Sunday 28 June 2020

Dress Well

 

. . . တစ်ခါတစ်လေ သေးငယ်ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကို အကြီးကြီးလို့ ထင်မိမှားတဲ့အခါမှာ တိုင်ပတ်တတ်တာတွေရှိတယ်၊ အခု စာတွေ ဖတ်ရတဲ့အခါ အင်မတန် ရိုးရှင်းလွယ်ကူတဲ့ စကားအသုံးအနှုံးမျိုးကို ကာလဒေသကိုကြည့်ပြီး အနက်ကောက်မှားပြီးတော့မှ အမှန်ကို သိသွားတဲ့အခါတိုင်း အော် ဒါကိုးဆိုပြီး ပြုံးမိတိုင်းမှာ ငယ်ငယ်တုန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝက သင်ခန်းစာတစ်ခုကို သွားသတိရမိတယ်

.
. . . ပရိသတ်ရှေ့မှာ တင်ဆက်ခြင်းဆိုတာ အပြင်မှာ လူတွေသိပ်မပြောကြသေး၊ ရန်ကုန်တက္ကသိုလ်လို နေရာမျိုးမှာတောင် သိပ်ခေတ်မစားသေးတဲ့ အချိန်ပေါ့၊ မြန်မာနိုင်ငံရဲ့ အိုင်တီလောကရှေ့ဆောင်လို့ ပြောလို့ရတဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက MICT Park က ၂၀၀၁ ခုနှစ်မှာ စဖွင့်ပြီး ကိုယ်တွေက ၂၀၀၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖြစ်ရတယ်ဆိုပေမယ့် အဲသည်တုန်းကမှ တည်ထောင်လိုက်တဲ့ အင်္ဂလိပ်ဘာသာစကား အမျိုးသား ဗဟိုဌာန (National Centre for English Language - NCEL) ရဲ့ ဥက္ကဌ ဆရာကြီး ဒေါက်တာမျိုးမြင့်က အင်မတန်မှ ကို ခေတ်မီပြီး အမြော်အမြင်ကြီးတဲ့ ဆရာကြီးတစ်ယောက်မို့ ကျနော်တို့သင်ခန်းစာထဲမှာ ဟောပြောတင်ဆက်ခြင်းအတတ်ပညာ (Presentation Skill) ကို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားပေးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ခေတ်မီသင်ကြားရေးအထောက်အကူတွေကို အသုံးဆုံးလို့ ဆိုလို့ရတဲ့ အင်္ဂလိပ်စာဌာနမှာတောင် ဖလင်ပြားပေါ်စာရေးပြီး ပိတ်ကားပေါ်ဆလိုက်မီးနဲ့ထိုးတဲ့ Overhead Projector တွေပဲ အများစု သုံးနေတဲ့အချိန်၊ စာသင်ခန်းတိုင်းမှာတောင် PC တွေ မထားနိုင်သေးတဲ့ အချိန်မှာတောင် ကျနော်တို့ ဟောပြောတင်ဆက်ခြင်း လက်တွေ့သင်ခန်းစာတွေအတွက် ဆရာကြီးက သူ့ရဲ့ ခရီးဆောင်ကွန်ပြူတာကို ပေးသုံးခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုင်သုံးဖူးတဲ့ လက်ပ်တော့က ဆရာကြီး ဒေါက်တာမျိုးမြင့်ရဲ့ လက်ပ်တော့ပါပဲ၊ တီဗီဖန်သားပြင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကိုယ်ဟာ လက်တော့မျက်နှာပြင်က ပျော့စိစိလေးဖြစ်နေပါလားဆိုတာ ပထမဆုံး သိခဲ့ရတဲ့အချိန်ပေါ့
.
. . . Presentation Skill အတန်းကို တီချယ်လွင်လို့ ချစ်စနိုးခေါ်ကြတဲ့ ဆရာမကြီး ဒေါ်လွင်လွင်စိုးက သင်ပါတယ်၊ အဲသည် အတန်းပြီးသွားပြီးတဲ့နောက်မှာ ကျတော်တို့ အတန်းတိုင်းမှာ Presentation assignment က မပါမဖြစ်ကို ပါတော့တာပါပဲ၊ စာသင်ခန်းတိုင်းနီးပါး စာသင်ဖို့ ပီစီတစ်လုံးစီနဲ့ ကွန်ပြူတာပရိုဂျက်တာတွေ ထားပေးထားတော့ ကိုယ်ဆိုရင် OHP လို့ခေါ်ကြတဲ့ ဖလင်ပြားနဲ့ မီးထိုးပြတဲ့ ကားချပ်တွေကို တစ်ခါမှ မသုံးဖြစ်ခဲ့ပဲ ကွန်ပြူတာ ပရိုဂျက်တာနဲ့ပဲ လုပ်ဖြစ်ခဲ့တာ၊ တစ်ခါတစ်လေတော့ ကိုယ်လုပ်ထားတဲ့ ဖလောပီဒစ် Floppy Disk လို့ခေါ်တဲ့ လေးထောင့်မှတ်ဉာဏ်ပြားလေးတွေထဲ ဆလိုက်တွေထည့်တာ ဆလိုက်တွေမပါလာပဲ Short cut ဖိုင်တွေပဲ ပါလာလို့ တိုင်ပတ်တာတွေလည်း ရှိဖူးတာပေါ့
.
. . . မဟာကြိုတန်း တစ်နှစ်ပြီးတော့ မဟာတန်း ပထမနှစ်မှာ သုတေသနဗေဒ ဘာသာရပ်ကို ဆရာဦးကြည်ရွှင်က သင်ပေးတယ်၊ အဲသည်တုန်းက လက်ထောက်ကထိကဖြစ်နေတဲ့ ဆရာက ကျနော်တို့ အသက်နှစ်ဆယ်ဝန်းကျင် ချာတိတ်လေးတွေကို သူငယ်ချင်းလို ညီအကိုလို သင်စရာရှိတာလည်းသင် လက်ဖက်ရည်တိုက် ထမင်းကျွေးတော့ ကျနော့်ရဲ့ အချစ်ဆုံး ဆရာတစ်ယောက်ပေါ့၊ ဆရာဦးကြည်ရွှင်ရဲ့ သုတေသနဗေဒ အတန်းမှာ သုတေသနကို ပြန်လည်ဟောပြောတင်ဆက်ဖို့ဆိုတဲ့ ကဏ္ဍတစ်ခုပါတယ်၊ အဲသည်မှာ အထက်က ခေါင်းစဉ်တင်ထားတဲ့ Dress Well ဆိုတဲ့ စကားလုံးနဲ့ ကျနော်တို့တိုင်ပတ်ခဲ့ကြတာ
.
. . . ကိုယ်ပြုစုထားတဲ့ သုတေသန တစ်ခုကို ပရိသတ်ရှေ့ ပြန်လည်ဟောပြောတင်ပြတဲ့နေရာမှာ လိုက်နာသင့်တဲ့ အချက် တစ်ခုအနေနဲ့ Dress Well ဆိုတာ ပါတယ်၊ ကျနော်တို့က သင်ခန်းစာထဲမှာ စကားလုံးအကြီးကြီးတွေပဲ ပိနေကြဆိုတော့ အဲသည်စကားလုံးကိုလည်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်စဉ်းစားကြတာပေါ့၊ တစ်တန်းလုံးပဲ ထင်ရာမြင်ရာတွေ တောပြောတောင်ပြောကြတာတွေကို ဆရာက ပြုံးပြုံးကြီးနဲ့ နားထောင်နေသေးတာ၊ ကျနော်တို့တွေ ရွှီးလို့ အားရလောက်ပြီဆိုတော့မှ ဆရာက မင်းတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူးတဲ့၊ Dress Well ဆိုတာ ဟောပြောတင်ဆက်တဲ့နေရာမှာ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဖို့ လိုတယ်ဆိုတာကို ပြောတာ ဆိုတော့မှ ကျနော်တို့မှာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ရယ်လိုက်ရတာဆိုတာ
.
. . . dress well က ကျနော့်ဘဝအတွက် နေရာတိုင်းအကြီးကြီးတွေ လျှောက်မတွေးနဲ့လို့ သင်ခန်းစာတစ်ခု ပေးခဲ့ပေမယ့် သာမန်ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကို အကြီးကြီးတွေ လျှောက်လျှောက်တွေးလို့ တိုင်ပတ်ရတဲ့ အဖြစ်တွေက ကုန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်အတွင်းမှာ ကြိမ်ဖန်များစွာဖြစ်ခဲ့ရတယ်ဆိုသော်ငြား ကိုယ်ဆိုတဲ့လူကလည်း တစ်ခုခုဆို ကြီးကြီးကျယ်ကျယ် မထော်မနန်းတွေ လျှောက်တွေးလိုက်ရမှ
.
ဆရာဦးကြည်ရွှင်သာ သိရင်တော့ ကောင်းကောင်းအဟားခံရမှာ
.
ဗိုလ်ကောင်း
၂၈ ဇွန် ၂၀၂၀