Wednesday 8 May 2024

မရေရာတဲ့ဇာတ်သိမ်း



. . . ဒီရက်ပိုင်း စာရေးချင်တာတွေရှိပေမယ့် ဥတုသပ္ပာယနဲ့ ဌာနသပ္ပာယ သိပ်ပြီး မမျှတလေတော့ ကီးဘုတ်လက်တင် စာမရေးဖြစ်ဘဲ စာတွေချည်း နင်းကန်လှိမ့်ဖတ်ဖြစ်နေတယ်၊ စာတွေဖတ်ရင် ရေးချင်စရာတွေ ပိုပိုပြီး တွေးမိလာပေမယ့် အခုပြောခဲ့တဲ့ အခြေအနေကြောင့် စာမရေးဖြစ်ဘဲ ညတိုင်ဆို ရေကန်ဘေးက ထိုင်ခုံလေးမှာ အေးအေးလူလူသွားထိုင်ရင်း လေညင်းလေးခံပြီး ဖတ်ထားတဲ့စာတွေအကြောင်း ပြန်ပြန်တွေးနေဖြစ်တယ်
.
. . . တစ်ခုက စာရေးဆရာ ဂျက်လန်ဒန်ရဲ့ ဝတ္ထုတိုလို့ ပြောရမလား၊ သူ့ငယ်ဘဝဇာတ်ကြောင်းလို့ အဆိုရှိတဲ့ ဝတ္ထုလို့ ပြောရမလား စာတစ်ပုဒ်အကြောင်းပဲ၊ ဂျက်လန်ဒန်ဆိုတာ မူရင်းအင်္ဂလိပ်လို မဖတ်ဖြစ်ပေမယ့် မြန်မာပြည်က ဘာသာပြန်ကောင်းတဲ့ စာရေးဆရာတွေကျေးဇူးနဲ့ တော်တော်များများ ရင်းနှီးနေပြီးသား စာရေးဆရာပါ၊ ကိုယ်ကတော့ ရန်ကုန်တက္ကသိုလ်မှာတုန်းက သင်ရတဲ့ “To Build a Fire” ဆိုတဲ့ ဝတ္ထုကို ဖတ်ပြီး ဂျက်လန်ဒန်ဆိုတာ ဘယ်သူလဲ သေချာသိသွားတာ၊ အဲသည်နောက်ပိုင်းလည်း သူ့ဝတ္ထု မြန်မာပြန်တွေဆို လိုက်လိုက်ဖတ်ဖြစ်တယ်၊ ဆရာဂျက်ရဲ့ ဝတ္ထုတွေ ဖတ်ရတာလည်း သိပ်ပြီးသက်တော့သက်သာတော့ မရှိလှပါဘူး၊ သူ့ဇာတ်ကောင်တွေက တစ်ချိန်လုံး တိုက်ခိုက်ရုန်းကန်နေကြရာချည်းပါပဲ
.
. . . “To Build a Fire” ကို ဘယ်လောက် မစွဲတယ်စွဲတယ်၊ နှင်းပွင့်တိုင်းပြည်မှာနေတုန်းက တစ်ခါသား ညနေဘက်ကြီး နှင်းတွေ သည်းသည်းကျနေတုန်း နှင်းတောထဲကို တစ်ယောက်တည်း အဖော်မပါဘဲ ထွက်သွားခဲ့ဖူးတယ်။ ဝတ္ထုထဲက နှင်းမုန်တိုင်းမိပြီး လမ်းပျောက်နေတဲ့ ဇာတ်ကောင်ရဲ့ ခံစားချက်ကို နည်းနည်းဖြစ်ဖြစ် မြည်းစမ်းကြည့်ချင်လို့ လမ်းမပေါ်က ဖဲ့ဆင်းပြီး ကျောင်းဘေးက သဘာဝတောအုပ်ထဲ လျှောက်ကြည့်မယ်ဆိုပြီး ထွက်လာခဲ့တာ၊ ကိုယ်တွေနေခဲ့တဲ့ နှင်းပွင့်တိုင်းပြည်မှာ ဆောင်းဦးလောက်ပဲ နှင်းက သိပ်မထူသေးခင် လမ်းလျှောက်လို့ရပြီး နှင်းထူသွားပြီဆို လမ်းလျှောက်ဖို့က ခက်တတ်တာမို့ အဲသည်တုန်းက နှင်းပါးသေးတဲ့အချိန်တောင်မှ လေတွေတိုက် နှင်းတွေသည်းသည်းကျ ကိုယ်လာခဲ့တဲ့လမ်းကို ဘယ်လိုပြန်ရမယ်ဆိုတာ သေသေချာချာကြီး သိနေလျက်နဲ့တိုင် နှင်းတောထဲမှာ တဖြည်းဖြည်း ခြောက်ခြားလာလို့ အဲသည်ကြောက်စိတ်ကို အနိုင်ပေးပြီး သိပ်အဝေးကြီးမသွားဘဲ ပြန်လှည့်လာခဲ့တာ၊ အခန်းပြန်ရောက်ရောက်ချင်း ဝတ္ထုကို ပြန်ဖတ်တော့မှ ဝတ္ထုထဲက နှင်းတောထဲ လမ်းပျောက်သူရဲ့ ခံစားချက်ကို ဂျက်လန်ဒန် ဘယ့်ကလောက် အသေးစိတ် ရေးဖွဲ့နိုင်တာလဲဆိုတာ ပိုပြီး ခံစားမိသွားနိုင်ခဲ့တာ
.
. . . ခုရက်ပိုင်း ဖတ်ဖြစ်တဲ့ ဝတ္ထုထဲမှာ အိမ်ကထွက်ပြေးလာတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရယ် သူနဲ့ရွယ်တူ ပိုပြီးအတွေ့အကြုံရင့်ကျက်တဲ့ ပင်လယ်ပျော် ကောင်လေးနှစ်ယောက်ပေါင်းပြီး မသမာတဲ့ လုပ်ငန်းတစ်ခုကို ဖော်ထုတ်ဖို့ သက်စွန့်ဆံဖျား ကြိုးစားကြတဲ့ အကြောင်းလေး။ ဂျက်လန်ဒန်ရဲ့ ထုံးစံအတိုင်းပေါ့လေ သူ့ဇာတ်ကောင်တွေဟာ ဘယ်တော့မှ သက်တောင့်သက်သာရယ်လို့ မရှိကြဘူး၊ ရုန်းကန် တိုက်ခိုက်နေကြတာချည်းပဲ၊ ဒါပေမယ့် ဇာတ်လမ်းအဆုံးသတ်မှာတော့ သူတို့ အောင်မြင်သွားတယ်ဆိုတဲ့ သဘောနဲ့ ဇာတ်သိမ်းထးတယ်။
.
. . . ငယ်ငယ်တုန်းကများဆိုရင် ဒီလိုဇာတ်သိမ်းထားတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်ပြီးတဲ့အခါ ကျေနပ်အားရနှစ်သိမ့်တဲ့ ခံစားချက်ကို ရမှာဖြစ်ပေမယ့် ဂျက်လန်ဒန်ရဲ့ ဇာတ်သိမ်းပုံက သူတို့အောင်မြင်ကြဖို့ သေချာပြီး ဆိုတဲ့ သဘောလောက်မှာ ရပ်ထားပြီး တကယ်အောင်မြင်တဲ့အပိုင်းထိ ဆက်မပြောထားတဲ့အတွက် ရှေ့မှာလည်း ဒီလို အောင်မြင်လုဆဲဆဲ အခြေအနေတွေရောက်ခါမှ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေကြုံပြီး ဇာတ်လမ်းရှည်နေတာတွေ ဖတ်ရပြန်များတာကတစ်ကြောင်း . . .
.
. . . ဒီအသက်ဒီအရွယ်အထိ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်မှာ လက်တစ်ကမ်းရောက်မှ လွှတ်လိုက်ရတဲ့ အခွင့်အလမ်းတွေ အခြေအနေတွေကို ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးတာက တစ်ကြောင်းမို့ ဂျက်လန်ဒန်က ဘယ်လိုပဲ သေချာတဲ့ လေသံနဲ့ ဇာတ်ကိုသိမ်းထားပါစေ တကယ်ကြီး သူတို့အောင်မြင်သွားတယ်ရယ်လို့ ကိုယ့်မှာ စိတ်ဒုန်းဒုန်းချ ကျေနပ်အားရတဲ့ ခံစားချက်ကို မရနိုင်ဘဲ အဲလို မရတဲ့အတွက်လည်း စာရေးဆရာကို ဒီလိုသေချာတဲ့ ဇာတ်သိမ်းမျိုး မရေးရပါလားလို့ စိတ်မဆိုးတဲ့အပြင်၊ သူတို့ဇာတ်ကောင်တွေအနေနဲ့လည်း ဒီတစ်ပွဲမအောင် နောက်တစ်ပွဲအောင်အောင် လုပ်ရမှာပေါ့လေဆိုတဲ့ စိတ်မျိုး ထားမိနေတယ်ဆိုတာ ကန်ရေပြင်ကို ကြည့်ရင်း စဉ်းစားမိနေတာမျိုး
.
. . . လောကဓံတွေကို လုံးလုံး မဖြုံတော့ဘူးဆိုတဲ့ သဘောမျိုး မဟုတ်ပေမယ့် အရင်တုန်းကလို သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိတော့တာမျိုးကို အသက်ကြီးသွားတယ်လို့ ဆိုကြတာ ထင်ပါရဲ့
.
ဗိုလ်ကောင်း
၈ မေ ၂၀၂၄


No comments:

Post a Comment