Friday 10 May 2024

မိုးကြိုရာသီ

.
. . . မိုးကြိုပန်းတွေ ပွင့်တော့မယ်တဲ့
.
. . . ကိုယ်တွေငယ်ငယ်က ခြံထဲမှာ မိုးဦးကျ မြေနူးချိန် ရှားရှားပါးပါး ထွက်လာတတ်သော မိုးကြိုပန်းကလေး တစ်ပင်စ နှစ်ပင်စ ကိုသာ မြင်ဖူးနေသူမို့ မိုးကြိုပန်းတို့ လှိုင်လှိုင်ပွင့်သောအရပ်သို့ ရောက်သောအခါ ဒီလိုများများကြီး ပွင့်ကြတာပါလားဟု အံ့ဩမင်သက် သဘောကျမိခဲ့သော်လည်း အချိန်ဇယားနှင့် အိပ်၊ အချိန်ဇယားနှင့် ထ၊ အချိန်ဇယားနှင့်စားရသော ထိုအရပ်မှာ မိုးကြိုပန်းအလှကို တခုပ်တရ ငေးမောမနေနိုင်အား၊ တကူးတက ခံစားမနေနိုင်အား၊ မိုးကြိုပန်းတွေ အလေ့ကျ လှနေအောင်ပွင့်သော ထိုအရပ်မှ အတောင်စုံ၍ ပျံသန်းထွက်ခွာလာပြီးနောက်ပိုင်းတွင်လည်း တစ်ရက်နှစ်ရက်တန်သည် အလည်ခရီးကလွဲပြီး ပြန်မရောက်ခဲ့၊ အထူးသဖြင့် မိုးကြိုပန်းတွေပွင့်တဲ့ ရာသီကို ဘယ်တော့မှ ပြန်မရောက်ဖြစ်ခဲ့
.
. . . ကိုယ်တွေလို အထက်မကျ အောက်မကျ စကောစက နေပြည်တော်လို အရပ်မျိုးမှာတော့ မိုးကြိုပန်းဆိုတာ မိုးဦးလေဦး မြေနူးနူးမှာ အခြားသော မြက်ပင်ပေါင်းပင်တွေနှင့်အတူ မြေကြီးပေါ် မဝံ့မရဲပေါ်ထွက်လာရတာမျိုးပေမင့် ပန်းမြို့တော်တောင်လှေခါးလို ပန်းတို့ပွင့်သည့် ရာသီထွန်းကား အရပ်များမှာ မိုးမကျမီ ပေါင်းတွေမြက်တွေမထွက်မီ ခြောက်သယောင်းနေသော မြေအပြင်ကို ပန်းတွေနှင့် ဖုံးလွှမ်းအလှဆင်တတ်သောကြောင့် မိုးကြိုပန်းလို့ ခေါ်လေသလား မပြောတတ်
.
. . . လူမှုကွန်ရက်တွေ ထွန်းကားလာချိန်မှာ မိုးကြိုပန်းတွေ တဝေဝေတမြိုင်မြိုင် လှချင်တိုင်းလှနေတာကို ဓာတ်ပုံရိုက်တင်ပေးသူများ ကျေးဇူးနှင့် မြင်ခွင့်ရပြီး မိုးကြိုပန်းလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ယုယခွင့် မရပေမယ့် ချစ်လိုက်မိသည်၊ နှစ်ခြိုက်မိသည်။
.
. . . မြန်မာပြည်မှာ နွေအကုန်မိုးအကူး မိုးကြိုပန်းကလေးတွေ ပွင့်တတ်သလို ဆောင်းအကုန်၊ နွေအဦးမှာ ထွက်ပြူလာတတ်သည့် ငယ်ငယ်ကတည်းက ကဗျာဖတ်ပြီး ချစ်ခဲ့ရသော Daffodil ပန်းလေးတွေကိုတော့ နှင်းပွင့်တိုင်းပြည်ရောက်တုန်း စိတ်ရောကိုယ်ရော တွယ်တာခွင့်ရခဲ့သည်။ နှင်းခဲတွေပျော်ပြီး မြေကြီးတွေ ပြန်ပေါ်လာသည့်အချိန် လောကကြီးထဲ ခေါင်းပြူထွက်လာပြီး ဧပြီလဦးလောက်ကစ လှလှပပ ပွင့်ဝေကြသော Daffodil ပန်းတို့ ညှိုးနွမ်းခြောက်သယောင်းပြီးချိန်တွင် မြန်မာပြည်မှာ မိုးကြိုပန်းတွေ ပွင့်ကြတော့မည်
.
. . . တောင်ပေါ်မြေမှာ သူ့မြေသူ့ရေနှင့်သူ လှနေသော မိုးကြိုပန်းပုံတွေကို ဗန်းပြပြီး ပန်းမျိုးရောင်းသည့်သူတွေကလည်း ရောင်းနေကုန်ကြပြီ၊ သူတို့ဈေးဗန်းခင်းသည့် ဓာတ်ပုံတွေကိုကြည့်ပြီး ဝယ်သူတွေကလည်း ဝယ်ကြပြီ စိုက်ကြပြီ ဓာတ်ပုံထဲကလိုများ လှလာလေးမလား စိတ်ကူးယဉ်အိပ်မက်တွေ မက်ကြပြီ
.
. . . တစ်ခုတော့ သတိပေးလိုက်ချင်သည်။ မိုးကြိုပန်းတို့ ပျော်စံရာ တောင်ပေါ်ရာသီမျိုးမရှိဘဲနှင့် ဘယ့်ကလောက် မျိုးကောင်းကောင်း၊ ဘယ့်ကလောက် မြေဆီမြေနှစ်ကျွေးကျွေး၊ ဘယ့်ကလောက် ပြုစုပြုစု သူတို့နေရင်းဌာနေမှာ လှသလို အလုံးအရင်းနှင့် စည်စည်ကားကား လှလာဖို့တော့ မမျှော်လင့်ကြနှင့်၊ သူ့ရေခံမြေခံမှာ သူ့ဟာနှင့်သူ အလေ့ကျ လှနေသည့်ပန်းတွေလို မျှော်မဆုံးသည့် ပန်းတောကြီး ဖြစ်မလာတော့မှ အသဲမကွဲကြနှင့်
.
. . . မိုးကြိုပန်းလေးတွေ ချစ်တတ်လျှင် တစ်အိုးမျိုး တစ်ဘောင်မျိုး သေချာပြုစုပြီးစိုက် ၊ တစ်ရာသီလောက် လှလှပွင့်လျှင် ကျေနပ်ကြပေရော့၊ သူတို့အရပ်မှာပွင့်တာကြည့်ပြီး ရေခံမြေခံ ကောင်းကောင်းကန်းကန်းမရှိသည့် ကိုယ့်အရပ်မှာ သူတို့ဆီမှာလို ပန်းတွေဝေလာဖို့ ဆိုတာတော့ အိပ်မက်ထဲတောင် ထည့်မမက်ကြလေနှင့်
.
ဗိုလ်ကောင်း
၁၀ မေ ၂၀၂၄
.
ဒီပုံလေးပို့ပေးတဲ့ ဘော်ဒါကြီးကို ကျေးဇူးတင်ပါ၏

No comments:

Post a Comment