Sunday 25 July 2021

ဤမှန်သောသစ္စာစကားကြောင့်



. . . ဘဝမှာ မနှစ်မြို့စရာ အနှောင်အဖွဲ့ အကျပ်အတည်း အခက်အခဲမျိုးနဲ့ ကြုံရတဲ့အခါ အဲသည်အနှောင်အဖွဲ့က လွတ်မြောက်ပါစေကြောင်း သစ္စာပြု ဆုတောင်းလို့ရတယ် ဆိုတဲ့ ယုံကြည်ချက်မျိုးက အခုခေတ်အခုအခါတော့ လူပြောသူပြော အတော်နည်းနေပြီပေတဲ့ ရှေးခေတ်ရှေးအခါ စာပေတွေ ဇာတ်တော်တွေမှာတော့ အထင်အရှားကို မြင်ခဲ့ရတဲ့ သစ္စာတန်ခိုးတစ်ခုပါပဲ။
.
. . . စကားသစ္စာ မှန်သောခါကား ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုပြီးတော့ ရှင်မဟာသီလဝံသ ရေးဖွဲ့ခဲ့တဲ့ ပါရမီတော်ခန်းပျို့ထဲက သစ္စာပါရမီကို ပြဆိုတဲ့ အခန်း စာပိုဒ် ၁၂၃ မှာ ထည့်ရေးခဲ့တာကို ထောက်ရင် ရှေးအခါက သစ္စာအကြောင်း အတော့်ကို အလေးအနက် ထားခဲ့ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဲသည်တော့ မေးစရာရှိတာက ဒီခေတ် ဒီအခါမှာရော သစ္စာတရားက အလေးအနက် ပြုစရာ အားကိုးအားထားဖြစ်စရာ ဟုတ်သေးရဲ့လား ဆိုတာပါပဲ
.
. . . ဆိုပါတော့ဗျာ အခု ကျွန်တော်တို့ ခေတ်ကြီးမှာမှ တည့်တည့်လာကြုံနေတဲ့ ရောဂန္တရ ကပ်ဆိုးကြီးက အမြန်လွတ်မြောက်ပါစေ သက်သာပါစေ ကပ်ဆိုးဘေးက ချမ်းသာရာရကြပါစေ ဆိုတဲ့ ဆုတောင်းကို အထက်က ပြောခဲ့တဲ့ သစ္စာစကားနဲ့ တောင်းရင်ရော ရနိုင်သလားပေါ့
.
. . . ရနိုင်တယ်လို့ ယုံကြည်တယ်ဆိုပါတော့၊ ကျနော်တို့မှာ လောက်လောက်လားလား သစ္စာဆိုရလောက်တဲ့ လေးနက်တဲ့ သစ္စာတရားကို ဘယ်လိုရှာကြရပါ့။ မိမိရဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေအပြင် တစ်ခြားသော ဘဝမှာ သစ္စာတရားအဖြစ် တန်ဖိုးထား စောင့်စည်းခဲ့တဲ့ အရာတွေကို သစ္စာပြုတိုင်တည်ပြီး ဆုတောင်းရင်လည်း ရနိုင်ကောင်းရဲ့ပေါ့ဗျာ
.
. . . ဗုဒ္ဓဘာသာဝင်လည်းဖြစ် ဘုရား တရား သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးကိုလည်း နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင်ဖြင့် ကျနော်တို့မှာ အဲသည်ယုံကြည်ချက်ကို တိုင်တည်ပြီး သတ္တဝါအများ ကျန်းမာချမ်းသာကြပါစေလို့ ဆိုလောက်စရာ သစ္စာတိုင် သုတ္တန်တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။
.
. . . ဘုရားရှင်လက်ထက်တော်က ဝေသာလီပြည်မှာ ရောဂါတွေဖြစ် လူတွေသေ ဘီလူးသရဲတွေ သောင်းကျန်းကြတဲ့အခါ အဲသည်ကပ်ဆိုးက လွတ်မြောက်အောင် ကယ်တင်တော်မူပါဆိုပြီး မြတ်စွာဘုရားကို ပင့်လျှောက်တော့ မြတ်စွာဘုရားက အခုပြောမယ့် ရတနသုတ္တန်ကို သင်ပေးတော်မူပြီး ရွတ်ဆိုစေတဲ့အခါ ဘီလူးသရဲတွေ ထွက်ပြေးရပြီး တိုင်းသူပြည်သားများ ချမ်းသာရာ ရကြသတဲ့။ ဒီသုတ္တန်ရွတ်တာနဲ့ပဲ ဘီလူးသရဲ ထွက်ပြေးရတာ ဘာများဆိုင်လို့လဲလို့ သိချင်ကြမယ့် သူများအတွက် သုတ္တန်အကြောင်း နည်းနည်းပြောပြချင်ပါတယ်။
.
. . . ရတနသုတ် ပါဠိတော်မှာ အပိုဒ် ၂၁ ပိုဒ် ပါဝင်ပြီး အပိုဒ် ၄ ကနေ အပိုဒ် ၁၈ အထိ စုစုပေါင်း ၁၅ ဂါထာဟာ မြတ်စွာဘုရားကိုယ်တော်တိုင် ရွတ်ဆို အရှင်အာနန္ဒာကို သင်ကြားပေးပြီး မြို့ထဲရွာထဲ လိုက်လံရွတ်ဆိုစေခဲ့တဲ့ သုတ္တန်ဖြစ်ပါတယ်။ အဲသည် ၁၅ ပိုဒ်မှာ ဘာတွေများ ရေးထားလို့ ဘီလူးတွေ သရဲတွေ ပြေးတာပါလိမ့်
.
. . . တကယ်တမ်းကတော့ အထက်ကပြောခဲ့တဲ့ ဘုရားရှင်ကိုယ်တိုင် နုတ်တိုက်ချပေးခဲ့တဲ့ ၁၅ ဂါထာမှာ ဘီလူးတွေ သရဲတွေ ပြေးဖို့ ခြိမ်းခြောက်မောင်းထုတ်တဲ့ စာသားသဘော မပါပါဘူး။ မြတ်စွာဘုရား စပြီးရွတ်ဆိုပေးတဲ့ အပိုဒ် ၄ မှာဆို ဒီသုတ္တန်ကို ရွတ်ဆိုတော့မှာမို့လို့ မြေ၌တည်သောနတ်၊ ကောင်းကင်၌တည်သော နတ်အပေါင်းတို့ တရားနာလာရောက်ကြကုန်လော့ ဆိုပြီး ဖိတ်ကြားတဲ့ စကားရယ်၊ လူတွေကို စောင့်ရှောက်ပေးကြပါဆိုတဲ့ မေတ္တာစကားရယ် ပါတာကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဒါမှမဟုတ် အကျင့်သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များက ရွတ်ဖတ်ပွားများတဲ့အခါ အဆိုပါနတ်တွေ ကြွရောက်လာပေးလို့ နတ်ဆိုးဘီလူးဆိုးတွေ အဝေးကို အလိုအလျောက်ပြေးရှောင်ကြရတာ ဖြစ်ပါတယ်ခင်ဗျာ့
.
. . . ကျန်တဲ့ အပိုဒ်တွေကတော့ သစ္စာပြု ဆုတောင်းပေးတဲ့ မေတ္တာစာ အပိုဒ်တွေချည်းပါပဲ။ ဘာတွေကို သစ္စာပြုသလဲဆို ဘုရားတရားသံဃာ ရတနာသုံးပါးသည် အမြတ်ဆုံးဖြစ်ကြောင်း၊ သောတာပန်ပုဂ္ဂိုလ်တို့ဟာ မကောင်းမှုကို မေ့လျော့လို့ ပြုမိရင်တောင် မိမိပြုမိခဲ့တာကို မလိမ်မညာမကွယ်မဝှက်တော့ကြောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့မှာ ဘဝသစ်တစ်ဖန်ပြန်ဖြစ်စရာ အကြောင်းကုန်ခမ်းသွားပြီးတဲ့အကြောင်း စတဲ့ အမှန်စကားတွေကို သစ္စာအဖြစ်တိုင်တည်ပြီး သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပြုတဲ့ ဂါထာတော်တွေပဲ ဖြစ်ပါတယ်။
.
. . . အခုနေခါ ကျနော်တို့ မိတ်ဆွေရောင်းရင်းများ မကျန်းမမာဖြစ်တယ်လို့ ကြားသိကြတဲ့အခါ အချင်းချင်း အားပေးကြ မေတ္တာပို့ ဆုတောင်းကြ လုပ်ကြရင်တောင် မိတ်ဆွေများရဲ့ အားပေးစကားဟာ ကာယကံ့ရှင်အတွက် အားဆေးတစ်ခွက်လို ဖြစ်စေတယ်မဟုတ်လား ခင်ဗျာ၊ ဒါ့အပြင် ကျနော်တို့ ကိုယ်တိုင် မကျန်းမမာဖြစ်ကြတဲ့ အခါများမှာ စိတ်ကြောင့်မကျေဘဲ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တောင့်ခံနိုင်တဲ့အခါ ရောဂါဘယဒဏ်ကို ပိုမိုအောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ကြတယ်မဟုတ်လား ခင်ဗျာ့
.
. . . မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများပေးတဲ့ မေတ္တာဓာတ်ကတောင် အဲသလောက် အားဖြစ်စေရိုးမှန်ရင် ဘုရားရှင်ကိုယ်တော်တိုင် ပေးအပ်ခဲ့တဲ့ အားတက်ရွှင်လန်းစရာ ရတနာသုံးပါးကိုအကြောင်းပြုတဲ့ သစ္စာအရင်းခံတိုင်လို့ မေတ္တာဓာတ်များ ပေးဝေတာကို နာယူနှလုံးသွင်းကြမယ်ဆိုရင် ဘီလူးတွေ သရဲတွေ ပြေးတာမပြေးတာ အပထားလို့ ကိုယ့်ရဲ့ စိတ်နှလုံးမှာ ခွန်အားများရလာပြီး ကိုယ်ခန္ဓာကို ဖိစီးနှိပ်စက်နေတဲ့ ရောဂါဒဏ်ကို ခုခံပေးတဲ့ အတွင်းအားစနစ်တွေ တက်လာတယ်ဆိုတာ ဒီခေတ်ကြီးထဲ အထွေအထူး ရှင်းပြနေစရာ မလိုလောက်ပါဘူးခင်ဗျာ
.
. . . ဒါကြောင့် ကျနော့်မိတ်ဆွေရောင်းရင်းများ ရတနာသုံးပါးကို ကြည်ညိုမြတ်နိုး တန်ဖိုးထားကြသူများကို ကို အထူးတိုက်တွန်းလိုတာက မိမိရဲ့ စိတ်ခွန်အားအတွက်ဖြစ်ဖြစ်၊ မိမိအိမ်သားများ စိတ်ခွန်အားအတွက်ဖြစ်ဖြစ်၊ နာမကျန်းဝေဒနာကို တွန်းလှန်တိုက်ထုတ်နေတဲ့အခါ လိုအပ်တဲ့ စိတ်ခွန်အားအတွက်ပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ သတ္တဝါအများအပေါ် ကျန်းမာချမ်းသာပါစေကြောင်း အေးမြတဲ့ မေတ္တာဓာတ်သွန်းလောင်းရင်း ဘဝနာပွားဖို့ပဲ ဖြစ်ဖြစ် ရတနသုတ္တန် မြန်မာပြန်တရားတော်ကို နာယူကြဖို့ အထူးတိုက်တွန်းလိုက်ရကြောင်း
.
ဗိုလ်ကောင်း
၂၅ ဇူလိုင် ၂၀၂၁
.
the photo was taken some days ago at . . .

No comments:

Post a Comment