Saturday, 10 August 2019

နှမလက်လျှော့နေလေတော့


. . . မြန်မာခေတ်ဟောင်းသီချင်းတွေ ကာလပေါ်သီချင်းတွေ ကြိုက်တတ်တဲ့ ၀ါသနာက အမေ့ဆီက ရတယ်ထင်တာပဲ။ အမေက ငယ်ငယ်ကဆို သီချင်းလေးတအေးအေး ဆိုလေ့ရှိတော့ မာမာအေးတို့ တင်တင်မြတို့ သီချင်းသံတွေက နားယဉ်နေတာကိုး။ အိမ်မှာက လေဒီယို တစ်လုံးပဲ နားထောင်စရာရှိတာမို့ မြန်မာ့အသံကလွှင့်တဲ့ သီချင်းတော်တော်များများလည်း အမှတ်တမဲ့ပဲဖြစ်ဖြစ် နားထောင်ဖြစ်ခဲ့တယ်။ နောက်ပိုင်း အိမ်ကထွက်သွားပြီးတဲ့နောက်မှာလည်း ကက်ဆက်ခေတ်၊ စီဒီဓာတ်ပြားခေတ်၊ ကွန်ပြူတာလက်တော့၊ အင်တာနက်နဲ့ အခုလက်ရှိ အိုင်ဖုန်း အိုင်ပေါ့တွေခေတ်အထိ မြန်မာသံစဉ်သီချင်းတွေကို စွဲစွဲမြဲမြဲ နားထောင်ဖြစ်ပြီး ဆိုရတာလည်း သဘောကျနေတုန်း

. . . ဟိုနေ့က မီးဖိုထဲမှာ ကိုယ့်မြန်မာတွေချည်းပဲရှိနေတော့ ဟင်းချက်ရင်း တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ ဆိုတဲ့ သီချင်းလေးကို ဆိုမိတော့ သူငယ်ချင်းတစ်ယောက်က အဲသည်သီချင်းရဲ့ မူရင်းအစကို သိလားတဲ့ ။ သိတာပေါ့လို့ ကဗျာကို အခုဆိုရင်တောင် ရနေသေးတယ်ဆိုပြီး ဆိုပြ တစ်ချို့နေရာတွေ မေ့တာလည်းရှိတော့ သူကလည်း ထောက်ပြပေးပေါ့။ ကိုယ့်လို ရှေးကဗျာတွေ မြတ်နိုးတတ်တဲ့သူတစ်ယောက်နဲ့ အခုလို ကဗျာအချီအချ ဆိုရတဲ့ အရသာကို မရဖူးတာ ကြာခဲ့ပါပြီကော

. . . နှမလက်လျှော့နေလေတော့ ဆိုတဲ့ သီချင်းရဲ့ မူရင်းအစဖြစ်တဲ့ ပုရေနိသင်အစချီ ပိုဒ်စုံရတုကို ရှင်မဟာရဌသာရ ရေးခဲ့တာပါ။ ကိုယ်တိုင်တော့ တက္ကသိုလ်မှာ ပြဌာန်းစာအနေနဲ့ မသင်ဖူးပေမယ့် ပထမနှစ်နဲ့ ဒုတိယနှစ်မြန်မာကဗျာလက်ရွေးစင်စာအုပ်ကို အိမ်က အမတွေရဲ့ စာအုပ်ပုံထဲကရခဲ့လို့ ဖတ်မိပြီး စာအုပ်ကို အပိုင်သိမ်းထား ကြုံတိုင်းဖတ်ဖြစ်နေတာ အခုထိပါပဲ။ အငယ်တုန်းက အားရင် စာတွေပဲအဖတ်များတော့ ကိုယ်ကြိုက်တဲ့ ကဗျာတွေဆို အလွတ်နီးပါးကို ရနေတဲ့အထဲ ဒီကဗျာလည်း အပါအ၀င်၊ ကျောင်းမှာ မသင်ခဲ့ရတော့ သူ့ရဲ့ ဖွင့်ဆိုရှင်းပြချက်တွေ သေချာကြီး နားလည်နေတာ မဟုတ်ပေမယ့် ကိုယ်နားလည်သလောက်နဲ့ ဒီကဗျာကို ကြိုက်မိစွဲမိတယ်။

. . . ရှင်မဟာရဌသာရက ပဉ္ဇင်းတက်ပြီးချိန်မှာ လူငယ်ဘာသာဘာဝ ရပ်ထဲရွာထဲက မာတုဂါမတစ်ယောက်နဲ့ ရည်ငံမိတယ်ထင်ပါရဲ့။ ကလေးမက “ထပ်ရစ်လက်သင် ထုံးစတွင်” ဆိုတာ ဆံပင်အုပ်လုံးသိမ်းအရွယ်ကို ပြောပုံရတယ်။ ဒီလိုနဲ့ ခိုးပြေးဖို့လားဘာလား မိန်းကလေးနဲ့ အချိန်းအချက် လုပ်ပြီးခါမှ သတိသံဝေဂရပြီး ကိုယ့်ရဲ့စိတ်ကို ပြန်ထိန်းပြီး ကောင်မလေးကို “ဒီဘ၀တွင် နှမလက်လျှော့ နေလေတော့ဟု” နုတ်ဆက်လိုက်ပုံပါပဲ။

. . . ဒီကဗျာမှာ သူ့နဲ့ရည်ငံနေတဲ့ ကောင်မလေးကို ငြင်းပယ်လိုက်တာကိုပဲ လူသိများပြီး ဘာလို့ သတိတမန် ဥာဏ်မြေကတုတ်နဲ့ ကိုယ့်စိတ်ကို ချွန်းပြန်အုပ်နိုင်ခဲ့လဲဆိုတာကို သိပ်သတိမထားမိကြတာ များပါတယ်။ ကိုယ်နားလည်မှုအရဆိုရင် ရှင်မဟာရဌသာရ သာသနာ့ဘောင်ကို ၀င်တယ်ဆိုတာ “လူ့မြေတိတွင် ဘက်မမြင်သား” လို့ ဒုတိယပိုဒ်မှာချီထားတဲ့ ရဟန်းမယ်တော်ရဲ့ ဆုံးမမှုကို ငဲ့ကွက်ပြီးအခုလို သတိသံဝေနဲ့ ပြန်ထိန်းသိမ်းခဲ့တယ်လို့ နားလည်ရပါတယ်။ ဒါပေမယ့်

. . . ကဗျာရဲ့ တတိယပိုဒ်မှာတော့ စာဆိုအရှင်ရဲ့ သက်ပြင်းသံ တငြီးငြီးကို ကြားနေရသလိုပါပဲ။ သူ့ကောင်မလေးကို ရဟန်းဘ၀နဲ့ မအပ်စပ်လို့ စွန့်လွှတ်လိုက်ရပေမယ့် တကယ်တမ်းကျတော့ သူ့ရင်ထဲမှာ ကောင်မလေးကို မေ့နိုင်ပုံမရပါဘူး။ မြို့ရှေ့က ညောင်ပင်ရုက္ခစိုးကို သက်သေထားပြီး အချစ်တွေတိုင်တည်ခဲ့တာကို တတမ်းတတဖြစ်ပြီး ညတွေညတွေမှာ နာရီတွေသာ တစ်နာရီပြီးတစ်နာရီ ကုန်သွားတယ် သူ့မှာတော့ အိပ်၍မပျော်သော ညတစ်ညသံသရာလည် ဖြစ်နေရတဲ့အကြောင်း သနားစရာ ရေးဖွဲ့ထားတာကို ခံစားမိပါတယ်

. . . နောင်များကြုံတဲ့အခါ မြန်မာစာဆရာတွေနဲ့တွေ့ရင် ကဗျာအကြောင်း သေချာရှင်းပြခိုင်းဖို့ မှတ်ထားတယ်၊ အလျဉ်းသင့်တဲ့အခါ သီချင်းဆိုပြီး တင်ပေးပါအုံးမယ်

ဗိုလ်ကောင်း

၁၀ သြဂုတ် ၂၀၁၉

No comments:

Post a Comment