Saturday 29 July 2017

MOBA လေ့လာရေးခရီး


.
. . . ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်ကလာတဲ့ လေ့လာရေးအဖွဲ့တစ်ခုကို လိုအပ်တာတွေ ၀ိုင်းလုပ်ပေးဖို့ အခွင့်အရေးရခဲ့တယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာ သုံးညအိပ်လေးရက်နေသွားတဲ့ သူတို့အတွက် တက်တဲ့အတန်းတွေမှာ သင်ကြားရေးလက်ထောက် လုပ်ပေးဖို့ တာဝန်ပေးလို့ သူတို့အတန်းတွေ လိုက်တက်ပြီး ကိုယ်လည်း ဗဟုသုတ တော်တော်များများ ရလိုက်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း နုတ်ဖြေစာမေးပွဲရှိတော့ ကျန်တဲ့ နှစ်ရက်မှာ သူတို့အတန်းတွေ လိုက်တက်ပေးခဲ့တယ်။ သင်ကြားရေးလက်ထောက် ဆိုပေမယ့် တကယ်တမ်းကျတော့ သင်ကြားရေးနဲ့ ပတ်သက်ပြီး ကိုယ်က ဘာမှ ကူညီဆောင်ရွက်ပေးရတာ မရှိခဲ့ပါဘူး။ ကိုယ်က အိမ်ရှင်တစ်ယောက်အနေနဲ့ပဲ လိုအပ်တဲ့ နေရေးထိုင်ရေး စားရေးသောက်ရေး အဆင်ပြေအောင် အခြားအိမ်ရှင်ကျောင်းသားတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးရတာပဲ ရှိတာပါ . . .
.
. . . ကျောင်းကိုရောက်ပြီးနောက်တစ်ရက်ညနေမှာ ကျောင်းက ဧည့်ခံတဲ့ ကြိုဆိုရေးအခမ်းအနားကို တက်ပြီး စားသောက်နုတ်ဆက် စကားပြောကြပေါ့။ ပြီးတော့ ကျွန်တော်တို့မြို့ရဲ့ အမှတ်တရ ရေနွေးစိမ်ကန်ကို လိုက်ပို့ပေးပါတယ်။ နောက်တစ်ရက်ညကျတော့ ကျောင်းက ပွဲတွေလုပ်တဲ့ ခန်းမမှာ စားကြသောက်ကြ သီချင်းဆိုကြ ကကြနဲ့ ပျော်စရာတော့ အကောင်းသားပါ။ နောက်ဆုံးနေ့မှာ မနက်ပိုင်း ဆရာကြီးနာကာမူရရဲ့ ဂျပန်ဒေသဆိုင်ရာ အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်တဲ့ အတန်းအပြီး နေ့လယ်စာစားပြီးတော့ ကျောင်းက စီစဉ်ပေးတဲ့ ကားနဲ့ပဲ အီချီဂို ယူဇာဝါ ဆိုတဲ့ မြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို လေ့လာရေး သွားကြပါတယ်။ သွားတဲ့ လမ်းခရီးတစ်လျှောက် ကားစီးတဲ့ အချိန်ခဏလေးမှာ လမ်းမှာတွေ့တဲ့ မြင်တဲ့ ရှုခင်းလေးတွေကို အခြေခံပြီး ကျွန်တော်တို့ နယ်အကြောင်း မိုက်တစ်လုံးကိုင်ရှင်းပြ၊ ကိုယ့်ကင်မရာလေးယူသွားပြီး ဓာတ်ဆရာလည်း လုပ်ပေး။ ပြီးတော့ ကျည်ဆန်ရထားစီးမယ့် အီချီဂိုယူဇာဝါ ဘူတာ ဈေးတန်းမှာ လျှောက်ကြည့် ဓာတ်ပုံရိုက်ပေး။ ရထားစီးတော့လည်း ရထားပေါ်မှာ ကိုယ်တွေချည်းပဲမို့ အားလုံး စုစုစည်းစည်းနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ပေးဖြစ်ခဲ့တယ် . . .
.
. . . တိုကျိုရောက်တော့ အီခဲဘုကူရိုဘူတာနားက ရိပ်သာတစ်ခုမှာ တည်းကြတယ်။ နောက်တစ်နေ့မှာ ကမာကူရဘုရား မနက်ပိုင်းလိုက်ပို့တယ်။ ကိုယ့်အတွက်ကတော့ သုံးကြိမ်မြောက် ရောက်ခြင်းပါပဲ။ နေ့လည်ပိုင်းမှာ တိုကျိုရဲ့ နာမည်ကျော် အဆာကုဆဘုရားကျောင်းနဲ့ တိုကျိုကောင်းကင်သစ်ပင် Sky Tree လို့ခေါ်တဲ့ အသံလွှင့်မျှော်စင်ကြီး တက်ကြတယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးမျှော်စင်ဖြစ်တဲ့ ဒီအဆောက်အအုံဟာ ပေပေါင်း ၂၀၀၀ ကျော်မြင့်ပြီး အဆောက်အအုံအနေနဲ့တော့ ဒူဘိုင်းက ကာလီဖာအဆောက်အအုံပြီးရင် ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။ အပေါ်ဆုံးထိ နှစ်ခေါက်ရောက်ဖူးပြီး ဒီတစ်ခေါက်မှာတော့ အပေါ်ဆုံးထိ မရောက်ဖြစ်ခဲ့ဘဲ အလယ်ထပ်ထိပဲ ရောက်ခဲ့ပါတယ်။ ခါတိုင်းဆိုရင် ဖူဂျီတောင်ကြီးကိုတောင် လှမ်းမြင်ရပေမယ့် ဒီတစ်ခေါက်တော့ ရာသီဥတုကလည်း မကောင်းတာကြောင့် ရှုခင်းကောင်းကောင်း မကြည့်ခဲ့ရပါဘူး။ ပြန်အဆင်းမှာ မျှော်စင်အခြေမှာရှိတဲ့ ဈေးဝယ်စင်တာမှာ အဖွဲ့သားတွေ လျှောက်ကြည့် ၀ယ်ခြမ်းကြပြီး တည်းတဲ့နေရာ ပြန်ခဲ့ကြပါတယ် . . .
.
. . . နောက်တစ်ရက် ခရီးစဉ်ကတော့ မနက်ပိုင်း နိပွန်ဖောင်ဒေးရှင်း ရုံးချုပ်မှာလုပ်တဲ့ ပို့ချမှုတစ်ခုကို တက်ရောက်ပြီး နေ့လည်စာကို အဲသည်အနီးနားက Dipmahal လို့ခေါ်တဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ နိပွန်ဖောင်ဒေးရှင်းက တည်ခင်းပါတယ်။ စားသောက်ပြီးတဲ့အခါကျတော့ တစ်ရပ်ကွက်တည်းလောက်မှာပဲရှိတဲ့ ဒိုင်းယက်ဥပဒေပြုလွှတ်တော်ကို လေ့လာရေး သွားကြပါတယ်။ ဒိုင်းယက်ကို ပထမအကြိမ်လေ့လာရေး သွားဖူးထားတာမို့ ဒီတစ်ခေါက်မှာ ဒိုင်းယက်ထဲက သိသင့်သိထိုက်တာလေးတွေကို မျှဝေရှင်းပြပေးနိုင်ခဲ့ပါတယ်။ ဒိုင်းယက်က ထွက်လာအပြီးမှာ လျှပ်စစ်မြို့တော် အာကီဟာဘာရ နဲ့ နိပိုးရီမှာရှိတဲ့ ကီမိုနိုဈေးတန်းကို သွားပြီး တည်းတဲ့နေရာပြန်လာ နားကြပါတယ် . . .
.
. . . နောက်တစ်နေ့ မနက်မှာ အီခဲဘူကူရို ဘူတာကနေ နာရီတာလေဆိပ်ကိုသွားပြီး လေဆိပ်မှာ အားလုံးပစ္စည်းတွေဘာတွေ အပ်၊ လက်မှတ်တွေဘာတွေ ထုတ်ပြီးသူတို့တွေ အတွင်းထဲဝင်သွားကြမှ လေဆိပ်ထဲမှာ ကော်ဖီလေးသောက် မုန့်လေးစားပြီး တိုကျိုမြို့ထဲကို ပြန်ပါတယ်။ ကျည်ဆန်ရထား မစီးခင် အူရဲနို ဘူတာနားက ညောင်ပင်လေးဈေးလို့ ကျွန်တော်နာမည်ပေးထားတဲ့ ဈေးထဲမှာ မြန်မာကြိုက် စားသောက်ဖွယ်ရာလေးတွေ ၀င်ဝယ်ပြီး ကျောင်းကို ပြန်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ လျှောက်သွား ၀ယ်ခြမ်းနေဖြစ်လို့ ပိုက်ဆံကုန် အချိန်ကုန်ပေမယ့် ကိုယ်တွေဆီ လေ့လာရေးလာတဲ့သူတွေ တတ်နိုင်သမျှ အကျိုးရှိအောင် ဗဟုသုတရအောင် လိုက်ပို့ရှင်းပြခွင့်ရတဲ့အတွက် ကျွန်တော် ပျော်ပါတယ် . . .
.
၂၉ ဇူလိုင် ၂၀၁၇

No comments:

Post a Comment