. . . တောင်တွေပတ်လည်ဝိုင်းနေတဲ့ မီနာမီအွန်နူမာ မြို့လေးရဲ့ အထင်ကရ တောင်တစ်လုံးဖြစ်တဲ့ ဟာကိုင်းစံတောင်ကို ဒီနေ့ တတိယအကြိမ် အနိုင်ယူဖို့ သွားခဲ့တယ်။ သုံးနှစ်ဆက်တိုက် ဒီလို ဆောင်းဦးရွက်ကြွေရာသီ တောတောင်တစ်ခုလုံး ဆေးရောင်စုံ ခြယ်ထားတဲ့အချိန်မှာ တောင်ထိပ်ကို ရောက်အောင်တက်ရတာ တောင်ထိပ်ရောက်တဲ့အခါမှာ ၀န်းကျင်တောတောင်တွေရဲ့ အသွေးအရောင်စုံ ပန်းချီကားကြီးကို အမြင့်ကနေ စီးမိုးကြည့်ရတာက ဒီတောင်ထိပ်ထိ ရောက်အောင် တက်နိုင်ခဲ့ပါလားဆိုတဲ့ အရသာတွေကို ခံစားပြီး ဘ၀အတွက် ခွန်အားသစ်တွေမွေးဖွားပေးတဲ့ ဒီခရီးစဉ်ကို တတိယအကြိမ် သွားခဲ့တယ်။ အရင်တက်နေကျ နေရာထက် ပိုဝေးတဲ့ နေရာကို သွားဖို့ကြံရွယ်ခဲ့ပေမယ့် ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုရယ် အတူပါလာတဲ့ မရောက်ဖူးသေးသူတွေရယ်ကို လက်တွဲခေါ်ဖို့အတွက် ခရီးပြင်း မနှင်တော့ဘဲ အရင်က နှစ်ခေါက်တိတိ ရောက်ခဲ့ဖူးတဲ့ တောင်ထိပ်ကိုပဲ သုံးကြိမ်မြောက် ရောက်ခဲ့ပါတယ်။
.
. . . ခါတိုင်းတော့ တောင်ထိပ်ရောက်ပြီဆိုတာနဲ့ ပါလာတဲ့ နေ့လည်စာကို သူငယ်ချင်းတွေနဲ့ အတူတူစား ပတ်ဝန်းကျင်ကို တစ်ဝကြီးရှုစား ဓာတ်ပုံတွေ သေချာရိုက်ပြီးမှ ပြန်ဆင်းတာပေမယ့် ဒီနေ့တော့ ဘယ်ကိုမှလည်း ကောင်းကောင်း မမြင်ရအောင် လွှမ်းထားတဲ့ မြူတိမ်တွေ၊ တဖွဲဖွဲကျနေတဲ့ မိုး၊ တ၀ုန်းဝုန်းတိုက်နေတဲ့ လေနဲ့ တစ်ကိုယ်လုံး မိုးစိုပြီး ခိုက်ခိုက်တုန်နေတာမို့ ဓာတ်ပုံကိုတောင် ကသောကမျော ရိုက်ပြီး အမြန် ပြန်ဆင်းလာခဲ့ရတယ်။ စခန်းတစ်ထောက်ရောက်မှ နားနေဆောင်ပေါ်တက် အ၀တ်ရေစိုတွေလဲ၊ အသင့်ပေးထားတဲ့ စောင်ကိုခြုံပြီး ပါလာတဲ့ ထမင်းဆုပ်နဲ့ ကြက်သားကြော်ကို သူငယ်ချင်းတွေနဲ့အတူစားရပါတယ်။
.
. . . အသွားတုန်းက တစ်တက်တည်း တက်နေရသလောက် အပြန်ကျတော့လည်း တစ်ဆင်းတည်း ဆင်းနေရတော့ ငါတို့ အလာတုန်းက ဒီနေရာတွေကို ဘယ်လိုများ တက်ခဲ့မိပါလိမ့်ဆိုပြီး အရင်နှစ်တွေတုန်းက အခုလို အပြန်ခရီးမှာ တွေးမိတဲ့ အတွေးကိုပဲ တွေးဖြစ်အောင် တွေးမိပါသေးတယ်။
.
. . . နောင်နှစ်တွေ ကျရင်တော့ ဟာကိုင်းစံရဲ့ အမြင့်ဆုံးတောင်ထိပ် ရှစ်ခုလုံးကို ရောက်ဖြစ်အောင် သွားပြီး မြန်မာနိုင်ငံတော်အလံ တက်လွှင့်ပါဦးမယ်
No comments:
Post a Comment