Thursday 4 March 2021

ဇာတ်အလွမ်း



. . . ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်ဆိုလို့ ကိုယ်ကတော့ ဇာတ်ပွဲဆို ကြိုက်လိုက်တာပဲ၊ ဇာတ်ပွဲအကြည့်ကောင်းလို့ ငယ်ငယ်တုန်းက ပွဲခင်းထဲ လူကြီးတွေနဲ့ ကွဲပြီး ပြန်ကြားရေးကို ကိုယ်တိုင်လူပျောက်သွားတိုင်လို့ မိုက်ကြီးနဲ့အော်တော့ လူကြီးတွေက လာပြန်ခေါ်ကြသတဲ့၊ ကိုယ်က မမှတ်မိတော့ပေမယ့် အမေတို့ပြောပြောပြလို့ သိခဲ့ရတဲ့ ကိုယ့်ဘဝရဲ့ ဇာတ်ပွဲဆိုင်ရာ အစောဆုံးမှတ်တမ်း၊ ငယ်ငယ်တုန်းက ဇာတ်ပွဲဆိုရင် အဲသည် ဘောလုံးကွင်းကြီးထဲမှာပဲ အများဆုံး ကြည့်ဖူးခဲ့တာလို့ထင်တယ်၊
.
. . . ပေတရာလမ်းတံတားကြီးနားမှာ အရင်တုန်းက ဇာတ်ရုံကြီးတစ်ရုံရှိတယ်၊ ပုံမှန်အတိုင်းဆို ညဘက် ရုပ်ရှင်ပြပြီး တစ်ခါတစ်လေလည်း ဇာတ်လာကကြတာတွေရှိတယ်၊ အဲသည်မှာလည်း သွားသွားကြည့်ဖူးတာပဲ၊ ကိုယ်တွေ ကလေးတုန်းက နာမည်ကြီးတဲ့ ဇော်ဝင်းမောင်၊ ဘီအီးဒီအောင်သိုက်တို့တောင် လာကကြဖူးတယ်ထင်တယ်၊
.
. . . ဘုန်းဘုန်းဦးအိန္ဒြိယ ပျံတော်မူတော့ ပွဲကို ရွာက မူလတန်းကျောင်း ဘောလုံးကွင်းထဲမှာလုပ်တာ ဇာတ်ပွဲ သုံးည ပါတယ်၊ သုံးညလုံးကြည့်ဖြစ်တာပါပဲ၊ မှတ်မှတ်ရရ အဲသည်ပွဲမှာ ရွာက ကာလသားတစ်ယောက်က မင်းသမီးကို အတွင်းခန်းထဲမှာ ဝင်ပြီး ဖက်နမ်းသွားလို့ဆိုလား မင်းသမီးအမေက ဓားကြီးကိုင်ပြီး ဇာတ်ခွင်ထဲ ဒေါနဲ့မောနဲ့ ဝင်ပြောလို့ ကလက်စ ဇာတ် ပျက်ခဲ့ဖူးတာလည်း သတိရတယ်။
.
. . . လယ်ဝေးက ဖောင်တောင်ချက်မ ကဆုန်ညောင်ရေသွန်းပွဲ နဲ့ ပျဉ်းမနား တပေါင်းပွဲတို့ကတော့ ကိုယ်တွေအရပ်မှာ အစည်ကားဆုံး ဇာတ်ပွဲတွေလို့ ဆိုရမယ်။ ပွဲကွင်းကြီးထဲမှာ မန္တလေးသိန်းဇော်တို့၊ သစ္စာမေတ္တာရွှေမန်းသဘင်တို့လို့ တကယ့်နာမည်ကြီး ဇာတ်ကြီးတွေက ရုံပြိုင် ကကြတာ၊ မှတ်မိသလောက်တော့ အဲသည်ပွဲတွေ မကြည့်ခဲ့ဖူးဘူး၊ တပေါင်းပွဲဆိုရင်တော့ ညဦးပိုင်း ပွဲခင်းထဲလျှောက်လည် မိုးကြိုးငှက်ငယ်လေးများဝင်ကြည့် မုန့်စားပြီး ပြန်လာဖြစ်တာများပါတယ်၊ သိပ်လည်း မလည်ခဲ့ဖူးပါဘူး
.
. . . တကယ်တမ်း ဇာတ်တော်ကြီးတွေကို တခမ်းတနား ကြည့်ဖြစ်ခဲ့တာက ဆိုကရေးတီးပြိုင်ပွဲတွေမှာပဲ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝက မြို့မကျောင်းလမ်း အမျိုးသားကဇာတ်ရုံမှာ ဇာတ်တော်ကြီးပြိုင်ပွဲလုပ်တော့ တော်တော်များများ သွားကြည့်ဖြစ်တယ်၊ အများဆုံး ကြည့်ခဲ့ရတာက ရာမာယဏဇာတ်တော်ကြီး၊ ကိုယ်တွေ ငယ်ငယ်တုန်းက ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်ဆက်တာကို တီဗီမှာ လွှင့်တဲ့ စကားမပြောဘဲ တီးလုံးနဲ့ အကနဲ့ပဲ တစ်ဇာတ်လုံး ကသွားတဲ့ ရာမာယဏဇာတ်တော်ကြီးနဲ့ ယဉ်ပါးခဲ့ရသူမို့ အဆိုအငိုအပြောတွေနဲ့ ကြည့်ရတော့လည်း အရသာ အသစ်အဆန်းပေါ့၊ ဒါ့အပြင် ပြည်နယ် တိုင်းတွေက ဇာတ်ထုပ်တစ်ခုတည်းကိုပဲ မူကွဲအမျိုးမျိုးနဲ့ ကသွားတာ ညဆက်ကြည့်ခွင့်ရတော့ ကိုယ့်လို ဇာတ်ဝါသနာအိုးအတွက် ကွမ်းသီးကြိုက်သူ တောင်ငူပို့ ဆိုသလိုပါပဲ
.
. . . နောက်ပိုင်း နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲ ပြောင်းပြီးကျင်းပတော့လည်း ရေဆင်း တိမွေးကုတက္ကသိုလ် ဘွဲ့နှင်းခန်းမမှာ ဇာတ်တော်ကြီးပြိုင်ပွဲလုပ်တော့ ဆက်ကြည့်ဖြစ်နေသေးတာပဲ၊ နောက်ဆုံးကြည့်ဖြစ်ခဲ့တာက ၂၀၁၀ လောက်က ဆိုတော့ ဇာတ်ပွဲမကြည့်ဖြစ်တာ ဆယ်စုနှစ်တစ်ခုတောင် ရှိသွားပြီလို့ ဆိုရမှာ
.
. . . ဒီဆယ်နှစ်အတွင်းမှာလည်း ဇာတ်ပိုးက မသေဘူးဆိုတော့ အင်တာနက် ယူကျုမှာရှိတဲ့ ရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓဝင် ဇာတ်ထုပ်တွေကို အမြဲနားထောင်ဖြစ်တယ်၊ ဘယ်လောက်တောင် နားထောင်ဖြစ်သလဲဆိုရင် တစ်ချို့ဇာတ်စာတွေ ငိုချင်းတွေ ပြက်လုံးတွေ ဆိုင်းဆင့်တွေဆို အလွတ်တောင် လိုက်ဆိုလို့ရတယ်
.
. . . ဆယ်တန်းမှာသင်ရတဲ့ ဦးပုညရဲ့ သောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထဲက ကာရံချိတ်တဲ့ စကားပြေအရေးသားတွေကို နှစ်သက်မိရာက ဇာတ်စာတွေ ဇာတ်စကားတွေဆို အလွတ်နီးပါးကို ရနေပြီး တစ်ခါတစ်လေ တစ်ယောက်တည်း ဇာတ်တော်ကြီးတွေ နားထောင်တဲ့အခါ အထဲက ဇာတ်ကောင်တွေနဲ့အပြိုင် ဇာတ်စာတွေ လိုက်ရွတ်အော်ဟစ်နေမိတော့တာပဲ၊ ရွှေမန်းတင်မောင်ကို ဇာတ်စာရေးပေးတဲ့ အမယ်ကြီးအို ဦးအောင်စိန်ဆိုတာကလည်းတော်လိုက်တာ၊ စာတွေက ရသလည်းမြောက် ဗဟုသုတလည်း အပြည့်နဲ့မို့ တကယ့်ကို ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရတဲ့စာတွေ
.
. . . မောင်မှူးဇာတ်ထုပ်ဆိုလည်း ကြိုက်တာပဲ၊ ဇာတ်လမ်းထက်ကို အထဲမှာ တန်ဆာဆင်ထားတဲ့ မောင်ရှင်လောင်းလှည့်တဲ့အခါ လုလင်နဲ့ လုံမအဖွဲ့တို့ အပြိုင်အဆိုင် လက်တမ်း သျှိုးတိုက်ကြတဲ့အခန်း၊ ရည်းစားစကား ပြောပြီးလို့ လက်ခံပါပြီဆိုတာနဲ့ လင်ဘက်က ရှောင်စေချင်တဲ့ အကျင့်တွေ မယားဘက်က ရှောင်စေချင်တဲ့ အကျင့်တွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကတိတောင်းကြတဲ့အခန်း၊ လင်စံရွေးရင်လင်ခွေးနဲ့ ညားတတ်တယ်ဆိုတဲ့ လင်ရွေးနည်းနိဿရည်းကို အပျိုတွေ ရေခပ်ဆင်းချိန်မှာ အချင်းချင်း ပြောပြကြ ဟာသလုပ်ကြတဲ့အခန်း၊ ဇာတ်အစနဲ့ အဆုံးမှာ ဆိုရှယ်လစ်ခေတ်ရဲ့ စုပေါင်းလယ်ယာ အားပေးတဲ့ သီချင်းလေးထည့်လိုက်တာက အစ ဘယ်လောက်နားထောင်ထောင် မရိုးတဲ့ဇာတ်ကွက် ဇာတ်ပြောတွေနဲ့မို့ အကြိုက်ဆုံးဇာတ်ထုပ်တစ်ခုပဲလို့ ပြောလို့ရတယ်
.
. . . အခုလည်း ဇာတ်ပွဲမကြည့်ရတာ ဆယ်နှစ်လောက်တောင် ရှိနေပြီမို့ အခုနေများ အမျိုးသားဇာတ်ရုံလို နေရာမျိုးမှာ ကိုယ်ချစ်ခင်တဲ့ မိသားစုဝင်တွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ပွဲကောင်းကောင်း ကျကျနန ကြည့်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ တောင်းတမိတယ်၊ ဒီတစ်ခါ ကြည့်ရင်တော့ ကိုယ်တစ်သက်လုံး ကြိုက်လာခဲ့တဲ့ ဦးပုညရဲ့ ကာရံနဘေတွေနဲ့ ဇာတ်စာဖြည့်ထားတဲ့ ဆဒ္ဒန်ဆင်မင်းလို အမုန်းတရားနဲ့ လက်စားချေတဲ့ ဇာတ်တော်ကြီးမျိုးတွေ မကြည့်ချင်တော့ဘူး၊ မဟောသဓ ဇာတ်တော်ကြီး ဒုတိယပိုင်းထဲက မဟောသဓ ပညာရှိသုခမိန်ရဲ့ နိုင်ငံတော်တည်ဆောက်ရေး ဇာတ်လမ်းဇာတ်ကွက်တွေကိုပဲ ကြည့်ချင်နေမိတော့တယ်
.
ဗိုလ်ကောင်း
၄ မတ် ၂၀၂၁
.
Photo credit: https://amawpyay.com/archives/4224

No comments:

Post a Comment