Monday 20 May 2024

ပွဲခါညောင်ရေ



.
. . . ကိုယ်တို့ဆီမှာ အခုလို ကဆုန်လပြည့်နားနီးပြီလားဆို ပွဲကြိုက်ခင်တွေ ပွဲကြိုက်မောင်တွေ ရွပိုးထိုးတဲ့အချိန်ပေါ့။ တစ်နှစ်တစ်ခါ ကဆုန်ညောင်ရေသွန်းချိန် ကျင်းပတဲ့ လယ်ဝေးက ဖောင်တော်ချက်မ ဘုရားပွဲဆိုတာ ပျဉ်းမနားတပေါင်းပွဲ နာမည်ကြီးသလို ဒီနယ်တလွှားမှာတော့ နာမည်ကြီးတာပဲ မို့လား။ မြန်မာဘုရားပွဲတို့ ထုံးစံအတိုင်း ဘုရားပွဲလာကြသူတွေက ဘုရားဖူးဖို့ ဆိုတာထက် ဘုရားပွဲကိုပဲလာကြတာကိုး
.
. . . ဘုရားပွဲလို့ ဆိုလိုက်ရင် တစ်နှစ်ပတ်လုံး အထူးသဖြင့်ပွင့်လင်းရာသီတွေမှာ မြန်မာပြည်တဝန်း ကျင်းပကြတဲ့ ဘုရားပွဲတွေပတ်ပြီး ဈေးရောင်းကြတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ အခန်းကဏ္ဍကလည်း ချန်ထားလို့ မဖြစ်ပေဘူး။ ဘုရားပွဲလုပ်ပြီးလားဆိုရင် ပွဲဈေးတန်းရှိတဲ့ ကွင်းကြီးထဲမယ် အစားအသောက်ဆိုလည်း မျိုးစုံ၊ ကုန်ပစ္စည်းဆိုလည်းမျိုးစုံ၊ အထူးသဖြင့် တောင်သူတွေအတွက် ထယ်တွေ ထွန်တွေ၊ မြေထည်အမျိုးမျိုး၊ စဉ့်ထည်အမျိုးမျိုး၊ အိုးခွက်ပန်းကန် ဒန်ထည်၊ ပလတ်စတစ်ထည် အမျိုးမျိုးအပြင်၊ ဖျာတွေ၊ အဝတ်အစားတွေ၊ ကလေးကစားစရာတွေ၊ ဆက်တင်အမျိုးမျိုးဆောက်ထားတဲ့ ဓာတ်ပုံဆိုင်ကြီးတွေ အများကြီးလာကြတာဆိုတော့ ပွဲဈေးဆိုရင် အင်မတန်ကို စည်လည်းစည် မဝယ်ဘဲ ပတ်ကြည့်နေဖို့တောင် စိတ်ဝင်စားစရာ အတော်ကောင်းတာကိုး
.
. . . တို့နယ်ကလူတွေ ဖောင်တော်ချက်မ ကဆုန်ညောင်ရေသွန်းပွဲ စိတ်ဝင်စားတာကတော့ ခုနင်က ပြောခဲ့တဲ့ ပွဲဈေးကြောင့်တော့ ဟုတ်ဟန်မတူဘူး။ ကိုတင်မောင့်သားတွေကြောင့်လို့ပဲ ဆိုရမယ် ထင်တယ်။
.
. . . ဖောင်တော်ချက်မ ဘုရားပွဲလုပ်ရင် နယ်လှည့်ကတဲ့ နာမည်ကြီးဇာတ်တွေလည်း ရုံသွင်းကြတာကိုး၊ ဇာတ်ကြီးတွေတင်မဟုတ်ပါဘူး၊ မိုးကြိုးငှက်ငယ်တို့၊ ဦးမောင်မောင်မျက်လှည့်တို့၊ အာဇာနည်စန်းစန်း ဆပ်ကပ်တို့၊ ဆင်လိမ္မာလေး မိုးကေသီတို့ ဘာတို့အပြင် မြွေကြီးတွေ၊ မျောက်လိမ္မာလေးတွေ၊ တုတ်ထိုးရုပ်သေးတွေ၊ ရုပ်ရှင်တွေပါ ရုံသွင်းပြကြတော့ ဘာနေနေ ကြည့်ချင်စရာတွေအများသားမို့ ဘယ်ပွဲမှ ဝင်မကြည့်ဘူး ဆိုရင်တောင် ပွဲဈေးခင်းပတ်ရတာ တကယ်ပျော်စရာကောင်းတာကိုး
.
. . . အထက်မှာပြောခဲ့တဲ့ ကိုတင်မောင့်သားတွေဆိုတာ တို့အရပ်က တော်တော်အသက်ကြီးတဲ့ လူကြီးတွေအပြောပါ။ ရွှေမန်းတင်မောင်ခေတ်ကို မီလိုက် ကြည့်ဖူးလိုက်တဲ့ လူကြီးတွေပေါ့၊ ကိုတင်မောင့်သားတွေကလည်း ဖောင်တော်ချက်မရဲ့ ကဆုန်လ ဘုရားပွဲဆို အမြဲတမ်း ဇာတ်ကြီးလာက ကြတယ်။ သစ္စာမေတ္တာ ရွှေမန်းသဘင်ဆိုပြီး ဝင်းဗိုလ်၊ ချမ်းသာ၊ မိုးဝင်း စသည်ဖြင့်ပေါ့၊ မင်းသမီးတွေထဲဆို နန်းခင်မွှေးတို့ဘာတို့ ပါတယ်ပြောတာပဲ။ ဒီဘက်ခေတ်မှာ အဲသည်နာမည်တွေ မသိတော့ဘူးဆိုရင်တော့ ကျော်ကျော်ဗိုလ် နဲ့ တင်မောင်ဆန်းမင်းဝင်း တို့ကိုတော့ သိကြမယ်ထင်တယ်၊ အဲဒါ ရွှေမန်းတင်မောင်ရဲ့ မြေးတွေပဲ။
.
. . . ရုပ်ရှင်မင်းသား မင်းသမီး ရုပ်ရှင်ထဲပါတာတော့ လူတိုင်း ရင်းနှီးနေပြီးသားလို ဇာတ်မင်းသားမင်းသမီး ဇာတ်ခုံပေါ် ကတာတော့ လူတိုင်း ရင်းနှီးနေပြီးသားမို့လား၊ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ ဇာတ်မင်းသားမင်းသမီးတွေ အထူးသဖြင့် သစ္စာမေတ္တာ ရွှေမန်းသဘင်လို အစဉ်အလာ မျိုးရိုးစဉ်ဆက် အားပေးလာခဲ့တဲ့သူတွေကို အပြင်မှာ အရှင်လတ်လတ်မြင်ဖူး တွေ့ဖူးချင်ကြတဲ့ လူတွေရဲ့ ဓမ္မတာအတိုင်း ကဆုန်ညောင်ရေသွန်းပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲကြတယ်ဆိုတဲ့ ရွှေမန်းသဘင် ဝိုင်းတော်သားတွေကို သွားကြည့်ဖို့အတွက် တို့နယ်က ပွဲကြိုက်ခင်တွေ ဒီအချိန် ရွပိုးထိုးကြတာလို့ ဆိုတယ်
.
. . . ကိုတင်မောင့်သားတွေကလည်း တစ်နှစ်ကိုတစ်မျိုး မရိုးရဘူး ဆိုသလို၊ တစ်နှစ်သား ရုပ်ရှင်မင်းသားညွှန့်ဝင်းလည်း ဇာတ်ကတဲ့အထဲ ပါသတဲ့ ဆိုတာ ကိုယ်တွေက ဇာတ်ကြော်ငြာကားတွေက ကြဲချတဲ့ စာရွက်ပိုင်းလေးမှာလောက် မြင်ဖူးပေမယ့် သွားကြည့်ကြတဲ့သူတွေ အပြောကတော့ ညွန့်ဝင်းတို့များ ချောလိုက်တာ မှုန်လို့ ဆိုပဲ၊ ညွန့်ဝင်းက ဇာတ်ကဖို့ လာရာမှာ သူ့ကားကြီးပေါ်မှာ ရေခဲသေတ္တာတောင်ပါတယ်ဆိုတာလည်း ရှိသေး၊ တို့အရပ်မှာတော့ အဲသည်အချိန်တုန်းက ညွန့်ဝင်းသွားကြည့်ပြီး သူ့အကြောင်း ပြောနိုင်တဲ့သူ အကောင်ပဲ (အကောင်ဆိုတာ တို့ခေတ်က စကား)
.
. . . ကိုယ်က ညွန့်ဝင်းထက် သူ့ရေခဲသေတ္တာဆိုတာကြီး စိတ်ဝင်စားတာ၊ တို့ငယ်ငယ်က ရွာမှာနေတာ လျှပ်စစ်မီးနဲ့ အဝီစိတွင်းနဲ့ ပေမယ့် ရေခဲသေတ္တာဆိုသဟာတော့ သုံးလည်းမသုံးဖူး၊ မြို့ကိုသွားတော့တော့ မမြင်ဖူးလေတော့ ဘာလုပ်တဲ့ဟာကြီးမှန်း မသိဘူးပေါ့လေ၊ ဒီ ညွန့်ဝင်းဆိုတဲ့ မင်းသားဟာ လယ်ဝေးမှာ ရေခဲတွေ ဘယ်အချိန်ဝယ်ဝယ် ကြိုက်သလောက်ဝယ်လို့ ရနေတာကို သူ့ကားပေါ် ရေခဲသေတ္တာကြီး တင်လာတယ်ဆိုတော့ ရေခဲတော်တော်ကြိုက်တဲ့သူနေမှာပဲ၊ အေးလေ ရာသီဥတုကလည်း ပူတော့ သူက ရေခဲရေ ခဏတိုင်းသောက်ချင်လို့ ထင်ပါရဲ့ လို့ တွေးခဲ့မိတာ
.
. . . အခုတော့ ခေတ်တွေလည်းပြောင်းလို့ ဖောင်တော်ချက်မဘုရားပွဲကြီးရော၊ ကိုတင်မောင့်သားတွေ မြေးတွေ ကိုယ်တိုင်ဆင်နွှဲတဲ့ ကဆုန်ညောင်ရေသွန်းပွဲကြီးရော ရှိသေးရဲ့လား မပြောတတ်၊ ရှိသေးရင်တော့ ပန်းပွင့်လေးတို့ကို တို့ခေတ်က ဘုရားပွဲစည်တာမျိုးကြီး လိုက်ပြချင်စမ်းပါရဲ့
.
. . . တို့ငယ်ငယ်တုန်းက ကိုတင်မောင့်သားတွေ ညောင်ရေသွန်းတာကို နေပူပူမှာ နှုတ်ခမ်းနီပါးနီတွေဆိုး၊ ဆံပင်တွေကောက်၊ အဝတ်အစားတောက်တောက်ပြောင်ပြောင်တွေဝတ်ပြီး သွားငမ်းဖူးကြတဲ့ တစ်ခေတ်တစ်ခါက နုတ်ခမ်းနီမလေးတွေတောင် အခုနေ မရှိဘူးဆို အသက်ငါးဆယ်ကျော် ခြောက်ဆယ်တန်းပဲ၊ သူတို့ရော ကိုတင်မောင့်သားတွေကို လွမ်းနေကြသေးလားမသိ
.
ဗိုလ်ကောင်း
၂၀ မေ ၂၀၂၄
.
ပုံက ရွှေမန်းချမ်းသာ ဇာတ်ပွဲ ဆက်တင်လုပ်ရိုက်တုန်းကပုံတဲ့ သိပ်မကြာသေးဘူး

No comments:

Post a Comment