. . . ပစိဖိတ်သမုဒ္ဒရာထဲက ၂၀၁၆ ခုနှစ်ရဲ့ ၁၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်း (Chaba) က အောက်တိုဘာလ ၅ ရက်နေ့မှာ ကျွန်တော်တို့နေတဲ့ ဂျပန်နိုင်ငံ အနောက်ဘက်ခြမ်းက နိဂါးတား ပြည်နယ်ကို ဒီနေ့ည ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပါတယ်။ အရင့်အရင်တုန်းကဆို ပစိဖိတ်သမုဒ္ဒရာထဲက တိုင်ဖွန်းမိုင်တိုင်းတွေဟာ အရှေ့ဘက် ကမ်းခြေကနေပဲ ၀င်ရောက်လေ့ရှိခဲ့ပေမယ့် ဒီတစ်ခေါက် မုန်တိုင်းကတော့ ထူးထူးခြားခြား ဆိုသလို ဂျပန်နဲ့ကိုရီးယားကျွန်းဆွယ်ကြားထဲကနေ ၀င်လာပြီး အနောက်ဘက်ကို ဆက်မရွေ့၊ မြောက်ဘက်တည့်တည့်ကိုလည်း ဆက်မရွေ့ဘဲ ဂျပန်ရဲ့ အနောက်ဘက် ကမ်းခြေ နိဂါးတားပြည်နယ်ဘက်ကနေ ကွေ့ဝင်လာပြီး ဂျပန်ကို ခါးလည်ကနေ ဓားလွယ်ခုတ်ဖြတ်ပြီးတော့ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲ ပြန်ထွက်သွားမယ့် အခြေအနေ ရှိပါတယ်။ အခု ဒီစာရေးနေချိန် ဂျပန်စံတော်ချိန် ကိုးနာရီ သတင်းတွေအရ ကျွန်တော်တို့နေရာကို ညသန်းခေါင်မှာ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ် . . .
.
. . . နေ့လည်တုန်းက တစ်ချက်တစ်ချက် လေပြေလေညင်းတွေ ဝေ့ကနဲ ဝေ့ကနဲ မွေ့လိုက်ပြီး စတင်အချက်ပြခဲ့တဲ့ ဒီမုန်တိုင်းဟာ ညနေ ငါးနာရီလောက်မှာတော့ လေပြင်းတွေ သိသိသာသာ စတိုက်လာပါတယ်။ မုန်တိုင်းလာတော့မယ်ဆိုကာမှ အနောက်ဘက် တောင်တန်းတွေပေါ်က ၀င်လုဆဲ နေရောင်နဲ့ ခြယ်သထားတဲ့ တိမ်ရောင်စုံကလည်း လှချင်တိုင်း လှနေတော့တာပါ။ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာလည်း တိမ်နီတွေ တောက်လို့ပေါ့။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြောနေတဲ့ လေနီကြမ်းဆိုတာကြီး စလာတဲ့ အချိန်က တကယ့်ကို လှပနေပါသေးတယ်။
.
. . . ညဘက်မှာ အခန်းပြတင်းတံခါးကို တစ်ဝက်တစ်ပျက် ဖွင့်ထားပြီး တ၀ုန်းဝုန်းတိုက်နေတဲ့ လေပြင်းကို ခံစားကြည့်ရင်း ဟိုးပြီးခဲ့တဲ့ တစ်နှစ်ကျော်က အခုလို လေကြမ်းတွေတိုက်တဲ့ တစ်ညနေကို သွားသတိရမိပါတယ် . . .
.
. . . အဲသည်နေ့က နုတ်ဆက်ပွဲလုပ်တဲ့နေ့ပါ။ ကျောင်းဆင်းတော့မယ့် စီနီယာကျောင်းသားတွေကို နုတ်ဆက်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတဲ့ ညနေခင်းပေါ့။ လေတွေတိုက်တာ တိုက်ချင်သလောက်တိုက် မမှုပေမယ့် ညနေ ငါးနာရီလောက်မှာ ဗြုန်းဆို မီးပြတ်သွားတော့မှ အဆင်က လှပါတော့တယ်။ ညပွဲမှာ ကျွေးဖို့ ပြင်ဆင်ထားတဲ့ စားစရာတွေ ကျက်ပြီိဆိုပေမယ့် အထူးဟင်းလျာ ငါးကင်ကတော့ ကင်နေတုန်းပဲ ရှိသေးတာပါ။ ကင်တာမှ အစပဲ ရှိသေးတာပါ။ ကင်တယ်ဆိုတာလည်း မီးဖိုပြီး ကင်တာမဟုတ်ဘဲ လျှပ်စစ် ကင်စက်နဲ့ ကင်နေတာဆိုတော့ မီးလည်း ပြတ်သွားရော ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ နောက်ဆုံး ဆရာ့အိမ်မှာ ဟိုတစ်လောက အသားကင်စားကြတုန်းက မီးသွေးတွေ ပိုသေးတာနဲ့ မီးသွေးမီးဖိုပြီး ကင်တော့မယ်ဆိုမှ အကင်ပြဿနာ စိတ်အေးသွားရပါတယ်။ အဲသည် အကင်တွေ ဆရာ့အိမ်ရောက်ဖို့ကတော့ တော်တော့်ကို ပြေးရလွှားရ ပြောရဆိုရသေးတာပါ။ ဘာလို့လဲ ဆိုတော့ မီးလည်း ပြတ်ရော အင်တာနက် ၀ိုင်ဖိုင်တွေလည်း အကုန်ပြတ်ပြီး ညပွဲအတွက် အဆောင်သုံးဆောင်ခွဲပြီး ပြင်ဆင်နေတဲ့သူတွေ အကုန် အဆက်အသွယ် ပြတ်ကုန်ပါရောလား။ ကိုယ်တိုင် သွားမယ်လည်း ဆိုရော အခန်းတက်သွားတယ်ဆိုလို့ အခန်းကို လိုက်သွားမယ်လုပ်တော့ ဓာတ်လှေခါးက သုံးမရပြန်ပါဘူး။ အဆောင် တစ် မှာဆိုရင်လည်း ရဲတိုက်တစ်ခုလို လှေခါးတွေက မျက်စိလည်စရာဖြစ် အဆောင်သုံးမှာဆိုရင်လည်း လှေခါးတွေက တစ်ခါမှ မသုံးဖူးတော့ လှေခါးရှာရတာနဲ့တင် တော်တော်မောခဲ့ရပါတယ် . . .
.
. . . ငါးကင်တဲ့ ကိစ္စ ငြိမ်းသွားပြန်တော့ ညကျရင် ပါတီပွဲကို အမှောင်ကြီးထဲမှာ ဘယ်လို ကျင်းပရပါ့မလဲ ဆိုတာ ခေါင်းစားပြန်ပါတယ်။ ဖယောင်တိုင်မီးထွန်းဖို့လည်း ခွင့်ပြုထားတာမရှိ၊ မြန်မာပြည်လိုလည်း မီးစက်ပြေးနှိုးစရာမရှိ၊ ဖယောင်းတိုင်မီးထွန်း လုပ်မယ်ဆိုရင်တောင် ဖယောင်းတိုင်က မရှိနဲ့ အားလုံး ပြင်ဆင်ပြီး အသင့်ဖြစ်ကာမှ နောက်တစ်နာရီကျော်လောက်နေရင် စရတော့မယ့် နုတ်ဆက်ပွဲကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ခေါင်းခဲခဲ့ရတာပါ။ နောက်ဆုံးမှ အကြံတစ်ခုရပြီး ကျွန်တော်တို့ အခန်းတွေမှာ ကိုယ်စီပေးထားတဲ့ အရေးပေါ်အခြေအနေကျရင် ထုတ်သုံးရမယ့် အိတ်ကလေးတွေထဲမှာ ဓာတ်မီးလေးတွေ ရှိတာပဲ။ ကဲ ကဲ ခုမှတော့ မတတ်နိုင်ဘူး။ ကိုယ်စီကိုယ်စီ ဓာတ်မီးလေးတွေ ယူလာခဲ့ကြ။ အဲသည် ဓာတ်မီးအလင်းရောင်နဲ့ ပွဲကျင်းပမယ်လို့ စီစဉ်လိုက်ရပါတယ်။ အဲသည်လို ဟိုပြေးသည်ပြေး ရွာဆော်ကြီးခွေးလို လူကလည်း ဖတ်ဖတ်မော၊ ညပွဲအတွက် မီးအလင်းရောင်လည်း စီစဉ်လို့ ရပြီဆိုတော့မှ ကိုရွှေလျှပ်စစ်မီးက ဗြုန်းဆို ပြန်လာပါလေရော . . .
.
ဝမ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဆိုတာလေ
မြန်မာပြည်မှာတောင် မီးလာရင် အဲသည်လောက် တစ်ခါမှ မပျော်ခဲ့ဖူးဘူး
No comments:
Post a Comment