသံကြားတာနဲ့ ကျွန်တော်တို့ ကလေးတွေက လေးလေး ဒေါ်ခင်သိန်း ထွက်လာမယ့် ရွာလည်လမ်းထဲကို မျှော်ရပါတယ်။ တစ်ခါတစ်ခါ ကျတော့လည်း အသံသာကြားရပြီး တော်တော်နဲ့ ပေါ်မလာတတ်ပါဘူး။ လမ်းမှာ ဈေးဝယ်တွေ့တဲ့အခါ သူလည်း ရောင်းရသေးတာကိုး။ ခံတောင်းကြီးကိုရွက်ပြီး ကော့ပက်ကော့ပက်နဲ့ လျှောက်လာတဲ့ မုန့်လက်ဆောင်းသည်ကြီး ရွာလည်လမ်းထဲက ထွက်လာပြီ ဆိုတာနဲ့ ကျွန်တော်တို့က အပြေးအလွှား အလုအယက် ခေါ်ကြပါတယ်။ မုန့်လက်ဆောင်းသည် လာပါအုံး လို့ ခေါ်သလား ဘယ်လို ခေါ်သလဲ တော့ မေ့တေ့တေ့ ဖြစ်နေပါပြီ။ တကယ်လို့ တစ်ခြား အိမ်တစ်အိမ်က ကိုယ့်ထက် ဦးသွားတယ်ဆိုရင် အေးအေး ဒီနားပြီးရင် လာခဲ့မယ်ဟေ့ ဆိုတဲ့အခါ ကျွန်တော်တို့မှာ စိတ်ရှည်ရှည် ထိုင်စောင့်ရပါတယ်။
.
. . . လေးလေး ဒေါ်ခင်သိန်း ကျွန်တော်တို့အိမ်ရောက်ပြီဆိုရင် သူရွက်လာတဲ့ ခံတောင်းကြီးကို ကူချပေး။ ပြီးရင် တစ်ယောက်တစ်လက် အလုအယက် သောက်ကြတော့တာပါပဲ။ သူ့ခံတောင်းကြီးထဲမှာ မုန့်လက်ဆောင်းထန်းလျက်ရည်ထည့်တဲ့ မြေအိုးကြီးတစ်လုံး ငှက်ပျောဖက်နဲ့ ပတ်လျက်သား ပါပါတယ်။ ဆန်ဆေးခြင်း ခပ်ကြီးကြီးကို ငှက်ပျောဖက်ခံပြီး မုန့်လက်ဆောင်းဖတ်တွေထည့် အပေါ်က ပိတ်ပါးလေးနဲ့ အုပ်ထားတတ်ပါတယ်။ ကျွန်တော်တို့ အကြိုက်ဆုံးကတော့ အုန်းသီးဆံပါ။ အုန်းသီးကို ထက်ခြမ်းခြမ်းထားပြီး အုန်းဆံသားဖြူဖြူကို အမျှင်အမျှင်လေးတွေ ဖြစ်အောင် လက်ကိုင် အုန်းခြစ်နဲ့ ခြစ်ပြီး မုန့်လက်ဆောင်းထဲ ထည့်စားရတာ ကိုယ်တွေ ကလေးတစ်သိုက်က သိပ်ကြိုက်ကြတာဆိုတော့ ကိုယ့်အလှည့်ကျရင် အုန်းသီးဆံ များများ ထည့်စားလို့ ရအောင် စေတနာ့ဝန်ထမ်း အုန်းသီးခြစ်ပေးကြတာပါ။ မုန့်လက်ဆောင်းကို ဖန်ခွက်ရှည်ရှည်လေးတွေနဲ့ ထည့်ပါတယ်။ ဖန်ခွက်က အကြီးအသေး နှစ်မျိုး ရှိပါတယ်။ ကျွန်တော်တို့ ကလေးတွေကတော့ အသေးပဲ သောက်ရပါတယ်။ ထပ်သောက်ချင်ရင် တစ်ခွက်ထပ်သောက်လို့ ရပါတယ်။ ကျွန်တော့်အစ်မငယ်ကတော့ မုန့်လက်ဆောင်းခွက်ကြီး နှစ်ခွက်ဆင့်သောက်တဲ့နေရာမှာ နာမည်ကြီးပါ။ နောက်ပြီးတော့ အမွှေးရည်ပုလင်းလေးလည်း ပါပါတယ်။ တစ်ချို့ကတော့ အမွှေးရည်မကြိုက်တတ်ကြပါဘူး။
.
. . . လေးလေး ဒေါ်ခင်သိန်းလာတိုင်း မရိုးနိုင်အောင် မေးဖြစ်ခဲ့တဲ့ မေးခွန်းကတော့ မုန့်လက်ဆောင်းဖတ် ဘယ်လို လုပ်သလဲ ဆိုတာပါပဲ။ လေးလေးကလည်း တစ်ခါမေးတစ်ခါ ရှင်းပြရှာပါတယ်။ ဒါပေမယ့် ခုချိန်ထိ မုန့်လက်ဆောင်းဖတ် ဘယ်လို လုပ်သလဲဆိုတာ တစ်ခါမှ မမြင်ဖူးသေးပါဘူး။ မုန့်လက်ဆောင်းရောင်းရင် ပါလာတတ်တဲ့ မုန့်ကျွဲသဲတော့ သိပ်မစားဖြစ်ခဲ့ပါဘူး။ တစ်ခါတစ်လေ မုန့်လက်ဆောင်းသည် ရောက်တဲ့အချိန် အိမ်က တစ်ယောက်ယောက် မရှိတဲ့အခါ သူ့အတွက်ပါ ၀ယ်ထားပေးပါတယ်။ အဲသည်အခါကျရင် မုန့်လက်ဆောင်းဖတ်သတ်သတ် ထန်းလျက်ရည်သတ်သတ် ထားရပါတယ်။ တစ်ခါတည်း ရောလိုက်ရင် မုန့်ဖတ်တွေ ပွသွားတတ်ပါသတဲ့။ ဟိုးအရင်တုန်းကတော့ ဒေါ်ခင်သိန်း မုန့်လက်ဆောင်းဖတ်တွေက အဖြူထည်သက်သက်ဖြစ်ပြီး နောက်ဆုံးတစ်ခေါက် သောက်လိုက်ရတုန်းကတော့ မုန့်လက်ဆောင်းဖတ်က အစိမ်းရောင်လေး သမ်းနေလို့ လေးလေး ဒီဟာတွေက ဆေးဆိုးထားတာလားဆိုတော့ ဆိုးဆေး မဟုတ်ပါဘူးတဲ့ သဘာဝအတိုင်း ဘာနဲ့ဆိုလား လုပ်ထားတယ် ပြောပါတယ်။
.
. . . ရွာမှာ နေတုန်းကလည်း ရွာနီးချုပ်စပ်မှာ အလျဉ်းသင့်လို့ မုန့်လက်ဆောင်း သောက်ဖြစ်တယ်ဆို ဘယ်မုန့်လက်ဆောင်းမှ ဒေါ်ခင်သိန်း မုန့်လက်ဆောင်းလောက် ကောင်းတယ်လို့ မထင်ခဲ့တာ။ ဒါတင်မက မြန်မာပြည်က ဘယ်အရပ်ကိုပဲရောက်ရောက် သောက်မိသမျှ မုန့်လက်ဆောင်းတွေ လေးလေး ဒေါ်ခင်သိန်းလက်ရာလောက် မကောင်းတာကတော့ အစွဲကြီးတာပဲလားဘာလား မသိတတ်တော့ပါဘူး။ နွေနေ့လည်ပူပူမှာ လေးလေး ဒေါ်ခင်သိန်းရဲ့ မုန့်လက်ဆောင်းကို မောင်နှမတစ်တွေ သူ့ထက်ငါ ၀ိုင်းဖွဲ့သောက်ကြရင်း ချစ်ခင်ကြည်နူးခဲ့ကြတဲ့ မိသားစုအငွေ့အသက်နဲ့ မုန့်လက်ဆောင်းလေး သောက်အပြီးမှာ ရလိုက်တဲ့ ရင်ထဲမှာ အေးပြီး ဗိုက်ပြည့်သွားတဲ့ စိတ်ကျေနပ်မှုလေးကိုတော့ လွမ်းမိပါသေးရဲ့ . . .

Tuesday 3 May 2016

တစ်ခုခုတော့ ရွေးရတော့မယ်


ပန်းပွင့်လေး ကျောင်းနေတဲ့ အရွယ်ရောက်ပြီဆိုတော့ ကျောင်းထားဖို့ စဉ်းစားရပါပြီ။ တစ်ခါတစ်ခါ စဉ်းစားရကျပ်လာတော့ ကိုယ်တွေ ငယ်ငယ်ကလို ရွေးချယ်စရာ မရှိတဲ့ဘ၀ကပဲ ပိုကောင်းလေသလား စိတ်ထွက်ပေါက်အနေနဲ့ တွေးမိပါတယ်။ ကိုယ်တွေ ငယ်ငယ်ကတော့ ရွာမှာရှိတဲ့ တစ်ခုတည်းသော မူလတန်းကျောင်းကို တက်ဖို့ပဲ။ မိဘတွေအနေနဲ့ ဘယ်ကျောင်းထားရမလဲ ဆိုတဲ့ ရှည်ရှည်ဝေးဝေး တွေးရတာ မရှိခဲ့။ အခုလို မိုးဦးလေဦး ကျောင်းတွေ ဖွင့်ခါနီးပြီဆိုရင်သာ ကျောင်းအပ်ဖို့ ပိုက်ဆံပူရ စာအုပ်ဖိုးပူရ ပုဆိုးစိမ်းဖိုးပူရ။ အခုခေတ်များတော့ ကျောင်းအပ်တာ ပိုက်ဆံမပေးရတော့တဲ့အပြင် ကျောင်းကတောင် စာအုပ်တွေ ၀တ်စုံတွေ ထောက်ပံ့သေးသတဲ့။ ကောင်းလိုက်တာ

ကိုယ်တွေလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ အဆင့်အတန်းမီမီ စေတနာပါပါ သင်ပြပေးခဲ့တဲ့ ဆရာဆရာမများ ကျေးဇူးနဲ့ အခြေခံပညာကို ထူးထူးချွန်ချွန်ကြီး မဟုတ်တောင် လူလူသူသူတော့ ကျော်ဖြတ်နိုင်ခဲ့တာ။ ခုခေတ် ကလေးတွေရဲ့ ကျောင်းနဲ့ကျူရှင် လုံးချာလည်လိုက်နေပုံတွေ ကြားရမြင်ရတော့ ကိုယ့်ငယ်ဘ၀လေးကို ကျေနပ်မိတယ်။ ကိုယ်တွေလည်း ကျူရှင်တက်ခဲ့ဖူးတယ် ဆိုပေတဲ့ ကျူရှင်က ၀န်ထုပ်ဝန်ပိုးတစ်ခု မဖြစ်ခဲ့ဘဲ ကျောင်းစာကို အတိုင်းအတာအလျောက်တော့ အထောက်အကူ ဖြစ်ခဲ့တယ်။ ဒါတောင် ဆယ်တန်းတုန်းက ကျူရှင်ဖိုး မတတ်နိုင်လို့ ကိုယ့်ဘာသာ ကျောင်းက သင်ပေးတာလေးကို သေသေချာချာ နာယူမှတ်သားပြီးတော့ ဆယ်တန်းအောင်ခဲ့သေးတာပဲ။ အကစားသိပ်မမက်ခဲ့ပဲ အပြင်စာအုပ်တွေကြားထဲမှာ စာကြမ်းပိုးနီးနီး ဖြစ်ခဲ့တဲ့ ကိုယ်တောင် အခုခေတ် ကလေးအများစုထက် ပိုပြီး ကစားခဲ့ရ ကဲခဲ့ရတာ တကယ်တော့ တော်တော် ကံကောင်းတာပါလားဆိုတာ သိလိုက်ရတယ်။

ကိုယ့်ပတ်ဝန်းကျင်က မြင်ရကြားရတာတွေ များလေလေ ပန်းပွင့်လေးပညာရေးအတွက် ရင်လေးလေလေပါပဲ။ ပိုက်ဆံကို ထည့်မတွက်သေးဘူး ဆိုရင်တောင် ရွေးချယ်ရမယ့် အကျိုးအပြစ်တွေက နက်နဲရှုပ်ထွေးလွန်းလှတယ်။

ပန်းပွင့်လေးကို မိဘနှစ်ပါးရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကြီးပြင်းခွင့် ရစေချင်တယ်။ လင်ရယ်မယားရယ် သားသမီးရယ်ဆိုတဲ့ မိသားစုဆိုတာ အတူတူနေနိုင်မှ မိသားစုခေါ်နိုင်မှာမဟုတ်လား။ ကိုယ်ကိုယ်တိုင်လည်း မိဘတွေ မောင်နှမတွေနဲ့ အတူတူနေထိုင်ပြီး သိုက်သိုက်ဝန်းဝန်း ကြီးပြင်းခဲ့ရတာဆိုတော့ ပန်းပွင့်လေးကို အဲသည် အခွင့်အရေးလေး ရစေချင်မိတယ်။

ပန်းပွင့်လေးကို မြန်မာဆန်ဆန်လေး ကြီးပြင်းစေချင်တယ်။ မြန်မာစာကို ၀ိုင်းဝိုင်းစက်စက် ရေးတတ်မယ်။ မြန်မာကဗျာလေးတွေကို ပီပီသသ ဆိုတတ်မယ်။ မြန်မာပုံပြင်လေးတွေကို မြတ်မြတ်နိုးနိုး နားထောင်တတ်မယ်။ မြန်မာ့ယဉ်ကျေးမှုကို ရင်ထဲအထိ စိမ့်ဝင်ပြီး အသွေးထဲအသားထဲ စီးဆင်းနေစေချင်တယ်။ မြန်မာ့ရေမြေတောတောင် မြစ်ချောင်း တိုင်းရင်းသားတွေ ဓလေ့တွေ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို သေသေချာချာလည်း သိပြီး တန်ဖိုးလည်း ထားတတ်စေချင်တယ်။ မြှင့်တင်ပေးချင်တဲ့ စေတနာလည်း ကိန်းအောင်းနေစေချင်တယ်။ မြန်မာ့သမိုင်းကို သေသေချာချာ သိနားလည်ပြီး မြန်မာဆိုတဲ့ နိုင်ငံ မြန်မာဆိုတဲ့ တိုင်းရင်းသားတွေအတွက် သမိုင်းကပေးတဲ့ သင်ခန်းစာတွေကို ကိုယ်တိုင်ကိုယ်ကျ သုံးသပ်တတ်စေချင်တယ်။ အမိနိုင်ငံကို ချစ်မြတ်နိုးတတ်တဲ့စိတ် မြန်မာဆိုတာကို ဂုဏ်ယူဝင့်ကြွားတဲ့စိတ်ကလေးနဲ့ ကမ္ဘာ့ဘယ်အရပ်ကိုရောက်ရောက် မြန်မာပီသတဲ့ မြန်မာမိန်းကလေးတစ်ယောက်အဖြစ် ခေါင်းမော့ရင်ကော့ ရှိစေချင်တယ်။

ပန်းပွင့်လေးဟာ သဘာဝလောကကြီးကို စူးစမ်းတတ်တဲ့ ကလေးမလေး ဖြစ်စေချင်တယ်။ ပန်းကလေးတွေ ဘယ်လိုပွင့်လာသလဲ။ ငှက်ကလေးတွေ ဘယ်လိုပေါက်လာသလဲ။ နေက အရှေ့က ဘာလို့ထွက်တာလဲ။ ထိကရုံးပင်လေးတွေ ထိလိုက်ရင် ဘာလို့ညှိုးကျသွားရတာလဲ။ ပရွတ်ဆိတ်လေးတွေ တွင်းထဲကို ဘာတွေ သယ်နေတာလဲ။ မိုးဘာလို့ရွာသလဲ။ ရေက တစ်ခါတစ်လေ အရည် တစ်ခါတစ်လေ အခဲဖြစ်ပြီး တစ်ခါတစ်လေကျတော့ ဘာလို့ အငွေ့ဖြစ်သွားရတာလဲ။ ကားဘီးတွေ လည်ပြီး အဝေးကြီးကို ဘာလို့ သွားနိုင်ရတာလဲ စသည်ဖြင့် သဘာဝ လောကကြီးရော သဘာဝမဟုတ်တဲ့ လောကကြီးကိုပါ စူးစမ်းလေ့လာပြီး သိချင်စိတ်တွေ ထက်သန်နေတဲ့ မျက်လုံးအရောင်တောက်တောက် ကောင်မလေး ဖြစ်စေချင်တယ်။

မြန်မာစကားကို ဌာန်းကရိုဏ်းကျကျ  စီကာပတ်ကုံး ပြောတတ်ရေးတတ်သလို တစ်ခြားဘာသာစကား အနည်းဆုံး တစ်ခုကိုလည်း ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စေချင်တယ်။ နောက်ထပ်ဘာသာစကား နှစ်ခုလောက်ကိုလည်း တီးမိခေါက်မိလောက်တော့ တတ်ထားစေချင်တယ်။

ပန်းပွင့်လေးဟာ စာကြည့်စားပွဲမှာပဲ အချိန်ကုန်နေတဲ့ ကလေးမဟုတ်ဘဲ အားကစားကွင်းထဲမှာလည်း အလျဉ်းသင့်သလို ကစားနည်းအနည်းဆုံး တစ်မျိုးလောက်ကိုတော့ တန်းဝင်အောင် ကစားနိုင်တဲ့သူလေး ဖြစ်စေချင်တယ်။ စိတ်အာဟာရအဖြစ် ဂီတ တူရိယာ တစ်ခုခုကိုလည်း တီးခတ်တတ်စေချင်တယ်။
ကျွန်တော်ရေးထားတာတွေဖတ်ပြီး သိပ်လောဘကြီးတယ်လို့ ထင်ရနိုင်တယ်။ ဒါပေမယ့် ဒါဟာ လောဘကြီးတာ မပါသေးပါဘူး။ လောဘကြီးတယ်လို့ မခေါ်နိုင်သေးပါဘူး။ သိပ်ပြီး အဆင့်အတန်းမနိမ့်တဲ့ နိုင်ငံက လာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ယေဘုယျ အရည်အချင်းတွေလောက်ပဲ ရှိပါသေးတယ်။  ပြောခဲ့တဲ့အထဲမှာ ပန်းပွင့်လေးကို ကြီးလာရင် ဘာကြီးဖြစ်ကောင်းစေ ညာကြီးဖြစ်ကောင်းစေ မပါသေးပါဘူး။ ပါစရာလည်း မရှိပါဘူး။ ဒါကတော့ သူ့ရဲ့ ၀ါသနာ ဗီဇ လုပ်နိုင်ကိုင်နိုင်စွမ်းပေါ် မူတည်ပြီး သူကိုယ်တိုင် ရွေးချယ်ရမယ့် ကိစ္စပေကိုး။ သူကြိုက်တဲ့လမ်းကို သူရွေးချယ်ခွင့်ရှိအောင်တော့ အဖေတစ်ယောက်အနေနဲ့ အစွမ်းကုန် ကာကွယ်ပေးရမှာပေါ့လေ။

ကျွန်တော်တို့ဆီက မြို့ကြီးပြကြီးတွေမှာ ကောင်းပေ့ဆိုတဲ့ ထိတ်ထိတ်ကျဲ ကျောင်းကြီးတွေ ရှိပါတယ်။ သမိုင်းအစဉ်အလာ ခိုင်မာခဲ့တဲ့ကျောင်းတွေ နည်မည်ကြားလိုက်တာနဲ့တင်ကို အထင်ကြီးလေးစားရလောက်တဲ့ ကျောင်းတွေ အများကြီး ရှိပါတယ်။ တစ်ချို့ကျောင်းတွေမှာ အတန်းပိုင်ဆရာမဆီမှာတော့ ကျူရှင်အပ်ရသတဲ့။ ဆယ်တန်းဆိုရင် ကျောင်းစစ်လာတဲ့အချိန်လောက်ပဲ ကလေးတွေ ကျောင်းမှာ ရှိကြသတဲ့။ ကလေးတွေ ကျူရှင်တွေ ၀ိုင်းတွေ ဟုမ်းတွေမှာ စိတ်ကြိုက်စာလုပ်ခွင့်ရအောင် ကျောင်းတွေက လွှတ်ပေးထားသတဲ့။ ဒီကလေးတွေ ဒီလိုလုပ်မှ အောင်ချက်တွေကောင်း အမှတ်တွေကောင်း တစ်နိုင်ငံလုံးမှာ အဆင့်ဘယ်လောက် စသည်ဖြင့် ရလဒ်တွေ ထွက်တော့မှ သက်ဆိုင်ရာ ကျောင်းကြီးတွေက ပိုပြီး နာမည်တက်သတဲ့။ ၀င်ခွင့်ရဖို့ကလည်း ငွေကုန်ကြေးကျ များသတဲ့။ ခေတ်ကလည်း အမှတ်များများရဖို့ တွန်းအားပေးကြတဲ့ ခေတ်ဆိုတော့ ကျောင်းမတက်တဲ့ကလေးရော ကျောင်းခေါ်ကြိမ် ဖြည့်ပေးတဲ့ ကျောင်းရောကို အပြစ် မဆိုသာ။ ခေတ်စကားနဲ့ဆို ၀င်းဝင်းပေါ်လစီပေကိုး။ ကလေးလည်း အဆင့်ကောင်း ကျောင်းလည်းအဆင့်ကောင်း။ နောင်နှစ်အတွက်လည်း ၀င်ငွေကောင်း။

အစိုးရကျောင်းတွေပြီးတော့ နိုင်ငံတကာကျောင်းတွေဘက် လှည့်ကြည့်ပြန်တော့လည်း မြန်မာစာကို ဟုတ်တိပတ်တိ မတတ်တော့။ မြန်မာစာကို ကောင်းကောင်းရေးတတ်ဖို့က စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပြန်ရော။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း၊ ပထ၀ီတွေ သင်ကြရဲ့လား ။ ကိုယ်လည်း သေချာတော့မသိ။ သင်ကြပါစေ ဆုတောင်းပါတယ်။ ဒါပေမယ့် တစ်ချို့ကျောင်းတွေက မြန်မာစာတောင် မယူလို့ ရနေဆိုပါလား။ အဲသည်ကျောင်းတွေရဲ့ တစ်ခြားကောင်းကွက်တွေကို ကြိုက်ပေမယ့် ပန်းပွင့်လေး မြန်မာစာ မတတ်လို့တော့ မဖြစ်ရေးချ မဖြစ်။

အစိုးရသင်ရိုးကိုပဲ သင်တဲ့ ပုဂ္ဂလိက ကျောင်းတွေရော။ ကိုယ်လေ့လာကြည့်မိသလောက် စိတ်တိုင်းမကျ။ တစ်ချို့ကျောင်းတွေက အစိုးရကျောင်းက မေးခွန်းကို ၀ယ်သည်တဲ့။ တစ်ချို့ကျောင်းတွေကတော့ အောင်ချက်ကောင်းအောင်ဆိုပြီး ဖြတ်လမ်းနည်းတွေ လုပ်သည်တဲ့။ အစိုးရကျောင်းတွေမှာ ဖိအားများတာကို မကြိုက်လို့ လာထားကြတဲ့ မိဘတွေအကြိုက် အချို့ကျောင်းတွေက ပညာရေး လျော့ရဲလှသည်တဲ့။ ကိုယ်က ပညာရေးဆိုင်ရာ ကျွမ်းကျင်သူလည်း မဟုတ်။ အဲသည်ကျောင်းတွေမှာလည်း မနေဖူးတော့ နေဖူးသူများ ပြောပြတာကိုပဲ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတယ်။ ဟုတ်လေမဟုတ်လေ မသိပေမယ့် ကိုယ့်ကလေး ကျောင်းထားဖို့တော့ နည်းနည်း တွန့်

ကောင်းပေ့ဆိုတဲ့ အစိုးရကျောင်းတွေမှာ ထားရင်လည်း ကလေးက ဖိစီးမှုပေါင်းစုံနှင့် သူ့ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်ခွင့်ရဖို့ မသေချာ။ အဲ စာတော်ဖို့ အမှတ်ကောင်းဖို့တော့ အလားအလာများတယ်။ ကောင်းပေ့ဆိုတဲ့ နိုင်ငံတကာ ကျောင်းမှာ သွားထားပြန်ရင်လည်း သူ့ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်ဖို့ အခွင့်အရေး ကောင်းကောင်းရမယ်။ မျိုးခြားဘာသာစကား အခြေခံကောင်းကောင်းရမယ်။ မြန်မာလိုကြီးပြင်းခွင့်ရဖို့တော့ မသေချာ။

ပန်းပွင့်လေးအတွက် အဝေးကြီးကိုများ တအားကြီး တွေးမိနေသလား။ ကိုယ်ဖြစ်စေချင်တာတွေ အကုန်လုံး ကိုယ့်အခြေအနေ အကန့်အသတ်တွေကြားမှာ တစ်ပြိုင်တည်း ဖြစ်ခွင့်ရှိဖို့ ခက်တယ်ဆိုတာ သိပေမယ့် . . .
.

(၂၀၁၆ မေလ ၄ ရက်)

The Competency of the Regional Legislatures and the Capabilities of the Regional Governments

Introduction

Regional legislatures (regional hluttaws) are very new institutions in the history of Myanmar. They have been established by the 2008 Constitution adopted by the previous military regime. Myanmar practiced two constitutions beforehand and none of them had any provision about regional legislative bodies. In the 2008 Constitution, the establishment of the regional hluttaws and regional governments has been mentioned and the regional level governing bodies have to enact necessary laws and exercise the power in particular affairs stated in the schedule two, region or state legislative list. This research will be focusing on the relations between the competency of the regional hluttaws and the capability of the regional governments in assuming the power from the central government. The research will be based on the studies of the performance of the regional hluttaws in the first five years term between 2011 and 2015.

Hypothesis and Research Questions

“There is a strong relation between the competency of the regional hluttaws and the capabilities of the regional governments. The more the regional hluttaws could enact laws for implementing the affairs stated in the schedule two of the constitution, the much power the regional governments could assume from the central government.”
Given the above hypothesis, the research is going to look for the answers to the following questions.
· What was the role of the regional Hluttaws in assuming the power granted by the constitution?
· Were they significant in terms of implementing the reform process of Myanmar? If so, why?
· What are the factors which supported or hindered the performance of the regional hluttaws?
· To what extent do the regional hluttaws contribute to the power sharing between the central government and the regional governments?

Significance of the Questions

These questions are very important to assess  how many laws the regional hluttaws could enact and how much power the regional governments could enjoy. The constitution said that the regional governments shall exercise the power in the affairs stated in the schedule two, regional or state legislative lists. One important reason is that the share of power vested in the regional governments could not be exercised unless the respective regional hluttaw enacts necessary laws. Therefore the competency of the regional hluttaws is very important for the regional governments in exercising the share of power guaranteed by the constitution. In addition to that, there are certain factors which supported the performance of the regional hluttaws, as well as some hindrance factors which discouraged the enactment of laws in the previous five year term. 

My Argument

Constitutionally, regional hluttaws play very important role in assuming the share of power from the central government, but their actual performance in the first term was unsatisfactory due to some limitations. The biggest limitation would be the mindset of the stakeholders in the regional level administrative and legislative bodies. Since the regional governments practice Westminster model democratic system, most of the cabinet members are members of regional hluttaws. The ministers of the regional governments could not exercise the power to manage the respective affairs because no or very few laws could be enacted by regional hluttaws to activate the provision of the constitution which gives them an authority to manage some regional affairs. Consequently, the regional governments could not fully enjoy the sharing power of the state, and it hinders the reform process of the country. The level of competency of the regional hluttaws was different from one another. In some regions, the government could collect some taxes because their hluttaws had enacted laws for those matters, but not in other regions. If the competency of the regional hluttaws were high enough to enact necessary laws for implementing the affairs in the schedule two, then it would enforce the capacity of the regional governments, and again it could speed up the reform process and democratization of Myanmar. 

Methodology

Both quantitative and qualitative methods will be applied in the research. Firstly, the necessary data will be collected from the original and open sources. The data includes the laws enacted by the regional hluttaws, the list of MPs and their parties, the frequency of convening hluttaw sessions, the list of committees they founded and their performance, the number of staff supported, and so on. 
Secondly, the leadership of the speakers, the relationship between the speakers and the chief ministers, the support of the MPs to the speakers and their relationships, and the support of the professionals to the legislative process will be analyzed by making personal interview, visiting the regional hluttaws, reading their speeches, and so on.
 After that, the factors which support or hinder the performance of the regional hluttaws will be discovered by analyzing the above data and information. When analyzing the subjective information such as personal interviews and speeches, I will try to make sure that the overstatement and understatement information are managed tactically. 

Limitations of the Research

There might be some limitations on doing the research. The biggest limitation might be a financial issue. Since this research is looking for important factors which influence the performance of the regional hluttaws, I need to go and see those important persons and visit the hluttaws. There are 14 regional hluttaws in different parts of Myanmar, and I need some money for the expense of traveling and accommodation. Another limitation might be the time I could take to arrange the trips, to make an appointment with some important persons, and to do my paperwork. There might be some other unexpected limitations. Anyway, all the limitations will be stated in my final research paper.

Conclusions

I am personally really interested in this topic and I am willing to do this research because the capabilities of the regional governments should be much more than it actually was in the previous five years, and I am eager to know why they could not do what they were supposed to have done in the first term from 2011 to 2015. I believe that the current constitution grants much authority to the regional governments, and the regional governments have enough power to implement a great reform which could satisfy the local people. My research will be a good contribution to the legislative process of the future regional hluttaws in enacting laws for enhancing the reform process and democratization of Myanmar.

Reference

Downs, W. M. (1998). Coalition government, subnational style: multiparty politics in Europe's regional parliaments. The Ohio State University Press.
Rodden, J. (2004). Comparative federalism and decentralization: On meaning and measurement. Comparative Politics, 481-500.
The Constitution of the Republic of the Union of Myanmar (2008)    

Professor’s Comment

The paper focuses on a question that is important in the academic field and highly relevant to a real-world issue. The description is clear, the discussions are insightful, and the proposed method of investigation makes sense.