Wednesday, 19 January 2022
ကျောင်းဆရာဖြစ်ချင်တဲ့သူ
.
အဲသည်စကားက အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးခုလုံးနဲ့ မဆိုင်ဘူးပြောလည်းရတယ် ဆိုင်တယ်ပြောလည်းရတယ် ဘာလို့လည်းဆိုတော့ ကိုယ်ဖြစ်ချင်တယ်ဆိုတာက ငယ်ငယ်တုန်းကဖြစ်ချင်ခဲ့တာမျိုးလည်းမဟုတ် နောင်မှာဖြစ်ချင်တာလည်းမဟုတ်ဘူး ကိုယ်အလုပ်လုပ်တဲ့နယ်ပယ်မှာ ကျောင်းဆရာတစ်ယောက်လို အမြဲဖြစ်ချင်နေတာ ဖြစ်ချင်တာကိုလည်း အမြဲလုပ်နေတာမျိုး
.
. . . ကိုယ်အားအကျဆုံးကျောင်းဆရာကို စတွေ့ခဲ့တာက ရန်ကုန်တက္ကသိုလ်မှာ အဲတုန်းက ဆရာက ကထိကဖြစ်နေပြီ၊ စစ်တက္ကသိုလ်မှာလည်း ကိုယ့်ထက် ဆယ်ပတ်စဉ်လောက်ကြီးတဲ့ အပတ်စဉ်တွေမှာ ဆရာလုပ်ဖူးတဲ့သူဆိုတော့ ကိုယ်တွေနဲ့ နှလုံးသားချင်းနီးတဲ့သူလို့ ဆိုနိုင်တယ်။ ဆိုတော့ကာ ကိုယ်တွေ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအဖြစ် အံမဝင်ခွင်မကျ ဖြစ်နေတာတွေကို တစ်ချို့တွေက မျက်စိစူးကောင်းစူးနေကြမယ့် အခြေအနေမျိုးတွေမှာ ကိုယ်တွေရဲ့ ခွတီးခွကျတွေကို ဟားနေနိုင်တဲ့ သူမျိုးပေါ့
.
. . . ဆရာက ကိုယ်တွေနဲ့ ညီအစ်ကိုပေါင်း သူငယ်ချင်းပေါင်းပေါင်းတယ်၊ ဆရာမျိုးတို့ တီချယ်ကြီး ဒေါ်ခင်လေးမြင့်တို့ ဦးစီးလုပ်တဲ့ တက္ကသိုလ် ဆရာမအသစ်လေးတွေရဲ့ မွမ်းမံသင်တန်းတွေမှာဆိုရင်လည်း ကိုယ်က ကင်မရာမန်းလုပ်တယ်၊ သက္ကရာဇ် နှစ်ထောင်စွန်းစွန်းချိန် မြန်မာပြည်ရန်ကုန်မြို့မှာ အွန်လိုင်းစာသင်တဲ့ကိစ္စမျိုးကို သုတေသနလုပ်တဲ့အခါ ဆရာ့ရဲ့ ကျောင်းသားတွေအဖြစ် ဆရာပေးတဲ့ အင်တာနက်ဖိုးနဲ့ ကျနော်က အွန်လိုင်း ကျောင်းသားလည်း လုပ်ဖူးတယ်။ ကိုယ်က ကျောင်းသားပေမယ့် တက္ကသိုလ်ဆရာတွေပဲ တက်တဲ့ ဆီမီနာတွေမှာ ဆရာခေါ်လို့ ကန့်လန့်ကန့်လန့် ပါသွားဖူးတယ်။ ဆရာကျွေးတဲ့ ထမင်းတွေ ဆရာတိုက်တဲ့ လက်ဖက်ရည်တွေလည်း စားဖူး သောက်ဖူးတာ အကြိမ်ကြိမ်ပေါ့
.
. . . ကိုယ်တွေ ကျောင်းပြီးလို့ အိမ်ထောင်ကျတော့လည်း တစ်ခန်းတည်းက စာသင်ဖက် ဆရာ့တပည့်မနဲ့၊ ဆရာ့ခမျာ ကျောင်းသားဘဝက ကိုယ်တွေကို စောင့်ရှောက်ရတာနဲ့တင် မပြီးဘဲ သူ့တပည့် ကိုယ့်ဇနီး တက္ကသိုလ်ဆရာမကို ဆက်ပြီးစောင့်ရှောက်ရရှာတယ်၊ မြန်မာပြည်မြောက်ပိုင်း ဝေးလံတဲ့အရပ်က တက္ကသိုလ်တစ်ခုမှာ ကိုယ့်ဇနီးတာဝန်ကျတဲ့အခါ ဆရာက အကြီးအကဲဖြစ်နေတော့ ခမျာမှာ စောင့်ရှောက်ရရှာပြန်တယ်
.
. . . ကိုယ် ဂျပန်ကို ကျောင်းသွားတက်ခါနီးတုန်းက ကိုယ့်ထက်တစ်နှစ်စောတက်တဲ့ သူငယ်ချင်းက တက်ရမယ့်တက္ကသိုလ်အကြောင်းကို အခန်းဆက်ပေးစာအနေနဲ့ စာအရှည်ကြီးတွေ ရေးပြီးပြောပြတာကို ကိုယ်က ကိုယ့်ဖေ့ဘုတ်မှာ တင်တယ်၊ လော့ချက်စတာဖီးရဲ့ သားထံပေးစာများကို အားကျပြီး ရေးတဲ့စာဆိုတော့ အခန်းဆက်ပေးစာက အစောင် ၃၀ ကျော်တယ်၊ ဒါပေမယ့် အဲသည်စာက တက္ကသိုလ်နဲ့ပတ်သက်ပြီး တော်တော်ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာဆိုတော့ မြန်မာပြည်က တက္ကသိုလ်တွေကို တက္ကသိုလ်ပီပီပြင်ပြင်ဖြစ်စေချင်တဲ့ ကျနော့်ဆရာက အဲသည်ပေးစာတွေကို စာအုပ်လုပ်ပြီး သူ့တက္ကသိုလ်က ဆရာဆရာမတွေကို ဖတ်ဖို့ဝေသတဲ့
. . . ကိုယ့်ဇနီးလည်းရှိနေတဲ့ အဲသည်ကျောင်းကို သွားလည်တဲ့အချိန်မှာ ဆရာ့ကျောင်းသား တစ်ခါပြန်ဖြစ်ချင်စိတ်ပေါက်သွားတယ်၊ ဆရာက သူ့ခြေသူ့လက် စီမံလို့ရတဲ့ အခြေအနေကို ကောင်းကောင်းအသုံးချပြီး တက္ကသိုလ်ကို တက္ကသိုလ်နဲ့တူအောင် လုပ်ထားတာတွေကို အားရပါးရရှင်းပြ သူ့တက္ကသိုလ်ကို လှည့်ပတ်ပြ သူ့ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ မိတ်ဆက်ပေး၊ မြန်မာပြည်မှာ ဒီလိုအကြီးအကဲမျိုး စီမံခန့်ခွဲနေတဲ့ ဒီလိုတက္ကသိုလ်မျိုး ရှိနေပါလားလို့ ကိုယ့်မှာအားရဝမ်းသာဖြစ်ရ
.
. . . ၂၀၁၇ နှစ်ကုန်ပိုင်းလောက် မြန်မာပြည်ခဏပြန်တဲ့အချိန်တုန်းက ဆရာက ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ပါမောက္ခချုပ်ဖြစ်နေပြီ၊ ကိုယ်တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထဲ ကျောင်းသားရေးရာဌာနမှာ တက္ကသိုလ်ဖွင့်ချိန် ကျောင်းအပ်ချိန်ဆိုတော့ ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး ငွေသွင်းနေကြတာတွေ့တော့ အပြင်မှာဒီလောက် ဘဏ်ဝန်ဆောင်မှုတွေ ရှိနေတာကို ဒီတက္ကသိုလ်ကြီးက အခုချိန်ထိ ပိုက်ဆံတွေကိုင်သုံးနေတုန်းဆိုပြီး ကျောင်းသားတွေဘဏ်ငွေစာရင်းထား တက္ကသိုလ်ကို ငွေသွင်းစရာရှိတာ ဘဏ်ကသွင်း စသည်ဖြင့် ကိုယ့်စာတစ်ပုဒ်ထဲ ထည့်ရေးမိတယ်၊ မကြာဘူး ဆရာ့ဆီသွားလည်တော့ သူ့ကျောင်းမှာ ကျောင်းသားတွေ ဘဏ်စာရင်းဖွင့်ပြီး ငွေသားကိုင်စရာမလိုအောင် စီမံနေတယ်ဆိုတာ ပြောပြတယ်၊ တကယ်ကို ခေတ်မီတဲ့ ငါတို့ဆရာဆိုပြီး ကိုယ့်မှာ အားရကျေနပ်ရ
.
. . . ဆရာ့ကျောင်းကိုလည်း လာလည်ချင်တယ်ဆိုတော့ ဆရာက လိုလိုလားလား ဖိတ်ခေါ်တယ်၊ ဆရာ့ရုံးခန်းထဲ ဧည့်သည်တွေရှင်းချိန်ကျ ဆရာတပည့်နှစ်ယောက်သား တက္ကသိုလ်တွေ ကောင်းကောင်းတည်ထောင်ရေးကိစ္စတွေ ကျနော်ကမေး ဆရာကဖြေပေါ့၊ မြန်မာပြည်မှာ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မယ့် တက္ကသိုလ်တွေ ပေါ်ထွန်းလာဖို့ ဆရာကြိုးစားနေတဲ့ကိစ္စတွေ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ ဆရာကပြောပြတယ်
.
. . . သူများ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေဘာတွေရှိတာ ဆရာ့ဆီမှာရော မရှိဘူးလားဆိုတော့ ရှိပါသော်ကောဆိုပြီး ကျောင်းသားသမဂ္ဂဥက္ကဌနဲ့ မိတ်ဆက်ပေးတယ်၊ ကျနော်ကြားမိမြင်မိသလောက်ဆိုရင် မြန်မာပြည်က တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂက စင်ပြိုင်နှစ်ခုစီ ရှိနေတတ်ကြတာ၊ တစ်မျိုးက ကျောင်းသားတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်တဲ့ ပုံမှန် သမဂ္ဂနဲ့ နောက်တစ်မျိုးက ဗမာပြည်လုံးဆိုင်ရာဘာညာဆိုတဲ့ မတန်ရင်ကာ နာမည်ကြီးတွေတပ်ထားတဲ့ နိုင်ငံရေးလောင်းရိပ်မကင်းတဲ့ သမဂ္ဂမျိုး၊ ဆရာ့ကျောင်းမှာတော့ ပထမအမျိုးအစား သမဂ္ဂတစ်ခုပဲ ရှိသတဲ့၊ ဆရာက သမဂ္ဂဥက္ကဌနဲ့ မိတ်ဆက်ပေးရုံတင်မဟုတ်ဘူး သူတို့လုပ်မယ့် ဘာပွဲဆိုလား ပြင်ဆင်နေတဲ့ နေရာကိုပဲ ခေါ်သွားပြသေးတာ၊ ကျောင်းရဲ့ ပညာသင်ကြားရေးကိစ္စကလွဲရင် ကျန်တာတွေကို သမဂ္ဂကပဲ ဦးဆောင်ပြီးလုပ်သတဲ့၊ အားကစား အနုပညာ ဘာညာကိစ္စတွေပေါ့လေ၊ သာဓုခေါ်ခဲ့ရသေး
.
. . . ဆရာကို ကျောင်းသားတွေကလည်း ချစ်ကြတဲ့ပုံပေါ်တယ်၊ ဆရာ့ရဲ့ ဖေ့ဘုတ်မှာ တက္ကသိုလ် လှုပ်ရှားမှုတွေ တင်တင်ထားတာကြည့်ရတာ ဆရာ့တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာ့ရဲ့ဆက်ဆံရေးက နွေးထွေးတဲ့ မိသားစုတစ်ခုက မိဘနဲ့ သားသမီးဆက်ဆံရေးမျိုးပဲ၊ ကျောင်းသင်္ကြန်လို ပွဲမျိုးတစ်ခုမှာ ကလေးတွေက ပါပါကြီးကိုချစ်တယ်ဆိုပြီး သံပြိုင်အော်ဆိုနေကြတာလေးလည်း တွေ့မိတယ်၊ သူတို့ ပါချုပ်ကြီးကို ပါပါကြီးတဲ့
.
. . . ဆရာက ပါချုပ်အလုပ်ဆိုတာထက် တက္ကသိုလ်တစ်ခုကို ပီပီပြင်ပြင်တည်ဆောက်နေတာ အားရစရာကိစ္စတွေ အများသားပေမယ့် ကိုယ်တိုင်တောင် မချင့်မရဲဖြစ်ခဲ့ရတဲ့ ဗျူရိုကရေစီ အတားအဆီးတစ်ချို့ကိုလည်း ဆရာပြောပြလို့ သိခဲ့ရတယ်၊ ဥပမာအားဖြင့် စာကြည့်တိုက်မှာ စာအုပ်ဖြည့်တဲ့ စာအုပ်ဝယ်တဲ့ ကိစ္စလိုမျိုးပေါ့၊ ဒါမျိုးလေးတွလည်း ရှိသေးပါလားဆိုတာ သိရပြီး သက်ပြင်းချခဲ့တဲ့ ကိစ္စတစ်ချို့လည်း ရှိနေခဲ့တာပဲ
.
. . . တက္ကသိုလ်တွေရဲ့ ကျောင်းသားလက်ခံမှုပုံစံတွေ ပြောင်းသွားတာ သတိထားကြမိလိမ့်မယ်ထင်တယ်၊ အရင်တုန်းက တက္ကသိုလ်ဝင်ခွင့်ကို ပညာရေးဝန်ကြီးဌာက တစ်နိုင်ငံလုံးစာ ဝိုင်းကြီးချုပ်စီမံပေမယ့် နောက်ပိုင်းမှာ တချို့တက္ကသိုလ်တွေက သီးခြားခေါ်တာတွေရှိလာတယ်၊ တက္ကသိုလ်က ဆယ်တန်းအမှတ်စာရင်းတစ်ခုတည်းနဲ့ လက်ခံခဲ့ရာကနေ လူကိုယ်တိုင်စိစစ်ပြီး လက်ခံတဲ့ပုံစံပြောင်းလာတာမျိုးတွေက ဆရာလုပ်ခဲ့တဲ့ ကိစ္စတွေထဲက တစ်ချို့ပေါ့၊ တက္ကသိုလ်တေွ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုမျိုး သီးခြားစီမံခွင့်ကိစ္စကို ကိုယ်က မူအားဖြင့် ကြိုက်ပေမယ့် လက်တွေ့မှာ ဘယ်သူ့ပိုက်ဆံနဲ့ အလုပ်လုပ်မှာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆွေးနွေးဖြစ်တယ်၊ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပိုက်ဆံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာက ပြဒါးတစ်လမ်းသံတစ်လမ်းမို့လား၊ သူများပိုက်ဆံယူထားရင် သူများစီမံတာကို နာခံရမှာပေါ့၊ ကိုယ့်ဘာသာ စီမံဖို့ဆိုရင်လည်း တက္ကသိုလ်က ကိုယ်တိုင်ပိုက်ဆံရှာရလိမ့်မယ်၊ ကျောင်းဝင်ကြေးတွေ များများယူရလိမ့်မယ်၊ တက္ကသိုလ်က ကိုယ်ပိုင်ဝင်ငွေဘယ်လိုရအောင်လုပ်မလဲ ဆိုတဲ့ ကိစ္စကိုလည်း ဆရာနဲ့ ဆွေးနွေးခဲ့ဖူးတယ်
.
. . . ဖေဖော်ဝါရီလ တစ်ရက်နေ့နောက်ပိုင်း ကိစ္စတွေဖြစ်တော့ ဆရာ့ကို စိတ်ပူမိတယ်၊ ဆရာက အထက်ကပြောတဲ့ အလုပ်တွေလုပ်နေတဲ့သူ၊ တက္ကသိုလ်လောကမှာလည်း ဂုဏ်သတင်းကြီးတဲ့သူ၊ မြန်မာပြည်က ၁၆၆ ခုသော တက္ကသိုလ်တွေက ပါမောက်္ခချုပ်များ ကော်မတီမှာလည်း တာဝန်ကြီးကြီးရထားတဲ့သူဆိုတော့ ဆရာ့ကို စိတ်ပူမိတယ်၊ စိတ်ပူတယ်ဆိုတာက ဒီလိုပါ၊ ဆရာ ဘယ်ဘက်မှာ ရပ်မလဲ ဆိုတာထက် ဆရာရပ်လိုက်တဲ့ဘက်မှာ အဆင်ပြေပါ့မလား စိတ်ပူမိတာ၊ ဆရာ့လို တက္ကသိုလ်အသိုင်းအဝိုင်းမှာ ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုနေနေ ဖိအားက နည်းမှာမဟုတ်ဘူး၊ တစ်ခုခု လုပ်ရင်လည်း ဖိအားကြီးကြီးရှိနေမှာဖြစ်သလို ဘာမှမလုပ်ဘဲ နေရင်လည်း ဘာမှမလုပ်လို့ဆိုတဲ့ ဖိအားက နည်းမှာမဟုတ်၊ ဆရာကလည်း ပင်စင်ယူဖို့ အသက်က နီးနေပြီဆိုတော့ ဒီဖိအားတွေနဲ့ ဆရာ အဆင်မှ ပြေပါ့မလားဆိုပြီး
.
ဆက်ရန်
.
ဗိုလ်ကောင်း
၁၉ ဇန်နဝါရီ ၂၀၂၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment