. . . အင်စတီကျူးရှင်းတွေအကြောင်း ပြောရင်းနဲ့ သတိရလာတာက ကိုယ်တွေငယ်ငယ်က ကစားပွဲစည်းမျဉ်းတွေအကြောင်းပဲ၊ နှစ်ဘက်နှစ်သင်းခွဲပြီး ကစားကြမယ့်ပွဲမှာ ပထမဆုံး ရှိတဲ့သူတွေကို နှစ်သင်းခွဲရတာကိုး၊ ဒီအခါမှာ နှစ်သင်းစလုံးဟာ လက်ရည်ခြေရည်တူဖြစ်ဖို့အတွက် အသင်းခွဲတဲ့နေရာမှာ လုပ်ကြတဲ့ စည်းမျဉ်းလေးအကြောင်း ပြောပြချင်တယ်
.. . . အသင်းခွဲတော့မယ်ဆိုရင် ခေါင်းဆောင်နှစ်ယောက်က ဘယ်သူဗြန်းပြီး ဘယ်သူကောက်မလဲဆိုတာ အရင်ဆုံး သဘောတူရတယ်၊ မောင်ဘက ဗြန်းမယ်ဆိုရင် မောင်ဘဟာ ကစားမယ့်သူတွေ အကုန်လုံးကို နှစ်ယောက်တစ်တွဲစီ မျက်နာချင်းဆိုင်ရပ်ပြီး တန်းစီတယ်၊ တတ်နိုင်သမျှ လက်ရည်ခြေရည်တူတွေကို မျက်နာချင်းဆိုင် တွဲတွဲပေးတယ်၊ တော်တဲ့သူအချင်းချင်း သိပ်မကစားနိုင်တဲ့သူအချင်းချင်းတွဲတယ်ပေါ့၊ မျက်နာချင်းဆိုင်ရပ်နေတဲ့ လူတွေကို သေချာ မျှတအောင် ခွဲပြီးပြီဆိုရင် အဲသည်အသင်းနှစ်သင်းအနက် ဘယ်အသင်းကို ယူမလဲ ဆိုတာကိုတော့ နောက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မောင်လှက ရွေးရတယ်၊ အဲဒါကို ကောက်တယ်လို့ခေါ်တယ်။ မောင်ဘက ဗြန်းရင် မောင်လှက ကောက်၊ မောင်ဘ ကသာ အသင်းနှစ်ခုရဲ့ လူတွေကို မမျှမတ ခွဲခဲ့လို့ တစ်သင်းသင်းက အင်အားအရမ်းကြီးပြီး တစ်သင်းက အင်အားအရမ်းနည်းနေတယ်ဆိုရင် မောင်လှက အင်အားကောင်းတဲ့အသင်းကို ယူသွားမှာမို့ မောင်ဘဟာ အသင်းခွဲတဲ့နေရာမှာ အတတ်နိုင်ဆုံး မျှတအောင်ခွဲတယ်၊ ဒါမှ သူ မနစ်နာမှာကိုး၊ အသင်းနှစ်သင်း လက်ရည်တူဖြစ်ဖို့ရယ် ခေါင်းဆောင်တွေက အသင်းကို လက်ရည်တူဖြစ်အောင် ခွဲဖို့ရယ်ကို တစ်ယောက်ကဗြန်းပြီး တစ်ယောက်က ကောက်တဲ့ စနစ်နဲ့ လုပ်ထားပြီး ဒီစနစ်ကိုလည်း အားလုံးက လိုက်နာကြတော့ ကစားပွဲတွေဟာ တရားမျှမျှတတ ဖြစ်သွားတယ်
.
. . . သူတို့တွေ ကစားနေကြချိန်မှာ တစ်ယောက်ယောက် အသစ်ရောက်လာခဲ့ရင် သူတစ်ယောက်တည်း တစ်ဘက်ဘက်ကို ဝင်လိုက်ရင် မမျှမတ ဖြစ်သွားမှာမို့ နောက်တစ်ယောက်အလာကို စောင့်ရတယ်၊ နောက်တစ်ယောက် ထပ်ရောက်လာရင် သူတို့နှစ်ယောက်ဟာ ခြေရည်မျှတဲ့အတွဲဖြစ်ကောင်းမှ ဖြစ်မယ်၊ ကစားနေတဲ့ အသင်းခေါင်းဆောင်တွေကလည်း ခြေသာတဲ့သူကိုသာ ပိုပြီး လိုချင်တာမို့ သူတို့နှစ်ယောက်မှာ ဘယ်သူ့ကို ရွေးတယ်ဆိုတာကိုလည်း ကျပမ်းနည်းတစ်ခုရှိတယ်၊ အဲဒါက သူတို့နှစ်ယောက်ကို စကားဝှက်လုပ်ခိုင်းတဲ့နည်းပဲ
.
. . . ဆိုပါစို့၊ ကျနော်နဲ့ နောက်တစ်ယောက် ကစားပွဲထဲ ဝင်တော့မယ်ဆိုရင် ကျနော်တို့နှစ်ယောက် တိတ်တိတ်လေးတိုင်ပင်ပြီး ကိုယ့်နာမည်ဝှက်ကိုယ် ပေးကြတယ်၊ များသောအားဖြင့် အသီးနာမည်တွေ၊ အရွက်နာမည်တွေ ပေးလေ့ရှိတယ်၊ မင်းက သရက်သီး ငါက သင်္ဘောသီး၊ ဒါမှမဟုတ် တမာရွက်နဲ့ ဩဇာရွက် စသည်ဖြင့်ပေါ့၊ ပြီးရင် အသင်းခေါင်းဆောင်တွေကို နာမည်ဝှက်နှစ်ခုကို ပြောပြီး ရွေးခိုင်းရတယ်၊ သူက တမာရွက်နဲ့ဩဇာရွက်ဆိုရင် အသင်းခေါင်းဆောင်တစ်ယောက်က တမာရွက်ယူမယ်ဆို တမာရွက်လို့ အမည်ဝှက်ထားတဲ့သူက သူ့အသင်းကိုသွား၊ ကျန်တဲ့တစ်ယောက်က တခြားပြိုင်ဘက်အသင်းကိုဝင် ဒီလိုလုပ်ကြရတာ
.
. . . ပြောချင်တာက ကိုယ်တွေ ငယ်ငယ်က စကားနည်းတွေမှာ စည်းမျဉ်းစည်းကမ်းတွေ ခိုင်ခိုင်မာမာရှိခဲ့ လိုက်လည်းလိုက်နာခဲ့ကြတော့ ငယ်ဘဝ ကစားနည်းတွေဟာ တရားမျှတမှုကို လေ့ကျင့်ခဲ့ရတဲ့ လေ့ကျင့်ရေးကွင်းတွေ ဖြစ်ခဲ့ကြတယ်၊
.
. . . သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့သူ ညစ်တဲ့သူရော မရှိဘူးလားတဲ့၊ ရှိတာပေါ့၊ ညစ်တဲ့သူတွေလည်း ရှိတန်သရွေ့ ရှိတာပေါ့၊ ဒါပေမယ့် ညစ်တဲ့သူဆိုရင် ကစားပွဲမှာ ဘယ်သူမှ သိပ်မခေါ်ချင်ကြဘူး၊ ညစ်လို့ နိုင်သွားတယ်ဆိုရင်တောင် မင်းတို့က ညစ်လို့နိုင်တာပါကွာ ဆိုတဲ့ အပြောမျိုးဟာ သိပ်ပြီး နာစရာကောင်းတယ်
.
. . . ကိုယ်တွေဟာ ဒီလို ကစားပွဲစည်းမျဉ်းတွေနဲ့ ကျင့်သားရပြီး ကြီးလာခဲ့ကြတာပေမယ့် တို့နိုင်ငံကြီးက စည်းမျဉ်းစည်းကမ်းတွေ တည်ဆောက်ခိုင်မြဲစေခြင်းဆိုတဲ့ နိုင်ငံရေးဓလေ့ကြီးကို အခုထိ ဘာလို့ ခိုင်ခိုင်မြဲမြဲ မရသေးတာလဲဆိုတာ သေသေချာချာ သုတေသန လုပ်ဖို့ကောင်းတယ်၊ ငယ်ဘဝက ကစားပွဲစည်းမျဉ်းတွေဟာ ကြီးလာတဲ့အထိ ဘာလို့ ခိုင်ခိုင်မာမာ မပါလာခဲ့ကြတာလဲ
.
ဗိုလ်ကောင်း
၆ စက်တင်ဘာ ၂၀၂၀
.
Photo credit
https://www.mmtimes.com/.../21072-the-encyclopedia-of...
No comments:
Post a Comment