Thursday 8 March 2018

မမြင်ရတဲ့လက်


. . . ရန်ကုန်တိုင်းအစိုးရက စက်သုံးဆီတွေလှောင်ပြီး ဈေးကွက်ကိုထိန်းမယ်ပြောတာကို မမြင်ရတဲ့လက်ဆိုတော့ ကိုယ့်မှာ တော်တော် တိုင်ပတ်သွားတယ်။ ဘောဂဗေဒ သီအိုရီ အသစ်များလားပေါ့။ မနှစ်ကတစ်နှစ်လုံး ထုံးလိုချေရေလိုနှောက်ထားတဲ့ ဘောဂဗေဒ သီအိုရီတွေ စာမေးပွဲပြီးလို့ မေ့သွားတာများလားပေါ့။ တော်တော့်ကို ဇဝေဇ၀ါ ဖြစ်သွားချက်။ ပြောတဲ့သူကို ကြည့်လိုက်တော့မှ အော် ငါ့နှယ် အဟုတ်မှတ်လို့ ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်မိလိုက်သေးတယ်။
.
. . . အမှန်ကတော့ မမြင်ရတဲ့လက်ဆိုတဲ့ အယူအဆကို စတင်ဖော်ထုတ်ခဲ့တာ ဘောဂဗေဒပညာရှင် အဒမ်စမစ်။ ဆင်ဖြူရှင်မင်း ယိုးဒယားကို တက်သိမ်းတဲ့အချိန် ၁၇၇၆ ခုနှစ်တုန်းက ထုတ်တဲ့စာအုပ်ဆိုတော့ အခုဆို နှစ်ပေါင်း နှစ်ရာ့လေးဆယ်တောင် ကျော်ပြီပေါ့။ ဒီလောက်တောင် ကြာခဲ့ပေမယ့် အဒမ်စမစ်ပြောခဲ့တဲ့ မမြင်ရတဲ့လက်ဆိုတဲ့ သဘောတရားက ခုခေတ်ခုခါထိ ဘောဂဗေဒ သီအိုရီတစ်ခုအဖြစ် တစ်ခုပ်တစ်ရ လေ့လာနေရတုန်း၊ အဆင်ပြေသလို ကျင့်သုံးနေရတုန်း။ ဒါပေမယ့် အဒမ်စမစ်ပြောတဲ့ မမြင်ရတဲ့လက်ဆိုတာက ဒီလို။ ဈေးကွက်ထဲမှာ ရောင်းတဲ့သူတွေရှိမယ် ၀ယ်တဲ့သူတွေရှိမယ်။ ၀ယ်တဲ့သူဆိုတာ ပစ္စည်းကောင်းကို ဈေးချိုတာကိုပဲ လိုချင်တဲ့အတွက် ကိုယ့်ပစ္စည်းရောင်းရရေး ရောင်းတဲ့သူတွေဘက်က အပြိုင်အဆိုင်ပစ္စည်းကောင်းအောင်လုပ်ပြီး ဈေးကို တတ်နိုင်သမျှ အနည်းဆုံးနဲ့ ရောင်းကြတယ်။ ဒါကို ဘယ်သူကမှ ၀င်စွက်ဖက်နေစရာမလိုဘူး။ အဲသည်လို သူ့သဘောသူဆောင်နေမယ့် ဈေးကွက်ကို အစိုးရက ဘာမှ ၀င်မစွက်ဖက်နဲ့၊ လွှတ်သာထားလိုက်။ အဲဒါဆိုရင် ဈေးကွက်က သူ့ဘာသာ အဆင်ပြေနေလိမ့်မယ်ဆိုတဲ့ အယူအဆ။ ဈေးနှုန်းကို အစိုးရက ၀င်ထိန်းနေစရာမလိုဘူး၊ မမြင်ရတဲ့လက်က သူ့ဘာသာထိန်းသွားလိမ့်မယ်ဆိုတဲ့ အယူအဆကို အဒမ်စမစ်ရေးတဲ့ နိုင်ငံများ၏ဘောဂဗလ ဆိုတဲ့စာအုပ်ထဲမှာ အဲသလိုရှင်းပြထားတာ။
.
. . . ဒါပေမယ့် ဒါကို သဘောမတူတဲ့ ပညာရှင်တွေလည်း ရှိသပေါ့။ အစိုးရက ၀င်စွက်သင့်ရင် စွက်ရလိမ့်မယ်ဆိုပြီး အဒမ်စမစ်ကို ငြင်းခဲ့တဲ့လူက ဂျွန်မေးနတ်ကိန်းစ် လို့ခေါ်တဲ့ ပညာရှင်။ ၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဖြစ်တဲ့အခါကျတော့ ကိန်းစ် စဉ်းစားတာက ဈေးကွက်ကို ဒီအတိုင်းလွှတ်ထားလို့ အခုလို စီးပွားပျက်ကပ် ဖြစ်ရတာဖြစ်တယ်။ ဒါကြောင့် ဈေးကွက်ကို အစိုးရတွေက သင့်တော်သလို ၀င်ရောက်ထိန်းကျောင်းပေးရမယ်ဆိုတဲ့ အယူအဆတွေပါတဲ့ စာအုပ်ကို ၁၉၃၆ ခုနှစ်မှာထုတ်တာ။ အဒမ်စမစ်စာအုပ်ထုတ်အပြီး နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ်အကြာမှ ကိန်းစ်ရဲ့ သဘောတရားတွေ ထွက်လာတာ။ ဒါပေမယ့် ကိန်းစ်ပြောတဲ့ ဈေးကွက်ကို ၀င်ထိန်းတယ်ဆိုတဲ့အထဲမှာ ကိုယ်တိုင်ဆိုင်ဖွင့်ပြီးဈေးရောင်းဖို့ မပါဘူး။ လိုအပ်တဲ့ စည်းမျဉ်းဥပဒေတွေ ထုတ်ပြန်ပြီး ဈေးကွက်ကို ကြီးကြပ်ပေးနေဖို့ပဲ ကိန်းစ်က ပြောသွားတာ
.
အနှစ်ချုပ်ပြောရရင် -

... မမြင်ရတဲ့လက်ဆိုတာက ဈေးကွက်ကို အစိုးရက ၀င်ထိန်းစရာမလိုဘူးဆိုတဲ့ အဒမ်စမစ်ရဲ့အယူအဆ
... အစိုးရက ၀င်ထိန်းသင့်ထိန်းရမယ်ဆိုတာက အဒမ်စမစ်ကိုတော်လှန်တဲ့ ကိန်းစ်ရဲ့အယူအဆ
... မမြင်ရတဲ့လက်ကိုထိန်းဖို့အတွက် အစိုးရက ဆိုင်ဖွင့်ရောင်းမယ်ဆိုတာက ကွီးဖြိုးရဲ့အယူအဆ
... အစိုးရကိုယ်တိုင်ဆိုင်ဖွင့်ပြီး ဈေးရောင်းဖို့ကို အပြောတင်မက အလုပ်နဲ့ သက်သေပြသွားတာကတော့ - - -
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေ၀င်း ဖြစ်ပါတယ်ခင်ဗျား 👏👏👏👏👏👏👏👏👏👏👏
.
ဗိုလ်ကောင်း
၈ မတ် ၂၀၁၈
.
မမြင်ရတဲ့လက် - Invisible hand
အဒမ်စမစ် - Adam Smith
နိုင်ငံများ၏ဘောဂဗလ - Wealth of Nations
ဂျွန်မေးနတ်ကိန်းစ် - John Maynard Keynes

No comments:

Post a Comment