Wednesday 18 May 2016

P L A G I A R I S M


.
. . . Plagiarism ဆိုတဲ့ ဝေါဟာနဲ့ ကျင့်ဝတ် သဘောတရားကို ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ သူကတော့ အခု ဗန်းမော်တက္ကသိုလ်မှာ ပါမောက္ခချုပ် တာဝန် ထမ်းဆောင်နေတဲ့ ဆရာဦးကြည်ရွှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဆရာတစ်ယောက်လို သာမက ညီအစ်ကိုလို သူငယ်ချင်းလို ရဲဘော်ရဲဘက်လို နားလည်မှု အပြည့်နဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံရုံသာမက ပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း တကယ့်ပညာရပ်နယ်ပယ်နဲ့ ထိတွေ့ခွင့်ရအောင် အခွင့်အလမ်းအမျိုးမျိး ဖန်တီးပေးခဲ့တဲ့ ဆရာ့ကို ဦးထိပ်ပန်ဆင်ပြီး ဒီစာကို ရေးပါတယ်
.
. . . Plagiarism ဆိုတာ ကျောင်းသားတွေ ပညာရှင်တွေ အလေးထားရတဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ကျွန်တော်က စာတမ်းတစ်စောင်တင်တယ်။ ကျွန်တော့်စာတမ်းမှာ ဟိုစာအုပ်ထဲက နည်းနည်း ဒီစာအုပ်ထဲက နည်းနည်း စုပေါင်းစပ်ပေါင်းလုပ်ပြီး မူရင်း ရေးသားထားသူတွေကိုလည်း အသိအမှတ်ပြု ဖော်ပြထားခြင်းမရှိဘဲ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်စွမ်းဥာဏ်စွမ်းနဲ့ ရေးသားပြုစုထားသယောင် လုပ်တာမျိုးကို Plagiarism လုပ်တယ်လို့ သတ်မှတ်ပါတယ်။ တကယ့် အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံးပုံကတော့ တက္ကသိုလ် တစ်ခုနဲ့တစ်ခု တူကောင်းမှ တူပါလိမ့်မယ်။ 
.
. . . Plagiarism ဆိုတာ ပညာလေ့လာသင်ကြားနေတဲ့ တက္ကသိုလ်တွေ အင်စတီကျူးရှင်းတွေ အဖွဲ့အစည်းတွေ မှာသာမက ဂျာနယ်လစ်လောကမှာလည်း အထူးအလေးထားတဲ့ သဘောတရားတစ်ခု ဖြစ်ပါတယ်။ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေမယ့် ယေဘုယျ ပြောရရင် သူများလေ့လာပြုစုထားတဲ့ ပညာရပ်ဆိုင်ရာ လေ့လာသုတေသနပြုချက်၊ အရေးအသား အဖွဲ့အနွဲ့ စတာတွေကို စာတစ်ကြောင်း တစ်ပါဒပဲ ဖြစ်ဖြစ် မိမိကိုယ်တိုင်ရေးသားထားသည့်နှယ် ရေးသားပြောဆို သုံးနှုံးတာကို ဆိုလိုပါတယ်။ တက္ကသိုလ်တွေမှာတော့ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် Plagiarism နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မည်ရွေ့မည်မျှ ပမာဏဆိုရင် ပြစ်မှုမြောက်တယ် စသည်ဖြင့် သတ်မှတ် ကျင့်သုံးကြပါတယ်။ 

. . . ကောင်းပြီ။ ကျောင်းသားတစ်ယောက်က အထက်ကပြောခဲ့သလို စာတမ်းတစ်စောင်ကို ဟိုကကူး ဒီကကူးနဲ့ ရေးပြီး တင်ပါပြီတဲ့။ စစ်တဲ့သူက ဘယ်လို သိနိုင်မလဲ။ အခုခေတ်မှာ ဒါကလည်း ပြဿနာတစ်ခုတော့ မဟုတ်တော့ပါဘူး။ အွန်လိုင်းမှာ အခမဲ့ စစ်ဆေးပေးတဲ့ ၀က်ဆိုက်တွေ ရှိသလို တကယ့်တက္ကသိုလ်ကြီးတွေ တန်ရာတန်ကြေးပေးပြီး စစ်ဆေးပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ကျောင်းက Plagiarism.org ဆိုတဲ့ဆီကို ပို့ပြီး စစ်ဆေးတယ်လို့ ဆိုပါတယ်။ (ကျွန်တော်တို့ တက္ကသိုလ်က ကျင့်သုံးတဲ့ Plagiarism ဆိုင်ရာ မူဝါဒကို http://www.iuj.ac.jp/ir-info/cheating-policy/ ၀င်ရောက်လေ့လာနိုင်ပါတယ်)။ စာတမ်းတင်တဲ့အခါမှာ ကျောင်းသားက ဆော့ကော်ပီကိုပါ တင်ပေးရပါတယ်။ ဆော့ကော်ပီကို စစ်ဆေးပြီးတဲ့အခါ စစ်ဆေးမှုရလဒ်အပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်ပါတယ်။ အခုရေးတဲ့စာက ပညာရပ်ဆိုင်ရာ ကျင့်ဝတ်ကို အဓိကထား ပြောပြတဲ့ စာတမ်းမို့ နည်းပညာပိုင်းဆိုင်ရာတွေကို ဒီလောက်ပဲ ဆွေးနွေးလိုပါတယ်။ 
.
. . . Plagiarism ဆိုတာကို ပညာရပ် ပညာရှင် နယ်ပယ်မှာ အလေးထားပြီး ပြောနေကြတဲ့ အဓိက အကြောင်းရင်းက ကျင့်ဝတ်ပိုင်းဆိုင်ရာကို စောင့်ထိန်းဖို့ အဓိက ဆိုလိုရင်းပါ။ ကိုယ်ကိုယ်တိုင်က ပညာရပ်နယ်ပယ်ထဲမှာ ရှိနေတယ်လို့ ခံယူထားရင် ပညာရှင်ဆိုင်ရာ ကျင့်ဝတ်ကို လေးစားလိုက်နာစောင့်ထိန်းဖို့ လိုပါတယ်။ တစ်ခြားသူရေးသားပြုစုထားတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ကို ကိုယ့်သက်ဆိုင်ရာ နယ်ပယ်အတွက် အသုံးတည့်လို့ ပြုပြင်မွမ်းမံပြီး ပြန်အသုံးချတယ်ဆိုရင်တောင် ပညာရပ်နဲ့ ကျင့်ဝတ်ကို လေးစားလိုက်နာသောအားဖြင့် မူရင်းပြုစုထားသူကို အသိအမှတ်ပြု ဖော်ပြဖို့ သင့်ပါတယ်။ ကျမ်းကိုးစာရင်းထဲမှာ ထည့်ထားတယ်လေ ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး။ ဘယ်စာအုပ်ကို ကျောရိုးပြုပြီး ရေးသားပြုစုထားပါတယ် ဆိုတဲ့အကြောင်း သိသာထင်ရှားစွာ အသိအမှတ်ပြု ဖော်ပြပေးရမှာ ပညာရှင်တစ်ယောက်ရဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။ 
.
. . . ကျင့်ဝတ်ဆိုတာ ကိုယ်ကိုယ်တိုင် လေးစားလိုက်နာဖို့ လိုသလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း လေးစားလိုက်နာအောင် အားပေးခြင်း မလိုက်နာသူကို ဖော်ထုတ်ခြင်းဖြင့် ပညာရပ်လောက အသိုင်းအ၀ိုင်းရဲ့ ဂုဏ်သရေကို တစ်နည်းတစ်လမ်းက မြှင့်တင်ရမှာလည်း ဖြစ်ပါတယ်။ ငါလုပ်လိုက်တာ ဘယ်သူမှ မသိဘူးကွ။ သိတဲ့သူတွေကလည်း ငါ့တပည့်တွေဆိုတော့ ငါ့ကို ပြောမှာ မဟုတ်ပါဘူးလေဆိုတဲ့ အတွေးမျိုး၊ ငါ့ရဲ့ ဆရာ ဖြစ်ခဲ့ဖူးလို့ ဒီလူရဲ့ ကျင့်ဝတ်ဖောက်ဖျက်ရာကျတဲ့ အပြုအမူကို လိုက်ကာကွယ်ပေးနေမယ်ဆိုရင်တော့ အဲလိုလူတွေကြီးစိုးတဲ့ အသိုင်းအ၀ိုင်းရဲ့ ပညာရပ်ပညာရှင်ဂုဏ်အသေရေက မှိန်သထက်မှိန် ညှိုးသထက် ညှိုးမှာပါပဲ
.
. . . ကျွန်တော်တို့ မြန်မာနိုင်ငံ ပညာရပ် နယ်ပယ်မှာလည်း Plagiarism ဆိုတဲ့ စကားလုံးကို မသုံးပေမယ့် ဒီလိုမျိုး ကျင့်ဝတ်တွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က စာစီစာကုံး ပြိုင်ပွဲတွေဘာတွေ ၀င်ပြိုင်တဲ့အခါ တစ်ခြား စာစီစာကုံးက တစ်စိတ်တစ်ပိုင်းဖြစ်စေ တစ်ပုဒ်လုံးဖြစ်စေ ကူးယူရေးသားခြင်း မပြုရ ဆိုတာမျိုး စည်းကမ်းချက်တွေ ပါတတ်ပါတယ်။ ဒါလည်း တစ်နည်းအားဖြင့် Plagiarism မဖြစ်စေရဆိုတဲ့ သဘောတရားမျိုးပါပဲ။ ကျွန်တော် အလယ်တန်း အထက်တန်းကျောင်းသားဘ၀က ပုံမှန် ဖတ်ဖြစ်တဲ့ စာစောင်တစ်ချို့က စာစီစာကုံး ပြိုင်ပွဲတွေမှာ ပထမ ဒုတိယ စသည်ဖြင့် အသိအမှတ်ပြုပြီးခါမှ ကူးယူထားတဲ့ စာစီစာကုံးဆိုတာ နောင်အခါမှာ စီစစ်တွေ့ရလို့ အများသိအောင် ကြေညာပြီး ပြိုင်ပွဲဝင်ခွင့် ပိတ်တာမျိုးလို အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်။ 
.
. . . တက္ကသိုလ်ကျောင်းတွေမှာလည်း Plagiarism မဖြစ်စေရအောင်လို့ မူရင်းစာတစ်ပိုဒ် စာတစ်ပုဒ် စာတစ်အုပ်ကို ကိုးကားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ ကိုးကားဖော်ပြရကြောင်း၊ မူရင်း ရေးသားသူကို မည်သို့မည်ပုံ အသိအမှတ်ပြုရကြောင်း နည်းလမ်းတကျ သင်ကြားပေးတာ ရှိပါတယ်။ ကျွန်တော် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ကြား ရန်ကုန်တက္ကသိုလ်တက်စဉ်က အထက်မှာ ပြောခဲ့တဲ့ ဆရာဦးကြည်ရွှင်က Research Methodology ဆိုတဲ့ ဘာသာရပ် သင်ကြားတဲ့အခါမှာ Plagiarism နဲ့ ပတ်သက်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကို သေသေချာချာ သင်ကြားခဲ့သလို Plagiarism စစ်ဆေးတဲ့ ၀က်ဆိုက်တွေအကြောင်းကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ 
.
. . . အခု လက်ရှိတော့ မြန်မာပြည်က ဘယ်တက္ကသိုလ်တွေမှာ Plagiarism အကြောင်း သင်ကြားပို့ချသလဲ မသိပေမယ့် တကယ်ကို သိသင့်သိထိုက်တဲ့ ကိစ္စမို့ အလေးထား သင်ကြားဖို့ လိုအပ်ကြောင်း ထင်မြင်ယူဆမိပါတယ်။
.
. . . တစ်ပါးသူရဲ့ ပညာရပ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှု ရလဒ်များကို လေးစား တန်ဖိုးထားပြီး ထိုက်တန်သလို အသိအမှတ်ပြုနိုင်ကြပါစေ . . .
.
(ပုံစာ - စာအုပ်နှစ်အုပ် နှိုင်းယှဉ်ချက်။ ဘယ်ဘက်စာအုပ်မှာ GEORGE W. NORTON, JEFFREY ALWANG နှင့် WILLIAM A. MASTERS တို့ ရေးသားပြုစုခဲ့သော စာအုပ် ဖြစ်ပြီး ညာဘက်စာအုပ်မှာ Prepared by Dr. Maung Maung Soe, Associate Professor, Department of Applied Economics, Yangon Institute of Economics ဟု ရေးသားဖော်ပြထားသော ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကျောင်းသုံးစာအုပ်တစ်အုပ်ဖြစ်ပါသည်။ - ဘယ်ဘက်စာအုပ် (2nd edition) ကို ရယူလိုပါလျှင်http://elibrary.kiu.ac.ug:8080/…/Economics%20of%20Agricultu… တွင်လည်းကောင်း၊ သင်ကြားရေးအတွက် powerpoint များသုံးစွဲလိုပါလျှင်http://www.ecagdev.agecon.vt.edu/viewcontentbychapter.html တွင်လည်းကောင်း ရယူနိုင်ပါသည်။)
.
https://www.facebook.com/notes/mosaic/p-l-a-g-i-a-r-i-s-m/1111155188949115

No comments:

Post a Comment