Monday 21 May 2018

ကလေးဗိုလ်


. . . မူလတန်းသင်ရိုးတစ်ခုအတွက် ဆရာဆရာမတွေ မွမ်းမံသင်တန်းမှာ လက်တွေ့လုပ်နေတာတွေနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို မြင်ရတော့ နည်းနည်းရင်လေးမိတယ်။ ဆရာဆရာမတွေရဲ့ လက်တွေ့သင်ခန်းစာတွေအပေါ် မကောင်းမြင်နဲ့ ဝေဖန်နေတဲ့အထဲမှာ ကိုယ့်ဖရန့်လစ်ထဲက ကိုယ်စောင့်ဖတ်နေရတဲ့ သူတစ်ချို့ပါ ပါနေတာတွေ့တော့ ထိတ်လည်းထိတ်လန့်မိတယ်။ အဲသည်ထဲက တစ်ချို့တစ်တွေဟာ ဖော်လိုဝါ အရေအတွက်အားဖြင့် လူမှုကွန်ယက်ပေါ်မှာ အတော်အတန် သြဇာရှိကြပုံပေါ်တဲ့အတွက်ကြောင့် သူတို့ပြောတာကို နားယောင်ကြမယ့်သူတွေအရေးကို တွေးမိပြီး ရင်လေး ထိတ်လန့်မိတာပါ။
.
. . . ဆရာဆရာမလေးတွေ လေ့ကျင့်နေကြတာ သစ်ရွက်တွေနဲ့ ၀တ်စားဆင်ယင်ပြီး ဇာတ်တွေခင်းနေတာပါတယ်။ ဂီတသင်ခန်းစာတွေပါတယ်။ အကတွေပါတယ်။ စက္ကူတွေ ဖြတ်ညှပ်ကပ်ပြီး ကလေးတွေစိတ်ဝင်စားစရာလေးတွေ သင်ကြားပြသတာတွေပါတယ်။ တစ်ခြားလည်း ကိုယ်မသိသေးတာတွေ အများကြီးရှိအုံးမှာပါ။ အဲသည်လို လေ့ကျင့်နေကြတာကို ဝေဖန်ကြတဲ့ အဓိက အကြောင်းကတော့ ဒီလိုတွေ လုပ်ပြီး ပညာရေးကို ဘယ်လိုများ မြှင့်တင်မှာလဲဆိုတဲ့ မကောင်းမြင် ဝေဖန်ချက်တွေဖြစ်ပါတယ်။
.
. . . စာတွေအများကြီး သင်မယ်၊ ကလေးတွေက စာတွေ အများကြီးရမယ်၊ အမှတ်တွေကောင်းမယ်၊ စာမေးပွဲဖြေတဲ့အခါ အဆင့်တွေကောင်းမယ်၊ ကလေးက နေ့နေ့ညည တစာစာ အံနေမယ်၊ ဆရာဆရာမ လူကြီးမိဘရှေ့မှာ လက်ကလေးပိုက်ပြီး မျက်လွှာလေးချပြီး ပြောသမျှကို နာခံမယ်၊ ကျောင်းစာအုပ်ထဲက စာတွေကို သည်၏မရွေး အလွတ်ရမယ်၊ အိမ်စာတွေ အများကြီးလုပ်မယ်၊ စတဲ့ လက္ခဏာရပ်တွေကို ကလေးပညာရေးကောင်းမွန်မှုရဲ့ သင်္ကေတအဖြစ် ရှုမြင်ထားကြသူတွေက အဲသည် သင်ခန်းစာလက်တွေ့လေ့ကျင့်နေမှုတွေအပေါ် မကောင်းမြင် ဝေဖန်နေတဲ့ပုံပါပဲ
.
. . . အထက်က ပြောခဲ့တာတွေကို အကုန်လုံးကို လုံးဝကြီး မပယ်ပေမယ့် ကလေးတစ်ယောက် ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြားမျက်နာစာတွေကိုလည်း လျစ်လျူရှုထားလို့ မရဘူးဆိုတဲ့ အချက်ကို ဝေဖန်နေတဲ့သူတွေက မသိတာလား မေ့နေတာလားတော့ ကိုယ်လည်း မမှန်းဆတတ်ပါဘူး။
.
. . . ကလေးတစ်ယောက်အတွက် ဘယ်လိုပညာရေးမျိုးက သင့်တော်တယ်လို့ သေသေချာချာ မပြောတတ်ပေမယ့် ကိုယ်တိုင်လည်း ကလေးအဖေဆိုတော့ ကိုယ်သိတဲ့ ကလေးပညာရေးဆိုတာလေးကို ပြောပြချင်လာပါတယ်။
.
. . . ကလေးဆိုတာ ဆော့ချိန်ရှိရမယ်။ ကလေးတစ်ယောက် ဘယ်လောက် ဆော့ချိန်ရှိရမလဲဆိုရင် အိပ်ပျော်နေတဲ့အချိန်ကလွဲရင် ကျန်တာ ဆော့ချိန်ပါပဲ။ ကလေးတစ်ယောက်ကို သူစိတ်မပါတာတွေ အတင်းအကျပ်လုပ်ခိုင်းပြီး ငြိမ်ငြိမ်နေအောင် နှိပ်ကွပ်ထားတာနဲ့ စာရင် သူစိတ်ဝင်စားနေတဲ့ အလုပ်တစ်ခုခုအပေါ်မှာ အာရုံစူးစိုက်နေတာက သူ့အတွက် ပိုကောင်းပါတယ်။ ကလေးတစ်ယောက်အတွက် မသိမဖြစ် သိသင့်သိထိုက်တာတွေကို သင်ပေးတော့မယ်ဆို အဲသည် သင်ပေးချင်တာတွေကို သူ့အတွက် ကစားစရာတွေအဖြစ် ပြောင်းလဲပေးနိုင်မှ ကလေးတစ်ယောက်ကို ပေးချင်တာ ပေးခွင့်ရမှာပါ။ ဒါတောင်မှ ကလေးရဲ့ ခံယူတဲ့အပေါ် မူတည်ပြီး ရသွားတာတွေက တစ်ယောက်နဲ့တစ်ယောက် ကွာအုံးမှာ။ ခံယူတယ်ဆိုတာကလည်း ကလေးရဲ့ ၀ါသနာ ဗီဇ ပတ်ဝန်းကျင်အခြေအနေ စိတ်နေစိတ်ထားတွေအပေါ် အများကြီး မူတည်သေးတာကိုး။
.
. . . အဲသည်တော့ ကလေးတွေကို သင်မယ့် စာသင်ခန်းဟာ ကလေးတစ်ယောက်အတွက် ဆော့ချင့်စဖွယ် နေရာကြီး ဖြစ်နေဖို့ ကောင်းပါတယ်။ ကလေးကို ပေးချင်တာတွေကို ကလေးအတွက် ဆော့စရာအဖြစ် ပုံစံပြောင်းဖန်တီးပြီး ဆရာက ကလေးခေါင်းကြီးလုပ်ပြီး ဆော့ဖို့အတွက်ကတော့ အထက်ကပြောခဲ့တဲ့ သင်တန်းတွေက လက်တွေ့လေ့ကျင့်မှုတွေက လိုကိုလိုပါတယ်။
.
. . . ကိုယ်တွေ မူလတန်း အလယ်တန်း အထက်တန်းကျောင်းသားဘ၀က မြန်မာနိုင်ငံရဲ့ ပညာရေး သဘောတရားတွေ ဘယ်လိုတွေ ရှိခဲ့လဲ ကိုယ်တော့ မသိခဲ့ပါဘူး။ တစ်ခါတစ်လေမှ ကြုံတောင့်ကြုံခဲ နေကြတ် လကြတ်လို အခါမျိုးမှာ အတန်းထဲက ဆရာဆရာမတွေက နေကြတ်လကြတ်ကိစ္စမျိုးကို ကျောင်းပညာရေးနဲ့ မဆိုင်သလို သဘောထားတာမျိုးတွေကို ကြုံခဲ့ရတာကိုတော့ ကိုယ် တကယ်ကို အသည်းယားခဲ့ပါတယ်။ အဲသည်တုန်းက အပြင်မှာ နေကြတ်လို့ မှောင်မည်းသွားတာ ကြုံရတာတောင်မှ အတန်းထဲက အတန်းပြင်မထွက်ပဲ သင်လက်စ အခြားအကြောင်းအရာကိုပဲ ဆက်သင်နေခဲ့တာကိုတော့ တော်တော့်ကို အသည်းယားခဲ့တာပါ။ တကယ်သာ အဲသည်တုန်းက နေကြတ်တာကို နေကြတ်နေချိန်မှာဖြစ်ဖြစ် အဲသည်နေ့မှာဖြစ်ဖြစ် ပူပူနွေးနွေး သင်ပေးခဲ့ရင် သဘောတရားနဲ့တကွ တစ်ခါတည်း မှတ်မိခဲ့မှာပဲလို့ တွေးမိခဲ့တာပါ။ အဲသည်အချိန်တုန်းက ပညာရေးသဘောတရားတွေကို မသိခဲ့ပေမယ့် ကိုယ်တွေအတွက်ကတော့ ပညာရေးဆိုတာ စာအုပ်ထဲက စာတွေကို ကျက်တာ စာမေးပွဲမှာဖြေတာပါပဲ။ အဲသည်အပြင် သိပ်မပိုခဲ့ပါဘူး။
.
. . . အားကစားတို့ ကစားခုန်စားတို့ ဆိုတာလည်း သိပ်ပြီး အားပေးအားမြှောက် ခံခဲ့ရတယ်လို့ မထင်ဘူး။ ကိုယ့်ဘာသာ မနေနိုင်မထိုင်နိုင် ယွရင်သာ အဲသည်ကလေး ကျန်းမာသန်စွမ်းတာ ဖြစ်ရင်ဖြစ်မယ်။ လွတ်လပ်ရေးနေ့လို အားကစားပြိုင်ပွဲတွေလိုမှာ ၀တ်ကျေတန်းကျေ ၀င်ပြိုင်လိုက်ကြမယ် ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပဲ။ အားကစားဆိုတာ အဆော့သန်ပြီး အားကစားမှာ သူများထက် နည်းနည်းလေး ပိုသန်တဲ့သူတွေအတွက်သာပဲ သက်ဆိုင်တဲ့ ကိစ္စလို့ အောက်မေ့မိခဲ့တာပါ။ အားကစားဆိုတာ ပြိုင်ပွဲမှာ ပြိုင်ဖို့အတွက်ပဲ လိုတဲ့အရာလို့ ထင်ခဲ့မိတာပါ။
.
. . . ဂီတ အနုပညာဆိုတာ ဝေလာဝေးပါပဲ။ ကျောင်းမှာ ကမ္ဘာမကျေကလွဲလို့ ဘာဂီတမှ မရှိခဲ့တဲ့အပြင် ဆရာဆရာမကသော်လည်းကောင်း မိဘက သော်လည်းကောင်း ဂီတဆိုတာ တတ်ကောင်းတဲ့အရာ ခံစားရတဲ့အရာလို့ လမ်းကြောင်းပေးတာ မရှိခဲ့တဲ့အပြင်၊ ဂစ်တာတီးတတ်ရင် လမ်းသူရဲ အချိန်ဖြုန်းနေသူလို့ တံဆိပ်ကပ်ပြီး မကောင်းတဲ့ ဥပမာအဖြစ် လူဆိုးအဖြစ် ပုံဖော်ပေးထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်က ဂစ်တာလေးတီးတတ်ချင်တာတောင် နင်ပဲငဆပြောပြီး ပိတ်ပင်ခံရတဲ့အဖြစ်၊ ဂီတာတီးတတ်ရင်ပဲ လူက ပျက်စီးတော့မယ့်လမ်းစပေါ်ရောက်တော့မယ်လူလို့ အစွပ်စွဲခံခဲ့ရတဲ့အဖြစ်။
.
. . . ပန်းချီဆိုတာ ကျောင်းသားနဲ့ ဘယ်အချိန်မှာ ဆိုင်သလဲဆိုရင် ဘာအထိမ်းအမှတ် ညာအထိမ်းအမှတ် ပန်းချီပြိုင်ပွဲဆိုရင် ကျောင်းသားနဲ့ ဆိုင်တဲ့ ပုံပါပဲ။ ဆွဲတတ်တဲ့သူတွေ ဆွဲနေကြတာကို မမြင်ဖူးတဲ့ ကိုယ်တွေက သွားငေးပေါ့။ ပန်းချီဆိုတာ ခံစားကောင်းတဲ့အရာ တတ်ကောင်းတဲ့အရာ နားလည်ကောင်းတဲ့အရာရယ်လို့ ဘယ်သူကမှလည်း မပြောပြဖူးဘူး။
.
. . . အခုပြောခဲ့တဲ့ သမားရိုးကျ ကိစ္စလေးတွေတောင်မှ ဒီလောက်ဝေးနေပြီဆိုတော့ တီထွင်ဖန်တီးမှုတို့ဘာတို့ဆိုတာ ကြားတောင်မကြားဖူးတဲ့ ကိစ္စမျိုးတွေပေါ့။
.
အခုတော့
.
. . . ခေတ်တွေလည်း ပြောင်းပါပြီ။ အသိအမြင်တွေလည်း ပွင့်လင်းနေကြပါပြီ၊ ကိုယ့်ကလေးတွေကို လူပီသတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြုစုပျိုးထောင်ပြီး သူတို့လေးတွေရဲ့ ထူးချွန်တဲ့ အစွမ်းအစလေးတွေကို မြေတောင်မြှောက်ပေးရမယ့် ခေတ်ကို ရောက်နေပါပြီ။ ပညာရေးဆိုတာ စာတွေကျက်နေရတာချည်း မလုံလောက်ဘူးဆိုတာ သတိပြုကြပါတော့။ လူ့လောကအလယ်မှာ ထည်ထည်ဝါ၀ါ နေနိုင်ဖို့ အပေါင်းအသင်း ၀င်ဆံ့နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားစေဖို့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုဖို့၊ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့၊ ကမ္ဘာပေါ်က အခြားမျိုးဆက်တူတွေနဲ့ ရင်ဘောင်တန်းဖို့အတွက်က စာတစ်ခုတည်း အံနေနိုင်ရုံနဲ့ မပြီးဘူးဆိုတာ သဘောပေါက်ကြဖို့ သင့်ပါပြီ
.
. . . ကလေးတွေကို ဆော့ခွင့်ပေးကြဖို့ရယ်၊ ဆရာဆရာမတွေလည်း ကလေးတွေဆော့နိုင်မယ့် စာသင်ခန်းတွေကို ဖန်တီးနိုင်ကြဖို့ရယ်အတွက် ကျွန်တော်တို့ မိဘတွေက နားလည်မှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အချိန်တန်ပါပြီ
.
ဗိုလ်ကောင်း
၂၁ မေ ၂၀၁၈
.
https://www.facebook.com/bokaunghtetsan/posts/623562111340401
.
ဓာတ်ပုံက သင်တန်းတက်နေတဲ့ ဆရာတစ်ယောက်ဆီက ယူထားတာပါ။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာပြောစရာဖြစ်မှာစိုးလို့ မျက်နာကို အပြည့်မပေါ်အောင် ပြင်ထားပါကြောင်း

No comments:

Post a Comment