Friday 24 May 2024

လွတ်လပ်ခြင်း

မိုးရွာပြီးစ တိမ်တွေကြားထဲက မရဲတရဲ ထွက်လာတဲ့ လရောင်လေးအောက်မှာ လမ်းလျှောက်နေရင်း ငှက်သံ၊ ဖားသံ၊ ပုရစ်သံလေးတွေ ကြားရတယ်၊ လရောင်ပါးပါးလေးဆမ်းထားပြီး မိုးနံ့သင်းနေတဲ့ ဒီလိုညမျိုးနဲ့ ဝေးခဲ့ရတာ ကြာပြီမဟုတ်လား၊ ဒီနှစ်နွေဆိုတာကလည်း ပူလိုက်တာလွန်ပါရော၊ အခုလို မိုးလေးတစ်ပြိုက်နှစ်ပြိုက် ကျလိုက်တော့လည်း လောကကြီးက အေးချမ်းသွားလိုက်တာ
.
. . . လွတ်လပ်တဲ့ည၊ လွတ်လပ်တဲ့ အရသာ၊ ဘာအဝတ်အစားနဲ့မှ ဘယ်ဖိနပ်နဲ့မှ၊ ငါလမ်းလျှောက်တာ ပုံစံကျရဲ့လား၊ လူတွေနဲ့တွေ့လို့ နုတ်ဆက်ကြရင် ငါ့ကိုယ်က ချွေးနံ့တွေ နံကုန်တော့မှာပဲ၊ လမ်းလျှောက်နေရင်း ခြေဆန့်လက်ဆန့် လက်မြှောက်လိုက်ခါးလှည့်လိုက်လုပ်တာ၊ သွားနေရင်း ရပ်ပြီး ကော့ကော်ကံကား အကျောဆန့်တာ တခြားသူတွေမြင်သွားရင် ရှက်စရာကြီးဆိုတဲ့ အတွေးမျိုး လုံးလုံး တွေးမိစရာတောင်မလိုဘဲ မိုးစွတ်ပြီးစ ညချမ်းလေးမှာ အေးအေးချမ်းချမ်း လမ်းလျှောက်နေရတဲ့ လွတ်လပ်တဲ့ အရသာ
.
. . . ဒါနဲ့ နေစမ်းပါအုံး . . .
လွတ်လပ်ခြင်းဆိုတာ ဘာများပါလိမ့်၊ ကိုယ်လုပ်ချင်ရာကို ဘယ့်သူ့မှ ကြောင့်ကြစိုက်စရာမလိုဘဲ လုပ်ခွင့်ရတာ လွတ်လပ်တာလား၊ စည်းတွေကမ်းတွေ ကလနားတွေမရှိဘဲ စိတ်ထင်တိုင်းကျဲလို့ရတာ လွတ်လပ်မှုလား၊ လှောင်ချိုင့်ထဲကငှက်လေးတွေ၊ တိရစ္ဆာန်ဥယျာဉ်မှာ အနှောင်ခံထားရတဲ့ သားရဲတိရစ္ဆာန်တွေ လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်ရင် လွတ်လပ်မှုရသွားရောလား၊ လွတ်လပ်မှုဆိုတဲ့ စက်ြာဝဠာလုံးဆိုင်ရာ ဖွင့်ဆိုချက်ရှိလား၊ ဆိုလိုတာက လွတ်လပ်မှုဆိုတာ တပြေးညီမှန်ကန်နေတဲ့ သမုတိတရားလား
.
. . . မွေးစကတည်းက အလားမြောက်တာနဲ့ လှောင့်ချိုင့်ထဲရောက်ပြီး လျှောင်ချိုင့်လောကထဲမှာ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်၊ အစာရှာရတယ်ဆိုတာမရှိ၊ အစာရှာလို့လည်းမရ၊ အစာအတွက် အခြား သဘာဝတူသားရဲတွေနဲ့ တိုက်ခိုက်ရတယ်ဆိုတာလည်း မရှိဘဲနဲ့ ကြီးပြင်းလာတဲ့ သားရဲတစ်ကောင်ကို အချိန်တွေလွန်မှ လှောင်ချိုင့်က လွှတ်လိုက်တော့ရော သူက တကယ်လွတ်လပ်သွားမှာ ဟုတ်ရဲ့လား
.
. . . ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများ လှောင်ချိုင့်ထဲမှာ နေသားကျလာတဲ့ ငှက်လေးတစ်ကောင်၊ ဒါမှမဟုတ် ငှက်လေးတစ်အုပ်ဖြစ်ဖြစ် နေသားကျလာပြီးခါမှ လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်မယ်ဆိုရင်ရော သူတကယ်လွတ်လပ်သွားပါ့မလား၊ ပြင်ပလောကမှာ သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရုန်းကန်ရှင်သန်မှုတွေအတွက် သင်ယူလေ့လာရမယ့်အချိန်တွေ လှောင်ချိုင့်ထဲမှာ တစ်သက်တာ ကုန်ဆုံးခဲ့ပြီးခါမှ လွတ်လပ်တော့ငှက်ကလေးရေဆိုပြီး လှောင်ချိုင့်ဖွင့် လွှတ်လိုက်တာက သူ့ကို ပြင်ပလောကမှာ အနိုင်ကျင့်ခံရဖို့၊ အစာရေစာ မရှာတတ်မဖွေတတ် မဝရေစာနဲ့ ဘဝကို ဖြတ်သန်းဖို့၊ ဒီထက်ကံဆိုးရင် အခြားသားရဲငှက်ကြီးတွေရဲ့ အစာဘဝရောက်ဖို့ စတေးလိုက်သလိုများဖြစ်မနေနိုင်ဘူးလား
.
. . . အေးချမ်းတဲ့ညရဲ့ လွတ်လပ်တဲ့အရသာကို ခံစားနေရင်းကတောင် လွတ်လပ်ခြင်းအတွေးတွေနဲ့ ပိတ်လှောင်မိနေတဲ့ ကိုယ်တိုင်ကိုက လွတ်လပ်ခြင်းနဲ့ မထိုက်တန်သူလား ဆိုတာ
.
ဗိုလ်ကောင်း
၂၃ မေ ၂၀၂၄

No comments:

Post a Comment