Thursday 10 May 2018

ကာကွယ်ရေးမူဝါဒ


. . . ပန်းပွင့်လေးက စာတော်တဲ့ပုံပေါ်လို့ ဘယ်ကျူရှင်မှာထားတာလဲလို့ မေးတော့ ဘယ်ကျူရှင်မှ မထားပါဘူးလို့ပြောတော့ အမေက အိမ်မှာသင်ပေးလားလို့ ဆက်မေးတယ်။ တကယ်တော့ အမေကလည်း အိမ်မှာ စာကို သင်တယ်ရယ်လို့ မရှိပါဘူး။ ပန်းပွင့်လေးက သူ့ဘာသာ လုပ်ချင်တာလေးတွေကိုသာ ကူညီပေးတာပါ။ ဥပမာ သမိုင်းတွေ ပထ၀ီတွေ သိပ္ပံတွေအကြောင်း သူအသစ်သိခဲ့ရတဲ့နေ့ဆို သူ့အမေကို ပြောပြချင်တဲ့အခါ အမေလုပ်သူက သူ့သမီးပြောတာကို စိတ်လိုလက်ရ နားထောင်ပေးတာ၊ သူပြောဖို့ ကျန်ခဲ့မယ့်အကြောင်းအရာမျိုးကို မေးခွန်းလေးတွေနဲ့ တို့ထိပြီး သူ့စိတ်ကို နှိုးဆွကြည့်တာ ဒါမျိုးပဲ လုပ်ပေးဖြစ်တာပါ။ တစ်ခါတစ်လေ အကြောင်းအရာတစ်ခုကို သူနားလည်သလို ရှင်းပြပေမယ့် သူနားလည်နေတာ မှန်မမှန်ကို တစ်ချို့မေးခွန်းလေးတွေနဲ့ ပစ်ပေါက်စမ်းသပ်ကြည့်တာမျိုး လုပ်ပါတယ်။ ဒါကတော့ အဖေရော အမေရော အလျဉ်းသင့်သလို ပန်းပွင့်လေးရဲ့ သင်ယူမှုဖြစ်စဉ်ကို ကူညီပေးကြတဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ချို့ပါပဲ။
.
. . . ပန်းပွင့်လေးအတွက် အဖေရောအမေရော သေချာညှိနှိုင်းတိုင်ပင် သဘောတူထားတဲ့ ပညာရေး မူဝါဒက သူ့ကို ကျောင်းချိန်ပြင်ပမှာ ကျောင်းစာ မသင်ရေးပါ။ (ကျူရှင်မထားရေး) ယုတ်စွအဆုံး အခုနွေမှာ သူ့သူငယ်ချင်းတွေက နောက်နှစ်သင်မယ့် စာအုပ်တွေကို ကြိုဝယ်ပြီး စာတွေ ကြိုလုပ်နေချိန်မှာတောင် အဲသည်စာအုပ်တွေကို သူ့ကို ၀ယ်မပေးထားပါ။ (စာကြိုမသင်ရေး) စာသင်ခန်းထဲမှာ ဆရာ ဆရာမက ရှင်းပြတဲ့အချိန်မှာ စူးစမ်းစိတ်ဝင်စားတဲ့ စိတ်နဲ့ အာရုံစူးစိုက် နားထောင်ဖြစ်စေဖို့ ပိုပြီး အထောက်အကူဖြစ်တယ်လို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်(ကျောင်းမှာအာရုံစိုက်တာကိုအားပေး)။ ကျောင်းစာအုပ်ဆိုတာ ကျောင်းဖွင့်ချိန်မှာ မဖြစ်မနေ လုပ်နေရမှာ ဖြစ်တဲ့အတွက် ကျောင်းကပြန်လာချိန်၊ စနေတနင်္ဂနွေ နဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ သူ့ကို သူကြိုက်တဲ့ အခြားကစားနည်းတွေ တတ်နိုင်သမျှ ကစားခွင့်ရှိအောင် အချိန်တွေကို တတ်နိုင်သမျှ ကျောင်းစာနဲ့ ဝေးဝေးနေနိုင်အောင် မိဘတွေက ကူညီပေးတဲ့သဘောလည်း ဖြစ်ပါတယ် (ကစားတယ်ဆိုတာ သင်ယူတာ)။
.
. . . ကျောင်းစာနဲ့ ဝေးဝေးနေတယ်ဆိုတာ ကျောင်းစာကို အလုပ်တစ်ခုလို သဘောမျိုးနဲ့ မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ကြီးတစ်ခုအနေနဲ့ သူ့ကို စိတ်ဖိစီးမှု မပေးတာကိုပဲ ဆိုလိုတာပါ။ အလျဉ်းသင့်ရင်သင့်သလို သူသိထားတဲ့ ဗဟုသုတလေးတွေ အတွေးအခေါ်လေးတွေကိုတော့ တတ်နိုင်သမျှ အသုံးချဖို့ ကြိုးစားပေးပါတယ်။ သူ့အတွက် ဖတ်စရာစာအုပ်တွေ သူ့လက်တစ်ကမ်းမှာ အများကြီး ထားပေးထားတယ်။ သူလုပ်ချင်ရင်လုပ်ရအောင် အင်္ဂလိပ်စာ သင်္ချာလေ့ကျင့်ခန်းစာအုပ်လေးတွေ သူလိုချင်တယ်ဆို ၀ယ်ပေးထားတယ်။ တစ်ခါတစ်လေကျတော့ သူ့ဘာသာ အဲဒါတွေ ထိုင်လုပ်နေတတ်တာမျိုးပါ။ စာလုပ်တယ်ဆိုတာ သူ့ရဲ့ ကစားနည်းတွေထဲက အပြောင်းအလဲတစ်ခုအဖြစ်ပဲ ထားပါတယ်။ သူ့ကို တမင်တကာ နည်းနည်းလေး တွန်းပေးရတာကတော့ မြန်မာစာ အရေးအဖတ် ချောမောစေချင်တာလေး တစ်ခုပါပဲ။ စာအုပ်ဝယ်ရင်တောင် မြန်မာလိုစာအုပ်ကို မရွေးဘဲ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေပဲ ရွေးတတ်တဲ့သူ။ တစ်ခုခုဆို မြန်မာလို ချရေးမှာထက် အင်္ဂလိပ်လိုပဲ ချရေးချင်သူ၊ မြန်မာအင်္ဂလိပ် နှစ်ဘာသာစာအုပ်ဖတ်ရင်တောင်မှ မြန်မာလို မဖတ်ချင်ဘဲ အင်္ဂလိပ်လိုပဲ ဖတ်ချင်သူမို့ မြန်မာစာလေးကို သူနဲ့ အတန်းတူ မြန်မာစာတော်တဲ့ ကလေးတွေချောသလောက် ချောစေချင်တာလေးတစ်ခုပဲ သူ့ကို နည်းနည်းလေး တွန်းပေးချင်တာပါ။ ဒါတောင် သူ့အမေက အဲလို တွန်းတာကို သိပ်ကြိုက်ပုံ မရပါဘူး။ သူ့သမီးက အဖေတော်စေချင်သလောက် မြန်မာစာ မချောပေမယ့် သူနဲ့ရွယ်တူ မြန်မာစာကောင်းတဲ့ကလေးတွေနဲ့ ပခုံးချင်းယှဉ်နိုင်တယ်လို့ ပြောပါတယ်။ ကိုယ်ကတော့ ပန်းပွင့်လေး မြန်မာစာမချောမှာစိုးလို့ အလျဉ်းသင့်ရင်သင့်သလို စာလေးတွေဖတ်ပြခိုင်း ကဗျာလေးတွေဖတ်ပြခိုင်းပေါ့။
.
. . . အခုနွေမှာလည်း သူကတက်ချင်ပါတယ်ဆိုလို့ သင်္ချာတန်းတစ်ခုကို ပို့ပေးပါတယ်။ ၀င်ခွင့်ဖြေတော့ သူ့သူငယ်ချင်းတွေထက် တစ်ဆင့်ပိုမြင့်တဲ့အတန်းကို တက်ခွင့်ရပါတယ်။ တက်ရတယ်ဆိုသော်လည်း သင်္ချာသင်တယ်ဆိုတာထက် သင်္ချာတွက်တဲ့ အတန်းလို့ပြောရင် ပိုမှန်မှာပါ။ သူ တစ်နေ့တစ်နေ့ တွက်ရတဲ့ သင်္ချာပုစ္ဆာလေးတွေက စိတ်ဝင်စားစရာပါ။ သူနဲ့အတူတက်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူ့အမေက အဲသည်အတန်းမှာတွက်တဲ့ သင်္ချာကို အိမ်မှာလည်း ဆရာခေါ်ပြီး ထပ်လုပ်ပါသတဲ့။ သူက ပန်းပွင့်လေးကိုလည်း အတူတူ စာလုပ်ရအောင် ခေါ်ပေမယ့် ကျောင်းမှာတစ်ခါတွက်ပြီးသား သင်္ချာကို အိမ်မှာ စာလုပ်သလို ထပ်လုပ်ရမှာမျိုး မလုပ်စေချင်တာရယ် ကစားချိန်ပိုရအောင်ရယ် အိမ်မှာ ထပ်မတွက်ပါဘူး။ ကျောင်းမှာ တွက်တာတော့ သူ့အတန်းမှာအမှန်အများဆုံး ကလေးတစ်ယောက်ဖြစ်နေတာက သူ့အတွက် လွတ်လပ်တဲ့အချိန် ပိုများလို့ အာရုံစူးစိုက်မှု ပိုကောင်းတယ်ဖြစ်မယ်လို့ ယူဆရပါတယ်။ ပြီးတော့ ပြောမှစာလုပ်တတ်တဲ့၊ တွန်းအားပေးမှ လုပ်တတ်တဲ့ အကျင့်တွေ မစွဲကပ်တော့ဘဲ သူ့ဘာသာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်နေတတ်တဲ့ အကျင့်ကောင်းလေးကိုလည်း ပြုစုပျိုးထောင်ပေးရာရောက်တယ်လို့ ယုံကြည်ရပါတယ်။
.
. . . ပန်းပွင့်လေးကို ကျောင်းချိန်ပြင်ပမှာ စာမလုပ်ရစေရေးမူဝါဒက အခုချိန်ထိတော့ အလုပ်ဖြစ်ပြီး အောင်မြင်နေတုန်းပါ။ လိုချင်တဲ့ ရလဒ်တွေလည်း အားရစရာကောင်းအောင် ရနေတုန်းပါ။ ဒါပေမယ့် ယှဉ်ပြိုင်စရာများတဲ့ လောကကြီးထဲ ပန်းပွင့်လေးအားလပ်ခွင့်တွေကို ကိုယ်တွေမိဘအနေနဲ့ ဘယ်အချိန်ထိ အကာအကွယ် ဆက်ပေးထားနိုင်အုံးမလဲဆိုတာတော့ မသေချာပါ။ သေချာတာကတော့ ပန်းပွင့်လေးရဲ့ ကလေးဘ၀ပျော်ရွှင်စရာကောင်းတဲ့ အားလပ်ချိန်လေးတွေကို ကျွန်တော်တို့ မိဘနှစ်ယောက်က အစွမ်းကုန် ဆက်လက်ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
.
. . . ပန်းပွင့်လေးရဲ့ ကျောင်းချိန်ပြင်ပ ပျော်စရာ အားလပ်ချိန်လေးတွေကို ကာကွယ်ပေးနိုင်သောအဖေ ဖြစ်ပါရစေ . . .
.
ဗိုလ်ကောင်း
၁၀ မေ ၂၀၁၈

No comments:

Post a Comment