.
. . . ပထမဆုံး စာပေဟောပြောပွဲ နားထောင်ဖြစ်တဲ့အချိန်တုန်းက အလယ်တန်းကျောင်းသားလောက်ပဲ ရှိအုံးမယ်ထင်တယ်။ သာဝတ္ထိလမ်းဆုံ အုပ်ချုပ်ရေးမှူးရုံးရှေ့က ကြက်လျှာစွန်း မြေကွက်လပ်မှာ ထရန်စဖော်မာကြီး နောက်ကျောပေးပြီးဇာတ်စင်ဆောက် လုပ်တဲ့ စာပေဟောပြောပွဲ။ ဆရာကြီး ဦးအောင်သင်းရယ်၊ စာရေးဆရာဖေမြင့်ရယ်၊ နောက်တစ်ယောက်က ဘယ်သူပါလိမ့် မေ့နေပြီ . . . ထားပါတော့ . . .
.
. . . အဲသည်ပွဲမှာ ဆရာကြီး ဦးအောင်သင်း ပြောခဲ့တဲ့ စကားလေးဟာ ခုထိကို နားထဲက မထွက်ဘူး။ မထွက်ဆို နောက်ပိုင်း ဆရာကြီးရေးတဲ့ စာအုပ်တွေမှာသာမက ခုနောက်ပိုင်း အင်တာနက်တွေ ခေတ်စားလာလို့ နားထောင်ရ ကြည့်ရတဲ့ ဆရာကြီးရဲ့ ဟောပြောပွဲတွေမှာပါ အဲသည်အကြောင်း ခဏခဏ ထည့်ပြောတာကိုး . . .
.
. . . စစ်သူကြီး မဟာဗန္ဓုလလောက် သတ္တိရှိတဲ့သူ ရှိအုံးမလားတဲ့ . . . ဒါပေတဲ့ တိုက်ပွဲဖြစ်တော့ ဟို အင်္ဂလိပ်ကောင်က ထုန်းဆို အမြောက်နဲ့ ထုလိုက်ရော၊ ဟော စစ်သူကြီး မဟာဗန္ဓုလ သေရော တဲ့။ သူထုန်းသလို ကိုယ်ကမှ ပြန်မထုန်းနိုင်တာတဲ့ . . . မြန်မာတွေ ဘယ်လောက် သတ္တိရှိရှိ ဘယ်လောက် မျိုးချစ်စိတ်ရှိရှိ ပညာမရှိတော့ သူ့ကျွန်ဖြစ်တာပဲ တဲ့ . . . ဆရာကြီးပြောတဲ့ စကားအတိအကျမဟုတ်ပေမယ့် အဲသည်သဘော ဆရာကြီးက ပြောတဲ့အခါ အလယ်တန်းကျောင်းသားပေါက်စလေး ကိုယ့်မှာ ကြက်သီးတွေဘာတွေတောင် ထသွားခဲ့ဖူးတယ် . . .
.
. . . အခုလည်း တစ်ချိန်က စစ်တပ်က အုပ်ချုပ်တာကို မကြိုက်လို့ တော်လှန်တဲ့သူတွေ ဒီမိုကလေဆီဆိုသူတွေက သူတို့ကိုယ်သူတို့ အင်မတန်မှကို တရားမျှတတာ မြတ်နိုးလှချည်ရဲ့၊ လူ့အခွင့်အရေးကို လေးစားလှချည်ရဲ့၊ အနစ်နာခံ စွန်လွှတ်နိုင်လှချည်ရဲ့ စသည်ဖြင့် လက်သီးလက်မောင်းတန်း ကြွေးကြော်ရင်း နိုင်ငံကို စီမံခန့်ခွဲသူနေရာရောက်လာတဲ့အခါ အရင်တုန်းက သူတို့ အဆင့်မမီဘူးပြောပြောနေတဲ့၊ သာမန်ဥာဏ်ရည်ရှိတဲ့ ဘယ်သူမဆို လက်လှမ်းတမီယူနိုင်လောက်တဲ့ အတန်းကျောင်းပြီးမြောက်မှု အဆင့်လောက်တောင် ကိုယ့်ကိုယ်ကို မဖြည့်ဆည်းခဲ့ဘဲနဲ့၊ အရင့်အရင်က စစ်တပ်ကို တော်လှန်လို့ ထောင်ကျတဲ့ကာလ အတိုအရှည်နဲ့ ကိုယ့်ကိုယ်ကို သိဒ္ဓိတင်ရင်း ပညာသင်ယူဖို့ လစ်ဟင်းခဲ့တဲ့အခါ ခုနေအခါ ဘယ်လိုတွေ ပရမ်းပတာ ပြောဆိုပြုမူနေကြသလဲဆိုတာ အထွေအထူး ပြောစရာတောင် မလို . . .
.
. . . ဒီမိုခလေဇီတွေ လူ့ခွင့်ရေးတွေ လက်သီးလက်မောင်းတန်းရင်း ထောင်ထဲမှာတင် အချိန်ကုန်နေကြတဲ့အခါမှာ သူတို့တော်လှန်နေပါတယ်ဆိုတဲ့ စစ်တပ်ကြီးက သူ့ကိုသူ စနစ်တကျနဲ့ ပြုစုပျိုးထောင်လို့၊ ပညာရှင်တွေ မွေးမြူလို့၊ အနာဂတ်ခေါင်းဆောင်လောင်းလျာတွေ တန်းစီလို့ ဖြစ်နေတာကို မြင်ရခါမှ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ စိတ်ကူးမရဘဲ ပုတ်ခတ်ဆဲရေးဖို့လောက်သာ အတွေးဝင်နေမယ်ဆို နောင်လည်း ဒီလိုပဲ သူများလုပ်တိုင်း ခံနေရအုံးမှာပဲ . . .
.
. . . ပြောလိုက်ရင် အရပ်ဘက်အုပ်စိုးမှု၊ စစ်ဘက်ကို အရပ်ဘက်ထိန်းချုပ်မှုအောက်ထားရှိရေး။ တကယ်လုပ်နေတာက ကိုယ့်အရည်အချင်းကို မြှင့်တင်ဖို့ မကြိုးစားဘဲ၊ အရည်အချင်းရှိသူကို တာဝန်ပေးဖို့ မြေတောင်မြှောက်ဖို့ ခေါင်းဆောင်မှု လက်ဆင့်ကမ်းဖို့ မစဉ်းစားဘဲ ကိုယ့်စကားနားထောင်မယ် ကိုယ်ပြောသမျှ ဗောင်းတော်ညိတ် စိတ်တော်သိ ခပ်ဒူဒူ ခပ်ထုံထုံတွေကိုပဲ ၀န်းရံခစားစေမယ်ဆိုရင်တော့ဖြင့် အနှီပုဂ္ဂိုလ်တို့ရဲ့ လက်သီးလက်မောင်းတန်း မစားရ၀ခမန်း ကြွေးကြော်သံတွေက ကြွေးကြော်သံအဆင့်ထက် ထပ်တက်လာဖို့ မမြင် . . .
.
. . . စစ်ဘက်ကို ထိန်းချုပ်ချင်ရင် စစ်ဘက်ထက် သာအောင်ကြိုးစားကြပါ၊ သစ်ပင်တစ်ပင်ကို စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဖြစ်ပါတယ်။ အကောင်းဆုံးအချိန်တုန်းက မစိုက်ဖြစ်ခဲ့မိလို့ သူများတွေ သစ်ပင်တွေ စိမ်းလန်းဝေစည်နေတာမြင်ရင်လည်း အဲသည်အပင်တွေကို ခုတ်ထွင်ဖယ်ရှားဖို့လောက်ပဲ စိတ်ကူးမနေပါနဲ့။ ဒုတိယအကောင်းဆုံးအချိန်ဖြစ်တဲ့ ဒီနေ့ဒီအခါမှာ သစ်ပင်စိုက်ဖို့ စိတ်ကူးပါ စီမံကိန်းချပါ လက်တွေ့အကောင်အထည်ဖော်ပါ။ ကိုယ့်ထက်သာသူတွေကို ပုတ်ခတ်နေရုံနဲ့တော့ ကိုယ်ရဲ့ ငတုံးဘ၀က ကျွတ်သွားမှာမဟုတ် . . .
.
. . . ဆရာကြီးဦးအောင်သင်းရဲ့ စကားနဲ့ပဲ ပြောရရင် စစ်တပ်ကို တော်လှန်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားသူများ စစ်တပ်က တစ်ချက်ထုန်းရင် ကိုယ်က ဆယ်ချက်လောက် ပြန်ထုန်းနိုင်အောင် စာသင်ကြ . . .
.
ဗိုလ်ကောင်း
၆ နိုဝင်ဘာ ၂၀၁၇
No comments:
Post a Comment