Monday 27 November 2017

ခူးချင်ပါနဲ့ကွယ်


.
. . . ဒီအချိန်မှာ ဒီပန်းမပွင့်ဘူးဆိုတာ သိပေမယ့် အရွက်စိမ်းစိမ်းအုပ်အုပ်တွေကြားမှာ အနီရောင်ပန်းဆွဲလေးတွေ တွဲရရွဲကျနေတတ်တဲ့ သော်ကကြီးပန်းလေးတွေကို မြင်ရနိုးနဲ့ အပင်အောက်ကို ရောက်လာခဲ့တယ်။ ဒီနေရာရောက်တိုင်း ပန်းခူးပေးဖို့ ပူဆာတတ်တဲ့ ကလေးမလေး မိခိုင်ရေ . . . အခုလောက်ဆိုရင် မင်းလည်း ဦးလူကြီးကို မေ့လောက်ရောပေါ့ . . . မိခိုင်လေး ပူဆာတဲ့ ပန်းကို ဘယ်တုန်းကမှ မခူးပေးခဲ့ဖူးတဲ့ ဦးလူကြီးတစ်ယောက် အခု သော်ကပင်ကြီးအောက် ရောက်လာရပြန်ပြီလေ . . .
.
. . . မခူးချင်စမ်းပါနဲ့ ကလေးရယ် ပန်းဆိုတာ အပင်ပေါ်မှာ လှနေတာ အကောင်းဆုံးပါ . . . ကလေးလိုချင်လို့ ကိုယ်ခူးပေးတယ်ပဲ ထားပါတော့ ဒီပန်းက ကလေးလက်ထဲမှာ ဘယ့်ကလောက်ကြာအောင် လှနိုင်မှာလဲ. . . လာလာ ကလေးကြည့်ချင်တယ်ဆိုရင် ကိုယ်နဲ့အတူ နေ့တိုင်းလာကြည့်ကြတာပေါ့ . . . မခူးခိုင်းနဲ့နော် . . .
.
. . . အဓိပတိလမ်းထိပ် ဘွဲ့နှင်းခန်းမကြီး ဘေးတစ်ဘက်တစ်ချက်က သော်ကကြီးပင်တွေအောက်ရောက်တိုင်း ခိုင် ဆိုတဲ့ ကောင်မလေးကို ပြောရ ချော့ရတဲ့ စကား၊ ဒီအပင်ကြီးအောက်ရောက်တိုင်း ဒီပန်းတွေကို မော့ကြည့်ကြတိုင်း ပန်းခူးပေးဖို့ သူကလည်း အပ်ကြောင်းထပ်အောင် ပူဆာသလို ကိုယ်ကလည်း ဒီစကားနဲ့ပဲ မရိုးနိုင်အောင် ချော့နေကြ။ တောင်ငူဆောင်မှာတက်တဲ့ ပုံမှန်အတန်းတွေ ပြီးတဲ့အခါ ညနေပိုင်း ကွန်ပြူတာသင်တန်းတက်ဖို့ သင်္ချာဌာနဘက်ကို အသွား အာစီထဲက ကုက္ကိုပင်ကိုင်းကိုင်းကြီးတွေအောက်က အုတ်ခုံမှာ ထိုင်ထိုင်စောင့်နေတတ်တဲ့ခိုင့်ကိုခေါ်ပြီး ဘွဲ့နှင်းခန်းမဘေးက သော်ကကြီးပန်းတွေကို မပျက်မကွက် လိုက်ပြရတယ်။ အရွက်စိမ်းစိမ်းတွေကြားမှာ အခိုင်လိုက် အခိုင်လိုက် တွဲရရွဲကျနေတတ်တဲ့ အနီရောင်ပန်းဆွဲလေးတွေကို မြင်တိုင်း သူကလည်း ခူးပေးဖို့ ပူဆာတတ်သလို ကိုယ်ကလည်း အမြဲငြင်းနေကျ . . .
.
. . . ဒီနေ့လည်း ခါတိုင်းလိုပဲ သော်ကကြီးပင်အောက်ရောက်တော့ သူက ခူးပေးဖို့ မပူဆာခင် ကိုယ်က တစ်ခုကို သတိရပြီး ပြုံးလိုက်မိတယ်။ ကွန်ပြူတာပရိုဂရမ်ဘာသာရပ်မှာ သင်ရတဲ့ Looping ပတ်တယ်ဆိုတဲ့အကြောင်း၊ ပရိုဂရမ်တစ်ခုကို လိုအပ်တဲ့အခါ ထပ်ခါထပ်ခါ အလုပ်လုပ်နေအောင် စီစဉ်ရေးသားရတဲ့ သဘောတရားတစ်ခု။ အခုလည်း သော်ကကြီးပန်းနဲ့ သူပူဆာတာနဲ့ ကိုယ်ငြင်းတာနဲ့က အမြဲ လူပင်ပတ်နေကြောင်း သူ့ကို ရှင်းပြတော့ သူကလည်း သဘောကျပြီး ရယ်တယ်။ အဲသည် လူပင်ပတ်တာကို ရပ်သွားအောင် ဘယ်လိုလုပ်ကြမလဲဟင် ဆိုတော့ ကျောင်းပြီးရင်တော့ လူပင်ပတ်တာ ရပ်သွားမှာပါလို့ ရင်ထဲမှာပဲ တိုးတိုးလေး ပြန်ဖြေလိုက်တယ်. . . ဘာလိုလိုနဲ့ ကျောင်းတောင် ပြီးတော့မှာပါလား ဆိုတဲ့ အတွေးက လူကို မွန်းကျပ်သွားစေပြန်တယ် . . .
.
သွားခါနီး မောင်ကြီးရယ်တဲ့ မှာခဲ့မယ်
သစ်ပင်ကို လူမဆွတ်စေနဲ့ ကိုင်းညွှတ်တတ်တယ်
တောမြိုင်လယ် သားရေကွယ့်နွယ်ရှာတုန်း
မောင်ကြီး တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး . . . ဆိုတဲ့ ကိုယ်ကြားဖူးတဲ့ ကဗျာအပိုင်းအစတစ်ခုကို စာရွက်ပေါ် ချရေးပြတော့ ကလေးမက မျက်စောင်းထိုး နုတ်ခမ်းစူတယ် . . . ဟွင်း ဦးလူကြီးက အကြာကြီး သွားစရာရှိလို့ သူများကို နုတ်ဆက်ကဗျာလေး ရေးပေးမယ်ဆိုလို့ စိတ်ကူးတွေယဉ်လိုက်ရတာ . . . ရေးမယ့်ရေးတော့လည်း တောကဗျာကြီး လို့ ဆိုလာတဲ့ ခိုင်ဆိုတဲ့ ကောင်မလေးရဲ့ မချင့်မရဲလေသံကြားမှာ ကိုယ့်ရင်ထဲက တကယ်ရှိနေတာကို ထုတ်မပြောရက်တဲ့အကြောင်း အသံမထွက်ပဲ ဖြေရှင်းချက်ပေးနေမိတယ် . . . ကလေးလေးရယ် . ဘာလို့များ ကိုယ်လိုလူကို သံယောဇဉ် လာတွယ်နေရတာလဲကွယ် . . . ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးလေး ခိုင့်ကို စိတ်ဒဏ်ရာတွေ မပေးခဲ့ချင်ပါဘူး။ ခိုင်တို့အရွယ်က ဘယ်လိုပဲ စိတ်ကစားတယ်ဆိုပေတဲ့ ကိုယ့်မှာတော့ စည်းစောင့်ရမယ် မဟုတ်လား။ ညနေကျောင်းဆင်းတယ် ကွန်ပြူတာသင်တန်းတက်တယ် ခိုင်က လာကြိုတယ် . ပြီးတာနဲ့ ခိုင်တို့အိမ်ကို လိုက်သွားမယ် . ခိုင့်ကို တစ်နာရီခွဲလောက် အင်္ဂလိပ်စာသင်မယ် . ပြီးရင်ပြန်မယ် . ဒီအတောအတွင်း ဖြူစင်ရှင်းသန့်နေသေးတဲ့ ခိုင်ဆိုတဲ့ ကလေးလေး စိတ်ကစားပြီး စိတ်ကူးယဉ်နေတာတွေကို ကိုယ်က အခွင့်ကောင်းမယူပါရစေပါနဲ့ မိခိုင်လေး . . .
.
. . . "ဦးလူကြီး . . . ခိုင်မေးနေတယ်လေ ခိုင့်ကို လွမ်းနေမှာလားလို့. . ."
တကယ့်တကယ်ကျတော့ ကိုယ်က ကျောင်းပြီးရင် ကိုယ်တာဝန်ကျတဲ့ နေရာကိုပြန်. . . ခိုင်ဆိုတဲ့ ကလေးမလေးက ရန်ကုန်မှာ ကျန်ခဲ့တော့မှာပဲလို့ တွေးထားခဲ့ပေမယ့် တကယ်ကျန်ခဲ့တဲ့သူက ကိုယ်ပဲဖြစ်နေပါလားဆိုတာ ကျောင်းမပြီးခင် နောက်ဆုံးအတန်းမှာ သိလိုက်ရတယ်။ ဒီအသက်ဒီအရွယ်နဲ့မို့ တွေ့ရကြုံရတာတွေ သံယောဇဉ်တွယ်ခဲ့ရတာတွေ ခွဲခွာခဲ့ရတာတွေ အထိုက်အလျောက် ရှိခဲ့ဖူးတယ်ဆိုပေမယ့် ကိုယ်က ထားချန်ရစ်ခံရတော့မယ်ဆိုတော့လည်း လွယ်လွယ်ဖြတ်လို့မရတဲ့ သံယောဇဉ်ဆိုတာကြီးကို မုန်းမိပြန်တယ် . . .
.
. . . " . . . ဘယ့်နှယ်လုပ် လွမ်းနိုင်အားပါ့မလဲ ကလေးရာ ဦးလူကြီးက မကြာခင် စာမေးပွဲတွေ ဖြေရတော့မယ်၊ ဟော စာမေးပွဲတွေ ပြီးပြီဆိုတာနဲ့ တပ်ကိုပြန်ပြီး ခေါင်းမဖော်နိုင်အောင် လုံးချာလည်လိုက် အလုပ်များတော့မှာ ၊ ကလေးကို သတိရဖို့ နေနေသာသာ ကိုယ့်ဘာသာ ယားရင်တောင် မကုတ်အားလို့ ထုံးတို့မှတ်ထားရမယ့် အခြေအနေကိုများ . . . " ရင်ထဲက လာတဲ့ စကား မဟုတ်ပေမယ့် ခါတိုင်းလိုပဲ ဟီးဟီးဟားဟားလုပ်ပြီး စကားကို သော့ပစ်လိုက်ရတယ်။ ကိုယ့်အဖြေကို မကျေနပ်မှန်း သိပေမယ့် ကလေးကျေနပ်မယ့် အဖြေမျိုးတော့ မပေးပါရစေပါနဲ့တော့၊ ကလေး သွားစရာရှိတာ စိတ်လွတ်လွတ်လပ်လပ်နဲ့ သွားပါစေတော့ . . .
.
. . . မိခိုင်ဆိုတဲ့ ကလေးမလေး ဟောသည် မြန်မာပြည်မှာ မရှိတော့ဘူးဆိုကတည်းက ကိုယ်လည်း သော်ကပင်ကြီးဘက်ကို ခြေဦးမလှည့်ဖြစ်တော့တာ . . . အခု နှစ်ပေါင်းတွေအများကြီးကြာတော့မှ တက္ကသိုလ်ထဲတစ်ခေါက်ပြန်ရောက်လို့ အဓိပတိလမ်းဆုံးအောင် လျှောက်လာရင်း ဒီအပင်ခြေရင်းကို အမှတ်မထင်ရောက်လာဖြစ်တာ . . . ဒီအပင်နားရောက်တော့လည်း ခိုင်ဆိုတဲ့ ကလေးမလေးကို လွမ်းဖြစ်အောင် လွမ်းမိလိုက်သေးတယ် . . . အခုနေများ ဒီကလေးမလေးနဲ့ ဒီအပင်ကြီးအောက် မတော်တဆဖြစ်ဖြစ် ပြန်ဆုံကြတယ်ထားပါတော့ . သူကများ ပန်းခူးပေးဖို့ပူဆာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်အချိန်တုန်းကလို မခူးချင်စမ်းပါနဲ့ကလေးရယ်ဆိုပြီး ပန်းတရားဟော ဖြေသိမ့်ဖြစ်မလား . . . ဒါမှမဟုတ် မိခိုင်မလေးအလိုကိုလိုက်ပြီး ပန်းတွေခူးပေးဖြစ်လိမ့်မလားဆိုတာတော့ . . .
.
မောင်လွမ်းဝေ
၂၇ နိုဝင်ဘာ ၂၀၁၇

No comments:

Post a Comment