Tuesday 24 November 2020

ခါးနာပျောက်



. . . တစ်ရက်ကို ခြေလှမ်းနဲ့ဆို ရှစ်ထောင်၊ ပြေးဖြစ် လမ်းလျှောက်ဖြစ်ရင် ခြောက်ကီလိုလောက်တော့ အနည်းဆုံး အလေ့အကျင့်ရှိခဲ့တဲ့သူက ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး လမ်းမလျှောက် မပြေးတဲ့အပြင် တစ်ရက်ကို ဆယ့်နှစ်နာရီလောက် စာကြည့်စားပွဲမှာ ကျောက်ချပြီးထိုင်နေခဲ့ပြီးတဲ့နောက်မှာ ခါးက တော်တော်ကို နာလာတယ်။ နာတာမှ တော်တော်ကိုနာတာ၊ ကုလားထိုင်လက်တင်တန်းကို လက်နဲ့ အားပြုပြီးမှ ထိုင်လို့ ထလို့ရတယ်၊ အိပ်ယာထဲ ဆိုရင်လည်း အိပ်ဖို့ ပြန်ထဖို့ တော်တော်ကို အားယူရတယ်၊ အထိုင်အထ အလှဲအချတွေမှာ တကျွတ်ကျွတ်နဲ့ စုပ်သပ်နေရတော့ ငါတော့ သွားပါပြီလို့ တွေးမိတယ်
.
. . . အရင်တုန်းက လူကြီးတွေ လုပ်လေ့ရှိတဲ့အပြုအမူမျိုး အထိုင်နှေး အထနှေးတာမျိုး အခု ငါကိုယ်တိုင် ခံစားနေရပါပြီလား ဇရာက ငါ့ကို ဖိစီးနှိပ်စက်လေပြီတကားဆိုပြီး သံဝေဂတွေဘာတွေတောင် ရချင်ချင်ဖြစ်သွားတဲ့အချိန်မှာ
.
. . . ညီလေး ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ဆိုပြီး အစ်ကိုကြီးတစ်ယောက်က ပုံလေးတွေနဲ့ ပြပေးတဲ့လေ့ကျင့်ခန်းကို ချက်ချင်းပဲ လုပ်ကြည့်တော့ တော်တော်သက်သာလာတာ၊ အဲဒီ လေ့ကျင့်ခန်းကိုပဲ အခု ရက်ဆက်ပြီး မနက်အိပ်ယာထလုပ်၊ စာကြည့်ရင်းညောင်းရင်လုပ်၊ ရေချိုးခါနီးလုပ်၊ ည အိပ်ခါနီးလုပ်နဲ့ အခုဆို ခါးနာတာ ပျောက်သွားတဲ့အပြင် အရင့်အရင်တုန်းက အထိုင်အထ သတိထားနေရတာတောင် မရှိတော့သလိုပဲ
.
. . . လေ့ကျင့်ခန်းပေးတဲ့ အစ်ကိုကြီးအောင်မျိုးထိုက်ကို တကယ်ကို ကျေးဇူးတင်မိတယ်၊ စိတ်ကူးနေတာက ဒီတစ်ပတ် စောင့်ကြည့်လို့မှ မသက်သာရင် ဆေးရုံပြေးတော့မလို့၊ ဒါပေမယ့် လေ့ကျင့်ခန်းက တော်တော်သင့်သင့် မှန်မှန်ကန်ကန်လုပ်လိုက်တော့ ခါးနာတာလည်းပျောက်၊ အထိုင်အထသွက်၊ အိပ်ယာလှဲအိပ်ယာထ သွက်
.
. . . တကယ်တော့ ဒီလို လေ့ကျင့်ခန်းမျိုး ဆရာကိုရေးရဲ့ ယောဂကလပ်မှာကတည်းက အကျွမ်းတဝင် ရှိခဲ့ပြီးသား၊ အဲသည်တုန်းကလည်း ဆရာက ပြောပြခဲ့တယ် အခု ယောဂပုံစံတွေက ခါးနာတာ ကျောအောင့်တာတွေကို သက်သာပျောက်ကင်းတဲ့ လေ့ကျင့်ခန်းတွေဆိုတာ ကိုယ်တွေလည်း တစ်ခါမှ ခါးနာကျောအောင့် မဖြစ်ဖူးတော့ ဆရာ့လေ့ကျင့်ခန်းတွေကို မေ့တောင်နေတာ၊ အခု တကယ်ခံစားရပြီဆိုတော့မှ ဒီလိုယောဂပုံစံတွေ တကယ်ကို ထိရောက်ပါလားဆိုတာ ပွဲတွေ့ပါပဲ
.
. . . ဒီလို လေ့ကျင့်ခန်းပုံစံတွေ ကိုယ်လေးစားချစ်ခင်ရတဲ့ အစ်ကိုကြီးက ပြောပြတာသာ မဟုတ်ဘူးဆိုရင် လုပ်ရဲမယ် မထင်ဘူး၊ ကိုယ်တွေ မိရိုးဖလာက တစ်ခုခု နာနေတယ်ဆို ငြိမ်နေရတဲ့ အမျိုးကိုး၊ အခု လေ့ကျင့်ခန်းများတော့ ခါးနာပါတယ်ဆို ခါးကို လိမ်ခိုင်းတယ်၊ ကော့ခိုင်းတယ်၊ ကွေးခိုင်းတယ်၊ လှုပ်ခိုင်းတယ် နည်းအမျိုးမျိုးနဲ့ကို ခါးကို အလုပ်ပေးနေတော့တာကိုး၊ အစ်ကိုကြီးက ပေးလို့ လုပ်ကြည့်ရတယ် ဆိုပေမယ့် လုပ်ရတာ ခပ်လန့်လန့်ရယ်၊ မသိရင်ပဲ ခါးနာပိုဆိုးသွားမလားလို့ ထင်စရာ အကွက်တွေ
.
. . . ဒါပေမယ့် အစ်ကိုကြီးပေးလိုက်တဲ့ ပုံတွေ ရရချင်း ချက်ချင်းပဲ ခုတင်တစ်လုံးပေါ်တက်ပြီး လုပ်ကြည့်လိုက်တော့ တော်တော်ကို သိသိသာသာ သက်သာသွားတာမို့ ယုံကြည်မှု တော်တော်ရှိသွားတယ်၊ အချိန်နည်းနည်းခြားပြီး ဆက်လုပ်တယ်၊ အိမ်မှာလုပ်တယ် ဟော အခုကျတော့ သူမဟုတ်တော့သလိုပဲ ပျောက်သွားချက်
.
. . . တကယ်တော့ ကိုယ်တွေနာတဲ့ ခါးနာနည်းက ခါးရဲ့အရင်းပိုင်း ခါးနဲ့ တင်ပဆုံဆက်တဲ့ နေရာမှာရှိတဲ့ ကြွက်သားတွေ အလုပ်မလုပ်ဘဲ ငြိမ်နေလို့ အညောင်းမိပြီးနာတာ၊ စဉ်းစားကြည့် သာမန်အားဖြင့် တစ်ကိုယ်လုံးမှာ အဲသည်နေရာက ဘာအလုပ်မှ မရှိတဲ့နေရာ၊ ထိုင်တာရယ် ထတာရယ် အိပ်ယာထဲ လှဲတာရယ် လှဲနေရာက ပြန်ထတာရယ် အချိန်ကလွဲရင် အဲသည်ကြွက်သားတွေက သိပ်ပြီး အသုံးဝင်ပုံမရဘူး၊ ခါတိုင်းတော့ ထိုင်လိုက်ထလိုက် တတောက်တောက်လျှောက်လိုက်ဆိုတော့ အဲသည်ကြွက်သားတွေ အလုပ်လုပ်နေရပေမယ့် အခုလို တစ်ပတ်လောက် နင်းကန်စွတ်ထိုင်ပစ်လိုက်တော့ အကြောတွေ ဆိုင်းပြီး ခါးက နာရော
.
. . . အလုပ်များလွန်းရင်လည်း ဒဏ်ပိပြီး နာတတ်သလို ဘာသောက်လုပ်မှ မလုပ်ရင်လည်း အညောင်းမိပြီး နာတတ်ပါလားဆိုတာ
.
ဗိုလ်ကောင်း
၂၄ နိုဝင်ဘာ ၂၀၂၀

No comments:

Post a Comment