Sunday, 28 August 2016

မြန်မာဘူဖေးဆိုပြီး


. . . နေပြည်တော်ပျဉ်းမနား နှင်းဆီပန်းအ၀ိုင်းနားက ရာဇဌာနီလမ်းဘေးမှာ နာမည်တစ်လုံးတည်းနဲ့ မြန်မာဘူဖေးဆိုတဲ့ ထမင်းဆိုင်ရှိပါတယ်။ ရုံးပိတ်ရက်နေ့လည်စာစားချိန်ဖြစ်မှာတောင် ဆိုင်က လူသူလေးပါး ကင်းရှင်းနေတာတွေ့တော့ သိပ်အခြေအနေ မဟန်လောက်ဘူးဆိုတာ ရိပ်မိလိုက်ပါတယ်။ ဆိုင်ထဲမှာ ထိုင်ပြီး အပေါ်မှာ ချိတ်ထားတဲ့ ပန်းချီလိုလို ကာတွန်းလိုလို ဆိုင်ကြော်ငြာတွေ လိုက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ မြန်မာ့ရိုးရာ ဟင်းလျာနဲ့ စားသောက်ဖွယ်ရာတွေကို အစုံမြည်းစမ်းခွင့်ရမယ့် ဆိုင်တစ်ဆိုင်ဖြစ်ရမယ့်အစား အစားအသောက်ကြီးသူတွေ ကြိုက်သလောက် စားချင်သလောက် လောဘတကြီးစားဖို့အတွက် ရည်ရွယ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ လူတစ်ယောက် ၃၅၀၀ ဆိုပေမယ့် ဟင်းတွေက တစ်ပွဲချင်း ၀ယ်စားရင်တောင် သုံးထောင့်ငါးရာ မတန်ပါဘူး။ အဆိုးဆုံးက လမ်းဘေးက အုတ်နံရံကပ်ရောင်းတဲ့ ထမင်းဆိုင်လေးတွေကလောက်တောင် အဆင့်အတန်းမမီတဲ့ ငါးပိရည်ကျဲတောက်တောက်ကို အတို့အမြှပ် မည်ကာမတ္တနဲ့ တည်ခင်းတာ၊ မြန်မာတွေအကြိုက် ငါးပိထောင်း ကောင်းကောင်းမပါတာကတော့ တော်တော်လေးကို ချာတူးလန်တယ်လို့ မှတ်ချက်ပြုစရာပါပဲ။ ထမင်းဟင်းအမယ်တွေက မကောင်းဘူးဆိုတော့ ၀န်ဆောင်မှုကလည်း ချာတူးလန်ပါပဲ။ ထမင်းလာစားတဲ့သူ သုံးလေးငါးဝိုင်းလောက်ပဲ ကျဲတောက်တောက်ရှိတဲ့ ဆိုင်ထဲမှာ တူညီဝတ်စုံဝတ်ထားတဲ့ စားပွဲထိုးလေးတွေကို တစ်ခုခုလိုလို့ မေးချင် မှာချင်လို့ရှိရင် အော်ဟစ်ခေါ်နေရပါတယ်။ ထမင်းစားပြီး စကားစမြည်ပြောဖို့ ပန်းကန်တွေ သိမ်းပေးပါလို့ ပြောတော့ ပန်းကန်တွေ မသိမ်းခင် ပြေစာအရင်လာပေးပါတယ်။ ငါတို့က ထိုင်အုံးမှာလေ ဘာမှ ထပ်မမှာရတော့ဘူးလားဆိုမှ ပြေစာပြန်ယူသွားပြီး စားပွဲပေါ်က ပန်းကန်တွေ သိမ်းပေးပါတယ်။ အထင်ကြီးတစ်လုံးနဲ့ ဆိုင်ထဲရောက်သွားတဲ့ ကျွန်တော့်မှာ တကယ့်ကို ဖီလင်းစိတ်ပျက် ဖြစ်ခဲ့ရကြောင်းပါခင်ဗျာ

No comments:

Post a Comment