. . . ကလေးတွေ အင်္ဂလိပ်စာအုပ်တွေ ဝိုင်းစစ်ပေးတဲ့အခါ ဖြစ်နိုင်သမျှ ကလေးကို အနားမှာ ခေါ်ထားပြီး စစ်ပေးတယ်၊ သူ့အဖြေထဲက အမှားတစ်ခုတွေ့ရင် အဖြေမှန်ကို အရင်မပြောဘဲ ဘာလို့ ဒီအဖြေဖြေထားလဲ အရင်စုံစမ်းရတာကိုး၊ တစ်ချို့ကလေးက အဖြေမှန်ကို သိတယ်၊ နားလည်တယ် ပေါ့ဆပြီးမှားတာ၊ ဒါမျိုးဆိုရင်တော့ မှတ်မိသွားအောင် နည်းနည်း ပညာပေးလိုက်ရတာရှိတယ်
.
. . . တစ်ချို့ကလေးကျတော့ အဖြေမှန်တွေ များနေရင်လည်း အဲသည် မှန်တဲ့အဖြေတွေကို ဘာလို့ရတာလဲ စုံစမ်းတယ်၊ တစ်ချို့က အဖြေတွေ အလွတ်ကျက်ထားပြီး ဖြေကြတော့ စဉ်းစားနည်း မေးလိုက်တဲ့အခါ မဖြေနိုင်ကြဘူး၊
.
. . . ကိုယ်က ကလေးတွေကိုလည်း ဉာဏ်မီသလောက်ရှင်းပြတယ်၊ လေ့ကျင့်ခန်း တစ်အုပ်လုံး လုပ်ပြီးလို့ တစ်အုပ်လုံး မှန်တယ်ဆိုတာ တကယ်သိပြီး မှန်မှ အကျိုးရှိတာဖြစ်ကြောင်း၊ ဒီစာအုပ်ကြီး သူများထက်စောပြီး လုပ်ပြီးသွားလည်း မေးခွန်းတစ်ခုချင်းစီအပေါ်မှာ စဉ်းစားပြီး ဖြေခဲ့တာမျိုး မဟုတ်ရင် အကျိုးမရှိကြောင်း၊ နောက်ပြီးတော့ သာမန်အားဖြင့် ဆရာဆိုတဲ့အမျိုးက ကလေးလုပ်တာ မှားရင်သာ ပြင်ပေးဖို့ ကြိုးစားကြပြီး မှန်နေရင် လျစ်လျှူရှုလိုက်တာကိုး၊ ဒါကြောင့်မို့ ကလေးက တကယ်မသိဘဲ အဖြေမှန်ကို တစ်ခြားနည်းလမ်းနဲ့ ရခဲ့တယ်ဆိုရင် တတ်မြောက်ရေးအတွက် အနှောင့်အယှက်ဖြစ်ကြောင်း ရှင်းပြရတယ်။ .
.
. . . မိဘတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ ဆိုရမယ်၊ အိမ်မှာ စာသင်ဖို့ အခန်းတွေရှိပါလျက်ကယ်နဲ့ ကလေးက တီဗီရှေ့မှာ ဆူညံနေတဲ့နေရာကနေ အွန်လိုင်းသင်တာကို ခွင့်ပြုထားတဲ့ ဒါမှမဟုတ် လုပ်နိုင်စွမ်းရှိလျက် နေရာမစီစဉ်ပေးတဲ့ မိဘမျိုး၊ ကလေးကို အလိုလိုက်လွန်းပြီး ကလေးပြောသမျှ ယုံတဲ့မိဘမျိုး၊ ကလေးနဲ့ ဆရာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဟန်ချက်ညီ ဝင်ရောက်ဖြည့်ဆည်းကူညီပေးတဲ့ မိဘမျိုး၊ ကလေးကို ဆရာဆီမှာ ပုံအပ်ထားပြီး အစစ ဆရာ့တာဝန်လို့သဘောထားတဲ့ မိဘမျိုး၊ သင်ကြားရေးနဲ့ လေ့ကျင့်ခန်း ဟန်ချက်ညီအောင် စီစဉ်ထားတာကို သူတို့သဘောနဲ့သူတို့ အပြင်က စာအုပ်ဝယ်၊ အဖြေတွေ အရင်ကျက်ခိုင်းပြီး ဖြေခိုင်း၊ ကလေးက အဖြေတွေ အကုန်မှန်တာပြပြီး သူတို့ကလေးကို အဆင့်တက်ပေးပါလို့ အတင်းကာရော တောင်းဆိုတဲ့ မိဘမျိုး၊ အမျိုးမျိုးပါပဲ
.
. . . မိဘတစ်ချို့ရဲ့ နောက်ထပ် လောဘတစ်မျိုးက ကလေးကို သဘောတရားတစ်ခု သင်ပေးလိုက်လို့ ကလေးက အဲသည် သဘောတရားကို နားလည်သွားပြီဆို တစ်ဆင့်တက်ချင်ကြတဲ့ မိဘမျိုးပဲ၊ ကိုယ့်သဘောမှာတော့ ဘာသာစကားသင်တယ်ဆိုတာ သဘောတရားသက်သက်မဟုတ် အလေ့အကျင့်နဲ့ အထုံက ပိုပြီး အရေးကြီးတယ်လို့ ထင်တယ်၊ ဆိုလိုတာက ကလေးတစ်ယောက်ဟာ ဒီသဘောတရားကို သိနေရုံနဲ့ လုံးဝ မလုံလောက်ဘူး၊ တရေးနိုး ထမေးရင်တောင် မှန်မှန်ကန်ကန် ဖြေနိုင်လောက်မယ့် စွဲမြဲမှုမျိုး မရှိမဖြစ် လိုတယ်လို့ ထင်တယ်၊ အဲဒါက ကလေးရဲ့ အသက်အရွယ်နဲ့လည်း ဆိုင်တယ်၊ အခြေခံက စသင်ပေးရတာချင်းအတူတူ ခုနစ်တန်းကျောင်းသားတစ်ယောက်ကို သင်ပေးရတာနဲ့ သုံးတန်းကျောင်းသားတစ်ယောက်ကို သင်ပေးရတာ၊ ကြိုးစားမှု၊ လေ့ကျင့်မှု၊ နားလည်မှုချင်း တူရင်တောင် တိုးတက်မှုမှာ ခုနစ်တန်းကျောင်းသားကို သုံးတန်းကျောင်းသားက လိုက်မမီနိုင်ဘူး၊ လိုက်မီဖို့လည်း အလိုမရှိအပ်ဘူး။ လူကြီးတွေမှာသာ အသက် ၂၅ နဲ့ ၃၀၊ ၄၀ နဲ့ ၄၅ ဉာဏ်ရည်ချင်း သိပ်မကွာတော့တာပေမယ့် ကလေးဘဝမှာက တစ်လဆိုတစ်လ ဉာဏ်ရည်ချင်းကွာတာမို့ ကိုယ့်ကလေးကို မနှိပ်စက်ကြပါနဲ့လို့ မိဘတစ်ချို့ကို ဘယ်လို ပြောရမှန်းတောင် မသိဘူး
.
. . . ကိုယ့်ကလေးကို သူများကလေးတွေနဲ့ သွားသွား မနှိုင်းအပ်တဲ့အထဲမှာ ဘာသာစကားစွမ်းရည်လည်းပါတယ်။ စကားနည်းတဲ့ ကလေးက မြန်မာလို့ပြောပြော တရုတ်လိုပြောပြော စကားနည်းတာက နည်းမှာပဲ၊ အဲဒါကို သူ့သားသမီးလောက် ငါ့သားသမီးက စကားမကြွယ်ရကောင်းလားဆိုပြီး ကလေးကို ဖိအားတွေ နင်းကန်ပေးရင် ကလေးပဲ ပင်ပန်းဆင်းရဲရတာ။ စကားများတာချင်း တူရင်တောင်မှ အကြောင်းအရာနဲ့ အခြေအနေပေါ်မူတည်ပြီး ကလေးတွေရဲ့ စကားပြောနိုင်စွမ်းက ကွာသေးတာ၊
.
မိဘတွေ သတိထားကြဖို့
.
. . .
No comments:
Post a Comment