. . . အထက်တန်းကျောင်းသားလောက်က ဖတ်ဖူးတဲ့ အခွင့်ကြုံတိုင်း မှတ်မိနေတဲ့ ကာတွန်းလေးတစ်ကွက်ရှိတယ်။ ဆရာကံချွန် ရေးတယ်ထင်တာပဲ၊ သားဖြစ်သူက ဒီဘက်ခန်းမှာ စာကြည့်နေတာ၊ ဟိုဘက်ခန်းမှာ ဖအေလုပ်သူက မအေလုပ်သူကို တိုးတိုးလေးပြောပြနေတာ “မြန်မာစကားလုံးတွေထဲ ငါသိတာမှ ဋသန်လျင်းချိတ်တစ်လုံးရှိတာ၊ အဲသည်တစ်လုံးကို မင့်သားက မှားရေးထားတယ်” တဲ့
.
. . . ဒီကာတွန်းကို အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပြန်သတိရနေတယ်ဆိုတော့ အကြောင်းကလည်း ခဏခဏ တိုက်ဆိုင်တာကိုး၊ ကိုယ်က ကကြီးကနေ အ အထိ အကုန်သိတဲ့ ဘာပညာရှင် ညာပညာရှင်ကြီးတော့ မဟုတ်ပေမယ့် ကာတွန်းထဲကလိုပြောရရင် ဋသန်လျင်းချိတ် တစ်လုံးတော့ဖြင့် သိတဲ့သူမို့ ကိုယ်သိတာလေး မှားရေးထားတာတွေ့မိရင် အင်မတန် အသဲယားတာကလား။ မှားရေးကြတာကလည်း ခဏတိုင်းလိုလိုပါပဲ မြင်နေရတာပြောပါတယ်
.
. . . ဒီနေရာမှာ အလျဉ်းသင့်လို့ ဖတ်ဖူးတာလေးတစ်ခု မျှချင်လာပြန်ရော (အလျဉ်းကလည်း သင့် သင့်နိုင်လွန်း)၊ တစ်ခါက ဆရာတပည့်နှစ်ယောက်ရှိသတဲ့၊ တပည့်လုပ်သူက တောမှာမွေး တောမှာကြီးပြီး အကြားအမြင်ဗဟုသုတကလည်း အားနည်းရှာလေတော့ မြို့တက်တဲ့အခါ မြင်မြင်ကရာ သူမသိတာတွေချည်းမို့ သူ့ဆရာကို ခဏတိုင်း မေးသတဲ့။ လူတိုင်းသိတန်တဲ့ဟာကို သူ့တပည့်လုပ်သူက မသိဘဲ လူကြားထဲ ထထမေးတော့ ဆရာ့ခမျာ ရှက်ရှာတာပေါ့လေ၊
.
. . . ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် နောက်တစ်ခေါက် မြို့တက်ကြတဲ့အခါ ဆရာက မှာတယ်၊ မင်း မြင်မြင်ကရာ လျှောက်လျှောက် မမေးနဲ့ ငါ့ကို လူကြားထဲ မေးခွန်းထုတ်ရင် ငါ့အကြောင်းသိမယ်ဆိုပြီး ကြိမ်းတော့ တပည့်လုပ်သူခမျာ ခါတိုင်းလို မမေးသာဘူးပေါ့။ ဒီလိုနဲ့ မြို့ပေါ် တစ်နေရာရောက်တော့ လည်ပင်းရှည်နဲ့ ဘဲငန်းကြီးတွေ တွေ့ပါလေရောတဲ့၊ ခါတိုင်းလည်း မတွေ့ဖူးတော့ တပည့်လုပ်သူများ သိကလည်း သိချင်၊ ဆရာ့ကိုလည်း ကြောက်ရမို့ ဆရာ့မျက်နာတကြည့်ကြည့် ပါးစပ်တပြင်ပြင်ပေါ့၊ မေးချင်ရှာနေတာပေါ့
.
. . . ဒီလိုနဲ့ မြို့အပြန် ရွာကိုဝင်တော့မှ နံဘေးမှာလည်း ဘယ်သူမှ မရှိတော့မှ တပည့်က ဆရာ့အရိပ်အကဲကြည့်ပြီး တိုးတိုးလေးပြောသတဲ့၊ ဆရာ ဆရာ ဟိုမြို့ဈေးနားက ရေကန်မှာ လည်ပင်းရှည်ရှည်နဲ့ အကောင်တွေ တွေ့ခဲ့တယ်မို့လား၊ အေး တွေ့ခဲ့တယ်လေ ဘာဖြစ်လို့လဲ။ အဲသည်မှာ တပည့်လုပ်သူက မေးကလည်း မေးချင် မေးလည်းမမေးရဲတော့ ဘယ်လိုပြောလဲဆိုတော့ “မမေးနဲ့ဆိုလို့သာ ဆရာရေ့ တို့ဆီက ကြက်နဲ့တော့ လုံးလုံးကို မတူတာ” လို့ အားရပါးရကြီး ထုတ်ညည်းသတဲ့
.
. . . အခုလည်း တစ်ချို့ကိစ္စတွေမှာ မမေးနဲ့ ဆိုလို့သာ ဆရာ့ကြောက်လို့ အောင့်အည်းနေရပေမယ့် တို့ဆီက ကြက်နဲ့ လုံးလုံးမတူတဲ့ လည်ပင်းရှည်ရှည် အကောင်ဖြူဖြူကြီးတွေကို မြင်တိုင်း မေးချင်တာမှ ပါးစပ်ကို ယားနေရောလို့ ဆိုရမလိုပါပဲ
.
. . . ကိုယ်တွေက စစ်တက္ကသိုလ်သမိုင်းမှာ ပထမဆုံး အီးမေဂျာကျောင်းသားတွေဖြစ်တော့ အင်္ဂလိပ်စာဌာနက ဆရာ ဆရာမကြီးများရဲ့ အသည်းကျော်အင်တိတ်ပေါ့လေ၊ ဆရာဗိုလ်မှူး မောင်မောင်ဟန်ကတော့ ကျနော်တို့ အရည်အချင်းတွေကြည့်ပြီး သတိပေးလိုက်ရှာသား၊ မင်းတို့တွေ အီးမေဂျာယူတာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲတဲ့၊ မင်းတို့ အီးစကေးတေနဲ့ နှစ်နိုင်ငံဆက်ဆံရေးလုပ်လို့ကတော့ မင်းတို့လည်းကျောင်းဆင်းရော တတိယကမ္ဘာစစ်လည်းဖြစ်ရောနေမှာ တဲ့၊ အော် တို့ဆရာ တို့အပေါ် ယုံကြည်အားကိုးရှာသားလို့ မျက်ရည်များတောင်လည်ခဲ့မိသေး :P
.
. . . ကိုယ့်သေတွင်းကိုယ်တော့ တူးမိလျက်သားမို့ နောက်ဆုတ်လို့ မရတော့ပေမယ့် ကိုယ်သိတဲ့ တစ်ခုတည်းသော ဋသန်လျင်းချိတ် အက္ခရာလေးကို မှားရေးထားရင် မှားနေတယ်လို့ ပြောချင်ပေမယ့် ဆရာ့ကြောက်လို့ မပြောရဲတဲ့ အထက်က ပုံပြင်ထဲက တပည့်လေးလို မမေးနဲ့ဆိုလို့သာဆရာရေ တို့ဆီကကြက်နဲ့တော့ လုံးလုံးကိုမတူတာလို့ တစ်ခါတစ်လေတော့လည်း ဆရာ့အရိပ်အကဲကြည့်ပြီး ပြောလိုက်ချင်မိသား
.
ဗိုလ်ကောင်း
၂၇ အောက်တိုဘာ ၂၀၂၃
No comments:
Post a Comment