Wednesday 24 May 2017

Tax Burden and Elasticity of Demand and Supply


. . . ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်း ရအောင်လုပ်သွားမှာပါတို့ဘာတို့ ကြားရင် ဘောဂဗေဒဘာသာရပ်ထဲက သင်ခဲ့ဖူးတဲ့ သဘောတရားတစ်ခုကို သွားသွား သတိရနေမိတယ်။ အရင်အစိုးရလည်း အဲဒါနဲ့ ခံခဲ့ရတာပဲလားလို့လည်း စောကြောမိတယ်။ အခုအစိုးရလည်း အဲဒါနဲ့ပဲ ခံရအုံးမှာလားတော့မသိ။ မခံရပါစေနဲ့ ဆုတောင်းပါတယ် . . .

. . . အစိုးရက ကုန်ပစ္စည်းတစ်ခုအပေါ် အခွန်စည်းကျပ်လိုက်တဲ့အခါ အဲသည်အခွန်ဝန်ထုပ်ဝန်ပိုးက ပစ္စည်းထုတ်လုပ် ရောင်းချတဲ့သူအပေါ် ကျရောက်သလား၊၀ယ်ယူသုံးစွဲသူအပေါ် ကျရောက်သလား၊ ဒါမှမဟုတ် ပစ္စည်းထုတ်လုပ်ရောင်းချသူနဲ့ ၀ယ်ယူသုံးစွဲသူတို့ဟာ အဲသည်ပစ္စည်းအပေါ်မှာ စည်းကျပ်ထားတဲ့ အခွန်ကို ညီတူညီမျှ ကျခံကြရသလား ဆိုတာကို တွက်ချက်တဲ့ သဘောတရားတစ်ခု ရှိပါတယ်။ သာမန်အားဖြင့် ဆိုရင်တော့ ပစ္စည်းတစ်ခုအပေါ် အခွန်စည်းကျပ်လိုက်ပြီဆိုရင် ရောင်းသူကတော့ အခွန်ဖိုးကို ကျခံပေးမှာမဟုတ်ဘူး။ ပစ္စည်းဖိုးထဲမှာ အခွန်ဖိုးထပ်တိုးလိုက်ပြီး ဈေးတက်လိုက်ရုံပဲလို့ တွေးစရာပါ။ အပြင်ပန်းအားဖြင့် ကြည့်ရင်လည်း အဲဒီနည်းနဲ့ပဲ လုပ်ကြပါတယ် . . .
.
. . . သို့သော် ဘောဂဗေဒ ပညာမှာတော့ အပြင်ပန်းဈေးနှုန်းသတ်မှတ်တာထက် ပိုပြီး ကြည့်ရှုသုံးသပ်လေ့ရှိပါတယ်။ ကိစ္စတစ်ခုခုကို တွက်ချက်သုံးသပ်တဲ့အခါ အခြေခံအားဖြင့် ရောင်းလိုအား ၀ယ်လိုအားမျဉ်းဆွဲ သုံးသပ်တတ်ကြပါတယ်။ တစ်ခြားနည်းလမ်းတွေလည်း ရှိသေးပေမယ့် အဲသည်နည်းလမ်းကတော့ မြင်သာထင်ရှားပြီး အဖြေကို အလွယ်ဆုံး ရှာပေးနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် သုံးတတ်ကြပါတယ် . . .
.
. . . အထက်က ကိစ္စနဲ့ ပတ်သက်ပြီး ဘောဂဗေဒပညာရပ်ရဲ့ ရှုထောင့်အရ ထွက်လာတဲ့ အဖြေကတော့ အခွန်ဝန်ထုပ်ဝန်ပိုးကို ဘယ်သူက ထမ်းရသလဲဆိုတာ ဘယ်သူက ပိုပြီး လိုချင်စိတ်များသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါသတဲ့။ ရောင်းသူက ဒီပစ္စည်းကို သိပ်ပြီး ရောင်းချင်နေပြီဆိုရင် အခွန်ဝန်ထုပ်ဝန်ပိုးက ရောင်းသူအပေါ် ကျရောက်ပြီး၊ ၀ယ်သူဘက်က သိပ်ပြီး ၀ယ်ချင်နေတယ်ဆိုရင်တော့ အခွန်ဝန်ထုပ်ဝန်ပိုးက ၀ယ်သူအပေါ် ကျရောက်ပါသတဲ့။ အခွန်ဝန်ထုပ်ဝန်ပိုးက တစ်ဘက်တည်းအပေါ်ကို လုံးလုံးလျားလျား ကျရောက်တာမျိုး မဟုတ်ပေမယ့် ရောင်းသူဝယ်သူတို့ရဲ့ ရောင်းချင်စိတ် ၀ယ်ချင်စိတ် ဘယ်လောက်ရှိသလဲဆိုတဲ့ အတိုင်းအတာပေါ် မူတည်ပြီး အခွန်ကို ထမ်းကြရတယ်လို့ ဆိုလိုတာပါ . . .
.
. . . ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခရီးတွေ အများကြီး ပေါက်ခဲ့တယ်ဆိုတဲ့ ဂုဏ်ကို လိုချင်လွန်းလို့ သူ့ခမျာ မနည်းကြီး စိတ်ရှည်သည်းခံပြီး အလျှော့တွေ ပေးခဲ့ရတယ်။ တပ်မတော်က ထိုးစစ်ရပ်ဆိုင်းထားဆိုတဲ့ အမိန့်တစ်ခုအောက်မှာ တပ်မတော်သားတွေ မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတာတွေ နည်းပါရိုးလား။ ကိုယ်မပစ်ရင် သူက စပစ်တော့မှာကို သိသိကြီးနဲ့ ကိုယ့်ဘက်က စပစ်လို့မရဘူးဆိုတဲ့ အခြေအနေအောက်မှာ၊ လက်ဦးမှုဟာ အားသာချက်တစ်ခုဖြစ်တဲ့ စစ်မြေပြင်မှာ၊ ငြိမ်းချမ်းရေးဗိသုကာကြီး ဖြစ်ချင်လှတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကြောင့် ရင်တနာနာ တောက်တခေါက်ခေါက် အံတကြိတ်ကြိတ်နဲ့ လက်သီးကို တင်းအောင်ဆုပ်ပြီး သက်ပြင်းတွေချခဲ့ရတဲ့ တပ်မတော်သားတွေနဲ့ နှလုံးသားတွေ နင်းချေခံခဲ့ရတာ နည်းပါရိုးလား။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီးခါမှ နိုင်ငံတော်ရဲ့ စေတနာတွေကို နားလည်အထာကျပြီး သူပုန်အဖွဲ့ သုံးဖွဲ့တောင် ခါတော်မီ ထပ်ပေါ်လာခဲ့သေးတယ်မဟုတ်လား . . .

. . . အခုလည်း လာပြန်ပြီ။ ပြောကြပြန်ပြီ။ အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရအောင် လုပ်အုံးမတဲ့။ သူတို့တွေ ငြိမ်းချမ်းရေး ဗိသုကာကြီးတွေဖြစ်ဖို့ ဘယ်သူတွေက အသက်သွေးချွေးတွေ ဘယ်လောက်တောင် ထပ်ပြီး စတေးကြရအုံးမှာပါလိမ့်။ ခါတော်မှီ ပေါ်လာခဲ့တဲ့ သူပုန်အဖွဲ့၊ နိုင်ငံတော်ကို စစ်ကြေညာပြီး တိုက်ခဲ့တဲ့ ပြည်ပလက်ဝေခံ သူပုန်အဖွဲ့တွေတောင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အမြိန့်သား အခန့်သား နေရာရနေကြပြီဆိုတော့ကာ . . .
.
. . . အပေါ်မှာ ရှင်းပြခဲ့တဲ့ ဘောဂဗေဒ သဘောတရား ဒီနေရာမှာ မှားသွားပါစေတော့လို့ ဆုတောင်းနေရုံမှတစ်ပါး . . .
.
၂၄ မေ ၂၀၁၇
.
Photo credit: https://www.toonpool.com/cartoons/peace%20in%20dilemma_86651

No comments:

Post a Comment