Tuesday 9 March 2021

ခွာညိုရာသီ



. . . ပြာသိုလွန် တပို့တွဲ ဆုပ်တဲ့ရက်မို့ ခွာညိုရာသီက ကုန်ခဲ့ပြီဆိုပေမယ့် ကျနော့်ရဲ့ ခွာညိုမလေးကတော့ ဖူးပွင့်စ အချိန်တုန်းကလို လန်းဆန်းညိုစင် မွှေးမြနေဆဲပဲဆိုတာ ရုတ်တရက် သိလိုက်ရချိန်မှာ ကိုယ့်ဘာသာကိုယ်တောင် အံ့ဩသွားမိခဲ့တယ်၊
.
. . . ခွာညိုရာသီက ကုန်ခဲ့ပြီ မဟုတ်ဘူးလား၊ ရင်ထဲမှာ ပွင့်ခဲ့ဖူးတဲ့ ခွာညိုပန်းလေး တစ်ခက်က နှစ်ပေါင်းဒီလောက်ကြာတာတောင် လန်းနေဝေနေဆဲဆိုတာ ကျနော့်ဘာ့ကြောင့် မေ့လျော့နေခဲ့မိတာပါလိမ့်
.
. . . မဆုံဖြစ်ခဲ့ကြပေမယ့် ကျနော်နဲ့ ခွာညိုမလေးတို့ ရေခြားမြေခြားမှာ နှစ်တွေနဲ့ချီပြီး အတူတူ ရှိနေခဲ့ကြတာပဲ ဆိုတဲ့အသိက အိပ်ပျော်နေတဲ့ ကိုယ့်ရဲ့ ခွာညိုပန်းရုံလေးကို လှုပ်နှိုးလိုက်သလို ခွာညိုနဲ့တွေ လေအဝေ့မှာ သင်းကနဲ ဆွတ်ပျံ့သွားသလို ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ ပြန်ငယ်သွားပြီး အထက်တန်းကျောင်းသားလေး ချက်ချင်းဖြစ်သွားသလိုတောင် ထင်မိပါရဲ့
.
. . . ကိုယ်တိုင်စိုက်ထားတဲ့ ခွာညိုပန်းရုံက ပွင့်လာတဲ့ ပန်းလေးတွေကို ဘဝရဲ့ ပထမဆုံး ပန်းလက်ဆောင်အဖြစ် ခွာညိုမလေးကို ပေးလိုက်တုန်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာရယ်၊ ပန်းလေးကို သူလက်ခံလိုက်တော့ နေ့ပေါင်းရက်ပေါင်းများစွာ ဆက်ပြီး ကြည်နူးရွှင်ပျနေခဲ့မိတာရယ်တွေ တစ်ခါပြန်ပြီး ရှင်သန်ထမြောက်လာသလိုတောင် ခံစားမိ
.
. . . ကောင်မလေးတွေ အသားဖြူမှ လှတယ်လို့ ထင်ခဲ့မိတဲ့အထင်ဟာ ဒီခွာညိုမလေးနဲ့တွေ့မှ ကဗျာတွေထဲက မိန်းကလေးအလှဖွဲ့တွေကို ပိုပြီး ခံစားတတ်သွားခဲ့တယ်၊ အော် ဒီစာဆိုတွေ ကြွေခဲ့တဲ့ မိန်းကလေးတွေလည်း ငါ့ရဲ့ ခွာညိုမလေးလို ညိုစိမ့်စိမ့်လေးနဲ့ လှနေခဲ့ကြရှာမှာပဲဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကဗျာထဲက မိန်းကလေးတွေကိုတောင် လှမ်းပြီး သဘောကျမိလောက်အောင် ကျနော့်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ခွာညိုမလေး
.
. . . ကတီပါသေတ္တာလေးထဲ တယုတယ ထည့်သိမ်းထားတဲ့ စက္ကူခေါက်လေးထဲက ခွာညိုပန်းလေးတွေကတော့ ဆယ်စုနှစ် နှစ်ခုစာလောက်အပြီးမှာ ပွင့်ဖတ်လေးတွေ အကုန်ကြွေကျပြီး ပန်းညှာတံလေးတွေပဲ ကိုင်ကြည့်လို့ရလောက်အောင် သွေ့လျော်နှောင်းမြေ့နေပြီပေမယ့် ရင်ထဲမှာ အသစ်ပြန်ရှင်သန်လာတဲ့ ခွာညိုပန်းလေးကို အပြင်မှာလည်း မွှေးမြနေရအောင် အိမ်မှာ ခွာညိုပန်းရုံစိုက်တော့မယ်လို့ စိတ်ကူးမိတယ်၊ ပွင့်လာမယ့် ခွာညိုပန်းလေးတွေက ဟိုးလွန်ခဲ့တဲ့ နှစ်များစွာဆီက ခွာညိုပန်းလေးတွေ ပြန်နိုးထလာတယ်ဆိုတာ သေချာအောင် ကတီပါသေတ္တာထဲက စက္ကူနဲ့ ထုပ်ထားတဲ့ ခွာညိုပန်းခြောက်လေးတွေကို အပြင်စိုက်ဖို့ တွင်းတူးတဲ့အခါ အောက်ဆုံးမှာထားပြီး အပင်ကိုစိုက်မယ်၊ ကျနော့်ရဲ့ ခွာညိုပန်းရုံက ခွာညိုပန်းလေးတွေ ဝေနေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် အဲသည် ပန်းရုံကြီးအောက်မှာ ကိုယ့်ရဲ့ သမီးလေးကို ဖေဖေ့ရဲ့ တစ်ချိန်တုန်းက ခွာညိုပန်းလေးအကြောင်း တခမ်းတနား ပြောပြမယ်၊ သူ့အမေတော့ မသိစေနဲ့ပေါ့လေ
.
မောင်လွမ်းဝေ
၉ မတ် ၂၀၂၁
.
Clematis smilacifolia
.
Photo credit: https://i.pinimg.com/.../867ff18e78f7e61fd7987b6964573e2a...

No comments:

Post a Comment