.
. . . ကိုရှီဟီကာရီ コシヒカリ ဆိုတာ ဂျပန်နိုင်ငံမှာ အစိုက်အများဆုံး အကောင်းဆုံး ဆန်တစ်မျိုးဖြစ်ပါတယ်။ နူးညံ့တဲ့ဆန်သား မွှေးကြိုင်တဲ့ ရနံ့နဲ့ ပိုးသားလေးလို လှပတယ်လို့ ဆိုကြပါတယ်။ မျိုးကတော့ သဘာဝမျိုး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က ဖူကူအီပြည်နယ် စိုက်ပျိုးရေးသုတေသန ဌာနတစ်ခုကနေ ဆန်မျိုးစိတ်နှစ်ခုကို ပေါင်းပြီး တီထွင်ဖန်တီးထားတဲ့ မျိုးစိတ်သစ်ဖြစ်ပါတယ်။ ကိုရှီဟီကာရီ ဆိုတာကတော့ ကိုရှီနယ်ရဲ့ အလင်းရောင်လို့ အဓိပ္ပာယ်ရပါသတဲ့။ ကိုရှီနယ်ဆိုတဲ့အထဲမှာ ကျွန်တော်တို့ အခုနေတဲ့ နီဂါးတားပြည်နယ်လည်း ပါဝင်ခဲ့ပါတယ်။ အဲသည် ဓာတ်ခွဲခန်းထဲမှာ ဖန်တီးလိုက်တဲ့ ဆန်မျိုးစိတ်အသစ်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ဖို့ အတွက် အတားအဆီးအခက်အခဲတွေကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့တာကတော့ ကျွန်တော်တို့နေတဲ့ မီနာမီအွန်နူမာဒေသပဲ ဖြစ်ပါသတဲ့။
.
. . . ဂျပန်အစိုးရက သတ်မှတ်ပေးတဲ့ ပထမတန်းစားဆန်အမျိုးအစားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ ကိုရှီဟီကာရီ ဆန်ထဲမှာမှ အကောင်းဆုံး ကိုရှီဟီကာရီကို ကျွန်တော်တို့ မီနာမီအွန်နူမာက ထုတ်လုပ်ပါတယ်။ စိုက်ပျိုးနည်းစနစ်ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက်တာအပြင် တစ်နှစ်မှာ လေးလလောက် နှင်းထု အထူကြီးဖုံးထားတဲ့ လယ်ကွင်းတွေထဲမှာ နွေအခါ ဟာကိုင်းစံတောင်ပေါ်က စီးကျလာတဲ့ အဟာရဓာတ် ကြွယ်ဝတဲ့ နှင်းပျော်ရေတွေသွင်းပြီး စိုက်ပျိုးနိုင်ရုံမက နေ့ဘက်မှာ အလွန်ပူပြီး ညဘက်မှာ အလွန်အေးတဲ့ ဒေသရဲ့ ရာသီဥတုကလည်း ကျွန်တော်တို့ ဒေသက စပါးရဲ့ အရည်အသွေးကို ထူးခြား ကောင်းမွန်အောင် အထောက်အကူပေးနေတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
.
. . . ကျွန်တော်တို့မြို့မှာ အခုချိန်က စပါးစိုက်တဲ့ ရာသီပါ။ လူရဲ့ လုပ်အားဆိုလို့ စက်မောင်းတာလောက်ပဲ ရှိကြတဲ့ ဒီလိုဒေသမှာ စပါးကို မိရိုးဖလာ စိုက်နည်းပျိုးနည်းတွေ မပျောက်ပျက် မတိမ်ကောအောင် နှစ်စဉ် စပါးစိုက်ပွဲနဲ့ စပါးရိတ်သိမ်းပွဲ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဇာတိမှာတော့ တစ်ယောက်စိုက် နှစ်ယောက်စိုက်လောက်ပဲရှိတဲ့ လယ်လေး သုံးကွက်ကို ကျွန်တော်တို့ ကျောင်းသားတွေနဲ့ လယ်သမားတွေ တစ်အုပ်ကြီး ဆင်းပြီး မိရိုးဖလာနည်းအတိုင်း လက်နဲ့ ကောက်စိုက်တာ၊ စပါးမှည့်ချိန်ရောက်ရင် တံဇဉ်နဲ့ ကောက်ရိတ်တာကို ပွဲလမ်းတစ်ခုလို လုပ်တာပါ။ သူတို့ လုပ်နေကျအတိုင်း စက်နဲ့သာဆို ခဏလေးနဲ့ ပြီးသွားမယ့် အဲသည်လယ်ကွက်ကလေး သုံးခုကို အချိန်တွေ အကုန်ခံ ပိုက်ဆံတွေ အကုန်ခံပြီး လူတွေဖိတ် ကျွေးမွေး ကြိုပို့နဲ့ လုပ်ကြတဲ့ ပွဲဖြစ်ပါတယ်။ ကျွန်တော်လည်း တောသူတောင်သား မိဘတွေက မွေးဖွားခဲ့တဲ့ ကျေးတောသား ဖြစ်ပေမယ့် အဖေအမေက လယ်မလုပ်တော့ လယ်ထဲမှာ ကိုယ်တိုင် ကောက်မစိုက်ဖူး မရိတ်ဖူးပါဘူး။ ဒီရောက်မှဘဲ ကိုယ်တိုင် တမန်းညက်နေအောင် ထွန်ထားတဲ့ နွံတွေ ခြေသလုံးလောက်မြုပ်တဲ့ လယ်ကွက်ထဲဆင်းပြီး ကောက်စိုက်ဖူးတာပါ။
.
. . . လယ်ကွက်ထဲက ရွှံ့ထဲဆင်း ကောက်စိုက်နေရင်းနဲ့ ခေတ်အဆက်ဆက် ကျေးဇူးရှင်ဦးကြီးများလို့ စကားလှလှလေးနဲ့ အညာခံနေရတဲ့ မျက်နာမွဲငဘများကို သတိရနေမိပါတယ် . . .
.
(၂၀၁၆ မေလ ၂၈ )
No comments:
Post a Comment