ပန်းပွင့်လေး ကျောင်းနေတဲ့ အရွယ်ရောက်ပြီဆိုတော့ ကျောင်းထားဖို့ စဉ်းစားရပါပြီ။ တစ်ခါတစ်ခါ စဉ်းစားရကျပ်လာတော့ ကိုယ်တွေ ငယ်ငယ်ကလို ရွေးချယ်စရာ မရှိတဲ့ဘ၀ကပဲ ပိုကောင်းလေသလား စိတ်ထွက်ပေါက်အနေနဲ့ တွေးမိပါတယ်။ ကိုယ်တွေ ငယ်ငယ်ကတော့ ရွာမှာရှိတဲ့ တစ်ခုတည်းသော မူလတန်းကျောင်းကို တက်ဖို့ပဲ။ မိဘတွေအနေနဲ့ ဘယ်ကျောင်းထားရမလဲ ဆိုတဲ့ ရှည်ရှည်ဝေးဝေး တွေးရတာ မရှိခဲ့။ အခုလို မိုးဦးလေဦး ကျောင်းတွေ ဖွင့်ခါနီးပြီဆိုရင်သာ ကျောင်းအပ်ဖို့ ပိုက်ဆံပူရ စာအုပ်ဖိုးပူရ ပုဆိုးစိမ်းဖိုးပူရ။ အခုခေတ်များတော့ ကျောင်းအပ်တာ ပိုက်ဆံမပေးရတော့တဲ့အပြင် ကျောင်းကတောင် စာအုပ်တွေ ၀တ်စုံတွေ ထောက်ပံ့သေးသတဲ့။ ကောင်းလိုက်တာ
ကိုယ်တွေလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ အဆင့်အတန်းမီမီ စေတနာပါပါ သင်ပြပေးခဲ့တဲ့ ဆရာဆရာမများ ကျေးဇူးနဲ့ အခြေခံပညာကို ထူးထူးချွန်ချွန်ကြီး မဟုတ်တောင် လူလူသူသူတော့ ကျော်ဖြတ်နိုင်ခဲ့တာ။ ခုခေတ် ကလေးတွေရဲ့ ကျောင်းနဲ့ကျူရှင် လုံးချာလည်လိုက်နေပုံတွေ ကြားရမြင်ရတော့ ကိုယ့်ငယ်ဘ၀လေးကို ကျေနပ်မိတယ်။ ကိုယ်တွေလည်း ကျူရှင်တက်ခဲ့ဖူးတယ် ဆိုပေတဲ့ ကျူရှင်က ၀န်ထုပ်ဝန်ပိုးတစ်ခု မဖြစ်ခဲ့ဘဲ ကျောင်းစာကို အတိုင်းအတာအလျောက်တော့ အထောက်အကူ ဖြစ်ခဲ့တယ်။ ဒါတောင် ဆယ်တန်းတုန်းက ကျူရှင်ဖိုး မတတ်နိုင်လို့ ကိုယ့်ဘာသာ ကျောင်းက သင်ပေးတာလေးကို သေသေချာချာ နာယူမှတ်သားပြီးတော့ ဆယ်တန်းအောင်ခဲ့သေးတာပဲ။ အကစားသိပ်မမက်ခဲ့ပဲ အပြင်စာအုပ်တွေကြားထဲမှာ စာကြမ်းပိုးနီးနီး ဖြစ်ခဲ့တဲ့ ကိုယ်တောင် အခုခေတ် ကလေးအများစုထက် ပိုပြီး ကစားခဲ့ရ ကဲခဲ့ရတာ တကယ်တော့ တော်တော် ကံကောင်းတာပါလားဆိုတာ သိလိုက်ရတယ်။
ကိုယ့်ပတ်ဝန်းကျင်က မြင်ရကြားရတာတွေ များလေလေ ပန်းပွင့်လေးပညာရေးအတွက် ရင်လေးလေလေပါပဲ။ ပိုက်ဆံကို ထည့်မတွက်သေးဘူး ဆိုရင်တောင် ရွေးချယ်ရမယ့် အကျိုးအပြစ်တွေက နက်နဲရှုပ်ထွေးလွန်းလှတယ်။
ပန်းပွင့်လေးကို မိဘနှစ်ပါးရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကြီးပြင်းခွင့် ရစေချင်တယ်။ လင်ရယ်မယားရယ် သားသမီးရယ်ဆိုတဲ့ မိသားစုဆိုတာ အတူတူနေနိုင်မှ မိသားစုခေါ်နိုင်မှာမဟုတ်လား။ ကိုယ်ကိုယ်တိုင်လည်း မိဘတွေ မောင်နှမတွေနဲ့ အတူတူနေထိုင်ပြီး သိုက်သိုက်ဝန်းဝန်း ကြီးပြင်းခဲ့ရတာဆိုတော့ ပန်းပွင့်လေးကို အဲသည် အခွင့်အရေးလေး ရစေချင်မိတယ်။
ပန်းပွင့်လေးကို မြန်မာဆန်ဆန်လေး ကြီးပြင်းစေချင်တယ်။ မြန်မာစာကို ၀ိုင်းဝိုင်းစက်စက် ရေးတတ်မယ်။ မြန်မာကဗျာလေးတွေကို ပီပီသသ ဆိုတတ်မယ်။ မြန်မာပုံပြင်လေးတွေကို မြတ်မြတ်နိုးနိုး နားထောင်တတ်မယ်။ မြန်မာ့ယဉ်ကျေးမှုကို ရင်ထဲအထိ စိမ့်ဝင်ပြီး အသွေးထဲအသားထဲ စီးဆင်းနေစေချင်တယ်။ မြန်မာ့ရေမြေတောတောင် မြစ်ချောင်း တိုင်းရင်းသားတွေ ဓလေ့တွေ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို သေသေချာချာလည်း သိပြီး တန်ဖိုးလည်း ထားတတ်စေချင်တယ်။ မြှင့်တင်ပေးချင်တဲ့ စေတနာလည်း ကိန်းအောင်းနေစေချင်တယ်။ မြန်မာ့သမိုင်းကို သေသေချာချာ သိနားလည်ပြီး မြန်မာဆိုတဲ့ နိုင်ငံ မြန်မာဆိုတဲ့ တိုင်းရင်းသားတွေအတွက် သမိုင်းကပေးတဲ့ သင်ခန်းစာတွေကို ကိုယ်တိုင်ကိုယ်ကျ သုံးသပ်တတ်စေချင်တယ်။ အမိနိုင်ငံကို ချစ်မြတ်နိုးတတ်တဲ့စိတ် မြန်မာဆိုတာကို ဂုဏ်ယူဝင့်ကြွားတဲ့စိတ်ကလေးနဲ့ ကမ္ဘာ့ဘယ်အရပ်ကိုရောက်ရောက် မြန်မာပီသတဲ့ မြန်မာမိန်းကလေးတစ်ယောက်အဖြစ် ခေါင်းမော့ရင်ကော့ ရှိစေချင်တယ်။
ပန်းပွင့်လေးဟာ သဘာဝလောကကြီးကို စူးစမ်းတတ်တဲ့ ကလေးမလေး ဖြစ်စေချင်တယ်။ ပန်းကလေးတွေ ဘယ်လိုပွင့်လာသလဲ။ ငှက်ကလေးတွေ ဘယ်လိုပေါက်လာသလဲ။ နေက အရှေ့က ဘာလို့ထွက်တာလဲ။ ထိကရုံးပင်လေးတွေ ထိလိုက်ရင် ဘာလို့ညှိုးကျသွားရတာလဲ။ ပရွတ်ဆိတ်လေးတွေ တွင်းထဲကို ဘာတွေ သယ်နေတာလဲ။ မိုးဘာလို့ရွာသလဲ။ ရေက တစ်ခါတစ်လေ အရည် တစ်ခါတစ်လေ အခဲဖြစ်ပြီး တစ်ခါတစ်လေကျတော့ ဘာလို့ အငွေ့ဖြစ်သွားရတာလဲ။ ကားဘီးတွေ လည်ပြီး အဝေးကြီးကို ဘာလို့ သွားနိုင်ရတာလဲ စသည်ဖြင့် သဘာဝ လောကကြီးရော သဘာဝမဟုတ်တဲ့ လောကကြီးကိုပါ စူးစမ်းလေ့လာပြီး သိချင်စိတ်တွေ ထက်သန်နေတဲ့ မျက်လုံးအရောင်တောက်တောက် ကောင်မလေး ဖြစ်စေချင်တယ်။
မြန်မာစကားကို ဌာန်းကရိုဏ်းကျကျ စီကာပတ်ကုံး ပြောတတ်ရေးတတ်သလို တစ်ခြားဘာသာစကား အနည်းဆုံး တစ်ခုကိုလည်း ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စေချင်တယ်။ နောက်ထပ်ဘာသာစကား နှစ်ခုလောက်ကိုလည်း တီးမိခေါက်မိလောက်တော့ တတ်ထားစေချင်တယ်။
ပန်းပွင့်လေးဟာ စာကြည့်စားပွဲမှာပဲ အချိန်ကုန်နေတဲ့ ကလေးမဟုတ်ဘဲ အားကစားကွင်းထဲမှာလည်း အလျဉ်းသင့်သလို ကစားနည်းအနည်းဆုံး တစ်မျိုးလောက်ကိုတော့ တန်းဝင်အောင် ကစားနိုင်တဲ့သူလေး ဖြစ်စေချင်တယ်။ စိတ်အာဟာရအဖြစ် ဂီတ တူရိယာ တစ်ခုခုကိုလည်း တီးခတ်တတ်စေချင်တယ်။
ကျွန်တော်ရေးထားတာတွေဖတ်ပြီး သိပ်လောဘကြီးတယ်လို့ ထင်ရနိုင်တယ်။ ဒါပေမယ့် ဒါဟာ လောဘကြီးတာ မပါသေးပါဘူး။ လောဘကြီးတယ်လို့ မခေါ်နိုင်သေးပါဘူး။ သိပ်ပြီး အဆင့်အတန်းမနိမ့်တဲ့ နိုင်ငံက လာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ယေဘုယျ အရည်အချင်းတွေလောက်ပဲ ရှိပါသေးတယ်။ ပြောခဲ့တဲ့အထဲမှာ ပန်းပွင့်လေးကို ကြီးလာရင် ဘာကြီးဖြစ်ကောင်းစေ ညာကြီးဖြစ်ကောင်းစေ မပါသေးပါဘူး။ ပါစရာလည်း မရှိပါဘူး။ ဒါကတော့ သူ့ရဲ့ ၀ါသနာ ဗီဇ လုပ်နိုင်ကိုင်နိုင်စွမ်းပေါ် မူတည်ပြီး သူကိုယ်တိုင် ရွေးချယ်ရမယ့် ကိစ္စပေကိုး။ သူကြိုက်တဲ့လမ်းကို သူရွေးချယ်ခွင့်ရှိအောင်တော့ အဖေတစ်ယောက်အနေနဲ့ အစွမ်းကုန် ကာကွယ်ပေးရမှာပေါ့လေ။
ကျွန်တော်တို့ဆီက မြို့ကြီးပြကြီးတွေမှာ ကောင်းပေ့ဆိုတဲ့ ထိတ်ထိတ်ကျဲ ကျောင်းကြီးတွေ ရှိပါတယ်။ သမိုင်းအစဉ်အလာ ခိုင်မာခဲ့တဲ့ကျောင်းတွေ နည်မည်ကြားလိုက်တာနဲ့တင်ကို အထင်ကြီးလေးစားရလောက်တဲ့ ကျောင်းတွေ အများကြီး ရှိပါတယ်။ တစ်ချို့ကျောင်းတွေမှာ အတန်းပိုင်ဆရာမဆီမှာတော့ ကျူရှင်အပ်ရသတဲ့။ ဆယ်တန်းဆိုရင် ကျောင်းစစ်လာတဲ့အချိန်လောက်ပဲ ကလေးတွေ ကျောင်းမှာ ရှိကြသတဲ့။ ကလေးတွေ ကျူရှင်တွေ ၀ိုင်းတွေ ဟုမ်းတွေမှာ စိတ်ကြိုက်စာလုပ်ခွင့်ရအောင် ကျောင်းတွေက လွှတ်ပေးထားသတဲ့။ ဒီကလေးတွေ ဒီလိုလုပ်မှ အောင်ချက်တွေကောင်း အမှတ်တွေကောင်း တစ်နိုင်ငံလုံးမှာ အဆင့်ဘယ်လောက် စသည်ဖြင့် ရလဒ်တွေ ထွက်တော့မှ သက်ဆိုင်ရာ ကျောင်းကြီးတွေက ပိုပြီး နာမည်တက်သတဲ့။ ၀င်ခွင့်ရဖို့ကလည်း ငွေကုန်ကြေးကျ များသတဲ့။ ခေတ်ကလည်း အမှတ်များများရဖို့ တွန်းအားပေးကြတဲ့ ခေတ်ဆိုတော့ ကျောင်းမတက်တဲ့ကလေးရော ကျောင်းခေါ်ကြိမ် ဖြည့်ပေးတဲ့ ကျောင်းရောကို အပြစ် မဆိုသာ။ ခေတ်စကားနဲ့ဆို ၀င်းဝင်းပေါ်လစီပေကိုး။ ကလေးလည်း အဆင့်ကောင်း ကျောင်းလည်းအဆင့်ကောင်း။ နောင်နှစ်အတွက်လည်း ၀င်ငွေကောင်း။
အစိုးရကျောင်းတွေပြီးတော့ နိုင်ငံတကာကျောင်းတွေဘက် လှည့်ကြည့်ပြန်တော့လည်း မြန်မာစာကို ဟုတ်တိပတ်တိ မတတ်တော့။ မြန်မာစာကို ကောင်းကောင်းရေးတတ်ဖို့က စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပြန်ရော။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း၊ ပထ၀ီတွေ သင်ကြရဲ့လား ။ ကိုယ်လည်း သေချာတော့မသိ။ သင်ကြပါစေ ဆုတောင်းပါတယ်။ ဒါပေမယ့် တစ်ချို့ကျောင်းတွေက မြန်မာစာတောင် မယူလို့ ရနေဆိုပါလား။ အဲသည်ကျောင်းတွေရဲ့ တစ်ခြားကောင်းကွက်တွေကို ကြိုက်ပေမယ့် ပန်းပွင့်လေး မြန်မာစာ မတတ်လို့တော့ မဖြစ်ရေးချ မဖြစ်။
အစိုးရသင်ရိုးကိုပဲ သင်တဲ့ ပုဂ္ဂလိက ကျောင်းတွေရော။ ကိုယ်လေ့လာကြည့်မိသလောက် စိတ်တိုင်းမကျ။ တစ်ချို့ကျောင်းတွေက အစိုးရကျောင်းက မေးခွန်းကို ၀ယ်သည်တဲ့။ တစ်ချို့ကျောင်းတွေကတော့ အောင်ချက်ကောင်းအောင်ဆိုပြီး ဖြတ်လမ်းနည်းတွေ လုပ်သည်တဲ့။ အစိုးရကျောင်းတွေမှာ ဖိအားများတာကို မကြိုက်လို့ လာထားကြတဲ့ မိဘတွေအကြိုက် အချို့ကျောင်းတွေက ပညာရေး လျော့ရဲလှသည်တဲ့။ ကိုယ်က ပညာရေးဆိုင်ရာ ကျွမ်းကျင်သူလည်း မဟုတ်။ အဲသည်ကျောင်းတွေမှာလည်း မနေဖူးတော့ နေဖူးသူများ ပြောပြတာကိုပဲ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတယ်။ ဟုတ်လေမဟုတ်လေ မသိပေမယ့် ကိုယ့်ကလေး ကျောင်းထားဖို့တော့ နည်းနည်း တွန့်
ကောင်းပေ့ဆိုတဲ့ အစိုးရကျောင်းတွေမှာ ထားရင်လည်း ကလေးက ဖိစီးမှုပေါင်းစုံနှင့် သူ့ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်ခွင့်ရဖို့ မသေချာ။ အဲ စာတော်ဖို့ အမှတ်ကောင်းဖို့တော့ အလားအလာများတယ်။ ကောင်းပေ့ဆိုတဲ့ နိုင်ငံတကာ ကျောင်းမှာ သွားထားပြန်ရင်လည်း သူ့ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်ဖို့ အခွင့်အရေး ကောင်းကောင်းရမယ်။ မျိုးခြားဘာသာစကား အခြေခံကောင်းကောင်းရမယ်။ မြန်မာလိုကြီးပြင်းခွင့်ရဖို့တော့ မသေချာ။
ပန်းပွင့်လေးအတွက် အဝေးကြီးကိုများ တအားကြီး တွေးမိနေသလား။ ကိုယ်ဖြစ်စေချင်တာတွေ အကုန်လုံး ကိုယ့်အခြေအနေ အကန့်အသတ်တွေကြားမှာ တစ်ပြိုင်တည်း ဖြစ်ခွင့်ရှိဖို့ ခက်တယ်ဆိုတာ သိပေမယ့် . . .
.
(၂၀၁၆ မေလ ၄ ရက်)
No comments:
Post a Comment