Sunday, 31 December 2017
တိမ်တွေနောက်မှာပုန်းတဲ့လ
.
. . . ပြာသိုလဆန်း ဆယ့်လေးရက် . . ထိန်ထိန်သာနေမည့် လရောင်အောက်မှာ တောက်ပစွာစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကမ်းနံဘေး အေးအေးလူလူလမ်းလျှောက်ရင်း ကြယ်တွေကိုငေးကာ တွေးချင်ရာတွေးနေဖြစ်မည်ဟု စိတ်ကူးယဉ်ခဲ့သော်လည်း တကယ်တမ်းကျတော့ လက မသာ။ ဘယ်ကဘယ်လိုရောက်လာမှန်းမသိသည့် အခါမဲ့မိုးသားတိမ်ရိပ်များကြောင့် မိုးလေးတွေတောင် ဖြိုးတိုးဖျောက်တောက်ကျလို့။ မြေငွေ့အပူဟပ်ရုံရွာသည့် မိုးကြောင့် မြေထဲတွင်းထဲ မနေနိုင်ဘဲ ထွက်လာကြမည့် အကောင်ရှည်ရန်ကိုကြောက်သဖြင့် လက်ကိုင်ဖုန်းမီးရောင်လေးအားကိုးဖြင့် ရိပ်သာရှေ့ အပင်တန်းမှာ စုန်ကာဆန်ကာလျှောက်ရင်း ရောက်ဖြစ်ခဲလှသော မြန်မာပြည်အထက်အညာရဲ့ ညဦးပိုင်းအသံကို နားဆင်ကြည့်နေမိသည်။ ဟိုမှသည်မှ စည်းချက်ညီညီသံစုံမြည်နေသော ပုရစ်သံ ပိုးသံ ပုစဉ်းရင်ကွဲသံ၊ တစ်ချက်တစ်ချက် ပေါ်ထွက်လာတတ်သည့် အိပ်တန်းတက်ငှက်တစ်ကောင်တစ်လေ၏ အိပ်မက်ယောင် ကယောင်ကတမ်းအော်မြည်သံ၊ ထိုထိုသော သာယာနာပျော်ဖွယ် သဘာဝညအသံလေးတွေကြား မြစ်ထဲက စက်တပ်လှေသံ တဒုတ်ဒုတ်ကလည်း ညဥ့်ဂီတကို စည်းချက်လိုက်ပေးနေသလိုလို . . .
.
နှစ်သစ်ကူးည
.
. . . ဒီလိုအခါမျိုးရောက်တိုင်းမှာ အမြဲတမ်းလိုလို သတိရမိသည်က သူ့ဘ၀မှာ ပထမဆုံး လက်ခံရရှိခဲ့ဖူးသည့် နှစ်သစ်ကူးနုတ်ခွန်းဆက် ကတ်ကလေး။ ရေခြားမြေခြား မိုင်ပေါင်းထောင်ချီ အရပ်ကနေ လေယာဉ်တစ်တန် ကားတစ်တန် လူတစ်တန်ဖြင့် မိမိလက်ဝယ် ဒုတ်ဒုတ်ထိ ရောက်လာခဲ့သော ကတ်ပြာပြာကလေး။ သူတစ်ခါမှ မသင်ယူခဲ့ဖူးသည့် ဘာသာစကားအက္ခရာများဖြင့် ရေးသားထားသောကြောင့် ကတ်ပြားပေါ်က ပုံနှိပ်စာလုံး ဆယ့်လေးငါးလုံးကို မဖတ်တတ်သော်ငြား ကတ်အပြင်အဆင်ရုပ်ပုံလေးများကို ကြည့်ခြင်းအားဖြင့် နှစ်သစ်ကူးနုတ်ခွန်းဆက်လွှာဟု အလွယ်တကူ သိနိုင်လောက်သော ငွေမှင်မှုန်လေးများ ထည့်သွင်းအလှဆင်ထားသည့် ကတ်ပြာပြာကလေး။ စာရေးကောင်း အတွေးလှသလို လက်ရေးလေးတွေကလည်း သူငယ်ငယ်က အားကျခဲ့ဖူးသည့် အင်းသာမြောက်ကျောင်းက ကိုရင်ကြီးများရေးသလို ၀ိုင်းဝိုင်းကြီးကြီး လက်ရေးထင်းထင်းကြီးဖြင့် ရေးထားသည့် သူ့သူငယ်ချင်း၏ နုတ်ခွန်းဆက်စကား။ စာလေးနှစ်ကြောင်းလောက်နဲ့ တစ်မျက်နှာလုံးပြည့်အောင် လှလှပပ နေရာချရေးသော ထိုနုတ်ခွန်းဆက်လွှာတွင် ပေးပို့သူလက်မှတ်ကလည်း တကယ့်ကို တခမ်းတနား။ ဒီလောက်ဝေးလံလှသည့် ရေမြေခြားအရပ်ကနေ ဘယ်နေ့ပို့လို့ ဘယ်နေ့ရောက်မယ်မှန်း ဘယ်တော့မှ မသေချာသည့် မြန်မာပြည်ဆက်သွယ်ရေးစာတိုက်ကတစ်ဆင့် သူ့ထံသို့ နှစ်သစ်ကူးနေ့မနက်မှာ အတိအကျ ရောက်လာသည့် စာကိုကြည့်ပြီး အံ့သြရသလို ကိုယ့်ကို အလေးဂရုပြုနိုင်အားသည့် သူငယ်ချင်းတစ်ယောက်ရှိနေခြင်းအတွက်လည်း နွေးထွေးသောမေတ္တာကို ဘယ်အခါပြန်တွေးတွေ ဖော်ကျူးနေသေးသည့် ဒီစာလေးကို သူ တန်ဖိုးတထား သိမ်းထားခဲ့သည့်မှာ ဆယ့်လေးနှစ်ပင် တိုင်ခဲ့ပါပကော . . .
.
. . . ဆယ်တန်းအောင်ပြီး အထက်တန်းကျောင်းသားဘ၀ကို စွန့်လွှတ်ပြီးသည့်နောက် ငယ်ပေါင်းများနှင့် ခွဲခွာခဲ့ရပြီးကတည်းက သူငယ်ချင်းဆိုတာ နောက်ထပ် ရှိနိုင်လိမ့်မည်မဟုတ်တော့ဟု မှတ်ထင်ထားရာက ပုံစံခွက်တစ်ခုအတွင်း သုံးနှစ်တာ ကျင်လည်ရင်း အရင်းနှီးဆုံးဖြစ်လာခဲ့ရသည့် သူငယ်ချင်းများစွာထဲက တစ်ယောက်။ သဘာဝအလှအပတွေကို ခံစားတတ်တာချင်းလည်းတူ၊ စာတွေကဗျာတွေကို ချစ်တတ်တာချင်းလည်းတူ၊ ဗဟုသုတလေ့လာလိုက်စားရာမှာလည်းအတူတူ နောက်ပြီး ဂဂျီဂဂျောင်ကျ ဂျစ်တစ်တစ်လုပ်တတ်တာချင်းလည်း အတူတူဆိုတော့ တော်ရုံတန်ရုံလူဆိုလျှင် ဝေးဝေးက ရှောင်သွားခံရသည့် သူတို့နှစ်ယောက်က ရွာပြင်ထွက်ပြီး လေပေးဖြောင့်နေခဲ့ကြသလိုလို။ လေပေးဖြောင့်သည်ဆိုသော်လည်း ကုန်ခဲ့သည့် ဆယ့်လေးနှစ်အတွင်း သူတို့နှစ်ယောက်က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ တစ်ခါတစ်ခါ ဘာကြောင့် ရန်ဖြစ်တယ်ဆိုတာကိုမေ့သွားပြီး ဟေးလေးဟားလား ပြန်ဖြစ်သွားကြသလို တစ်ခါတစ်ခါကျပြန်တော့လည်း ပြန်ခေါ်ဖို့မေ့တာရယ် တစ်ယောက်ပြန်အခေါ် တစ်ယောက်က စောင့်နေတာရယ်နဲ့ နှစ်နဲ့ချီပြီး ဆက်ဆံရေးပြတ်တောက်သွားခဲ့ရသည်လည်း ရှိသည်။ ဒါပေမယ့် ခုနောက်ဆုံးအခေါက်မှာတော့ . . .
.
. . . ခုနှစ်သက္ကရာဇ်များကို သေသေချာချာ မှတ်သားလေ့မရှိခဲ့သော်လည်း နောက်ဆုံးအခေါက် သူတို့ ပြန်စကားပြောဖြစ်ကြသည့်အချိန်ကမူ သူ့အတွက် အမှတ်ထင်ထင် ဖြစ်စရာ။ ဖေ့ဘုတ်လူမှုကွန်ယက်မှာ သူ့ကို ကြည့်ခွင့်မြင်ခွင့်မရအောင် လုပ်ထားသူတစ်ယောက်က သူငယ်ချင်းအဖြစ်အသိအမှတ်ပြုပေးရန် တောင်းဆိုချက်သင်္ကေတ ပို့လာတာမြင်ရတော့ သူ့မှာ ယုံရခက် မယုံရခက်။ တောင်းဆိုချက်ကို လက်ခံလိုက်ပြီးနောက် ကိုယ့်ရဲ့ နုတ်ခွန်းဆက်စကားတွေ ရေးပြီး သူ့ထံက ပြန်ကြားချက်ကို မမျှော်ဝံ့ဝံ့ မျှော်ဝံ့ဝံ့ စောင့်စားရင်း တစ်ရက်မပြည့်မီမှာပင် သူ့သူငယ်ချင်းဆိုတာ သေချာသွားသည့် ပြန်ကြားချက်ကိုရတော့ သူ့မှာ ပျော်လို့ မဆုံးခဲ့။ သူဘယ်တော့မှ မစွန့်လွှတ်ချင်သည့် သူငယ်ချင်းတစ်ယောက် ပြန်ရလိုက်တာကိုလည်း ကျေနပ်ဝမ်းသာလို့မဆုံးခဲ့။ သို့သော် . . .
.
. . . တဖျောက်ဖျောက်ကျလာသောမိုးက သူ့အတွေးများကို ရပ်တန့်ပစ်လိုက်သလိုလို။ ခေါင်းမိုးစိုလျှင် နှာစေးခေါင်းကိုက်တတ်သော သူ ရိပ်သာထဲအမြန်ပြန်ပြေးဝင်လာခဲ့ရသည်။ ဆင်ဝင်အောက်ရောက်တော့ ခုနလျှောက်နေတွေးနေခဲ့သည်တို့ကို သံယောဇဉ်မဖြတ်နိုင်သည့်အလား မိုးသားတိမ်ရိပ်တွေပြည့်နေသည့် ကောင်းကင်ကြီးကို သမင်လည်ပြန်ကြည့်နေမိပြန်သည်။ ဒီတိမ်တွေမရှိရင်ကောင်းမှာဘဲဟုလည်း တောင့်တလိုက်မိပြန်သည်။ လက်ရှိအခြေအနေမှာတော့ သူ့ဆန္ဒတို့ တကယ်ဖြစ်လာစရာအကြောင်းမမြင် . . .
.
. . . နှစ်သစ်ကူးညရဲ့ ပြည့်လုဆဲ လမင်းကြီးကတော့ တိမ်တွေနောက်မှာ ပုန်းခိုနေဆဲ . . .
.
မောင်လွမ်းဝေ
၃၁ ဒီဇင်ဘာ ၂၀၁၇
Subscribe to:
Post Comments (Atom)
No comments:
Post a Comment