Monday 15 March 2021

ပျဉ်းမဇာတ်ပေါင်း



. . . ပျဉ်းမ လို့ကြားလိုက်ရင် မျက်စိအေးစရာ ခရမ်းရောင်ပန်းလေးတွေ ဝေနေအောင်ပွင့်တဲ့ အရိပ်ကောင်းကောင်း သစ်ပင်ကြီးကို မမြင်မိဘဲ ငယ်ငယ်က ခဏခဏ နားထောင်ခဲ့ဖူးတဲ့ ပျဉ်းမငုတ်တို ဇာတ်လမ်းရယ်၊ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုကဗျာထဲက ခြတက်ခံရလိုက်၊ ဓားထစ်ခံရလိုက်၊ လေပြင်းတိုက်ခံရလိုက် နဲ့ သစ်ခေါင်းအဆွေးကြီးနဲ့ ကုန်းကမူထက်မှာ ထီးထီးကြီးရှိနေတဲ့ အပင်ငုတ်တိုကြီးပဲ ပြေးပြေးမြင်နေမိတာ
.
. . . ဆယ်တန်းအောင်ပြီးတဲ့ပထမဆုံး နွေမှာ ပျဉ်းမပန်း ခရမ်းရောင်လေးတွေကို စတွေ့ဖူးတုန်းက ကိုယ်သိခဲ့တဲ့ ပျဉ်းမပင်လူကြမ်းကြီးဟာ ဒီလိုပန်းလှလှလေးတွေလည်း ပွင့်ပေးတတ်ပါလားဆိုတာ သိရတော့ တအံ့တဩ ဖြစ်မိသေးတာ။ ကဗျာထဲမှာကျတော့လည်း ပျဉ်းမပင်ကြီး ဘယ်လောက်ပဲ အခုတ်အထစ်ခံရရ ခြတက်ခံရရ လေပြင်းတိုက်ခံရရ နွေရောက်ပြီဆိုတာနဲ့ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေလို့ ငယ်ရုပ်ဆင်တယ်လို့ပဲ ရေးထားတာကိုး၊ ခရမ်းရောင်ပန်းလေးတွေ လှနေအောင်လည်းပွင့်ပေးသေးတယ်ဆိုတာကို ဆရာကြီး မင်းသုဝဏ် ဘာလို့များ ထည့်မရေးသွားပါလိမ့်လို့ တွေးမိခဲ့သေးတယ်၊
.
. . . ကဗျာဆရာကြီးက ပျဉ်းမပင်ကြီးရဲ့လောကဓံအထုအထောင်းကို ခံနိုင်ရည်ရှိတဲ့အကြောင်းကို သက်ကျားအိုဆိုတဲ့ စကားလုံး၊ ယောက်ျားကောင်းဆိုတဲ့ စကားလုံးတွေနဲ့ တန်ဆာဆင် ရေးထားခဲ့လေတော့ ကိုယ်တွေမျာ ပျဉ်းမလို့ဆိုလိုက်တာနဲ့ တောင်ကုန်းထက်က ထီးထီးကြီးရှိနေတဲ့အပင်ငုတ်တိုကြီး ဘယ်လောက်အသင်းခံရရ အချိန်တန်ရင် အရွက်တွေ တဝေဝေနဲ့ လူကြမ်းကြီးလို့မြင်နေတော့အောင်၊ ဇာတ်လမ်းတွေမှာဆိုရင်လည်း ပျဉ်းမဆိုတဲ့ အသံကြားတာနဲ့ဖက်ဆစ်တော်လှန်ရေး ဇာတ်ကောင်တွေနဲ့အတူတူ သေနတ်သံတညံညံကိုပါ ကြားယောင်လာအောင် တမင်များ ရေးခဲ့လေသလားလို့တောင် တစ်ခါတစ်လေ စိတ်ထဲကွက်မိတယ်
.
. . . ကိုယ်သာ ဆရာကြီး မင်းသုဝဏ်လို ကဗျာကောင်းကောင်းရေးတတ်ခဲ့ရင် သက်ကျားအိုလူကြမ်းကြီး ပျဉ်းမငုတ်တိုကို အလှသွေးကြွယ်တဲ့ ခရမ်းရောင်လုံမပျိုလေးအဖြစ် ဘဝပြန်ပြောင်းမယ်၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့လို့ ဝတ္ထုရှည်ကြီးတွေ ရေးတတ်ခဲ့ရင်လည်း ပျဉ်းမပန်းတွေရဲ့ အလှနဲ့ ပျဉ်းမပင်တွေရဲ့ အရိပ်အာဝါသအကြောင်းကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ခေတ်တွေနောက်ခံထားပြီး ဂန္တဝင်တွင်မယ့် ဝတ္ထုရှည်ကြီးတစ်ပုဒ် ရေးမယ်၊ ဖြစ်နိုင်ရင် နေပြည်တော်ရာဇဌာနီ လမ်းမကြီးဘေးက နွေရောက်ရင်ဝေနေအောင်ပွင့်တဲ့ ပျဉ်းမပင်တန်းကြီးတွေကိုပါ ဇာတ်ကောင်လုပ်ပြီး အားလုံးပျော်ရွှင်ကြလေသတည်းနဲ့ ဇာတ်သိမ်းတဲ့ ဇာတ်လမ်းကြီးတစ်ပုဒ် ကိုယ်မသေခင်တော့ ရေးခဲ့နိုင်ချင်တယ်၊ ကိုယ်မရေးဖြစ်ဘူးဆိုရင်လည်း ရေးနိုင်တဲ့သူတွေ ရေးကြစေချင်သေးတယ်
.
ဗိုလ်ကောင်း
၁၅ မတ် ၂၀၂၁
.
ဓာတ်ပုံက နေပြည်တော် ရာဇဌာနီလမ်းမကြီးဘေးက ပျဉ်းမပင်တန်းမှာ ၂၀၂၀ ဧပြီ၂၅ က ရိုက်ထားတာ

No comments:

Post a Comment