Saturday, 18 May 2019

Academic Freedom


. . . မနက်က အိပ်ယာနိုးနိုးချင်း ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ထဲမှာ Academic Freedom နဲ့ Freedom of Learner ဆိုတဲ့ ဝေါဟာရနှစ်ခုကို တွေ့မိလို့ရယ်၊ အဲသည် သဘောအဓိပ္ပာယ်နဲ့ အနှစ်သာရကို နားလည်မှုလွဲနေကြတဲ့ အရိပ်အယောင်တွေ တွေ့လို့ရယ် ဒီစာကို ရေးဖြစ်ပါတယ်။
.
. . . ကျောင်းသားက တက်ချင်တဲ့အတန်းကို တက်လို့ရတယ်၊ ဆရာကလည်း သင်ချင်ရာသင်လို့ရတယ်ဆိုတာ တော်တော်ကို စည်းမရှိဘောင်မရှိသဘောသက်ရောက်တဲ့ အရေးအသားကြောင့် ဆိုင်ရာဗဟုသုတနောက်ခံအားနည်းသူအနေနဲ့ နားလည်မှုလွဲနိုင်ပါတယ်။ သင်ချင်တာသင်လို့ရတယ် တက်ချင်တဲ့အတန်းတက်လို့ရတယ်ဆိုတာက သတ်မှတ်ထားတဲ့ စည်းဘောင်ထဲမှာသာဖြစ်ပါတယ် ဆိုတာကို ရှင်းပြချင်ပါတယ်။
.
. . . ကျွန်တော်အခု တက်နေတဲ့ တက္ကသိုလ်ရဲ့ နည်းစနစ်ကို ရှင်းပြရင် လွတ်လပ်တဲ့ပညာသင်ကြားမှုသဘောတရားကို အနည်းငယ်ဖြစ်ဖြစ် တီးမိခေါက်မိရှိနိုင်မယ်ထင်ပါတယ်။ ကျွန်တော်ရဲ့ တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာရပ်နဲ့ မူဝါဒရေးရာကို အဓိကထားသင်ကြားပေးတဲ့ လူမှုရေးရာသိပ္ပံပညာရပ်အထူးပြု တက္ကသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းကို လာတက်တဲ့သူတွေအနေနဲ့ အဲသည်နယ်ပယ်က ဘာသာရပ်တွေကိုပဲ မျှော်လင့်ထားလို့ရပြီး အဲသည်ဘာသာရပ်တွေကို ဆည်းပူးမယ့်သူတွေပဲ လာရောက်ကြပါတယ်။ လွတ်လပ်တဲ့ သင်ကြားသင်ယူမှုဝန်းကျင်ကို ဒီတက္ကသိုလ်က ဘယ်လို တည်ဆောက်ထားလဲဆိုတာ အပိုင်းနှစ်ပိုင်းခွဲ တင်ပြပါ့မယ်
.
သင်ကြားရေးပိုင်း
.
. . . ပထမပိုင်းအနေနဲ့ တက္ကသိုလ်က သင်ကြားရေးအပိုင်းရဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ တက္ကသိုလ်မှာ ဘယ်ဘာသာရပ်တွေ သင်ကြားပေးမလဲဆိုတာကို တက္ကသိုလ်ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီးတဲ့အခါ အဲသည်ဘာသာရပ်တွေ သင်ကြားပေးနိုင်တဲ့ ဆရာတွေကို ခေါ်ယူပါတယ်။ ခေါ်တဲ့အခါမှာလည်း တက္ကသိုလ်က ပိုက်ဆံတတ်နိုင်ရင်တတ်နိုင်သလောက် တက္ကသိုလ် ဂုဏ်သတင်းကြီးရင်ကြီးသလောက် ဆရာကောင်းတွေရပြီး ဆရာတွေကောင်းလေလေ တက္ကသိုလ်ရဲ့ ဂုဏ်သတင်းတက်လေဖြစ်တာမို့ အဲသည်နှစ်ခု အပြန်အလှန် ဟန်ချက်ညီနေအောင် တက္ကသိုလ်အုပ်ချုပ်ရေးဘုတ်အဖွဲ့က လုပ်ဆောင်ကြပါတယ်။ တက္ကသိုလ်အဆင့်အတန်းမြင့်မှ ဆရာကောင်းတွေလာမယ်၊ ဆရာကောင်းတွေလာမှ တက္ကသိုလ်အဆင့်အတန်းမြင့်မယ်၊ ဒါမှသာ အဆင့်အတန်းမီတဲ့ကျောင်းသားကောင်းတွေလာတက်မယ်၊ ကျောင်းသားတွေရဲ့ ပညာရပ်ဆိုင်ရာ အဆင့်အတန်းမြင့်မြင့် မွေးထုတ်ပေးနိုင်မှ တက္ကသိုလ်ဂုဏ်တက်မယ်၊ တက္ကသိုလ်ဂုဏ်တက်မှ ဆရာကောင်းတွေလာချင်မယ် စသည်ဖြင့် တစ်ခုနဲ့တစ်ခု အမီသဟဲဖြစ်နေတာကြောင့် အဲသည်ဟန်ချက်မပျက် တက္ကသိုလ်ရဲ့ ဂုဏ်သတင်းတက်အောင် သက်ဆိုင်ရာဘုတ်အဖွဲ့က ဆရာတွေ ခေါ်ယူရာမှာ ဘာသာရပ်တွေ သတ်မှတ်ရာမှာ အောင်မြင်မှုအဆင့်တွေ သတ်မှတ်ရာမှာ မူဝါဒတွေချပြီး လုပ်ဆောင်ကြရပါတယ်။
.
. . . ဆက်လက်ပြီး ဆရာတွေ တစ်ဦးချင်းရဲ့ လွတ်လပ်တဲ့ လုပ်ဆောင်ချက်တွေအကြောင်း ဆက်ပြောပါ့မယ်။ ဆရာတွေဟာ ဘယ်ဘာသာရပ်တွေကို ပို့ချမယ်ဆိုတာ ကျောင်းရဲ့ ဆရာများအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းကြရပါတယ်။ ကျောင်းရဲ့အထူးပြုဘာသာရပ်ဘောင်ထဲလည်းဝင်အောင် ကျောင်းသားတွေအတွက် ဈေးကွက်ဝင်တဲ့ ဘာသာရပ်လည်းဖြစ်အောင်၊ စိတ်ဝင်စားတဲ့ကျောင်းသားတွေများတဲ့ ဘာသာလည်းဖြစ်အောင် ဘက်ပေါင်းစုံက စဉ်းစားတိုင်ပင်ပြီး ဘယ်ဆရာက ဘယ်ဘာသာရပ်တွေကို သင်ကြားမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ရပါတယ်။ ဆရာများအဖွဲ့အစည်းအဝေး (Faculty meeting) မှာ အဆိုပါအတိုင်း ဆုံးဖြတ်ပြီးတဲ့အခါ သက်ဆိုင်ရာဆရာများက သူတို့သင်မယ့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကို ကိုယ့်ဘာသာ ရေးဆွဲတင်ပြကြရပါတယ်။ (ကျွန်တော်တို့ဆီက တက္ကသိုလ်အများစုလို အရင်ကတည်းက ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ ပြဌာန်းစာအုပ်ကိုကိုင်ပြီး ဘယ်ဆရာက သင်မလဲတာဝန်ပေးတာနဲ့ ပြောင်းပြန်ဖြစ်နေတာကို သတိပြုစေလိုပါတယ်)
.
. . . ဒီနေရာမှာ ဘာသာရပ်တစ်ခုကို သင်ကြားတဲ့ ဆရာတစ်ယောက်အနေနဲ့ သူ့ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုသင်ကြားမယ် ဘာတွေကိုသင်ကြားမယ်၊ တက္ကသိုလ်ကချမှတ်ထားတဲ့ မူဝါဒအဆင့်အတန်းနဲ့အညီ အမှတ်ပေးစည်းမျဉ်းကို ဘယ်လိုရေးဆွဲသတ်မှတ်ထားမယ်ဆိုတာတွေကို မိမိဘာသာ တစ်ဦးတည်းလွတ်လပ်စွာ သတ်မှတ် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဆရာတစ်ယောက်နဲ့တစ်ယောက် တစ်ဘာသာနဲ့တစ်ဘာသာ အမှတ်ပေးပုံခြင်း မတူသလို ကျောင်းသားရဲ့ အရည်အသွေးကို အကဲဖြတ်ပုံခြင်းလည်း မတူပါဘူး။
.
. . . တစ်ချို့ဆရာတွေက အတန်းတက်အမှတ်ကို ရာခိုင်နှုန်းတစ်ခုအနေနဲ့ ထည့်တွက်ပေမယ့် တစ်ချို့က ထည့်တွက်ချင်မှ တွက်ပါမယ်။ တစ်ချို့က စာမေးပွဲနှစ်ခါဖြေခိုင်းပေမယ့် တစ်ချို့ စာမေးပွဲလုံးဝမဖြေခိုင်းတာရှိသလို စာမေးပွဲခန်းထဲ ယူချင်တဲ့စာအုပ်ယူလာကိုးကားဖြေခွင့်ပေးတဲ့ ဆရာတွေလည်းရှိပါတယ်။ တစ်ချို့ စာတမ်းတစ်စောင်နှစ်စောင်ရေးခိုင်းသလို တစ်ချို့က အဖွဲ့လိုက်လုပ်ငန်းတွေမှာ အမှတ်ပိုပေးတာ စသည်ဖြင့် ဆရာတစ်ယောက်ချင်းစီက ကိုယ်ပိုင်မူနဲ့ အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလို ကျောင်းသားအားလုံး စာမေးပွဲဖြေရတဲ့ စာမေးပွဲကြီးဆိုတာမျိုး မရှိဘဲ ဆရာတစ်ယောက်ချင်းစီရဲ့ အကဲဖြတ်စနစ်အတိုင်းသာ ကျောင်းသားက လိုက်ပါလုပ်ဆောင်ရတာဖြစ်ပါတယ်။
.
. . . ဒုတိယပိုင်းအနေနဲ့ ကျောင်းသားတွေရဲ့ ရွေးချယ်နိုင်ခွင့်ကို တင်ပြလိုပါတယ်။ ကျောင်းသားက ရွေးချယ်နိုင်ခွင့်ရှိတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ အထက်မှာပြောခဲ့ပါတယ်။ ဒါကြောင့် မူဝါဒရေးရာအထူးပြုကျောင်းမှာ ဆေးပညာတွေ အင်ဂျင်နီယာပညာတွေ မျှော်လင့်လို့မရသလို စိုက်ပျိုးရေးအထူးပြုတဲ့ကျောင်းမှာလည်း ဘာသာစကားဆိုင်ရာပညာရပ်တွေ မျှော်လင့်လို့မရပါဘူး။
တက္ကသိုလ် (University) အောက်မှာကို သက်ဆိုင်ရာဘာသာရပ်အထူးပြု (Schools) တွေ ခွဲထားပြီး အဲသည်အောက်မှာမှ ကျောင်းသားက ဘယ်ဘာသာရပ်အထူးပြုသလဲ (Program) ရွေးချယ်တဲ့အပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေကို ရွေးချယ်သင်ကြားခွင့်ရှိသလဲဆိုတာ ဖြစ်လာတာပါ။ ကျွန်တော့်တက္ကသိုလ်မှာ International Relations School နဲ့ International Development School ဆိုတဲ့ ကျောင်းနှစ်ခုခွဲထားပြီး ကျောင်းတစ်ခုချင်းစီရဲ့အောက်မှာ သက်ဆိုင်ရာ Program တွေရှိပါတယ်။
.
. . . ဒါကြောင့် International Relations School အောက်က International Relations Program ကိုယူထားတဲ့ ကျောင်းသားတစ်ယောက်က အဲသည်ပရိုဂရမ်က သတ်မှတ်ထားတဲ့ မယူမဖြစ် ဘာသာရပ် (Core Courses) ဆယ်ခုလောက်ကို မဖြစ်မနေ ယူကြရပါတယ်။ အဲသည်သတ်မှတ်ထားတဲ့ ဘာသာရပ်အတန်းတွေကို မယူဘဲ သတ်မှတ်ထားတဲ့ အဆင့်နဲ့ မအောင်မြင်ဘဲနဲ့ ဘွဲ့မပေးပါဘူး။ ဒီပရိုဂ၇မ်မှာ မှတ်ပုံတင်ထားတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အဲသည်သတ်မှတ်ထားတဲ့ မယူမနေရဘာသာရပ်တွေကို မယူဘူးလို့ ငြင်းခွင့်မရှိပါဘူး။ ငြင်းပယ်မယ်ဆိုအုံးတော့ ဘွဲ့မရရုံပဲရှိမှာပါ။

ပိုနားလည်အောင်ရှင်းပြရရင်

. . . IR Program မှာ မယူမနေရ ဘာသာရပ်က ဆယ်ခုရှိတယ်ဆိုပါစို့။ ဘာသာရပ်တစ်ခုအတွက် ခရက်ဒစ်နှစ်မှတ်ပေးပြီး ဘွဲ့ရဖို့လိုအပ်တဲ့ အနည်းဆုံး ခရက်ဒစ်က အမှတ်လေးဆယ်ဆိုပါစို့။ ကျန်တဲ့ ခရက်ဒစ် အမှတ် နှစ်ဆယ်အတွက် ဘယ်အတန်းတွေ တက်မလဲဆိုတာကို သတ်မှတ်ထားတဲ့ (Elective Courses) တွေထဲကနေ ကျောင်းသားက ရွေးခွင့်ရှိပါတယ်။ ရွေးခွင့်ရှိတယ်ဆိုတာတောင်မှ University တစ်ခုလုံးက သင်ကြားသမျှတွေထဲကနေ ယူချင်ရာယူလို့မရပါဘူး။ သက်ဆိုင်ရာ School အောက်က Program တွေထဲကပဲ အများဆုံး ရွေးရတာပါ။ ဥပမာ IR School အောက်က IR Program တက်နေတဲ့ကျောင်းသားက IM School အောက်က ဘာသာရပ်တွေကို သွားယူချင်တယ်ဆိုရင် ခရက်ဒစ် လေးမှတ်ထက် ပိုမပေးပါဘူး။ ဆိုလိုချင်တာက အချိန်ရလို့ စိတ်လည်းဝင်စားလို့ တစ်ခြား School အောက်က အတန်းတွေကို မှတ်ပုံတင်ပြီး သွားတက်မယ်ဆိုရင်တောင် ခရက်ဒစ် လေးခုအထိပဲ ရမှတ်ထဲ ထည့်တွက်ပေးပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားကို သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်နဲ့ နီးစပ်တဲ့ ဘာသာရပ်တွေကိုပဲ ယူစေချင်လို့ စနစ်အားဖြင့် ထိန်းကျောင်းကန့်သတ်ထားတာဖြစ်ပါတယ်။
.
. . . ကျောင်းသားက ဘာသာရပ်တွေကို ရွေးချယ်တဲ့ နည်းစနစ်ကလည်း အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အတန်းတစ်တန်း မစခင် တစ်လလောက်အလိုမှာ ကျောင်းသားဟာ သူတက်မယ့်အတန်းအတွက် ကြိုတင်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရပါတယ်။ အွန်လိုင်းကနေ လုပ်ရတာပါ။ အဲလိုလုပ်တဲ့အခါမှာ တက္ကသိုလ်ဝက်ဆိုက်ထဲဝင်ပြီး ဒီအတန်းမှာတော့ ဘယ်ဘာသာရပ်တွေကို ပို့ချပေးမယ်ဆိုတာကို ဖော်ပြထားပြီး ဘာသာရပ်တစ်ခုချင်းအလိုက် သင်ရိုးနဲ့ လုပ်ဆောင်ရမယ့်အရာတွေ ဖတ်ရမယ့် စာအုပ်တွေ၊ စာသင်ချိန်တစ်ခုချင်းအလိုက် သင်ကြားမယ့် ခေါင်းစဉ်တွေ၊ အမှတ်ပေးစည်းမျဉ်းတွေကို သက်ဆိုင်ရာ သင်ကြားမယ့် ဆရာတွေက တင်ထားပေးပါတယ်။ ဒါ့အပြင် သင်ကြားပေးမယ် အချိန်ဇယားကိုလည်း တစ်ပါတည်းဖော်ပြပေးထားပါတယ်။ ဒါကြောင့် ကျောင်းသားက အတန်းကို ရွေးချယ်ဖို့အတွက် လုံလောက်တဲ့ သတင်းအချက်အလက်ကိုရပြီး ကိုယ်တက်ချင်တဲ့ ဘာသာရပ်နှစ်ခုက အချိန်တိုက်နေရင် ဘယ်ဟာကို ရွေးရမလဲ ဆိုတာကအစ စီစဉ်လို့ရပါတယ်။
.
. . . အတန်းတစ်ခု စစချင်း ပထမတစ်ပတ်မှာ ကျောင်းသားက သူမှတ်ပုံတင်ထားတဲ့ အတန်းတွေကို လိုက်တက်ကြည့်ပြီး သူမှတ်ပုံမတင်ထားပေမယ့် စိတ်ဝင်စားတဲ့အတန်းတွေကိုလည်း သက်ဆိုင်ရာဆရာတွေကို ခွင့်တောင်းပြီး လိုက်တက်ရင်း ဆရာတွေနဲ့ ဘာသာရပ်သဘောတွေကို အကဲခတ်ခွင့်ရှိပါတယ်။ ကျောင်းတက်ချိန် ပထမတစ်ပတ်ပြီးတဲ့အခါကျမှ ဘာသာရပ်မှတ်ပုံတင်ကို အပြီးသတ်လုပ်ဆောင်ရပါတယ်။ ဒါက ကျောင်းသားဘက်က ရွေးချယ်နိုင်ခွင့်ပါ။
.
. . . ဆရာက ကျောင်းသားရဲ့ လိုက်ပါလုပ်ဆောင်နိုင်မှုကို အကဲဖြတ် အမှတ်ပေးသလို ကျောင်းသားကလည်း ဆရာကို အကဲဖြတ် အမှတ်ပေးတဲ့စနစ်ပါရှိပါတယ်။ အတန်းတစ်ခုရဲ့ နောက်ဆုံး သတင်းပတ်မှာ သက်ဆိုင်ရာ ဘာသာရပ်နဲ့ နည်းပြဆရာကို အကဲဖြတ်တဲ့ အကဲဖြတ်လွှာကို ကျောင်းသားက ဖြည့်ရပါတယ်။ သက်ဆိုင်ရာ ၀က်ဆိုက်ကနေ အချိန်အကန့်အသတ်နဲ့ ကျောင်းသားဆီပို့ပေးတဲ့ အကဲဖြတ်လွှာကို ကျောင်းသားက သူ့စကားဝှက်နဲ့ ၀င်ရောက်ပြီး ဘာသာရပ်ပိုင်းဆိုင်ရာ သင်ကြားမှုပိုင်းဆိုင်ရာ စသည်ဖြင့် အကဲဖြတ်လွှာမှာ မိမိစိတ်ကြိုက် အမှတ်ပေးရပါတယ်။ ဘာသာရပ်ကို ဆရာကို ဝေဖန်ဆန်းစစ်ချက်တွေကို စိတ်ကြိုက်ရေးသားရပါတယ်။ ဒီလိုကျောင်းသားက ရေးသားတဲ့ အကဲဖြတ်ချက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကလွဲပြီး ဘယ်သူမှ မသိစေရပါဘူးဆိုတဲ့ အာမခံချက်ပေးထားတာကြောင့် ကျောင်းသားတစ်ယောက်က ဘာသာရပ်အပေါ်မှာဖြစ်စေ ဆရာပေါ်မှာဖြစ်စေ သင်ကြားနည်းစနစ်ပေါ်မှာဖြစ်စေ ဝေဖန်ဆန်းစစ်အကြံ့ပု အမှတ်ပေးခွင့်ရှိနေပါတယ်။
.
. . . အတန်းတစ်တန်းပြီးတိုင်းမှာလည်း ကျောင်းသားတွေရဲ့ အမှတ်စာရင်းနဲ့ အောင်မြင်မှုအဆင့်အတန်းတွေကို တစ်ယောက်ချင်းစီပို့ပေးသလို ဆရာတွေအပေါ် ကျောင်းသားတွေရဲ့ အကဲဖြတ်အမှတ်ပေးချက်တွေကို အားလုံးသိအောင် ပွင့်လင်းမြင်သာ ထုတ်ပြန်ပေးပါတယ်။ ဒါကြောင့် ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်တစ်ခု ဆရာတစ်ယောက်ကို သူ့ရဲ့သင်ရိုးညွှန်းတမ်းတွေ အမှတ်ပေးစည်းမျဉ်းတွေအပေါ်မှာသာမက သူသင်ခဲ့တဲ့အတန်းက ကျောင်းသားတွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုပါ မြင်သာထင်သာ လေ့လာခွင့်ရပြီး လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခွင့်ရှိနေပါတယ်။
ဒါကြောင့် တစ်ချို့အတန်းတွေမှာ ကျောင်းသားတွေ စုပြုံနေပြီး တစ်ချို့အတန်းတွေမှာ ကျောင်းသားတွေ နည်းနေတာစသည်ဖြင့် မျိုးစုံရှိနေနိုင်တာဖြစ်ပါတယ်။
.
. . . အခုရေးသားခဲ့တာကတော့ လွတ်လပ်တဲ့ သင်ကြားသင်ယူမှုဝန်းကျင်နဲ့ ပတ်သက်ပြီး စနစ်ပိုင်းဆိုင်ရာ ကိုယ်တွေ့ ဗဟုသုတတစ်ချို့ကို မျှဝေပေးတာဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးကျန်သေးပေမယ့် ဒီလောက်ဆိုရင်တော့ တီးမိခေါက်မိရှိပြီလို့ ယူဆပါတယ်။ ပိုသိချင်တာများရှိရင် အောက်က မှတ်ချက်နေရာမှာ မေးပေးပါ။ အများသိအောင် ဖြေပေးပါ့မယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ
.
ဇေယျာနိုင်

No comments:

Post a Comment