Thursday, 7 December 2017

သူစိမ်းတို့ရဲ့အလယ်မှာ

.
. . . သူ ဆယ်တန်းအောင်ပြီး ရန်ကုန်ရောက်သည့် နှစ်မှာပင် ဒီသစ်ပုတ်ပင်ကြီးကို စတင်သိကျွမ်းခဲ့ရသည်။ မဟုတ်သေးပါဘူး။ အပြင်မှာ တကယ်မြင်ဖူးခဲ့ရသည်ဆိုမှ မှန်တော့မပေါ့။ သူဖတ်ဖူးတဲ့ ၀တ္ထုတွေထဲ ဒီသစ်ပုတ်ပင်ကြီးကို ရင်းနှီးခဲ့ရတာ ကြာခဲ့ပြီလေ။ အဲသည်နေ့က သစ်ပုတ်ပင်ကြီးကို မြင်ဖူးခဲ့ရသည် ဆိုသော်လည်း သူ့ကိစ္စနဲ့ ရောက်နေတာတော့ မဟုတ်။ သူနေသည့်အိမ်က မမငယ် မဟာဘွဲ့ယူ အစမ်းလေ့ကျင့်သည့်နေ့မှာ သူက ပါလာရင်း ဒီသစ်ပုတ်ပင်ကြီးကို မြင်ဖူးခဲ့ရတာကလား။ အခုနေ မမငယ်တို့ ဘွဲ့ယူတုန်းက ပုံတွေ ပြန်ကြည့်လျှင် မည်းမည်းပိန်ပိန် ကောင်လေးတစ်ယောက် သစ်ပုတ်ပင်ရှေ့က အဖွဲ့လိုက်ပုံတွေထဲ ပါနေနိုင်သေးသည်လေ။ ဘာပဲပြောပြော ဘွဲ့ယူမိသားစုတစ်ဦးအနေနှင့် ရန်ကုန်တက္ကသိုလ်ထဲ ရောက်ခဲ့သည့် အဲသည်နေ့ကို ပထမအကြိမ်ဟု မှတ်ထားလိုက်သည်။ ဆယ်တန်းအောင်စာရင်း ထွက်ပြီးခါစ ပူပူနွေးနွေး ဆယ်တန်းအောင် ကျောင်းသားလေးတစ်ယောက် ဂုဏ်ရှိန်ထည်ဝါလှသည့် တက္ကသိုလ်ကြီးထဲသို့ ပထမဆုံးအကြိမ် ရောက်ဖြစ်ခဲ့သည့် အမှတ်တရနေ့။ သည်လောက် ကြီးကျယ်ခမ်းနားသည့် တက္ကသိုလ်ကြီးမှာ ကျောင်းတော်သားကြီးလုပ်ဖို့တော့ စိတ်ကူးတောင် မယဉ်ဝံ့ခဲ့ရသည့် အခြေအနေ။ သမိုင်းအနေနှင့် မှတ်တမ်းတင်မည်ဆိုလျှင် ထိုနှစ်သည် တစ်ထောင့်ကိုးရာကိုးဆယ့်ခြောက် မြန်မာ့ခရီးသွားနှစ် . . .
.
. . . ဒုတိယအကြိမ်ကတော့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသည့် ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားကြီးအဖြစ် သုံးနှစ်သုံးမိုး ပညာဆည်းပူးဖို့ဆိုပြီး ရောက်လာသည့် အခါတွင်ဖြစ်သည်။ ကြိုတင်သတိပေးခြင်း ဆန္ဒရှိမရှိ မေးမြန်းခြင်း တစ်စုံတစ်ရာ မရှိဘဲ ကျောင်းဖွင့်ရန် လ၀က်ခန့်အလိုမှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာမဟာဘွဲ့လွန်သင်တန်း တက်ရောက်ရန် ဘယ်နေ့ထက် နောက်မကျဘဲ သွားရောက်သတင်းပို့ရမည်ဆိုသော အမိန့်စာကြေးနန်းလေးတစ်ခုကို အကိုးအကားပြုပြီး ရန်ကုန်တက္ကသိုလ်ထဲ ရောက်လာခဲ့ရသည့်အဖြစ်။ စိတ်ကူးထဲတောင် အိပ်မက် ထည့်မမက်ဖြစ်ဖူးသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာကြီးကို ယောင်ချာချာ အူလည်လည် ဘ၀ဖြင့် စတင်ခဲ့ရသည်။ ကိုယ်မျှော်လင့်ရင်ခုန်ခဲ့ရသည့် ဘ၀မျိုး မဟုတ်ပင်မဟုတ်ငြားသော်လည်း တကယ်ကြီး တက္ကသိုလ်ကျောင်းသားဖြစ်ပြီဆိုတော့ ပျော်စရာကြည်နူးစရာ စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ ရင်ခုန်စရာ စိတ်ချမ်းမြေ့စရာ စသည့် ရသစုံဖြင့် တက္ကသိုလ်ကျောင်းသားဘ၀ကို အပြည့်အ၀ဖြတ်သန်းခွင့်ရခဲ့သည် . . .
.
. . . ၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှာ တက်စရာအတန်းတွေလည်းကုန် စာမေးပွဲတွေလည်း ပြီးသောအခါ တက္ကသိုလ်ကြီးကို တကယ်ခွဲခွာရတော့မည်ဆိုသည့်အသိနှင့် ၀မ်းနည်းပက်လက် ဖြစ်ခဲ့ရသည့် အချိန်လေးတွေကို သူတကယ် မမေ့နိုင်သေး။ ရှုပ်ထွေးလှသည့် ရန်ကုန်မြို့ထဲက အိုအေစစ်လေးပမာ စိမ်းမြအုံ့ဆိုင်းသော မြကျွန်းညို၊ စစ်သားတွေဆိုတာ ကြမ်းကြမ်းတမ်းတမ်း ယဉ်ကျေးမှုနိမ့်ပါးသူများပေလားလို့ ထင်ယောင်မှားခဲ့ကြကြောင်း ရယ်ပွဲဖွဲ့ပြောပြခဲ့သော သူတို့ဘ၀ကို စာနာနားလည် သံယောဇဉ်တွယ်ခဲ့ကြသည့် အတန်းဖော် သူငယ်ချင်းများ၊ စည်းကမ်းကြီးသော်လည်း သားများကို အမေအုပ်ထိန်းသလို စောင့်ရှောက်ခဲ့သော အင်္ဂလိပ်စာဌာနက ဆရာမကြီးများ၊ စစ်သားများ၏ဘ၀ကို နားလည်မှုရှိစွာဖြင့် မေတ္တာပေးလိုက်လျော ပညာသင်ကြားပေးခဲ့ကြသော ဆရာဆရာမများ၊ ကွန်ပြူတာပညာကို အခြေခံမှသည့် အဆင့်မြင့်ပရိုဂရမ်များအထိ သင်ကြားပေးခဲ့သော သင်္ချာဌာန၊ လူပြည့်လို့ လက်မခံနိုင်တော့ပါဘူးဆိုတာတောင် တက်ခွင့်မရရင် မပြန်တော့ပါဘူးရယ်လို့ ဇွတ်အတင်း ကျားပိန်တွယ်တဲ့ သူတို့ဇွဲကို အသိအမှတ်ပြုပြီး ပထမဆုံးဖွင့်သည့် အပတ်စဉ်မှာ ဒီပလိုမာတန်း တက်ခွင့်ပေးခဲ့တဲ့ အိုင်အာဌာန၊ နေ့တိုင်းကျောင်းအကြိုအပို့လုပ်ပေးတဲ့ ဖယ်ရီကြီးနဲ့ ဆရာကား၊ လူတိုင်းစေ့ထီးမပါလို့ အဓိပတိလမ်းမကြီးထဲ မိုးထဲရေထဲ အတူလျှောက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ သူတို့မစားချင်တော့လောက်အောင် ရိုးအီနေတဲ့ ရိပ်သာချက်ဟင်းတွေကို အားပေးဖော်ရတဲ့ နေ့လည်စာထမင်းဝိုင်းက အပေါင်းအသင်းမမများ၊ နွေဦးမှာ ကြားရတဲ့ ဥသြငှက်သံချိုချိုလေးတွေ၊ အတန်းအားတိုင်း သွားသွားထိုင်ပြီး ဖြစ်သွားဖြတ်လာ ကောင်မလေးတွေကို ငေးဖြစ်ခဲ့တဲ့ အဓိပတိလမ်းဘေးက ရေတမာပင်ခုံဝိုင်းလေးတွေ၊ မပေးဖြစ်ခဲ့တဲ့ စာတွေနဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ ပေးမယ်လို့ ရည်စူးပြီးခါမှ စာအုပ်ကြားမှာပဲ ပန်းခြောက်လေးတွေအဖြစ် အရိုးထုတ်သွားခဲ့ရတဲ့ ကံ့ကော်ပန်းလေးတွေ၊ ခိုးခိုးကြည့်ခဲ့ရတဲ့ တစ်ယောက်သောသူရဲ့ အပြုံးချိုချိုလေးတွေ၊ ဒါတွေနဲ့ဝေးပြီး သွားရတော့မယ်ဆိုတော့ ဘယ်သူကများ ၀မ်းနည်းပက်လက် မဖြစ်ဘဲ နေစိမ့်နိုင်မှာပါလိမ့် . . .
.
. . . တတိယအကြိမ် ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ တက္ကသိုလ်ကြီးက တော်တော်ကို ပြောင်းလဲသွားပြီ။ အရင်တုန်းက မဟာတန်းတွေနဲ့ မှိုင်းညို့အုံ့ဆိုင်းခဲ့သော တက္ကသိုလ်ကြီးဟာ ၂၀၁၃ ခုနှစ်မှာ တစ်နှစ်တာပြည်လည်ခြေချချိန်မှာတော့ ဘွဲ့ကြိုတန်းက မောင်မယ်သစ်လွင်လေးများနဲ့ နုနယ်ပျိုမြစ်နေပေပြီ။ ဟိုးတစ်ခါတုန်းက ကျောင်းသားတွေနေခွင့်မပေးခဲ့တဲ့ ပင်းယ အင်းဝ စစ်ကိုင်း ဒဂုံ မာလာ သီရိ စတဲ့ တက္ကသိုလ်ပရ၀ုဏ်ထဲက ကျောင်းသားကျောင်းသူဆောင်တွေမှာ ဖြူစင်တက်ကြွတဲ့ လူ့လောကထဲ တိုးဝင်ခါစ လူငယ်လေးများရဲ့ ရယ်သံလွင်လွင်လေးတွေနဲ့ စည်ကားနေခဲ့ပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက် သူတက္ကသိုလ်ကျောင်းသားဘ၀တုန်းက ညနေကျောင်းဆင်းချိန်ပြီးတာနဲ့ တိတ်ဆိတ်မှောင်မည်းသွားတဲ့ တက္ကသိုလ်ကြီးဟာ ညရောက်တာတောင် မီးရောင်တွေ တထိန်ထိန်နဲ့ လူငယ်လူရွယ်လေးတွေနဲ့ စည်းကားနေခဲ့ပြီ။ သူ ငယ်ငယ်က ၀တ္ထုတွေထဲမှာ ဖတ်ဖူးခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို အပြင်မှာ တကယ်မြင်နေရသလို ဖြစ်တာမို့ ငယ်ရွယ်စဉ်တုန်းကတောင် မတောင့်တခဲ့ဖူးတဲ့ တက္ကသိုလ်အဆောင်နေ ကျောင်းသားဘ၀ကို အိုကြီးအိုမကျခါမှ သူ တောင့်တတတ်လာခဲ့ပြီ . . .
.
. . . နောက်လေးနှစ်လောက်အကြာမှာ ကံ့ကော်မြေကို တစ်ခါ ခြေချမိပြန်တော့ ရွှင်လန်းကြည်နူးစရာကောင်းတဲ့ အပြောင်းအလဲတွေကို ပိုလို့မြင်တွေ့လာခဲ့ရသည်။ ပြောင်းရင်းပြောင်းရင်း အပြောင်းလဲကြီး ပြောင်းလဲနေတာတွေကို မြင်ခဲ့ရသလို ပြောင်းရင်းပြောင်းရင်း သမိုင်းတစ်ပတ်ပြန်လည်သွားတဲ့ အပြင်အဆင်တွေကိုလည်း မြင်ရပြန်သည်။ ဥပမာအနေနဲ့ဆို ကျောင်းသားရေးရာဌာနပေါ့။ သူတို့ နေခဲ့စဉ်က သစ်ပုတ်ပင်ကြီးရှေ့က သိပ္ပံဆောင်ဆင်ဝင်အောက်မှာ ကျောင်းသားရေးရာဌာနရှိခဲ့သလို အခုလည်း အဲသည်နေရာမှာပဲ ကျောင်းသားရေးရာဌာန ပြန်ရောက်လာတာတွေ့ရသည်။ တက္ကသိုလ်ကိုရောက်ဖူးခဲ့သမျှ တစ်ခါမှ မမြင်ဖူးခဲ့သော အရာတစ်ခုကိုလည်း တွေ့ရပြန်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တဲ့။ နိုင်ငံရပ်ခြားက တက္ကသိုလ်တွေမှာ ကျောင်းသားတွေကိုယ်တိုင် ကျောင်းသားပွဲတွေ လှုပ်ရှားမှုတွေ လုပ်နေသော အတွေ့အကြုံတွေကို မြင်ခဲ့ကြုံခဲ့ရသူတစ်ယောက်အနေနှင့် ကျောင်းသားသမဂ္ဂ ရှိလာတာကို ကြိုဆိုရပါသည်။ ကျောင်းတော်သူကျောင်းတော်သားတို့ ဗလငါးတန် ဖွံ့ဖြိုးရေး ကျောင်းသားသမဂ္ဂများက ဦးစီးပေးနိုင်ပါစေကြောင်း ဆန္ဒပြုမိခဲ့သည် . . .
.
. . . တောင်ငူဆောင်ညာဘက်ထောင့်က ဦးချစ်ဆိုင်အပါအ၀င် ဆိုင်တန်းတွေ တစ်ခုမှ မရှိတော့။ နှစ်ထပ်စားသောက်ဆိုင်ဆောက်ဖို့ အားလုံးကို ဖျက်လိုက်သည်ဆိုလား။ ဒါနဲ့ ရာမညဆောင်ဘယ်ဘက်ထောင့်မှာ အသစ်ဖွင့်ထားတဲ့ ဆိုင်တန်းတွေထဲ ခဏ၀င်ထိုင်ရင် ဦးချစ်ဆိုင်အကြောင်းမေးကြည့်တော့ လေလံမအောင်လို့ ဦးချစ်ဆိုင် မရှိတော့သည့်သဘော ပြောကြသည်။ အော် . ဈေးကွက်စီးပွားရေးခေတ်ကြီးမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂန္တ၀င်ဦးချစ်တစ်ယောက် ပျောက်ကွယ်ရလေပြီလား . . .
.
. . . အာစီလို့ခေါ်တဲ့ အပန်းဖြေရိပ်သာထဲက ဈေးဆိုင်ခန်းတွေ မရှိတော့၊ သူတို့တက္ကသိုလ်ကျောင်းသားတုန်းက ဆိုင်းဘုတ်သာသာရှိခဲ့သော အနုပညာအသင်း ပန်းချီအသင်း စတာတွေကို အားကောင်းမောင်းသန် ပြန်လည်ရှင်သန်ထမြောက်လာစေချင်လှသည်။ ကြည့်ရတာတော့ သူမြင်ချင်တာတွေ မကြာခင် ဖြစ်လာတော့မည့် အားယူနေသည့်ဟန်ရှိသည်။ သူတို့ကျောင်းသားဘ၀က လွတ်လွတ်လပ်လပ် ရှင်သန်ကြီးပြင်းနေခဲ့သော နာမည်ကျော် သစ်ပုတ်ပင်ကြီးကတော့ ခြံစည်းရိုးအ၀ိုင်းကြီးတစ်ခုထဲရောက်လို့။ သစ်ပုတ်ပင်ကြီး အခေါင်းထဲ ကျောင်းသားကျောင်းသူတွေ ၀င်ဝင်ပြီး ဓာတ်ပုံရိုက်၊ သစ်ပုတ်ပင်ကြီးကို ဟိုဟာတွေရေးခြစ် ဒီဟာတွေရေးထွင်း လုပ်ကြလွန်းလို့ ခြံခတ်လိုက်ရတာဆိုလား။ ဂန္တ၀င်သစ်ပုတ်ပင်ကြီး ဆက်လက်ရှင်သန်နိုင်ရေးအတွက် အကျဉ်းချခံလိုက်ရတာများလား၊ သူ့ကို အကျဉ်းချလိုက်မှ သူ့ရဲ့လုံခြုံရေး စိတ်အေးရမှာလား၊ အကျဉ်းမချဘဲ တစ်ခြားနည်းနဲ့ရော ဆက်လက်ထိန်းသိမ်းထားဖို့ မဖြစ်တော့ဘူးလားဆိုတာတော့ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က ပိုသိမယ်ဆိုတာ သေချာရဲ့လား၊ အငြင်းအခုံတွေ အားပေးတာစားလှတဲ့ ဒီမိုကရေစီဆိုတဲ့ ခေတ်ကြီးမှာ ဒီသစ်ပုတ်ပင်ကြီးကို အကြောင်းပြုပြီး အတွေးအခေါ်အသစ်တွေ ပေါ်ထွက်လာနိုင်မလား၊ ဒါမှမဟုတ် သဘောထားကွဲလွဲတာတွေနဲ့ အချိန်ကုန်ပြီး အလုပ်တွေ နှေးဖင့်ကုန်မလားဆိုတာကတော့ ဘုရားသာ သိနိုင်လိမ့်မည်ထင်ပါသည် . . .
.
. . . ဘွဲ့နှင်းသဘင်ခန်းမကြီးနားရောက်တော့ သူတို့ တက်ခွင့်မကြုံလိုက်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကို မြင်ယောင်ကြည့်မိသည်။ တက္ကသိုလ်ကျောင်းကြီးကို စွန့်ခွာသွားကတည်းက တာဝန်တွေကိုယ်စီကြားမှာ သူတို့တွေ တစ်ယောက်မှ ဘွဲ့နှင်းသဘင်တက်ဖို့ ကျောင်းဘက်ကို ခြေဦးမလှည့်နိုင်ခဲ့ကြ။ သူတို့သူငယ်ချင်းတွေ ဘွဲ့ယူကြတော့ အခမ်းအနားသို့ ရောက်မလာနိုင်သည့် သားတွေကို အမေဆရာမတွေက မျှော်ခဲ့ကြသတဲ့။ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကိုယ်တိုင်နာမည်ထုတ်ဖော်ခေါ်ယူချီးမြှင့်နိုင်ခြင်းမရှိသည့် သားတွေအတွက် အမေလို ပါမောက္ခဆရာမကြီးက စိတ်စက်မကောင်းဖြစ်မိခဲ့သတဲ့ဆိုတာ သူ့သူငယ်ချင်းတွေပြောပြလို့ သိခဲ့ရသည်။ သူတို့ကတော့ စစ်သားတွေပီပီ ဘွဲ့တက်မယူနိုင်တာလောက်ကို စိတ်ထဲထည့်ပြီး ခံစားမနေခဲ့သော်လည်း အဲသည်လိုကြားရပြန်တော့လည်း ဘွဲ့သွားယူနိုင်ခဲ့ရင်အကောင်းသားလို့ တွေးခဲ့မိကြပြန်သည် . . .
.
. . . ဂျပ်ဆင်ဘုရားရှိခိုးကျောင်းဆင်ဝင်အောက်က ဖြတ်မိတော့ ဂျပ်ဆင်မှာ ပွဲရှိတိုင်း ဖိတ်လေ့ရှိတဲ့ တီချယ်ဝင်းကို လွမ်းမိသည်။ ဒီဘုရားရှိခိုးကျောင်းထဲမှာ သူတို့တွေ ပွဲတစ်ချို့ တက်ဖူးခဲ့ကြသည်။ အလှူငွေစ နည်းနည်းမျှ လှူဒါန်းဖူးခဲ့ကြသည်။ သူတို့နားနှင့် စိမ်းသော်လည်း နားဝင်ပီယံကျက်သရေရှိလှသည့် ဓမ္မတေးများကြားမှာ ကြည်နူးဝမ်းသာ ဖြစ်ခဲ့ကြဖူးသည်။ ခရစ္စမတ်ကန်တာတာ ပွဲတွေမှာ တက်ဆက်မှုများကို သောတဆင်ရင်း တက်ဆက်သူမောင်မယ်များကို အားကျခဲ့ဖူးသည်။ ဘုရားကျောင်းရှေ့က မြက်ခင်းပြင်ကတော့ အရင်ကလို စိမ်းစိုမြဲ။ သူအရင်က ဖြစ်စေချင်ခဲ့ဖူးသော သန့်ရှင်းသပ်ရပ် ခမ်းနားသည့် ဘုရားကျောင်းမျက်နာစာကို အခုတစ်ခေါက်မှာလည်း မမြင်မတွေ့ခဲ့ရ။ ဂုဏ်ရှိန်ကြီးမားလှသည့် ရန်ကုန်တက္ကသိုလ် ယုဒသန်ဘုရားကျောင်းဥပစာကို ဒီထက်ပိုပြီး သန့်ရှင်းသပ်ယပ် လှပထည်ဝါစေချင်မိသည် . . .
.
. . . ကျောင်းတက်စဉ်တုန်းက ဒီကျောင်းသားတွေ တက္ကသိုလ်စာကြည့်တိုက်ကြီးကို လိုအပ်ခဲ့သလား မလိုအပ်ခဲ့သလား မသေချာသော်လည်း ဘွဲ့ယူတဲ့နေ့နဲ့ အစမ်းလေ့ကျင့်တဲ့နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ကြီးနှစ်ခုက ဘွဲ့ရမောင်မယ်များအတွက် မရှိမဖြစ် လိုအပ်ချက်ရှိသွားခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခွဲတုန်းကနဲ့ အခုနဲ့ အတူတူပါပဲလားလို့သူ တွေးမိသည်။ စာကြည့်တိုက်ကြီးတွေရှေ့မှာ တောက်တောက်ပပ အ၀တ်အစားတွေဝတ်ပြီး ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြတဲ့ ဘွဲ့ယူမောင်မယ်တွေကိုမြင်တိုင်း သူတွေးနေကျအတွေး . . .
.
. . . သိပ္ပံဆောင်ဘယ်ဘက်တောင်ပံမှာရှိသည့် ရူပဗေဒဌာကတော့ သူတို့ခေတ်နှင့် လုံးလုံးခြားနားခဲ့သလိုလို။ သူတို့ခေတ်တုန်းက ဆရာကြီး ဒေါက်တာစိန်ထွန်းဆိုတာ ကျောင်းသားတွေ ဖိန့်ဖိန့်တုန်။ ဌာနအ၀င်ဝမှာ ကျောက်သင်ပုန်းအမည်းကြီးပေါ် မြေဖြူစာလုံးကြီးတွေနှင့် အသေအချာ ရေးထားသည့် ကျောင်းသားများ လိုက်နာရန် စည်းကမ်းများဆိုသည့် အမှတ်သညာကို အစွဲပြုပြီး ပညတ်တော်ဆယ်ပါးဌာနလို့ သူတို့ အမည်ပြောင်ပေးခဲ့ကြတဲ့ ဌာနက အခုတော့လည်း သူလိုငါလို တစ်ခြားဌာနတွေလိုဖြစ်သွားပါပြီကော . . .
.
. . . သိပ္ပံဆောင်ကော်ရစ်ဒါကနေ ဓာတ်ခွဲခန်းတွေဘက်ကိုအသွား စင်္ကြန်အထွက်မှာ တစ်ဦးတည်းသော ဗန်းသည်အစ်မကြီးဆီက ဒိန်ချဉ်တစ်ခွက်သုံးရာအားပေးရင်း စကားစမြည်ပြောကြတော့ တက္ကသိုလ်ထဲ ဒီလိုဗန်းသည်တွေ ဈေးရောင်းခွင့်မပေးတော့တဲ့။ အာစီထဲက မိတ္တူဆိုင်တွေလည်း အရင်တုန်းက ကံ့ကော်ရွာ ကင်တန်းခေါ်တဲ့ ကင်တန်း နှစ်ထပ်အပေါ်ထပ်ကို ရောက်နေကြပြီတဲ့။ တစ်ခြားနေရာတွေမှာ ဈေးသည်မရှိတော့ သိပ္ပံကင်တန်းလည်း စည်ကားလို့ . . .
.
. . . ကျောင်းသားရေးရာဌာနရှေ့ စူးစမ်းကြည့်မိတော့ ဖွင့်တော့မည့် ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူတွေ ကျောင်းအပ်ကြ ပိုက်ဆံသွင်းကြနှင့် စည်ကားသိုက်မြိုက်နေတာကို တွေ့သည်။ အင်တာနက်တွေ ဘဏ်စနစ်တွေ ဒီလောက် အပြိုင်အဆိုင်ဝန်ဆောင်မှုပေးနေကြတဲ့ ခေတ်ကြီးထဲ မြန်မာနိုင်ငံက သက်တမ်းအကြီးဆုံး တက္ကသိုလ်ကြီးတစ်ခုမှာ ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး သွင်းနေကြတာတွေ့တော့ နည်းနည်းတော့ မျက်မှောင်ကျုံ့မိသည်။ ဘဏ်တွေက ၀န်ဆောင်မှုပေးဖို့ မကမ်းလှမ်းကြဘူးလား၊ တက္ကသိုလ် အာဏာပိုင်တွေကရော ကျောင်းသားတွေကို ဘဏ်အကောင့်ဖွင့်ပေး ဘဏ်အကောင့်နဲ့လက်ခံ၊ တက္ကသိုလ်ကျောင်းသားဘ၀ကတည်းက အွန်လိုင်းဘဏ်စနစ်နှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးဖို့အတွက် ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ စိတ်မကူးမိကြတော့ဘူးလား။ ကျောင်းဝင်ကြေး အဆောင်ကြေးတွေရေးထားတာကိုကြည့်ရင်း ကျောင်းသားကျောင်းသူစာရင်းကိုကြည့်ရင်း တစ်နှစ်တစ်နှစ် ကျောင်းက ကိုင်တွယ်ဆောင်ရွက်ရမည့် ငွေသားပမာဏကို စိတ်တွက်တွက်ကြည့်နေမိသည်။ ဒီတက္ကသိုလ်တစ်ခုလောက်က ပိုက်ဆံငွေသားမကိုင်ဘဲ အွန်လိုင်းဘဏ်စနစ်လုပ်ရင်တောင် ဗဟိုဘဏ်က ငွေသားတွေ ရိုက်နှိပ်ရတာ တော်တော် သက်သာမယ်လို့ တွေးမိသည်။ ဒါရော သူနဲ့ ဆိုင်လို့လား။ ဆိုင်လားမဆိုင်လား သူလည်း သေချာ မသိ၊ တွေးမိနေတာတော့ သေချာသည်လေ။ ဟိုဟိုသည်သည်ကြည့်ရင်း တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအတွက် စာမူဖိတ်ခေါ်သော လက်ရေးကြော်ငြာလေးကိုတွေ့တော့ အနုလုံပဋိလုံ အစုန်စုန် အဆန်ဆန် ဖတ်ရင်းကြည့်ရင်းက ကိုယ့်ဘာသာ မေးခွန်းတွေ ထုတ်နေမိပြန်သည်။ စာမူလက်ခံရက်က မနှစ်က မတ်လနောက်ဆုံးဆိုတော့ အတော်ကြီးကို ကျော်ခဲ့ပြီ။ သို့သော် သူစိတ်ဝင်စားတာက အဲဒါမဟုတ်။ စာမူကို ဘယ်လို ပို့ပေးရမယ်ဆိုသော နည်းလမ်းဖြစ်သည်။ တောင်ငူဆောင်၊ ၀ိဇ္ဇာခန်းမ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ ကျောင်းသားရေးရာဌာန၊ ဘွဲ့နှင်းသဘင်ရှိ စာမူပုံးများသို့ ပေးပို့ရမည်တဲ့။ လူတိုင်းရဲ့ လက်ဝါးပြင်ပေါ်မှာ အင်တာနက်တွေ ဒီလောက်ဖောဖောသီသီ ရနေနိုင်သော ခေတ်ကြီးမှာ အွန်လိုင်းက ပို့ပေးစရာ အီးမေးလိပ်စာလေးတစ်ခုသော်မှ ဖော်ပြထားခြင်းမရှိတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ရှိန်ကြီးများလှတဲ့ တက္ကသိုလ်ကြီးတစ်ခုရဲ့ နှစ်ပတ်လည် မဂ္ဂဇင်း စာမူဖိတ်ခေါ်ခြင်း လက်ရေးကြော်ငြာလေးကို သူ အတော်ကြာကြာ ငေးစိုက်ကြည့်နေဖြစ်ခဲ့သည် . . .
.
. . . ကိုအောင်ဆန်းသာ အခုနေ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဆိုရင် စာမူခေါ်တဲ့ ကြော်ငြာမှာ အီးမေးလိပ်စာလေးတစ်ခုလောက် ရေးပေးဖြစ်မလား စသည်ဖြင့် မဆီမဆိုင် မရှိတော့တဲ့သူကို တ မိရင်းက ရန်ကုန်တက္ကသိုလ်ဥပဒေပြဌာန်းခဲ့သည့် လွန်ခဲ့တဲ့ ၉၇ နှစ်ဆီကို အတွေးရောက်သွားပြန်သည်။ ကျွန်ပညာရေးတဲ့၊ ရေပေါ်ဆီလူ့မလှိုင်တွေ မွေးထုတ်ပေးတဲ့ ပညာရေးတဲ့။ ကိုယ်က သမိုင်းဆရာမဟုတ်တော့ အဲသည်တုန်းက ပညာရေးဥပဒေ သပိတ်မှောက်တုန်းက ကိစ္စကို ကျယ်ကျယ်ပျံ့ပျံ့ကြီး နားမလည်သော်လည်း ရေပေါ်ဆီပညာတတ်လူတန်းစားတစ်ရပ် ခိုင်ခိုင်မာမာမွေးထုတ်ပေးမည့် မူဝါဒကိုတော့ ကိုယ်သာဆိုရင် ထောက်ခံမိမည်ထင်သည်။ အခုနေ သူသာ တန်ခိုးရှိလို့ကတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ကမ္ဘာ့အဆင့်မီ အကုန်အကျကျောင်းဝင်ကြေးမြင့်သော ကမ္ဘာ့အဆင့်မီ ကျောင်းဝင်ခွင့်အရည်အချင်းမြင့်သော ကမ္ဘာ့အဆင့်မီ ဆရာဆရာမများသာ ခန့်ထားသော ကမ္ဘာ့အဆင့်မီ ပညာတတ်များ မွေးထုတ်ပေးမည့် ကျောင်းကြီးအဖြစ် အုံဖွဆိုပြီး ဖန်ဆန်းပစ်လိုက်မည်ဟု တွေးနေမိသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေ ထွက်တဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာကြီး ရှိတယ်ကွဟု ငါးပိသံမပျောက်သော အင်္ဂလိပ်စကားဖြင့် ကမ္ဘာပတ် ကြွားပစ်လိုက်ချင်သည်။ အခုနေများတော့ မင်းတို့နိုင်ငံက ပညာရပ်တွေထိပ်တန်းရှိတဲ့က နေရာက ဘယ်နေရာလဲဟု တစ်ယောက်ယောက်က မေးလာလျှင် သူ့မှာ ဘာကိုပြောရမှန်းမသိ . . .
.
. . . စတင်ဖွင့်လှစ်သည်မှာ လပိုင်းမျှသာရှိသေးသော အင်္ဂလိပ်စာဌာန အခြေစိုက်သည့် ပင်လုံဆောင်ကြီးကတော့ ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲက အသစ်လွင်ဆုံး ကျောင်းဆောင်ကြီးဖြစ်လိမ့်မည်ထင်သည်။ ပင်လုံဆောင်ထဲကိုအ၀င်မှာ အရင့်အရင်တုန်းက ဆရာကြီးဒေါက်တာမျိုးမြင့်ရဲ့ အမွေများဖြစ်ဟန်တူသော ပန်းအိုးများနှင့် ရှေးအိုးကြီးများ နံရံတွေအနားမှာ စီကာစဉ်ကာချထား အလှဆင်တာကို မြင်ရတော့ ဆရာမျိုးကို အလွမ်းမိသား။ သားက အရင်ကလိုပဲ ဘာမှမပြောင်းလဲဘူးလို့ပြောပြီး နုတ်ဆက်သော မြင်မြင်ချင်း ချက်ချင်းမှတ်မိသည့် တီချယ်ဂျူးလည်း သူ့မျက်စိထဲ လွန်ခဲ့တဲ့ ဆယ့်ငါးခြောက်နှစ်တုန်းကလိုပင် သစ်လွင်လန်းဆန်းနေတုန်း၊ ပင်စင်ယူဖို့အချိန်ကျော်ခဲ့ပြီဖြစ်သော်လည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေဆဲ ဆရာမကြီးကိုမြင်တော့ ဟိုအရင်က တောင်ငူဆောင်အောက်ဆုံးထပ် အခန်းထဲ စာသင်ပေးနေခဲ့သည့် တီချယ်ဂျူးကို ပြန်လည် မြင်ယောင်ကြားယောင်မိသည်။ မပြောင်းပါဘူး။ တီချယ်ဂျူးက အရင်ကလည်း ဒီပုံ အခုလည်းဒီပုံပါပဲ။ တီချယ်ဂျူး သူ့ကိုကြည့်သော မျက်လုံးတွေက ဟိုးအရင်ကလည်း နွေးထွေးဆဲ လှိုက်လှဲဆဲ။ ဂျပ်ဆင်ရှေ့မှာ တွေ့ခဲ့တဲ့ တီချယ်ဝေလည်း လုပ်သက်ပြည့်လို့ အငြိမ်းစားယူသွားတယ်သာပြောတာ။ သူ့အမြင်မှာတော့ ဘာမှ ပြောင်းလဲသွားတာမတွေ့။ ပါမောက္ခဌာနမှူး တီချယ်ပိုးက ပွဲဈေးခင်းထဲက ဆိုင်မှာများ ရောက်နေမလား မသိဘူး ဆိုသောကြောင့် ပွဲဈေးခင်းထဲ ဆင်းလာခဲ့မိသည် . . .
.
. . . ဈေးရောင်းပွဲတော်ကျင်းပနေသည့် ၀ိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်ကတော့ သူတို့တုန်းကထက် ပိုပြီး စည်ကားနေသလို။ အင်္ဂလိပ်စာဌာနစာတန်းထိုးထားသော ဆိုင်ခန်းရှေ့ မယောင်မလည်ရပ်ရင်း ကိုယ်သိသူတစ်ယောက်ယောက်များ တွေ့လိမ့်နိုး ရှာကြည့်မိသည်။ တစ်ချိန်တုန်းက ကိုယ်တိုင် လက်မှတ်လုပ် ကိုယ်တိုင်လက်မှတ်ရောင်း ကိုယ်တိုင် ကြာဇံချက်သွားမှာ ကိုယ်တိုင်ဈေးရောင်းရင်း ရံပုံငွေရှာခဲ့သော သူတို့တွေသူငယ်ချင်းတွေကို များများကြီး လွမ်းလိုက်မိသည်။ အရင်တုန်းက သူတို့တွေ တရုန်းရုန်းရှိခဲ့သောနေရာ။ အခုတော့ သူ့မှာ တစ်ယောက်တည်း ယောင်ချာချာ . . .
.
မောင်လွမ်းဝေ
၇ ဒီဇင်ဘာ ၂၀၁၇

No comments:

Post a Comment