Wednesday 1 May 2019

မင်းပြောင်းမင်းလွှဲ


သက်တော်ရှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ အာကီဟီတို ဧကရာဇ်မင်းမြတ် ထီးနန်းစွန့်မှာဖြစ်လို့ ဂျပန်နိုင်ငံရဲ့ ဆယ်စုနှစ်သုံးခုကြာမြင့်ခဲ့တဲ့ ငြိမ်းချမ်းရွှေပြည်ခေတ် (ဟေးဆေးခေတ်) က ဒီကနေ့ည သန်းခေါင်ယံမှာ ကုန်ဆုံးမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ နန်းတက်မယ့် အိမ်ရှေ့မင်းသား နာရူဟီတို ဧကရာဇ်မင်းမြတ်အသစ်နဲ့အတူ လှပဝေစည်ဟန်ချက်ညီခေတ်သစ် (ရေ၀ခေတ်) အစပျိုးတော့မှာဖြစ်ပါတယ်။
ဒီကနေ့ ညနေ ငါးနာရီမှာ တိုကျိုမြို့လယ်က ဂျပန်ဧကရာဇ်နန်းတော်မှာ ဆယ်မိနစ်ပဲ အချိန်ယူမယ့် နန်းစွန့်ပွဲကို ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ အိမ်ရှေ့မင်းသား နာရူဟီတိုက မင်းမြောက်တန်ဆာနဲ့အဆောင်အယောင်ဓားတို့ကို လက်ခံပြီး နန်းတက်မှာဖြစ်ပါတယ်။
နှစ်ပေါင်းနှစ်ရာအတွင်း သက်ရှိထင်ရှားထီးနန်းစွန့်ရိုးထုံးစံမရှိတဲ့ ဂျပန်နန်းဓလေ့အရ လက်ရှိ ဧကရာဇ်မင်း နန်းစွန့်နိုင်ဖို့အတွက် ဒိုင်းယက်လွှတ်တော်က တစ်ကြိမ်သာအသက်ဝင်မယ့် အထူးဥပဒေတစ်ရပ်ပြဌာန်းပေးခဲ့ရပါတယ်။
နန်းတက်မယ့် အိမ်ရှေ့မင်းသား နာရူဟီတိုက အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး အောက်စ်ဖို့ကျောင်းထွက် ပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် ကြင်ယာတော် မာဆာကိုမိဖုရားကလည်း ဟားဗတ်တက္ကသိုလ်ထွက် ပညာတတ်တစ်ယောက်ဖြစ်ပါတယ်။ အသက် ဆယ့်ခုနစ်နှစ်အရွယ် သမီးတော်တစ်ပါးရှိပေမယ့် ဂျပန်နန်းဓလေ့အရ သူမက အိမ်ရှေ့အရာမရနိုင်ပါဘူး။
မနက်ဖြန်ကျင်းပမယ့် ဧကရာဇ်မင်းမြတ် ဘိသိက်သွန်းပွဲမှာ မိန်းမတွေ တက်ရောက်ခွင့် မရှိဘဲ တော်ဝင်မျိုးနွယ်အရွယ်ကောင်းယောက်ျားတွေသာ တက်ရောက်ခွင့်ရှိတဲ့ကိစ္စကို ဝေဖန်နေကြတာရှိပေမယ့် နန်းဓလေ့အစဉ်အလာအတိုင်းသာ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဥပဒေအရ အိမ်ရှေ့မင်းသား နာရူဟီတိုက နက်ဖြန်ကစပြီး ဧကရာဇ်မင်းမြတ်တာဝန်တွေ ထမ်းဆောင်မှာဖြစ်ပေမယ့် နန်းတက်ပွဲအခမ်းအနားကိုတော့ အောက်တိုဘာလကျမှ ကျင်းပမှာဖြစ်ပါတယ်။

No comments:

Post a Comment