Friday 6 November 2020

တပ်ချုပ် = ဒုသမ္မတ ?

. . . ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှာဖြစ်ဖြစ် ဥပဒေတွေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှာဖြစ်ဖြစ် ဘယ်သို့ဘယ်ပုံ ဖွင့်ဆိုရမယ်ဆိုတာကို အခြေခံဥပဒေ အခန်း (၁၅) အထွေထွေပြဌာန်းချက်များရဲ့ ပုဒ်မ ၄၃၅ မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တည်ဆဲစကား ရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်။” လို့ ဆိုထားပါတယ်
.
. . . မြန်မာနိုင်ငံမှာတည်ဆဲ စကားရပ်ဖွင့်ဆိုခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေ လေးခုရှိတဲ့အထဲက ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ဟာ အခြေခံအကျဆုံးဖြစ်ပြီး ယခုထိတိုင် လက်ခံသုံးစွဲနေတဲ့ဥပဒေဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေတွေကတော့ ၁၉၈၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ စကားရပ်များအစားထိုးသည့်ဥပဒေ၊ ၁၉၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ စကားရပ်များအစားထိုးသည့်ဥပဒေ၊ နဲ့ ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ စကားရပ်ပြောင်းလဲသတ်မှတ်သည့်ဥပဒေတို့ဖြစ်ပါတယ်။ 
.
. . . အခြေခံဥပဒေက ရည်ညွှန်းထားတဲ့ ၁၉၇၃ စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဥပဒေ ပုဒ်မ ၄ မှာ “။ ဥပဒေပြဋ္ဌာန်းချက်တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေကိုမပြဋ္ဌာန်းမီက ဥပဒေ ရေးဆွဲရေးကော်မီရှင်၊ သို့မဟုတ်ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းတွင် ဆွေးနွေးခဲ့သည့်အချက် မှတ်တမ်း များကိုလည်းကောင်း၊ ရေးဆွဲခဲ့သော ဥပဒေမူကြမ်းများကိုလည်းကောင်း၊ ဥပဒေပြုရခြင်း၏ ကျိုးကြောင်း ဖော်ပြချက်ကိုလည်းကောင်း ထည့်သွင်းစဉ်းစားနိုင်သည်။” လို့ ရေးသားထားပါတယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေပဲ ဖြစ်ဖြစ် ဥပဒေပဲဖြစ်ဖြစ် ရေးသားထားချက်တစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ရေးသားထားတဲ့ စကားလုံးအပေါ်မှာတင် အပေါ်ယံဖွင့်ဆိုရမှာ မဟုတ်ဘဲ မူလရေးသားစဉ်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုပြဌာန်းခဲ့သလဲဆိုတာကိုပါ အလေးထား ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြဌာန်းချက်ဖြစ်ပါတယ်။ 
.
. . . ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီလာခံ စုံညီအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်တဲ့ အချောသပ် အခြေခံမူ ၁၀၄ ချက်ကို လုပ်ငန်းကော်မတီဥက္ကဌ ဦးအောင်တိုး ဖတ်ကြားတင်ပြခဲ့ပါတယ်၊ ခုလက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေဟာ ဆိုခဲ့ပါ အခြေခံမူ ၁၀၄ ချက်အပေါ်မှာ ရေးဆွဲထားတာမို့ အခြေခံဥပဒေကို အနက်ဖွင့်ဆိုရာမှာ အလေးအနက်ထည့်သွင်းစဉ်းစားရမယ့် အချက်များဖြစ်ပါတယ်
.
. . . အဲသည် အခြေခံမူ ၁၀၄ ချက်ထဲက တပ်မတော်နဲ့သက်ဆိုင်တဲ့ အခန်းမှာ အခြေခံမူ ၈ ချက် ချမှတ်ခဲ့တဲ့အထဲ နံပတ် ၈ အချက်က “As a reference in designating the official position of the Commander-in-Chief, the Commander-in-Chief is designated as the Vice-President level.” လို့ ရေးသားထားပါတယ်။ ၁၉၉၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် သတင်းစာများမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်
.
ဗိုလ်ကောင်း
၆ နိုဝင်ဘာ ၂၀၂၀

No comments:

Post a Comment