Saturday 8 July 2017

နစ်ကိုးခရီးစဉ် အီတလီသံအမတ်ကြီး အပန်းဖြေစံအိမ်

.
ပြာမှိုင်းနေတဲ့ တောင်တန်းတွေရဲ့ အခြေမှာရှိတဲ့ ရေကန်စပ်က စိမ်းစိုနေတဲ့သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းကြား မှန်တံခါးတွေ အပြည့်တပ်ထားတဲ့ လင်းလင်းရှင်းရှင်း သစ်သားအိမ်ကြီးမျိုးကို ရောက်ဖူးသူတိုင်း ဒီလိုအိမ်ကြီးမျိုး ဆောက်ပြီး ချစ်ခင်မြတ်နိုးသူတွေနဲ့ အတူတူနေဖို့ စိတ်ကူးယဉ်မိကြမှာပါပဲ . . .
.







.
. . . လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းလောက်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးပင်မကျွန်းကြီးအလယ်လောက်မှာ နန်တာအိစံလို့ခေါ်တဲ့ မီးတောင်ကြီး ပေါက်ကွဲတဲ့အခါ မီးတောင်ချော်ရည်တွေက အဲသည်အနီးမှာ စီးဆင်းနေတဲ့ မြစ်တစ်စင်းကို ပိတ်ဆို့ပြီး တောင်တွေကြားထဲမှာ ရေအိုင်ကြီးတစ်အိုင် ဖြစ်လာခဲ့တယ်။ အဲသည်နေရာက အခု ဂျပန်နိုင်ငံအလယ်ပိုင်းက တိုချီဂီပြည်နယ်ထဲမှာရှိတဲ့ နစ်ကိုးဒေသမှာ ချူးဇန်းဂျိ ရေကန်လို့ခေါ်တဲ့ ရေအိုင်ကြီးဖြစ်ပါတယ်။ ရေကန်ကြီးက စတုရန်းမိုင် လေးမိုင်ခွဲလောက် ကျယ်ပြီး ကန်ရဲ့ အနားသတ်ပတ်ပတ်လည် အရှည်က ၁၅ မိုင်ခွဲလောက်ရှိပါတယ်။ တောင်တွေကြားထဲမှာ ပေါ်လာတဲ့ ရေအိုင်ကြီးက ပင်လယ်ရေမျက်နာပြင်အထက် ပေလေးထောင်ကျော်မှာရှိပြီး အနက်ဆုံးနေရာက ပေငါးရာကျော် နက်ပါသတဲ့။ ကန်ထဲကို စီးဝင်တဲ့ မြစ်က ယူကာဝါမြစ်ဖြစ်ပြီး ကန်ထဲကနေ ရေတွေ စီးထွက်သွားတဲ့ နေရာမှာ အလွန်လှပကျော်ကြားတဲ့ ကီဂွန် ရေတံခွန်ရှိပါတယ် . . .
.
. . . အဲသည်ကန်ကြီးကို ခရစ်နှစ် ၇၈၂ ခုနှစ်မှာ ဘုန်းတော်ကြီး ရှိုဒိုနဲ့အဖွဲ့က နာတာအိတောင်တက်ကြရင်း စတင်တွေ့ရှိခဲ့တာဖြစ်ပါသတဲ့။ နာတာအိတောင်ဆိုတာကလည်း အလွန်ကို မြင့်မြတ်တဲ့တောင်အဖြစ် သိမှတ်ထားကြတာမို့ ၁၈၇၇ ခုနှစ် မတိုင်ခင်အထိက မိန်းမတွေ၊ မြင်းတွေ၊ နွားတွေ မတက်ရလို့ ပိတ်ပင်ထားတဲ့ နာမည်ကျော် နတ်တောင်တစ်ခု ဖြစ်ပါတယ် . . .
.
. . . ရာသီအလိုက် စိမ်းလိုက် ၀ါလိုက် နီလိုက် ဖြူလိုက် အရောင်အမျိုးမျိုးနဲ့ လှပလွန်းလှတဲ့ တောင်အသွယ်သွယ်ကြားက ရေကန်ပြာပြာကြီး ဘယ်လောက်တောင် ရင်သပ်ရှုမော ဖြစ်လိမ့်မလဲဆိုတာ မှန်းဆကြည့်လို့ ရပါတယ်။ ဒီလို တောတောင် သဘာဝအလှအပ ရှုခင်းတွေကို အင်မတန် တန်ဖိုးထားတဲ့ ဥရောပသားတွေဟာ မေဂျီခေတ်လည်ပိုင်းနဲ့ ရှိုဝါခေတ်ဦးပိုင်း (၁၈၉၀ - ၁၉၃၀) အချိန်တွေတုန်းက ဒီရေကန်ကြီး ပတ်ပတ်လည်မှာ အပန်းဖြေစံအိမ်တွေ ဆောက်ခဲ့ကြပါတယ် . . .
.
. . . အခု ဒီဓာတ်ပုံထဲက ကျွန်တော်ထိုင်နေတဲ့ နေရာကတော့ အီတလီသံအမတ်ကြီး အပန်းဖြေစံအိမ်ဖြစ်ပါတယ်။ ရေကန်ကြီးကို မျက်နာမူထားတဲ့ လေသာဆောင်မှာ ရိုက်ထားတာပါ။ ဒီအိမ်ကြီးကို ၁၉၂၈ ခုနှစ်မှာ အန်တိုနီရေမွန် ဆိုတဲ့ ဗိသုကာပညာရှင် သံတမန်တစ်ဦးက ပုံစံထုတ် တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၇ ခုနှစ်အထိ အီတလီ သံအမတ်ကြီး အပန်းဖြေအိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ကြီးကို မူလအတိုင်း ရှေးမူမပျက် ပြန်လည်ပြင်ဆင်ပြီးတော့ အတတ်နိုင်ဆုံး မူရင်းပရိဘောဂတွေ ခင်းကျင်းပြီး ပြတိုက်သဘောမျိုး ပြထားတာပါ။ ပြတိုက်သဘောမျိုး ဆိုပေမယ့် တကယ့်အိမ်ကြီးလိုပဲ ခင်းကျင်းထားပြီး အိမ်ထဲမှာ ကိုယ်တိုင် နေနေရသလို ခံစားလို့ရပါတယ် . . .
.
. . . အိမ်ကို ဂျပန်ရိုးရာ ဒေသထွက်ပစ္စည်းတွေနဲ့ ဆောက်ထားပြီး အပေါ်ထပ်မှာ ရေကန်ကြီးကို အပေါ်စီးက မြင်ရတဲ့ အိပ်ခန်းတွေ ရှိပြီး အောက်ထပ်မှာတော့ ဧည့်ခန်း ထမင်းစားခန်း စာကြည့်ခန်း တို့ရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံးက အိမ်ကြီးတစ်ခုလုံး ရေကန်ကြီးဘက်ကို မျက်နှာမူထားတဲ့ ဘက်က လေသာဆောင်ကို ဂျပန်ရိုးရာ သစ်သားကွက်တွေမှာ မှန်အကြည်တွေ တပ်ထားတာဖြစ်ပါတယ်။ တံခါးတွေကလည်း ဂျပန်ရိုးရာ ဆွဲတံခါးတွေဖြစ်လို့ တစ်အိမ်လုံးက လင်းရှင်းပြီး ခဏလေးရောက်သွားတာတောင် တော်တော် သက်တောင့်သက်သာနဲ့ နေလို့ထိုင်လို့ ကောင်းတယ်ဆိုတာ သိသာပါတယ်။ ရေကန်ကို မျက်နာမူထားတဲ့ လေသာဆောင်မှာ ဆိုဖာထိုင်ခုံတွေ ပက်လက်ကုလားထိုင်တွေ တန်းစီချထားပြီး အဲသည်မှာထိုင်လို့ ရေကန်ကြီးကို ငေးကြည့်နေရတဲ့ အရသာက ဘာနဲ့မှ မတူအောင် ငြိမ်းချမ်းဆိတ်ငြိမ်တဲ့ ခံစားချက်ကို ပေးပါတယ်။ ပြတိုက်လုပ်ထားတဲ့ နေရာကို ရောက်နေတယ်လို့ မခံစားရဘဲ ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်အိမ်ကို အလည်လာရသလို သက်တောင့်သက်သာရှိလွန်းလှပါတယ် . . .
.
. . . အိမ်ရဲ့ မျက်နာစာ ရေကန်စပ်မှာတော့ ရွက်လှေတွေ လှေတွေ ဆိုက်တဲ့ တံတားတစ်ခု ထိုးထားပြီး အိမ်ရဲ့ ညာဘက် သစ်ပင်တွေအောက်မှာလည်း သစ်သားကပြင်တွေ အနိမ့်အမြင့် လှေခါးတွေနဲ့ အေးချမ်းစိုပြေလှပါတယ်။ ပြာမှိုင်းနေတဲ့ တောင်တန်းတွေရဲ့ အခြေမှာရှိတဲ့ ရေကန်စပ်က စိမ်းစိုနေတဲ့သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းကြား မှန်တံခါးတွေ အပြည့်တပ်ထားတဲ့ လင်းလင်းရှင်းရှင်း သစ်သားအိမ်ကြီးမျိုးကို ရောက်ဖူးသူတိုင်း ဒီလိုအိမ်ကြီးမျိုး ဆောက်ပြီး ချစ်ခင်မြတ်နိုးသူတွေနဲ့ အတူတူနေဖို့ စိတ်ကူးယဉ်မိကြမှာပါပဲ . . .
.
၈ ဇူလိုင် ၂၀၁၇
Italian Embassy Villa Memorial Park

No comments:

Post a Comment